You Dog (2)
Vol. 7 Ch. 99
လုလီ အတွေးများဖြင့် တုန်လှုပ်သွားခဲ့သည်။
သူမ စိတ်ထဲတွင် ‘သစ်တော်သီးစုံတွဲ’၏ CP ပရိသတ်များအတွက် ဝမ်းနည်းသောခံ စားချက်များ ဖြစ်ပေါ်လာခဲ့သည်။ အင်တာဗျူးအား ထုတ်လွှင့်ပြီးသည်နှင့် ထိုချမ်းသာသော အတုအယောင်စုံတွဲ၏ နံရံကြီးသည် ပြန်လည်မြင့်တက် လာမည်ဖြစ်ပြီး ၎င်းတို့၏နှလုံးသားများ ကွဲအက်သွားကြမည်ကို သူမ မြင်ယောင်နေမိသည်။
လုလီသည် 'သစ်တော်သီးစုံတွဲ' ၏ super talk သို့ ဝင်လိုက်သည်။
ချီချန်းရန် ယနေ့ အင်တာဗျူးရှိသည်ကို ပရိသတ်များ သိထားကြပြီးဖြစ်ရာ လူများစွာသည် လုလီနှင့် ပတ်သက်သည့် မေးခွန်းများ ထပ်မံမေးမြန်းရန် အစီအစဉ်၏ တရားဝင်စာမျက်နှာသို့ သွားရောက်ခဲ့ကြသည်။
Super talk ၏ CP Fan အားလုံးသည် အင်တာဗျူးအား အသည်းအသန် စောင့်မျှော်နေခဲ့ကြသည်။
၎င်းတို့သည် အင်တာဗျူးစတင်သည်နှင့် ချိုမြိန်သော သကြားတွင်းကြီးတွင် နစ်မြုပ်သွားမည်ဟု သေချာပေါက် တွက်ဆထားကြသည်။
လုလီသည် အချိုစောင့်ဆိုင်းနေသော super talk ရှိ CP ပရိသတ်များကိုကြည့်ရင်း နဖူးကို လက်ဖြင့်ပွတ်သက်ကာ မည်သို့ဖြေရှင်းရမှန်း မသိဖြစ်နေသည်။
နောက်ဆုံးတွင် သူမသည် စိတ်ကောင်းရှိစွာဖြင့် CP Fan များကို အခွင့်အရေးပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် “သစ်တော်သီးစုံတွဲ”၏ နံပါတ်တစ် အမာခံပရိသတ်ဖြစ်သော Pear – Flavored Little Fairy’ အကောင့်သည် ရုတ်တရက် အွန်လိုင်းပေါ် ရောက်လာခဲ့သည်။
သူမ အွန်လိုင်းပေါ်ရောက်နေသည်ကို တွေ့ရသည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။
[ရေး…နတ်သမီးလေးရောက်လာပြီဟေ့]
[နတ်သမီးလေး…နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပေါ့]
[ငါတို့ နတ်သမီးလေး ပြန်လာပြီ၊ ငါတို့ မင်းကို သတိရနေတာ၊ နောက်ဆုံးတော့ သစ်တော်သီးစုံတွဲက အစစ်အမှန်စုံတွဲဆိုတာ ကမ္ဘာကိုကြေညာနိုင်တော့မယ်။ နတ်သမီးလေး မင်းရော ဘယ်လိုထင်လဲ?]
[ဟုတ်တယ်! နတ်သမီးလေး မင်းရော ဖြစ်နိုင်မယ်လို့ ထင်တယ် မဟုတ်လား?]
Pear-Flavored Little Fairy : [မဟုတ်ဘူး! သစ်တော်သီးစုံတွဲက အစစ်အမှန်မဟုတ်ဘူး]
သူမ အဖြေကို မြင်သောအခါ မျှော်လင့်စောင့်စားနေကြသော ပရိတ်သတ်အားလုံး ရုတ်တရက် ထိတ်လန့်သွားကြသည်။ - ???"**
ဘာ....?!
Pear-Flavored Little Fairy မှ ဆက်ပြောလာသည်။- [သစ်တော်သီးစုံတွဲရဲ့ တံခါးကို ယောင်လို့တောင် တံခါး မခေါက်မိနဲ့။ ပြန်လှည့်ကြတော့!]
[သူတို့က စုံတွဲအတုပဲ]
[နောက်မှ သတိမပေးဘူး မပြောနဲ့နော်၊ အခြားအိမ်တံခါးကို ခေါက်ဖို့ အကြံပေးချင်တယ်၊ ဒီစုံတွဲရဲ့အိမ်က လုံးဝ မကောင်းဘူး!]
လုလီသည် ပရိသတ်များကို ခြောက်လှန့်ရန် Weibo ပို့စ်လေးခုတင်ခဲ့ပြီး နောက်ဆုံးတွင် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ သူမအနေနှင့် ဤမျှသာ တတ်နိုင်ပြီး ထိုထက်ပို၍ အတွင်းကျကျ ထုတ်ဖော်ဖို့ရန်က မဖြစ်နိုင်ပေ။
သစ်တော်သီး super talk ရှိ ပရိသတ်များသည် Pear-Flavored Little Fairy ၏ Weibo ပို့စ်ကိုကြည့်ပြီး ရှုပ်ထွေးနေကြသည်။
[ဘာဖြစ်တာလဲ?]
[နတ်သမီးလေး...မင်းက သစ်တော်သီးစုံတွဲရဲ့ နံပါတ်တစ် CP Fan မဟုတ်ဘူးလား? မင်းပြန်လာပြီး CP တံခါးခေါက်ဖို့ ငါတို့စောင့်နေတာလေ၊ ဘာလို့အခုလိုတွေ ပြောနေရတာလဲ?]
[နတ်သမီးလေး၊ မင်းဘာဖြစ်နေတာလဲ? သစ်တော်သီးစုံတွဲက တကယ့်ကို ချိုမြိန်လွန်းတဲ့ အတွဲလေ]
[ဟုတ်တယ်! ဒီနေ့ ချီချန်းရန်ရဲ့အင်တာဗျူးရှိနေတယ်၊ အဲ့မှာ အချိုတွေ ပါလာမှာသေချာတယ်]
[ငါတော့ နတ်သမီးလေး ပြောတာကို မယုံဘူး၊ သူတို့အတွဲ ဘယ်လောက်ချိုမြိန်နေလဲဆိုတာကို အားလုံးမြင်နေရတာပဲ နတ်သမီးလေး၊ မင်း ငါတို့ကို လိမ်နေတာ]
[ဒီည ပရိုဂရမ်အဖွဲ့ကနေ အစမ်းဗီဒီယို ထုတ်လွှင့်လိမ့်မယ်၊ အဲ့ထဲတာ အချိုတွေ ပါလာမှာ သေချာပေါက်ပဲ ]
[ဒါမှမဟုတ် မင်းကိုယ်တိုင် အချိုတွေ အကုန်သိမ်းကြုံးယူချင်လို့ ငါတို့ကို မောင်းထုတ်နေတာလား? နတ်သမီးလေး မင်း ဉာဏ်ကောင်းပေမယ့် ငါတို့က လွယ်လွယ်နဲ့ လှည့်စားခံမှာ မဟုတ်ဘူး ]
လုလီ : “…”
သူမ ထိုသို့ ဆိုနေသည့်တိုင်အောင် Cp Fan များ၏ စိတ်ဓာတ်သည် အဘယ်ကြောင့် ဤမျှ ခိုင်မာနေရသနည်း?
သူမအနေဖြင့် မျှော်လင့်ချက်များ ပြိုလဲမသွားရလေအောင် ကြိုတင် သတိပေးခဲ့သည်မှာ ဤမျှလောက်ပင်ဖြစ်၏။
Pear-Flavored Little Fairy အကောင့်မှ နောက်ထပ် ပို့စ်တစ်ခု ထပ်တင်လာသည်။
[ဒီအင်တာဗျူးမှာ အချိုတွေ ပါလာမှာမဟုတ်ဘူး]
[မင်းတို့ရဲ့နှလုံးသားတွေပဲ တစ်စစီ ကျိုးပဲ့သွားလိမ့်မယ်]
[ငါ့ဘက်ကတော့ သတိပေးပြီးပြီ၊ နာကျင်ရမှ ငါ့ကို အပြစ်လာမတင်ကြနဲ့]
ထိုပို့စ်ကို မြင်လိုက်ရသည်နှင့် Cp Fan များ ရုတ်တရက် တွေဝေသွားကြသည်။
[နတ်သမီးလေး၊ မင်း ဒါကို ဘယ်လိုသိတာလဲ။]
[မင်းက သစ်တော်သီးစုံတွဲရဲ့ အတွင်းလူလား?]
[မဖြစ်နိုင်ဘူး ငါ့ရဲ့သစ်တော်သီးစုံတွဲလေး!]
လုလီသည် နှုတ်ခမ်းကို ကွေးညွတ်ကာ သဘောကျစွာ ရယ်မောလိုက်သည်။ ဘယ်လိုသိတာလဲ ဟုတ်လား? ဘာလို့လဲဆိုတော့ ငါက သူ့ 'မိန်းမ' လေ...
သူမ တာဝန်အား ပြီးမြှောက်အောင် ထမ်းဆောင်ပြီးဖြစ်သည်။
အမှန်ဆိုရင် သူမသည် ဤကိစ္စကို မျက်ကွယ်ပြုထားနိုင်သော်လည်း CP super talk သည် မူလက သူမကိုယ်တိုင် ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး ထောင်ချောက်ထဲသို့ ဆွဲသွင်းခံရမည့် ပရိသတ်များကို သတိပေးရန် ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် Pear-Flavored Little Fairy အကောင့်သည် လိုင်းပေါ်မှ ဆင်းသွားပြီး အတွင်းကျသော အဖြေများကို ဖုံးကွယ်ထားခဲ့သည်။ ပရိသတ်များသည် ရှုပ်ထွေးစွာဖြင့် မည်သို့ ဆက်လုပ်ရမှန်း မသိသော အခြေအနေဖြင့် ကျန်ရစ်ခဲ့သည်။
…
ချီချန်းရန်သည် အလုပ်အချိန်ဇယားဖြင့် ပြည့်နှက်နေပြီး ညနေပိုင်းတွင် ပါတီတစ်ခုလည်း ရှိနေသည်။
လုလီသည် ထမင်းစားပွဲ၌ တစ်ယောက်တည်း ထိုင်ကာ ညစာစားနေရင်း အင်တာဗျူးအဖွဲ့မှ အလုပ်ပြီးဆုံးကြောင်း တင်ထားသော Weibo ပို့စ်တစ်ခုကို တွေ့လိုက်ရသည်။
ညနေပိုင်း ဖျော်ဖြေရေးအတွက် ဓာတ်ပုံရိုက်ရန် မလိုအပ်တော့ဟန် တူသည်။
ပရိုဂရမ်အဖွဲ့၏ ပို့စ်အောက်တွင် ပရိသတ်တော်တော်များများ မှတ်ချက်ဝင်ပေးခဲ့ကြသည်။
‘သစ်တော်သီးစုံတွဲ’ supertalk တွင် 'Pear-Flavored Little Fairy' ၏ သတိပေးမှုကြောင့် ထိတ်လန့်နေကြသော ပရိသတ်အားလုံးနီးပါးသည် တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်ဝင်ပေးကြပြီး မည်မျှ တုန်လှုပ်နေကြောင်း မြင်နေရသည်။
[အိုး...၊ အင်တာဗျူးပြီးသွားပြီလား?]
[လုလီနဲ့ပတ်သတ်ပြီး အခြေနေဘယ်လိုရှိလဲ?]
[ငါတို့ အချိုစားရမှာလား ? မစားရဘူးလား? ငိုနေသော အီမိုဂျီ]
ပရိုဂရမ်အဖွဲ့သည် [မျက်မှန်အား တွန်းတင်နေသော အီမိုဂျီ] ဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။
ထိုအီမိုဂျီကြောင့် ပရိသတ်အများအပြား ထိတ်လန့်သွားကြသည်။
လုလီကိုယ်တိုင်လည်း ထိတ်လန့်စွာ ခေါင်းကိုခါယမ်းလိုက်သည်။
ဒီ သနားစရာ CP Fan တွေကို ခဏလောက် ပျော်အောင် မလုပ်ပေးနိုင်ဘူးလား? ဒါမှ သူတို့လည်း ဒီအနှစ်သာရကင်းမဲ့တဲ့ အခြေအနေကနေ ရုန်းထွက်နိုင်မှာလေ...
ဘာလို့ လူတွေကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာလဲ?"
လုလီ ညစာစားပြီးနောက် သူမရင်းနှီးမြှုပ်နှံထားသော ရုပ်ရှင်၏တိုးတက်မှုကို ကြည့်ရှုကာ ယောဂကျင့်ရန် Gym ခန်းသို့ သွားခဲ့သည်။ လုလီ လေ့ကျင့်ခန်းလုပ်နေရင်း ညဘက် လုပ်ရမည့်အစီအစဥ်ကို စဉ်းစားနေမိသည်။
သူမ မနေ့ညကလိုပဲ အိပ်နေရင်း လမ်းလျှောက် ဟန်ဆောင်ရဦးမှာလား?
အကယ်၍ ချီချန်းရန် ရိပ်မိသွားပါက မည်မျှရှက်စရာကောင်းနေလိမ့်မည်နည်း? ဒါမှမဟုတ် သူမ ချီချန်းရန်နှင့်ပွေ့ဖက်ပြီး အတူအိပ်ရသည်ကို စွဲလမ်းနေပြီဖြစ်ကြောင်းကို တိုက်ရိုက်ပြောပြသင့်လား?
လုလီ အဖြေကို မစဉ်းစားနိုင်ပဲဖြစ်နေ၏။
သူမ ယောဂကျင့်ပြီးနောက် ချွေးများထွက်လာကာ ရေချိုးခန်းတွင် ရေချိုးလိုက်ပြီးနောက် Mask ကပ်ကာ ပြန်ထွက်လာပြီး အိပ်ခန်းထဲသို့ ပြန်ဝင်လာသည်။
ထို့နောက် သူမ လက်ကိုင်ဖုန်းကို ဖွင့်ကြည့်လိုက်ရာ '@' အများအပြား လက်ခံရရှိထားသည်ကို တွေ့လိုက်ရသည်။
ဘယ်သူတွေ '@' လုပ်ထားတာလဲ?
လုလီ ကလစ်နှိပ်လိုက်ရာ ဘဏ္ဍာရေးအကောင့်၏ တရားဝင် Weibo အကောင့်တွင် ပို့စ်အသစ်ထားပြီး အောက်တွင် '@Pear-Flavored Little Fairy' ဟု mention ခေါ်ထားသည်ကို တွေ့လိုက်ရသည်။
ပရိုဂရမ်အဖွဲ့၏ လှုပ်ရှားမှုသည် အလွန်မြန်ဆန်ခဲ့ပြီး အင်တာဗျူးပြီး ချက်ချင်းပင် စက္ကန့် 30 အစမ်းကြည့်ရှုမှုကို ဖြတ်ထုတ်ကာ တင်ထားသည်။
လုလီ အစမ်းကြည့်ရှုမှုကို နှိပ်လိုက်သည်။ အစပိုင်းတွင် ချီချန်းရန် ကုမ္ပဏီ၏အစည်းအဝေးများနှင့် ရုံးခန်းများတွင် ရိုက်ကူးထားသော ရိုက်ချက်အချို့ဖြစ်ပြီး သူ၏အသွင်အပြင်က ပြစ်ချက်မရှိအောင် ပြီးပြည့်စုံနေသည်။
နောက်ဆုံးနေရာတွင် Host သည် အင်တာဗျူးနေစဉ်အတွင်း တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရပြီး ချီချန်းရန်၏ဖုန်းကို အံ့အားသင့်စွာညွှန်ပြနေခဲ့သည်။
ချီချန်းရန် ပြုံးပြီး သူ့ဖုန်းကို ကောက်ကိုင်ကာ Host အား ပြလိုက်သည်။
ဤသည်ကို ကင်မရာမှလည်း အနီးကပ် ရိုက်ချက်ဖြင့် ရိုက်ကူးခဲ့သည်။
စက္ကန့်သုံးဆယ်သာ ကြာချိန်ရှိသည့် အစမ်းကြည့်ရှုမှု၏ နောက်ဆုံးအခိုက်အတန့်တွင် ချီချန်းရန်၏ဖုန်းပေါ်ရှိ အီမိုဂျီ package နေရာကို Zoom ဆွဲထားသည်။
အီမိုဂျီထဲတွင် လှပသော မိန်းကလေးတစ်ယောက်သည် လက်ညှိုးကို ကွေးညွတ်ကာ 'Ok' ဟူသော ပုံစံလုပ်ပြနေပြီး ၎င်းဘေးတွင် ပန်းရောင်ဖျော့ဖျော့စာလုံး 'အိုကေ' ပါရှိသည်။
ကင်မရာထဲတွင် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုအီမိုဂျီထဲရှိ ချောမောလှပသော အမျိုးသမီးသည် ဥက္ကဌကြီး ချီချန်းရန်၏ နာမည်ကြီး သူဌေးသမီးလေး လုလီမှန်း အလွယ်တကူ သိနိုင်သည်။
လုလီ အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူမ စိတ်ပုံမှန်မဟုတ်သော အချိန်တွင် ချီချန်းရန်အတွက် သီးသန့်ပြုလုပ်ပေးထားသော အီမိုဂျီကို သူ့ဖုန်းစခရင်ပေါ်တွင် မြင်လိုက်ရသောကြောင့် ဖြစ်သည်။
သူမ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် ထိုရှက်ဖွယ်ကောင်းသော အီမိုဂျီအားလုံးကို ဖျက်ပစ်ခဲ့ပြီး ချီချန်းရန်လည်း သိမ်းဆည်းထားမည်မဟုတ်ဟု ထင်ခဲ့သည်။
ရလဒ်အနေဖြင့်…
အစမ်းကြည့်ရှုမှုတွင် ပြသထားသည့် ချီချန်းရန် ၏ဖုန်းပေါ်ရှိ အီမိုဂျီ Package ကို လုလီ ငေးငိုင်ကာကြည့်နေမိသည်။ ထို့နောက် သူမ အောက်ရှိ မှတ်ချက်များကိုမြင်သောအခါ ရူးသွပ်သွားကာ မျက်နှာကို ဖြတ်ရိုက်ချင်စိတ်ပင် ပေါက်သွားသည်။
[@Pear-Flavored Little Fairy၊ မင်းမျက်နှာ နာကျင်နေပြီလား?]
လုလီ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူမ၏မျက်နှာပေါ်တွင် ကပ်ထားသော Mask သည် အောက်သို့ လျှောကျသွားသည်။
ချီချန်းရန် ရှင် ကျွန်မကို မျက်နှာထားစရာမရှိအောင် လုပ်နေတာလား?...