← Chapters

Interview (1)

Vol. 7 Ch. 102

Interview (1)

Vol. 7 Ch. 102

အရက်အလွန်အကျွံသောက်ခြင်း၏ အကျိုးဆက်မှာ အရက်နာကျခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သော်လည်း ချီချန်းရန်၏ အလေ့အကျင့်အတိုင်း ခုနစ်နာရီ ဆယ့်ငါးမိနစ်တွင် အတိအကျနိုးလာခဲ့သည်။

သူ နိုးလာချိန်တွင် ညာလက်မောင်း၌ ထုံကျင်နေသည်ကို ခံစားမိလိုက်သည်။

ချီချန်းရန်သည် ငုံ့ကြည့်လိုက်ရာ သူ့ရင်ခွင်ထဲတွင် ကွေးညွတ်လျက် အိပ်ပျော်နေသော လုလီကို တွေ့လိုက်ရသည်။ သူမ၏ညာလက်ကို သူ့လက်မောင်းပေါ် တင်ကာ ငြိမ်သက်စွာ အိပ်ပျော်နေသည်။

သူမ မျက်လုံးများကို မှိတ်ထားသည်။ ရှည်လျားသော မျက်တောင်မွှေးများ၊ ညွှတ်ဆင်းနေသောနှာတံနှင့် ပြီးပြည့်စုံသော ထိုမျက်နှာအား ကလေးဘဝကပင် Disney Animation ထဲက Bambi နှင့်တူသည်ဟု မီဒီယာများမှ ဆိုခဲ့ကြသည်။

ချီချန်ယန်၏လည်ချောင်းထဲတွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်။

သူ့ခန္ဒာကိုယ်ပေါ်မှ အရက်နံ့များ ထွက်နေခြင်း မရှိပါက ထိုအတိုင်း ဆက်အိပ်ချင်သည်။

သူသည် လုလီ၏ခေါင်းကို ညင်သာစွာ ထိန်းကာ သူ့လက်မောင်းကို ဖြေးဖြေးချင်း ဆွဲထုတ်ပြီးနောက် ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။

အေးစက်သောရေများ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး မျက်နှာပေါ်မှ ရေစက်များကို ဖယ်ရှားလိုက်ကာ မနေ့ညက အဖြစ်အပျက်ကို သူ ဖြည်းဖြည်းချင်း မှတ်မိလာသည်။

သူသည် ခက်ခဲသော ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံပြီးနောက် အလွန်အကျွံသောက်ကာ အိမ်ပြန်ရောက်လာခဲ့သည်။

သူ မှတ်မိဖို့ ပိုကြိုးစားလေ ပိုပြီး ပြတ်တောင်းလာလေ ဖြစ်သည်။

သူ မူလက ဆိုဖာပေါ်တွင် ထိုင်နေခဲ့သော်လည်း လုလီ သူ့ကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားသည်။

ချီချန်းရန်သည် အဝတ်လျှော်စင်ပေါ်ရှိ သူ့ကုတ်အင်္ကျီကို ကြည့်လိုက်ပြီး ဤသည်မှာ လုလီ ချွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိလိုက်သည်။

သူ့အား အိပ်ရာပေါ် နေရာချပေးပြီးနောက် တစ်စုံတစ်ခုပြောခဲ့ပြီး သူ့ နားရွက်ကိုပင် လိမ်ဆွဲခဲ့ဟန်တူသည်။

သူမပြောခဲ့သည့် စကားလုံးတိုင်းကို အတိအကျ မမှတ်မိပေမယ့် ကလေးတစ်ယောက်အား ခြိမ်းခြောက်နေသလိုမျိုး အသံအနေအထားဖြင့် ပြောခဲ့ကြောင်းကိုတော့ မှတ်မိနေသည်။

ဤသည်ကို တွေးရင်း သူ့ မျက်နှာပေါ်တွင် ရှင်းလင်းသော ပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

လုလီအဘယ်ကြောင့် သူ့လက်မောင်းပေါ်တွင် အိပ်ပျော်နေသည်ကိုတော့ သူစဉ်းစားနိုင်ခြင်း မရှိပေ။

ချီချန်းရန်သည် သူ့ဆံပင်ကို မျက်နှာသုတ်ပဝါဖြင့် သုတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

သူ အိပ်ခန်းထဲပြန်ရောက်ချိန်၌ အိပ်ရာပေါ်တွင် နိုးနေပြီဖြစ်သော လုလီကို တွေ့လိုက်ရသည်။ သူမသည် ကုတင်ပေါ်တွင် ထိုင်ကာ ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်။

လုလီ နိုးလာချိန်တွင် ရေချိုးခန်းမှ ရေသံများကြားရသဖြင့် ချီချန်းရန် ရေချိုးနေကြောင်း သိလိုက်ရသည်။

ရေချိုးခန်းမှ ထွက်လာသော ချီချန်းရန်ကို သူမကြည့်လိုက်သည်။ မနေ့ညဖြစ်ရပ်များကို သူမေ့သွားပါက ယနေ့အသက်ရှင်ခွင့်မရှိဟု သူမစိတ်ထဲတွင် ကြံရွယ်ထားသည်။

သူမသည် မိမိကျေးဇူးအား အသိအမှတ်ပြုခြင်း မခံရသည်ကို နှစ်သက်သူမဟုတ်ပေ။ မိမိပြုလုပ်ခဲ့သော ကျေးဇူးကိုတစ်ဖက်မှ ထုတ်ဖော်ပြောဆိုတာကို သဘောကျသည့်လူမျိုး ဖြစ်သည်။

ချီချန်းရန် ရပ်လိုက်ပြီး "နိုးပြီလား?" ဟု မေးလိုက်သည်။

လုလီသည် "အွန်း" ဟု ပေါ့ပျက်ပျက် ဖြေလိုက်ပြီး မနေ့ညအဖြစ်အပျက်များကို သူမှတ်မိကြောင်း ဆက်ပြောလာမည်ကို စောင့်နေခဲ့သည်။

ချီချန်းရန် ပြုံးရင်းပြောလာသည်- "မနေ့ညက ကိုယ့်ကို ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးပါပဲ"

မနေ့ညက သူ့အား ဆိုဖာပေါ် အိပ်ခိုင်းမည့်အစား အိပ်ခန်းထဲ ခေါ်သွားပြီး အ၀တ်အစားများ ချွတ်ပေးကာ ကိုယ်လက်သန့်စင်ပေးပြီး အိပ်ရာဝင်စေခဲ့သည့်အတွက် သူမအား ကျေးဇူးတင်မိသည်။

လုလီ၏နှလုံးသားထဲတွင် ပန်းပွင့်လေးများ ပွင့်လန်းလာသည်။

သူမ စောင်ကို ဖယ်ကာ ဂရုမစိုက်ဟန်ဖြင့် အိပ်ရာမှ ထလိုက်သည်။

သူမ ချီချန်းရန်အနားမှ ဖြတ်သွားစဉ် "ရှင်က အရက်မူးရင် အတော်သွေးဆိုးတာပဲနော်" ဟု မမေ့မလျော့ ပြောလိုက်သည်။

ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်ကာ "ဟင်?"

လုလီ ပြဿနာရှာရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ ညက အမူးလွန်ပြီး အဖြစ်အပျက်များကို မမှတ်မိတော့သည့်ပုံပေါ်သည်။ "ရှင် မနေ့ညက ကျွနိမလက်ကို အတင်းဆွဲထားပြီး ထွက်လို့မရအောင် ဖမ်းထားတာ၊ ကျွန်မ လွတ်အောင် ကြိုးစားပေမယ့် မရဘူး။ မဟုတ်ရင် ရှင်အိပ်ရာမှာ ကျွန်မ အခုလိုအိပ်နေမှာ မဟုတ်ဘူး" ဟု သူမပြောလိုက်သည်။

ချီချန်းရန် သံသယဝင်နေဟန်ဖြင့်- "ဟုတ်လား?"

"သိပ်ဟုတ်တာပေါ့!" လုလီလည်း ခိုင်ခိုင်မာမာပင်ပြောသည်။

ချီချန်းရန်- "သေချာလို့လား?"

"အို...ဘာပဲဖြစ်ဖြစ် ကျွန်မ စိတ်မဝင်စားတော့ဘူး" ဟု လုလီသည် သူ့ဆံပင်အား ခါယမ်းလျက် လှည့်ထွက်သွားသည်။

သူမသည် လိမ်ညာခြင်းကို မကျွမ်းကျင်သဖြင့် စိတ်လှုပ်ရှားလာကာ သူ့အား အပြစ်တင်ရန်ပင် မေ့လျော့သွားခဲ့သည်။

ချီချန်းရန်သည် သူ့ထံ အပြစ်ရှိကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောနေသော လုလီ၏နောက်ကျောကို ကြည့်လိုက်သည်။

…

ယနေ့သည် လုလီအတွက် နောက်ထပ် အကလေ့ကျင့်ရမည့်နေ့တစ်နေ့ ဖြစ်သည်။

လုလီသည် လေ့ကျင့်ခန်း ခန်းမ၏ကြမ်းပြင်ပေါ်ထိုင်ကာ ချောင်ကျာယိအား သူမ၏လတ်တလော ပြဿနာအကြောင်းကို ပြောပြနေသည်။

"ဖူး!" ချောင်ကျာယိ ရေသောက်နေစဥ် 'ငါ သူနဲ့အတူအိပ်ရတာ စွဲလမ်းနေပြီ' ဟူသော လုလီ၏စကားကို ကြားလိုက်ရသောအခါ ပါးစပ်ထဲမှ ရေများကို မထိန်းနိုင်ဘဲ ထွေးထုတ်လိုက်မိသည်။

လုလီ ရွံရှာစွာဖြင့် ဘေးသို့ရွေ့သွားသည်။ ချောင်ကျာယိ တစ်ရှူးယူကာ ကြမ်းပြင်ကိုသုတ်လိုက်ပြီး "နင့်ကိုယ်နင် တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ဘူးလား?"

လုလီ- "ချီချန်းရန်ကသာ ထူးဆန်းနေတာ"

ကာမစိတ်မပါဘဲ သူနှင့်အတူအိပ်ရတာ စွဲလမ်းနေခြင်းက ထူးဆန်းသည်တဲ့လား။

ချောင်ကျာယိသည် လုလီကို ကြည့်ပြီး "လုလီ...နင့်ခန္ဓာကိုယ်က နင့်ပါးစပ်ထက် ပိုပြီးရိုးသားတယ်ဆိုတာ ငါရှာတွေ့သွားပြီ"

လုလီ: "???"

ဒါဘာအဓိပ္ပါယ်လဲ?

ချောင်ကျာယိ: "နင့်ခန္ဓာကိုယ်က လစ်ဟာမှုကို ခံစားရတယ်၊ ဒါပေမယ့်နင့်ဦးနှောက်က ဒါကို မသိဘူး"

လုလီ: "ဘာကိုသိရမှာလဲ?"

ချောင်ကျာယိ နီးကပ်စွာချဉ်းကပ်လာပြီး လုလီ၏ မျက်လုံးများကို သေချာစိုက်ကြည့်ကာ "နင် ချီချန်းရန်ကို ကြိုက်နေတာမဟုတ်လား?"

"ဒါပေမယ့် ဒါက ပုံမှန်ပါပဲ၊ မှားယွင်းနေတဲ့ အရာတော့ မဟုတ်ဘူး" ချောင်ကျာယိ ပခုံးတွန့်ကာပြောသည်။ "မတော်တဆမှုကနေ ချီချန်းရန် နင့်အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ တွေ့လိုက်ရတယ်။ ဒီလောက် ပြီးပြည့်စုံတဲ့ လောင်ကုန်းအပေါ် ဘယ်မိန်းမက စိတ်မလှုပ်ရှားပဲ နေမလဲ?"

"ဒါပေမယ့် နင့်ဘက်က နည်းနည်းလွန်တယ်လို့ ငါထင်တယ်၊ နင် ပုံမှန်မဟုတ်တဲ့အချိန်တုန်းက နင် သူ့ကို နေ့တိုင်းပွေ့ဖက်ပြီး သူကလည်း နင့်အကြိုက်နေပေးခဲ့တယ်၊ အခု နင်ပြန်ကောင်းလာတော့မှ သူ့ကို လုံးဝလက်မခံတော့ဘူး။ ဒါပေမယ့် နင့်ခန္ဓာကိုယ်က သူ့ကိုဆက်ပြီး တောင့်တနေသေးတယ်။ ငါသာ ချီချန်းရန်နေရာမှာဆို အရမ်းဝမ်းနည်းမိမှာပဲ"

လုလီ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

ချောင်ကျာယိစကားသည် သူမအရှိုက်ကို ထိမှန်သွားသကဲ့သို့ ရှိသည်။

လုလီ - "ညဘက်ကြီး အရက်တွေမူးပြီး ပြန်လာတဲ့သူကို ခင်ပွန်းကောင်းလို့ နင်ထင်နေတာလား?"

"ငါလည်း သူ့အပေါ်ကောင်းခဲ့တာပဲလေ။ ငါ ရှင်းရှင်းလင်းလင်း ပြန်ကောင်းနေပြီဆိုတာ သူ လက်မခံဘူး။ ညဘက် သူ ငါ့အခန်းကို လာမှာကို စောင့်နေပေမယ့် သူ မလာခဲ့ဘူး။ သူဘယ်လိုလူလဲဆိုတာ နင်သိလား?"

"သူ ဝမ်းနည်းနေတာမဟုတ်ဘူး။ သူက အမြဲတမ်း စိတ်ချမ်းသာနေတာ"

ချောင်ကျာယိသည် လုလီ စကားပြောနေသည်ကိုပဲ ကြည့်နေလိုက်သည်။

လုလီ စိတ်ရှုပ်သွားသည်- "နင်ဘာလို့ ဘာမှ ဆက်မပြောတော့တာလဲ?"

ချောင်ကျာယိ- "ဘယ်သူက ခင်ပွန်းကောင်း ၊ ဘယ်သူက ဇနီးကောင်းဆိုတာထက် နင် ငါ့ပထမမေးခွန်းကို မဖြေရသေးဘူး"

လုလီအေးခဲသွားသည်။

ချောင်ကျာယိသည် ရယ်ချင်နေသော အမူအရာဖြင့် ခေါင်းကို မြှောက်လာသည်။

လုလီ- “နင် ထင်သလိုမဟုတ်ဘူး”

ထို အတုအယောင်ခင်ပွန်းကို သူမ အဘယ်ကြောင့် ကြိုက်ရမည်နည်း? ၎င်းတို့၏အတုအယောင် အိမ်ထောင်ရေးကို အွန်လိုင်းအသုံးပြုသူအများစုကပင် မဲပေးထားပြီးဖြစ်သည်။ ချီချန်းရန်လည်း သူမကိုမကြိုက်မလို၊ သူမလည်း ချီချန်းရန်ကို မကြိုက်ပေ။

ချောင်ကျာယိသည် သူမ အတွေးများကို သိနေဟန်ဖြင့် ခြေထောက်တစ်ဖက်ကို ကွေးလိုက်ကာ ဒူးပေါ်တွင် လက်တင်လျက်-

"ဒီမေးခွန်းနဲ့ ကြုံတိုင်း နင်ဘာကြောင့် ရှောင်ပြေးချင်နေရတာလဲ? သူက နင့်အပေါ် ဘာခံစားချက်မှမရှိဘူးလို့ ဘာလို့ သေချာပေါက် ပြောနိုင်ရတာလဲ?"

"နင် စိတ်ရှုပ်ထွေးနေတုန်းက သူ နင့်ကို ဆက်ဆံတဲ့ပုံတွေက အစစ်အမှန်မဟုတ်ဘူးလို့ နင်ထင်နေတာလား?"

“တကယ်လို့ ဒါက သရုပ်ဆောင်နေတာဆိုရင် သူ့ကို ဆုတံဆိပ်တောင် ပေးသင့်နေပြီ"

လုလီ စိတ်လှုပ်ရှားသွားသည်။

ချောင်ကျာယိသည် သူမအား စိတ်အားထက်သန်စေရန် တွန်းအားပေးနေသည်။

ချောင်ကျာယိ ခေါင်းယမ်းလိုက်ပြီး ကြမ်းပြင်ပေါ်မှ ထလိုက်သည်။

ထို့နောက် သူမ သက်ပြင်းချလိုက်ကာ- "ဒါပေမယ့် ငါလည်း ထူးဆန်းနေတယ်လို့ ထင်တယ်။ နင်လည်း ပြန်ကောင်းလာပြီပဲကို ချီချန်းရန် ဘာကြောင့် ဘာမှ မပြောတာလဲ?"

လုလီ - "သူ့ရဲ့ တစ်ခုတည်းသော တုံ့ပြန်မှုက သတင်းထောက်ကို ငါ့ရဲ့ အီမိုဂျီတွေ ထုပ်ပြလိုက်တာပဲ၊ ဟားဟား...."

ဒီခွေးလေး ချီချန်းရန်၊ သူမ မနက်က သူနှင့်စာရင်းရှင်းဖို့ မေ့သွားသည်။

မနေ့ညက သူ့ကို ဆိုဖာပေါ်မှာပဲ အေးခဲအောင် ပစ်ထားခဲ့သင့်သည်။

All Chapters