← Chapters

Clever (2)

Vol. 7 Ch. 105

Clever (2)

Vol. 7 Ch. 105

ယနေ့ လုလီ အပြင်တွင် အချိန်ကြာမြင့်စွာ ကုန်ဆုံးခဲ့သည်။ သူ အိမ်ပြန်ရောက်သောအခါ ချီချန်းရန် အလုပ်မှ ပြန်ရောက်နှင့်နေပြီဖြစ်ကာ မီးဖိုချောင်တွင်ရှိကြောင်း အိမ်အကူမှ ပြောလာသည်။

သူ့အနေဖြင့် သူ့အားရှောင်တိမ်းနိုင်ပေမယ့် အချိန်ကြာမြင့်စွာ ရှောင်နိုင်မည်တော့မဟုတ်ပေ။ လုလီ မီးဖိုချောင်သို့ ချဉ်းကပ်လာပြီး ရင်းနှီးသော အသားလုံးများ၏ မွှေးကြိုင်သောအနံ့ကို ရှူရှိုက်မိခဲ့သည်။

ချီချန်းရန်သည် မီးဖိုချောင်သုံးပစ္စည်းများ၏ ရောင်ပြန်ဟပ်မှုမှတဆင့် တံခါးဝတွင်ရှိနေသော လုလီကို မြင်လိုက်ရသည်။ သူသည် လက်ကို အေပရွန်ဖြင့် သုတ်လိုက်ပြီး " လုလီ လာလေ၊ အသားလုံးအရသာ လာမြည်းကြည့်ဦး"

လုလီ ထိုမျှ အညှာလွယ်လိမ့်မည်ဟု ကိုယ်ကိုကိုယ် မထင်ခဲ့ပေ။ သူမ တံတွေးကိုမျိုချလိုက်ပြီး ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

လုလီ စိတ်ထဲတွင် အတွေးများဖြင့် ရှုပ်ထွေးနေသည်။

သူ၏အင်တာဗျူးအား သူမ ကြည့်ခဲ့ပြီးပြီကို သူ သိပြီးသားလား?

နှစ်ယောက်လုံး ထိပ်ဆုံး Hot search စာရင်းထဲဝင်နေသည်ကိုရော သူသိပြီးပြီလား?

သို့သော် ချီချန်းရန်သည် သူမ တွေးနေသလို သိဟန်မပေါ်ပေ။ သူသည် ဇွန်းဖြင့် အသားလုံးတစ်လုံးကို ယူကာ မှုတ်ပေးလိုက်ပြီး လုလီအား ခွံကျွေးလိုက်သည်။ "သတိထားဦး."

လုလီသည် သူ့ဆီသို့ ကမ်းလာသော အသားလုံးကို မြင်သောအခါ အလိုက်သင့်ပင် ပါးစပ်ဟပေးလိုက်သည်။

ချီချန်းရန် - "အရသာ ဘယ်လိုလဲ?"

လုလီသည် အသားလုံးများကို ဝါးလိုက်ပြီးး ခေါင်းညိတ်ကာ စားကောင်းကြောင်း တုံ့ပြန်ခဲ့သည်။

ချီချန်းရန်ကျေနပ်စွာ ပြုံးလိုက်သည်။

လုလီသည် အသားလုံးကို စားပြီးနောက် နှုတ်ခမ်းလွှာကို ပြန်တင်းလိုက်ကာ မူလအကြောင်းအရာဆီသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ခေါင်းမော့ကာ "ဒါနဲ့.. ရှင့်အင်တာဗျူးကို ကျွန်မကြည့်ပြီးပြီ"

ချီချန်းရန်သည် သူမ၏စကားကို ကြားပြီးနောက် ကြီးကြီးမားမား တုန့်ပြန်မှုမရှိဘဲ ခေါင်းညိတ်ပြကာ "အင်း" ဟု ဖြေပြီး အိုးထဲရှိ အသားလုံးများကိုသာ ဆက်ကြည့်နေသည်။

ချီချန်းရန်၏တုံ့ပြန်မှုသည် လုလီမျက်နှာကို ပူလောင်စေခဲ့သည်။ သူမ အသက်ကိုပြင်းပြင်း ရှုလိုက်ပြီး "ကျွန်မ နေပြန်ကောင်းနေပြီလေ၊ ရှင် အပြင်မှာ ဆက်ပြီးဟန်ဆောင်နေစရာ မလိုတော့ဘူး"

သူမ Weiboရှိ ရှာဖွေမှုအများဆုံး စာရင်းကို သတိရကာ ခေါင်းကိုညိမ့်ရင်း- "မဟုတ်ရင် လူတွေနားလည်မှုလွဲပြီး ဖြေရှင်းရ ခက်သွားလိမ့်မယ်"

အတုယောင်စုံတွဲထက် အတုအယောင်ချိုမြိန်မှုက ပို၍ နာကျင်ဖွယ်ကောင်းသည်။

ဤစကားကို ကြားတော့ ချီချန်းရန်း ကိုင်ထားသော ဇွန်းကို ချလိုက်သည်။

သူသည် လုလီဘက်သို့ အနည်းငယ်လှည့်လာကာ သူမနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

လုလီလည်း ယုံကြည်မှုအပြည့်နှင့် သူ့မျက်လုံးများကို တည့်တည့်ပြန်ကြည့်လိုက်သည်။

ချီချန်းရန်သည် ဖြည်းညှင်းစွာပြောလာသည်။ - "မနေ့က အင်တာဗျူးမှာ ကိုယ်ပြောခဲ့တဲ့ စကားက ကိုယ်မိန်းမလုလီ လုံးဝပြန်ကောင်းနေတဲ့အချိန်မှာ ပြောခဲ့တာပါ။"

"ဒါကြောင့် ကိုယ်ပြောခဲ့တဲ့ စကားလုံးတိုင်းဟာ အခု ကိုယ် မင်းရှေ့မှာရပ်ပြီး ပြောနေတဲ့အတိုင်း အတူတူပဲ"

သူ၏မျက်လုံးများသည် လုလီအား စူးစိုက်ကြည့်လျက် "ကိုယ်၊ ကိုယ့်မိန်းမကို အရမ်းချစ်တယ်လို့ ပြောခဲ့တယ်။ အင်တာဗျူးမှာရော ဒီမှာရော အဖြေက အတူတူပဲ"

"ကိုယ် ဘာပြောချင်လဲဆိုတာကို မင်းနားလည်လား?"

ဤစကားများကို ကြားလိုက်ရသောအခါ လုလီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ထို့နောက် သူမခန္ဓာကိုယ်ထဲတွင် မီးတောက်ငယ်တစ်ခုသည် မီးတောက်ကြီးအဖြစ် ပြင်းထန်စွာ လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ပါးပြင်နှစ်ဖက်လုံး ပူစပ်ပူလောင်ဖြစ်လာခဲ့သည်။

အသားလုံးများ ပြင်ဆင်ပြီးသောအခါ ချီချန်းရန်သည် လှည့်ပြီး မီးဖိုကို ပိတ်လိုက်သည်။

လုလီ မလှုပ်မယှက် ရပ်နေ၏။ သူမ စိတ်ထဲတွင် "ငါဘယ်သူလဲ၊ ငါဘယ်ရောက်နေတာလဲ၊ ငါဘာလုပ်သင့်လဲ" ဟူသော အတွေးများသာ ဝင်နေခဲ့သည်။

ချီချန်းရန်သည် ပန်းကန်ကို ကောက်ကိုင်ပြီး သဘာဝကျကျပင် "လာ...သွားစားရအောင်" ဟု ပြောလိုက်သည်။

"အိုး..."လုလီ လှည့်ပြီး သူ့နောက်ကျောကို ကြည့်ကာ ပန်းကန်တစ်ချပ်ကို ကောက်ယူလိုက်သည်။

နောက်ပိုင်းတွင် ချီချန်းရန်သည် အလွန်သဘာဝကျပြီး အေးဆေးတည်ငြိမ်ကာ သာမန်ဖြစ်နေကြောင်း လုလီ သတိပြုမိခဲ့သည်။

အရှေ့က သူမအား ပြောခဲ့သည့် စကားများသည် မည်သည့်ထူးခြားမှုမရှိသကဲ့သို့ ယနေ့ရာသီဥတုသာယာလား ဟူသော ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုနှင့်ပင် မခြားနားသလို ပြောနေခြင်းဖြစ်သည်။

သူမစားနေစဉ် သူက အခါအားလျော်စွာ ဟင်းများကို ထည့်ပေးနေဆဲဖြစ်သည်။

သူမသည် ငယ်စဉ်က အမျိုးသားများထံမှ ချစ်ခြင်းမေတ္တာနှင့် ခံစားချက်ဖွင့်ဟဝန်ခံခြင်းများကို မကြုံဖူးသူ မဟုတ်သော်လည်း ယခုမူ အတုအယောင် ခင်ပွန်းဖြစ်သူ၏ ရုတ်တရက် ဂရုစိုက်မှုကို ရင်ဆိုင်ရသည့်အခါ ဤသည်မှာ သူမအကြောက်ဆုံးအရာဖြစ်နေသည်ကို သတိထားမိလာသည်။

ဒါက သူမအတွက်တော့ တကယ့်ကို ခေါင်းကိုက်စရာဖြစ်နေခဲ့သည်။

ညပိုင်းတွင် ချီချန်းရန်သည် အလုပ်အချို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စာဖတ်ခန်းရှိ ဗီဒီယိုအစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သည်။

လုလီသည် အိပ်ရာထဲတွင် အချိန်အတော်ကြာအောင် လူးလိမ့်နေပြီး iPad ကို ကိုင်ကာ အိုင်ဒေါလ်များ၏ နောက်ဆုံးရ သတင်းများနှင့် ဓာတ်ပုံများကို ကြည့်ရှုရင်း လှပသော အိုင်ဒေါလ်များကို မျက်စိအစာကြွေးခြင်းဖြင့် စိတ်ပျော်ရွှင်အောင် ကြိုးစားနေခဲ့သည်။

ဝမ်နည်းစရာကောင်းသည်မှာ သူမအနေဖြင့် မည်မျှပင် အတင်းအကြပ် ဖိအားပေးနေပါစေ သူမ မျက်လုံးမှိတ်လိုက်သည့် အခါတိုင်း အိုင်ဒေါလ်များ၏မျက်နှာအစား ချီချန်းရန်မျက်နှာ ဝင်ရောက်လာသောကြောင့် သူမ၏အဖြစ်သည် သနားစရာကောင်းနေသည်။

သူမသည် Weibo ကို ဖွင့်လိုက်ရာ Weibo အောက်ရှိ မှတ်ချက်အားလုံးသည် သူမအား ပို့စ်တစ်ခုတင်ပြီး လောင်ကုန်းဖြစ်သူ၏ချစ်ခြင်းမေတ္တာ ပြသမှုအပေါ် တုံ့ပြန်ရန် တိုက်တွန်းနေကြသည်။

ယခင်က ခင်ပွန်းသည်ကို စိတ်လှုပ်ရှားစွာ mention ခေါ်လေ့ရှိတဲ့ ဇနီးလေးက အခုမှ ဘာကြောင့် တိတ်ဆိတ်နေရတာလဲ?

လုလီသည် အရင်က သူမတင်ခဲ့သော လောင်ကုန်းဖြစ်သူအား mentionခေါ်ထားသည့် Webioပို့စ်ကို ပြန်ကြည့်ပြီး ရှက်ရွံ့စိတ်များ ခံစားလာရသည်။

သူမသည် ထိုပို့စ်ကို ဖျက်ပစ်လိုသော်လည်း ဖျက်လိုက်ပါက လူအများ ပိုပြီးမေးခွန်းထုတ်လာကြမည်ကို သိသဖြင့် စိတ်လျှော့လိုက်သည်။

သူမ ရုတ်တရက် ယုံကြည်မှုရှိလာသည်။

သူမ ယခင်က ချီချန်းရန်အကြောင်း ပို့စ်များစွာ တင်ခဲ့ဖူးပြီး အများရှေ့တွင် ချစ်ကြောင်းလည်း ထုတ်ဖော်ပြောခဲ့ဖူးသည်။ သို့သော် ချီချန်းရန်က လျစ်လျူရှုခဲ့သည်။

အကယ်၍ ၎င်းသည် ဘားဖြစ်ရပ် ကြောင့်သာ မဟုတ်ပါက သူမ၏ Weibo ပို့စ်ကြောင့် ယခုချိန်ထိ Anti Fan များ၏ လှောင်ပြောင်မှုကို ခံနေရဦးမည်ဖြစ်သည်။

သို့သော် အစပိုင်းတွင် သူမ ဤသည်ကို ပေါ့ပေါ့ပါးပါးသာတွေးပြီး တင်ခဲ့ခြင်းဖြစ်သည်။

လုလီသည် ပါးပြင်ကို စုဝိုင်းလိုက်ပြီး ဒေါသထွက်လာသည်။ ထို့နောက် Weibo ကို ပိတ်လိုက်ပြီး မှတ်ချက်မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။

သူမ အိပ်ရန်ပြင်လိုက်သည်။ ချီချန်းရန် မပါလည်း အိပ်နိုင်သည်ဟု ကိုယ့်ကိုကိုယ် ပြောနေခဲ့သော်ငြား မျက်လုံးမှိတ်ပြီး အိပ်ရာထဲတွင် ခဏလှဲလျောင်းပြီးနောက် ရုတ်တရက် အိပ်ရာမှ ထလိုက်သည်။

ချီချန်းရန်သည် အစည်းအဝေးပြုလုပ်ပြီးနောက် ကွန်ပျူတာပေါ်ရှိ ဖိုင်အချို့ကို စစ်ဆေးနေသည်။ ထိုစဥ် ရုတ်တရက် ညအိပ်ဝတ်စုံ ဝတ်ဆင်ထားပြီး ခေါင်းအုံးတစ်လုံးကို ကိုင်ကာ သူ့အခန်းထဲဝင်လာသော လုလီကို မြင်လိုက်ရသည်။

လုလီ ချီချန်းရန်ဘက်သို့ မျက်နှာမူကာ "ကျွန်မမှာ အိပ်နေရင်း လမ်းထလျှောက်တတ်တဲ့ အကျင့်ရှိတယ်"

"ဒါက အန္တရာယ်များတယ်လေ။ အဲ့ဒါကြောင့် အန္တရာယ်ရှိတဲ့အရာတွေ ဖြစ်လာမှာစိုးလို့ ကျွန်မ ရှင်နဲ့အတူလာအိပ်တာ၊ ကျွန်မရဲ့လုံခြုံမှုအတွက် ရှင့်မှာတာဝန်ရှိတယ်။ ရှင်လည်း အရမ်းကြီး အိပ်မပျော်သွားစေနဲ့ ၊ကျွန်မကို စောင့်ကြည့်ပေးထားဦး၊ တော်ကြာ အိပ်နေရင်း လမ်းထလျှောက်နေမှာ စိုးလို့"

ချီချန်းရန်သည် လုလီ၏ အကြောင်းပြချက်ကို နားထောင်ပြီး ခဏတိတ်ဆိတ်နေကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

လုလီ ပြုံးပြီး "ကျေးဇူးပါပဲ"

သူမ အိပ်ရာပေါ်တက်ပြီး သူမဘက်တွင် နေရာယူလိုက်သည်။

ချီချန်းရန်သည် သန်ရှင်းရေးလုပ်ပြီးနောက် ပြန်လာပြီး အိပ်ရာထဲ လှဲလိုက်သည်။

ထို့နောက် ချီချန်းရန်သည် သူမအား သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်သည်။

ချီချန်းရန်၏ရင်ခွင်ထဲတွင် ရှိနေသော လုလီသည် စိတ်လှုပ်ရှားနေ၍လား သို့မဟုတ် အခြားအရာကြောင့်လားမသိ အတော်ကြာသည်အထိ အိပ်ပျော်သွားခြင်းမရှိခဲ့ပေ။

သူမသည် အိပ်ပျော်နေပြီဖြစ်ပြီး ချီချန်းရန်အသက်ရှုသံကို ကြားလိုက်ရသည်။

အိပ်ခန်းသည် အလွန်တိတ်ဆိတ်လို့နေသည်။

လုလီ မျက်လုံးဖွင့်ကာ ခေါင်းအုံးအောက်မှ ဖုန်းကို ထုတ်ယူလိုက်သည်။

သူမသည် ချောင်ကျာယိထံ Wechat မက်ဆေ့ပို့ကာ သူမ၏ 'အိပ်စက်မှု စွဲလမ်းခြင်း' ပြဿနာကို ပညာရှိသော နည်းလမ်းဖြင့် ဖြေရှင်းထားသည်ကို ပြောပြလိုက်သည်။

ချောင်ကျာယိက အစက်သုံးစက် (...) ဖြင့် တုံ့ပြန်လာသည်။

လုလီ: [???]

ချောင်ကျာယိ: [လောင်ကုန်းရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်]

လုလီ: [ကျေးဇူးပဲ။]

ချောင်ကျာယိ: [နင်က တကယ့်ကို လိမ္မာပါးနပ်တဲ့ နတ်သမီးလေးပဲ]

[နင် အခု ချီချန်းရန်ရဲ့ ရင်ခွင်ထဲမှာပေါ့။]

[နင် နောက်လည်း ဒီအတိုင်းပဲ ဆက်လုပ်နေမှာလား?]

လုလီ : [ငါ ဆက်လုပ်လို့ရလား?]

ချောင်ကျာယိ: [ရတာပေါ့၊ ဘာလို့ မရရမှာလဲ?]

[ဒါပေမယ့် နင် ဒါကို ဖမ်းမိသွားမှာ မကြောက်ဘူးလား?]

ထို့နောက် ချောင်ကျာယိ ရုတ်တရက်ပြောလိုက်သည် - [အိုး၊ မဟုတ်သေးဘူး၊ နင်က ဒီအခြေအနေလောက်နဲ့ မကျေနပ်သေးဘူး မဟုတ်လား?]

All Chapters