Generation Gap (1)
Vol. 7 Ch. 106
လက်ကိုင်ဖုန်းမှ အလင်းရောင်သည် အမှောင်ထဲတွင် လုလီ၏မျက်နှာကို ရောင်ပြန်ဟပ်နေသည်။
လုလီသည် ချောင်ကျာယိ၏စာများကို ကြည့်ရင်း စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းနေမိပြီးမှ တွေးလိုက်သည်။
ကျစ်...ဒီလိုအတွေးအခေါ်မျိုးရှိတဲ့သူနဲ့ ငါ ဘာလို့ သူငယ်ချင်းဖြစ်နေရတာလဲ?
လုလီ ဖုန်းစခရင်ကို ပိတ်လိုက်သည်။ ချောင်ကျာယိ၏ စကားများသည် မှားယွင်းနေသည်တော့ မဟုတ်ပေမယ့် ထိုသို့ မူမမှန်သောအတွေးရှိသူနှင့် စကားဆက်ပြောရန် သူမ စိတ်မပါတော့ပေ။ သူမ ဖုန်းကို ခေါင်းအုံးအောက်ထဲပြန်ထည့်ကာ စောင်ထဲ ပိုတိုးဝင်ရင်း အိပ်ပျော်အော င်ကြိုးစားလိုက်သည်။
ချီချန်းရန်၏ နွေးထွေးသော ကိုယ်ငွေ့ကို ခံစားရင်း လုလီ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သူမသည် ချောင်ကျာယိ၏စကားများကို သတိရပြီး ရုတ်တရက် မျက်နှာပူလာခဲ့သည်။
အကယ်၍ သူမ စိတ်ပုံမှန်မဟုတ်ခဲ့စဉ်က လုပ်ခဲ့သမျှကို မမှတ်မိခဲ့ပါလျှင် ထိုအမျိုးသားသည် ပုံမှန်အေးစက်စက် အပြင်ပုံပန်းသဏ္ဍာန်နှင့် ကွဲထွက်ကာ အတွင်းစိတ်ထဲတွင် သားရဲတစ်ကောင်ကဲ့သို မည်မျှဆာလောင်နေခဲ့မှန်း သူမ သိလိမ့်မည် မဟုတ်ပေ။
လုလီစိတ်ထဲတွင် ထိုအမှတ်တရများကြောင့် ဖြစ်လာသော ခံစားချက်များကို ဖယ်ရှားပစ်လိုက်ပြီး ချီချန်းရန်၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိစေမည့် အနေအထားကို ရှာဖွေလိုက်သည်။
သူမ လိုချင်သည်မှာ သူနှင့် ရိုးရိုးအိပ်စက်ချင်ရုံသာဖြစ်ပြီး ‘ဒါ’ကို အမှန်တကယ် လိုချင်တောင့်တနေခြင်းမျိုး မရှိပေ။
သူမ လုပ်ချင်ရင်တောင် တစ်လကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်သာ ဖြစ်သည်။ လုလီ၏ အသက်ရှူသံ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ညသည် တိတ်ဆိတ်သည်ထက် ပို၍တိတ်ဆိတ်လာသည်။
ချီချန်းရန်သည် မှိတ်ထားသော မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လာပြီး သူ့မျက်လုံးများ ကြည်လင်လာကာ ရှင်းရှင်းလင်းလင်းဖြစ်သွားသည်။
ထို့နောက် သူ့လက်ဖြင့် လုလီခါးကို ရစ်ပတ်ကာ သူ့ရင်ခွင်ထဲသို့ ပိုမိုနီးကပ်စွာ ဆွဲယူလိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
သူမ၏ခန္ဓာကိုယ်မှ နူးညံသောအထိအတွေ့ကို ခံစားရသောအခါ ချီချန်းရန် တံတွေးမျိုချလိုက်သည်။
ဤအရာသည် သူ့အား ခံစားမှုတစ်ခုတည်းသာမက ညှဉ်းပန်းနှိပ်စက်သလိုလည်းဖြစ်နေသည်။
သူ ခေါင်းငုံ့ကာ သူမ၏နားထင်စပ်နားကို နမ်းလိုက်သည်။ မင်း အလျင်လိုနေလို့မဖြစ်ဘူး ဟု သူ့ စိတ်ထဲတွင် တွေးလိုက်သည်။
…
'ချီချန်းရန် - ကျွန်တော်ဇနီးကို အရမ်းချစ်တယ်' ဟူသော ခေါင်းစဉ်ဖြင့် ရှာဖွေမှုအများဆုံးစာရင်းသည် မြင့်တက်လာပြီးနောက်ပြန်ကျသွားခဲ့သည်။ တစ်ရက်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လုလီ၏ Weibo တွင် သူမ၏လောင်ကုန်းအား တုံ့ပြန်ရန် တောင်းဆိုနေကြပြီး Weibo တွင် လောင်ကုန်းဖြစ်သူအား အမြဲကြူးပြလေ့ရှိသည့် သူဌေးသမီးလေးလုလီသည် ဤတစ်ခါတွင် ငြိမ်သက်နေခဲ့သည်။
လုလီသည် ထိုအရာများကို လျစ်လျူရှုခဲ့ပြီး အိမ်တွင် သူမ၏ရင်းနှီးမြှုပ်နှံမှုနှင့်ပ တ်သက်သော တိုးတက်မှုများကို တိတ်တဆိတ်လုပ်ဆောင်နေခဲ့သည်။
ဒါရိုက်တာမှ ရိုက်ကူးထားသော ရိုက်ချက်တချို့ကို ပို့ပေးခဲ့ပြီး လုလီ အလွန်ကျေနပ်နေခဲ့သည်။
အားလပ်သည့် နေ့လည်ခင်းတစ်ခုတွင် လုလီသည် သက်တောင့်သက်သာရှိသော အဝတ်အစားများကို ၀တ်ဆင်ထားပြီး ကွန်ပျူတာခုံတွင် ထိုင်နေသည်။
ရိုက်ကူးထားသော အခန်းများထဲမှ ငယ်ရွယ်သည့် အမျိုးသားဇာတ်ဆောင်ကို ကြည့်ရင်း သူမသည် ဘာကြောင့်မှန်းမသိ ချီချန်းရန်ကို သတိရမိသွားပြန်သည်။
သူမ၏ကျွမ်းကျင်သော မျက်လုံးများဖြင့် ချီချန်းရန်ကို အကဲခတ်ကြည့်လိုက်သည်။ ထိုအမျိုးသားသည် ရုပ်ရှင်လောကထဲသို့ ဝင်လာပါက လှုပ်ရှားမှု များများစားစားပင် လုပ်စရာမလိုပဲ သူ၏ရုပ်ရည်ကြည့်ကောင်းမှုနှင့်ပင် ပိုက်ဆံအများအပြား ရှာနိုင်မည်ဖြစ်သည်။ ဖျော်ဖြေရေးလောက တစ်ခုလုံးတွင် လုလင်းချန်သာ သူနှင့်ယှဉ်နိုင်မည်ဟု ခန့်မှန်းရသည်။
သို့သော် လုလင်းချန်သည် ယခုအခါ လျန့်ယန်နှင့် လက်ထပ်ထားပြီး ထိုဇနီးမောင်နှံ၏ဆက်ဆံရေးမှာ အလွန်ကောင်းမွန်နေသည်။
[လုလင်းချန်နှင့်လျန့်ယန်သည် စာရေးဆရာ၏ အခြားဝတ္ထုဖြစ်သော 'The Whole Entertainment Industry is Waiting for Our Divorce' ထဲမှ ဇာတ်ဆောင်များဖြစ်သည်]
ရုပ်ရှင်ရိုက်ကူးမှု လုံးဝပြီးဆုံးရန် နောက်ထပ် အချိန်တစ်လကျော် ကြာမြင့်ဦးမည်ဖြစ်ပြီး ရုံတင်ပြသရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။ ဒါရိုက်တာမှ ပေးပို့သော ရိုက်ချက်များကို ကြည့်ပြီးနောက် လုလီ ပျင်းလာသည်။
ယခင်က ဈေးဝယ်ထွက်ခြင်းနှင့် နေ့ခင်းလက်ဖက်ရည်သောက်ခြင်းမှ လွဲ၍ သူမအကြိုက်ဆုံးအရာမှာ အိုင်ဒေါလ်များနှင့် အချိန်ကုန်ဆုံးခြင်းဖြစ်သည်။ ယခုမူ သူမ၏လောင်ကုန်းဖြစ်သူနှင့် လအနည်းငယ်ကြာ နီးနီးကပ်ကပ်နေထိုင်ပြီးနောက် ၎င်းတို့ကို စိတ်ဝင်စားမှုပင် မရှိတော့ပေ။
သူမ အိုင်ဒေါလ်များကို ကြည့်ရာတွင် ယခင်က ခံစားရသည့် အလားတူ စိတ်လှုပ်ရှားမှုမျိုးကို ထပ်မံမခံစားရတော့ပေ။
လုလီသည် ဝဘ်စာမျက်နှာကိုပိတ်ပြီး ကွန်ပြူတာ၏နောက်ခံပုံကို ကြည့်လိုက်သည်။
နောက်ခံပုံသည် ချီချန်းရန်နှင့် သူမ၏ မင်္ဂလာဆောင်ဓာတ်ပုံဖြစ်ပြီး သူမ၏စိတ်ပုံမှန်မဟုတ်သော အချိန်က ၎င်းကို ပြောင်းထားခဲ့ခြင်းဖြစ်သည်။
မင်္ဂလာဆောင်ဓာတ်ပုံများသည် နိုင်ငံတကာမှ ထိပ်တန်းဓာတ်ပုံဆရာများက ရိုက်ကူးပေးခဲ့ခြင်းဖြစ်သည်။ သူမဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံကို D-brand အမှတ်တံဆိပ်၏ အကြီးတန်းဒီဇိုင်နာတစ်ဦးမှ လပေါင်းများစွာ အချိန်ယူပြီး ချုပ်လုပ်ခဲ့သည်။ သို့သော် မရေတွက်နိုင်သော မိန်းကလေးများ အိပ်မက်မက်ခဲ့သော မင်္ဂလာဆောင်ဓာတ်ပုံများသည် သူမအတွက်မူ ထူးခြားမှုမရှိခဲ့ပေ။
ဓာတ်ပုံဆရာများ မည်မျှပင် အဆင့်မြင့်နေပါစေ၊ မင်္ဂလာဝတ်စုံမည်မျှပင် ဈေးကြီးပါစေ၊ လက်ထပ်ခြင်း၏ပျော်ရွှင်မှုကို နှစ်ယောက်လုံး မခံစားခဲ့ရလို့ပင် ဖြစ်သည်။
လုလီသည် ပြုံးနေခြင်းမဟုတ်ပဲ အနည်းငယ်မျှသာ ပြုံးပြထားသည်။ ဤသည်မှာ လူမှုရေးအခမ်းအနားများတွင် နာမည်ကြီးသူများ အသုံးပြုလေ့ရှိသော ယဉ်ကျေးသော အပြုံးမျိုးဖြစ်သည်။ ချီချန်းရန်ဘက်တွင်လည်း 'ပြုံးဟန်ဆောင်ထားသော' အပြုံးမျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
၎င်းတို့အဖြစ်သည် ဓာတ်ပုံဆိုင်များတွင် တွေ့ရလေ့ရှိသော မင်္ဂလာဆောင်ဓာတ်ပုံထဲ မော်ဒယ်များနှင့် အလားတူဖြစ်နေသည်။
“ဟွန့်...“ လုလီသည် မင်္ဂလာဓာတ်ပုံအတုဖြင့် ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။
သူမ Mail Box ကိုဝင် ကြည့်လိုက်သည်။
ချင်ရုံမှ လာမည့်အပတ်အတွက် သူမ၏အစီအစဉ်ဇယားကို ပို့ထားသည်။ သာမန်အချိန်ဇယားနှင့် သိပ်မကွာခြားပေ။ သူမ၏ အကလေ့ကျင့်မှုအတွက် အချိန်ဇယားကို အပတ်စဉ် သတ်မှတ်ထားသော်လည်း ယခုအပတ်အတွက် နောက်ထပ်ပွဲများရှိနေသည်။
အထူးအရေးကြီးသော အစီအစဉ်များဖြစ်ပါက ချင်ရုံသည် အချိန်ဇယားပေါ်တွင် အမှတ်အသားပြုလုပ်ထားလေ့ရှိပြီး၊ အမှတ်အသား မပါပါက အရေးမကြီးသော အစီအစဉ်များဖြစ်ပြီး သူမ စိတ်ဝင်စားမှသာ ပြုလုပ်နိုင်ကြောင်း မှတ်ယူထားသည်။
သို့သော် လုလီ ဖွင့်ကြည့်လိုက်ရာ ဖိတ်စာတစ်စောင်ကို တွေ့လိုက်သည်။
ဤသည်မှာ fashion week သို့မဟုတ် နာမည်ကြီးများဧည့်ပွဲတစ်ခုမဟုတ်ပဲ ရုပ်သံအစီအစဉ်တစ်ခု၏ဖိတ်စာ ဖြစ်နေသည်။