I Love Pears (1)
Vol. 7 Ch. 110
ဓာတ်ပုံနှစ်ပုံအား ယှဉ်ကြည့်လိုက်ပါက လုလီသည် အမျိုးသား idol နှင့် ရင်ဆိုင်ရသောအခါ အလွန်တည်ငြိမ်နေပြီး အခြားဓာတ်ပုံထဲတွင် ခင်ပွန်းဖြစ်သူနှင့် ရင်ဆိုင်ရသောအခါတွင် တက်ကြွပြီး ချစ်စရာကောင်းသော အမူအရာဖြင့် ပြည့်နှက်နေသည်။
ဤခြားနားချက်သည် အလွန်ပင် ကြေကွဲဖွယ်ကောင်းလှသည်။
ဤအခြေအနေအား အဓိပ္ပာယ်ကောက်ရမည်ဆိုလျှင် သူမအနေဖြင့် အေးစက်သူမဟုတ်သလို သူမ၏ နွေးထွေးသော ချစ်ခြင်းမေတ္တာမှာ ထိုပြိုင်ပွဲဝင်တွေအတွက် မဟုတ်ဘဲ သူမလောင်ကုန်းတစ်ယောက်တည်း အတွက်သာ သီးသန့်ဖြစ်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
သို့ဖြစ်ရာ လုလီ၏ ကလေးဆန်ပြီး ချစ်စရာကောင်းသော အပြုအမူများသည် လောင်ကုန်းဖြစ်သူနှင့် တွေ့သည့်အခါမှသာ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ခွေးစာအလွန်အကျွံ ကျွေးနေတာပဲ.....
အတုအယောင်စုံတွဲမှာ အတုဖြစ်ပြီး သစ်တော်သီးစုံတွဲမှာမူ အစစ်အမှန်ဖြစ်သည်။
မကြာခင်မှာပဲ ထိုဓာတ်ပုံနှစ်ပုံ၏ နှိုင်းယှဥ်မှုသည် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အင်တာနက်အသုံးပြုသူ များသည် မူလက စွမ်းရည်ရှိုးပွဲ တစ်ခုကို ကြည့်ရှုရမည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ခွေးစာဖြစ်နေလိမ့်မည်ကို မမျှော်လင့်ထားခဲ့ကြပေ။
[လုလီရဲ့အပြုအမူတွေက အရမ်းချစ်ဖို့ကောင်းတာပဲ၊ သူ့လောင်ကုန်းနဲ့တွေ့မှ သူ့ရဲ့ ZQSGကို ထုတ်ပြတာ]
(T/N- ZQSG ဟူသည် စစ်မှန်သော စိတ်ခံစားချက်များကို ထုတ်ဖော်ပြသခြင်းဟု အဓိပ္ပာယ်ရသည်)
[ငါတို့ လေဒီလေးက မင်းတို့ “ကော” တွေကို စိတ်မဝင်စားဘူးဆိုတော့ စိတ်ချလက်ချနေလို့ရပြီပေါ့ ..ဟား..ဟား...]
[လုလီတော့ ပြောလိုက်ပြီ၊ ပြိုင်ပွဲဝင်တွေထဲ တစ်ယောက်မှ သူ့လောင်ကုန်းလောက် မဆွဲဆောင်နိုင်ဘူး ဆိုတာ!]
[ဒါ အရင်က စုံတွဲအတုအယောင်ရော ဟုတ်သေးရဲ့လား? ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ချိုမြိန်နေကြတာလဲ? Lemon အီမိုဂျီ]
[သစ်တော်သီးစုံတွဲ szd! super talk မှာတွေ့မယ်။]
…
CP ပရိသတ်များသည် ချိုမြိန်သောအရာများကို ရွေးထုတ်ရာတွင် ကျွမ်းကျင်သည်ကို လုလီ သိထားသော်လည်း၊ ဤနည်းဖြင့် ရွေးထုတ်လာကြမည်ကိုတော့ မျှော်လင့်မထားခဲ့ပေ။ သစ်တော်သီးစုံတွဲ၏ ပရိသတ်များသည် အချိုများစားပြီး မူးလဲလုနီးပါးဖြစ်နေကြသည်ကို လုလီမြင်သောအခါ “သစ်တော်သီးစုံတွဲ”၏ နောက်ဆုံးအကြိမ် အမိုက်စား giveaway အပြီး မကြာမီ ၎င်းတို့စုံတွဲ၏ CP တံခါးကို လာခေါက်ကြမည့် ပရိသတ်အသစ်များ ပိုမိုများပြားလာတော့မည်ကို သူမသိလိုက်သည်။
“...”
အချိုများကို အသည်းအသန်တောင်းနေရာမှ ၎င်းတို့ကိုယ်တိုင် အချိုရှာဖွေသူများအဖြစ် ပြောင်းလဲသွားကြပြီလား?
အားလုံး အတွေးလွန်နေကြခြင်းသာဖြစ်ပြီး မိမိသည် အေးစက်သူမဟုတ်ပေ။ အမှန်မှာ ထို ပြိုင်ပွဲဝင်များ၏ အံ့ဖွယ်ဖျော်ဖြေမှုများကို သူမ အလွန်သဘောကျနေခဲ့ပြီး မကြိုက်သလို ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
တစ်ဖက်တွင် ချီချန်းရန်သည် အလုပ်လုပ်ရင်း အင်တာနက်ပေါ်က လုလီ၏ဓာတ်ပုံ နှိုင်းယှဉ်ချက်များကို ကြည့်နေသည်။ သူသည် မျက်လုံးကို တဝက်မှေးစင်းလျက် အလွန်သဘောကျကြောင်း ဝန်ခံနေသည်။
ဒါကို ဘယ်သူလုပ်ထားတာလဲ?
“သစ်တော်သီးစုံတွဲ” ၏ CP ပရိသတ်တစ်ဦးဖြစ်မည်ထင်သည်။
ချီချန်းရန်သည် ရုတ်တရက် CP ပရိသတ်များကို နားလည်သွားသည်။ သူ လုလီ၏ မိုဘိုင်းဖုန်းတွင် ဤအရာများကို မြင်ဖူးခဲ့သည်ကို သတိရသွားသည်။ ဤ ’ Supertalk'မှာ လုလီ စိတ်ပုံမှန်မဟုတ်စဉ်က ဖန်တီးခဲ့ဟန်ရှိသည်။
ချီချန်းရန်သည် ‘သစ်တော်သီးစုံတွဲ’' ၏ super talk ကို ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။ သူသည် ကိုယ်ပိုင်နံပါတ်ဖြင့် Weibo အကောင့်တစ်ခုဖန်တီးခဲ့သည်။ ‘သစ်တော်သီးစုံတွဲ ’ Super talk' သို့ သူ ဝင်ကြည့်သောအခါ လူအများအပြားရှိသော်လည်း ရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ပရိသတ်များမှာ အစီအစဉ်တကျမရှိပဲ စည်းကမ်းမဲ့နေသည်။
ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်ကာ အတွင်းရေးမှူးကျောက်ကို ခေါ်လိုက်သည်။
အတွင်းရေးမှူးကျောက်သည် အခန်းထဲကို တလေးတစားဖြင့် ဝင်လာပြီး "ဥက္ကဋ္ဌကြီး" ဟု ခေါ်လိုက်သည်။
ချီချန်းရန် သူ့အား စိုက်ကြည့်လိုက်သည်။ ရှန့်ကျင်၏ ယုံကြည်အားကိုးရသော အတွင်းရေးမှူးကျောက်သည် ရေပန်းစားသော မင်းသမီး လျန့်ယန်အကြောင်းကို Weibo တွင် နေ့စဉ်နှင့်အမျှ သီးသန့်ပို့စ်တင်ကာ သူ့ကိုယ်သူ 'Yanan's Little Fan' ဟု သတ်မှတ်ထားသူဖြစ်သည်။
ချီချန်းရန် - "super talk ဆိုတာ ဘာလဲ မင်းသိလား?
ဤစကားကိုကြားတော့ အတွင်းရေးမှူးကျောက်သည် ခေါင်းကို အမြန်မော့လာကာ နောက်တစ်စက္ကန့်တွင် ဘီလီယံပေါင်းများစွာသော စာချုပ်များကို လက်မှတ် ရေးထိုးတော့မည့်သူကဲ့သို့ စိတ်ဖိစီးစွာ ထိုင်နေသော ဥက္ကဌမျက်နှာကို ကြည့်လိုက်သည်။
ဥက္ကဌက ဘာကိုသိချင်တာလဲ? super talk လား? CP super talk?
အတွင်းရေးမှူးကျောက်သည် ခဏတာ စိတ်ရှုပ်ထွေးသွားပြီး တံတွေး မျိုချလိုက်သည်။ ဤသည်ကို သူ မသိကြောင်းပြောချင်သော်လည်း ဥက္ကဌသည် သူ၏'Yanan's Little Fan' ကို မြင်ဖူးသည်ကို သတိရသွားသည်။
အတွင်းရေးမှူးကျောက်: "ဟုတ်၊ သိပါတယ်"
လျန့်ယန်၏ နံပါတ်တစ် ပရိတ်သတ် အနေဖြင့် 'CP supertalk' ဟူသော စကားလုံးကို ကြားတိုင်း သူ့နှလုံးသားမှာ နာကျင်ရသည်။
ချီချန်းရန် " super talk ကို ဘယ်လိုစီမံရလဲဆိုတာရော သိလား ?"
အတွင်းရေးမှူးကျောက်: "???"
ချီချန်းရန်သည် စာရွက်စာတမ်းများကို ခွဲခြမ်းစိပ်ဖြာကာ အရေးကြီးအချက်အလက်များကို ကြေငြာသည့်အခါတွင် အသုံးပြုလေ့ရှိသော အသံအနေအထားဖြင့် ပြောလာသည် - "‘သစ်တော်သီးစုံတွဲ’ရဲ့ Super talk' မင်းပဲ စီမံခန့်ခွဲလိုက်"
အတွင်းရေးမှူးကျောက်သည် တုန်လှုပ်သွားပြီး ချက်ချင်း ဒူးထောက်လုနီးပါး ဖြစ်သွားသည်။
သူ အလွန်တုန်လှုပ်သွားသည်။
တစ်ဖက်မှ ဥက္ကဌကြီးသည် အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် မည်သည့်စကားမှ ထပ်မပြောလိုဟန်ရှိသည်။
အတွင်းရေးမှူးကျောက်သည် အချိန်အတော်ကြာမှ တည်ငြိမ်မှုပြန်ရလာပြီး ခေါင်းကိုညိတ်လိုက်သည်: "ကျွန်တော် နားလည်ပါပြီ"
အတွင်းရေးမှူးကျောက်သည် မိမိ၏တာဝန်ကို အမှန်တကယ်ထမ်းဆောင်ခဲ့သည်။ အလုပ်ထဲတွင် ကျွမ်းကျင်ရုံသာမက လျှို့ဝှက်စွာ မင်းသမီးလျန့်ယန်၏ fandom ခေါင်းဆောင်အဖြစ်လည်း သီးသန့်လှုပ်ရှားနေခဲ့သည်။ fandom အဖွဲ့သည် ရောထွေးနေပြီး အမျိုးမျိုးသော ကျွမ်းကျင်သူများ အဆင်သင့်ရှိနေသည်။ ထိုနေ့တွင် ခေါင်းဆောင်မရှိသော CP 'သစ်တော်သီးစုံတွဲ' သည် ရုတ်တရက် ရွေးကောက်ပွဲတစ်ခု စီစဉ်လိုက်သည်။
'I Love Pears' ဟု အမည်ရှိ အသုံးပြုသူတစ်ဦးသည် ရွေးကောက်ပွဲတွင် CP ပရိသတ်အချို့၏ ထောက်ခံမှုကို ရရှိခဲ့သည်။ 'Pear' Flavored Little Fairy' မလှုပ်မရှားဖြစ်နေပြီးနောက် 'I Love Pears' ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ကြသည်။
နှစ်ရက်အကြာတွင် ချီချန်းရန်သည် မိမိစားပွဲခုံတွင် ထိုင်ကာ မိမိ၏ Weibo အမည် 'I Love Pears' ကို ပြင်ဆင်နေသည်။
နာမည်မှာ အနည်းငယ်ကလေးဆန်သော်လည်း သူ့အတွက် ကောင်းသည်။
သူသည် ချိုမြိန်ပြီး အနှစ်သာရပြည့်ဝကာ အရည်ရွှမ်းသော သစ်တော်သီးများကို ချစ်သည်။
မနေ့က ရွေးကောက်ပွဲတွင် သူအနိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ 'Pear-Flavored Little Fairy' ၏ လက်ဆောင်ဖြင့် ငါးစာချပေးသည့် နည်းလမ်းနှင့် နှိုင်းယှဉ်ပါက ဤ 'I Love Pears' မှာ ပိုမိုကောင်းမွန်သောကြောင့်ဖြစ်သည်။ တစ်ချိန်တွင် သူမ ပေးခဲ့သော လက်ဆောင်များ၏ ပမာဏကြောင့် အကောင့်အား ရပ် ဆိုင်းခံရလုနီးပါးဖြစ်ခဲ့သည်။
super talk ရှိ ပရိတ်သတ်များသည် နောက်ထပ် ချမ်းသာသော အမာခံပရိသတ်တစ်ဦး ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မထားကြပေ။