← Chapters

I Love Pears (2)

Vol. 7 Ch. 111

I Love Pears (2)

Vol. 7 Ch. 111

လုလီသည် 'Idol Boy' အစီအစဉ် ထပ်မံရိုက်ကူးရန်အတွက် ရုပ်သံဌာနသို့ ရောက်လာခဲ့သည်။

ချီချန်းရန်သည် အရင်တစ်ကြိမ်က လုလီအား မှတ်ချက်ပေးခိုင်းခြင်း မပြုရန် အစီအစဉ်အဖွဲ့ကို ပြောထားခဲ့သော်လည်း ရလဒ်အနေဖြင့် လုလီသည် ရှိုးတစ်ခုလုံးတွင် စကားတစ်ခွန်းမျှ မပြောခဲ့သဖြင့် ဤအစီအစဉ်မျိုးအတွက် အနည်းငယ် နေရာလွဲနေပုံရသည်။ အချို့က ပျော်နေကြ၍ ငြိမ်သက်နေသော လုလီအား မေးခွန်းထုတ်လာကြသည်။ သူမလို idol မကြိုက်တဲ့သူက ဒီရှိုးမှာ ဘာကြောင့် ပါဝင်လာတာလဲ?

သို့ဖြစ်ရာ ချီချန်းရန်သည် ပရိုဂရမ်အဖွဲ့ကို ထပ်မံဆက်သွယ်ခဲ့ပြီး ယခုတစ်ခါတွင် သူမအား အနည်းငယ်စကားပြောခွင့်ပြုရန် ခွင့်ပြုလိုက်သည်။

ပရိုဂရမ်အဖွဲ့မှလည်း ဤသည်ကို စိတ်အားထက်သန်နေကြခြင်းဖြစ်ရာ ဝမ်းသာအားရ သဘောတူလိုက်ကြသည်။ လိုအပ်ပါက လုလီ၏ရိုက်ကူးမှု အခန်းတိုင်းနှင့် စကားလုံးတိုင်းကို အပြည့်အဝထည့်သွင်းပေးမည်ဟု ပြောလာခဲ့သည်။ ထို့အပြင် ချီချန်းရန်အား ခင်ပွန်းကောင်းတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုရန်ကိုလည်း ၎င်းတို့ မေ့လျော့ခဲ့ခြင်းမရှိပေ။

ဤသည်မှာ ချစ်ခြင်းမေတ္တာ၏ ကြီးမားသောပံ့ပိုးမှုတစ်ခုပင် မဟုတ်ပါလား?

ဇနီးဖြစ်သူက ရှိုးရိုက်ကူးမှုတွင် ပါဝင်နေချိန်တွင် လောင်ကုန်းဖြစ်သူက သူမ၏အချိန်များကို အသေးစိတ်စီမံပေး နေသည့်အချက်မှာ မချိုမြိန်ဘဲ နေပါ့မလား? သစ်တော်သီးစုံတွဲ၏အချိုများကို မည်သူမှ ငြင်းဆန်နိုင်မည်မဟုတ်ပေ။

အဖွင့်သီချင်းရိုက်ကူးနေစဉ် လုလီ နောက်ဆုံး၌ စကားပြောခွင့်ရခဲ့သည်။

လေ့ကျင့်နေစဉ်အတွင်း ပြိုင်ပွဲဝင်များ၏ ကပြဖျော်ဖြေမှုများ သိပ်မကောင်းခဲ့ပေ။ ထိုထဲတွင် အကနည်းပြဖြစ်သူ ဖန့်ဝေသည် အလွန်တင်းကြပ်ပြီး ပြိုင်ပွဲဝင်အချို့၏ မျက်လုံးများကို နီရဲသွားစေခဲ့သည်။

လုလီသည် သူမရှေ့တွင် စိတ်လှုပ်ရှားနေသော ပြိုင်ပွဲဝင်များကို ကြည့်လိုက်သည်။

အကနည်းပြဖန့်ဝေ၏ ကြမ်းတမ်းသော ဝေဖန်မှုများကြောင့် လေထုသည် အနည်းငယ်တင်းမာနေခဲ့သည်။

အကနည်းပြဖန့်ဝေ၏ ဝေဖန်ခြင်းမခံရသော အခြားပြိုင်ပွဲဝင်များသည် လုလီ၏လက်ထဲသို့ ရောက်ရှိလာပြီး သူမထံတွင် အပြောခံရတော့မည်ဟု ထင်နေကြသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ မျက်နှာအမူအရာထုတ်ပြလေ့မရှိသော လုလီသည် မည်သို့သော အေးစက်ပြီး ကြမ်းတမ်းသည့် စကားလုံးများ ပြောလာမည်ကို အားလုံးနားထောင်နေကြသည်။

လုလီ ခဏစဉ်းစားလိုက်သည်။

သူမသည် ယခင်က ကြယ်ပွင့်နောက်လိုက်ရသည့်ဘဝတွင် ပျော်ရွှင်သောပရိသတ်တစ်ဦးဖြစ်ရန် အမြဲကြိုးစားခဲ့ပြီး၊ အခြားသူများအား ဆဲဆိုတိုက်ခိုက်တတ်သည့် အလေ့အကျင့်မရှိပဲ ချီးကျူးစကားများကိုသာ ကောင်းစွာတတ်မြောက်ထားသူ ဖြစ်သည်။

လောကတွင် ချီးမွမ်းခြင်း နှင့် ဝေဖန်ခြင်း နှစ်ခုလုံး လိုအပ်ကြောင်း သူမ သိသော်လည်း သူမအနေနှင့် ချီကျူးခြင်းအား မတွန့်တိုသော လူတစ်ဦးဖြစ်ရန် ပိုလိုလားသည်။

လုလီ ပြုံးရင်းပြောလိုက်သည်- "မင်းတို့ ကနေတဲ့အချိန်မှာ မင်းတို့မျက်လုံးထဲ ကြယ်တွေတောက်ပနေတာ သိကြလား?”

ဤစကားကို နားထောင်ပြီးနောက် လူတိုင်း အံ့ဩသွားကာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ကိုယ်စားလှယ်များလည်း အံသြသွားကြသည်။

မော်နီတာရှေ့တွင် ထိုင်နေသော ဒါရိုက်တာပင် အံသြသွားရသည်။

ဘာ...သူ ဘာပြောလိုက်တာလဲ?

အေးစက်စက် မျက်နှာအမူအရာနှင့် ထိုအမျိုးသမီးမှ စကားအစပြုလာသည်မှာ ချီးကျူးစကားတဲ့လား?

လုလီ စကားပြောပြီးနောက် မိုက်ခရိုဖုန်းကို ဘေးရှိ အခြားကိုယ်စားလှယ်ထံ လက်ဆင့်ကမ်းပေးလိုက်သည်။

လုလီသည် သူမအား အာရုံစိုက်နေကြသည်ကို ခံစားမိသောအခါ ရှက်ရွံ့စွာ ခေါင်းကိုငုံ့ထားလိုက်သည်။

သို့သော် ရိုက်ကူးနေစဉ်အတွင်း လုလီ မှတ်ချက်ပေးရန် အခွင့်အရေး ပိုရခဲ့သည်။

သူမသည် မိုက်ခရိုဖုန်းကိုကိုင်ပြီး ပြိုင်ပွဲဝင်များကို ပြုံးပြလိုက်ပြန်သည်။

"မင်းက ပြီးပြည့်စုံခြင်းရဲ့သင်္ကတဖြစ်တယ်၊ မင်းကြောင့် လောကကြီးက တောက်ပနေတာ”

"ကမ္ဘာပေါ်မှာ အလင်းဓာတ်ထောင်သောင်းမကရှိပေမယ့် ကျဲနှလုံးသားထဲမှာ မင်းရဲ့စွမ်းဆောင်မှုတွေကပဲ တောက်ပနေတယ်”

"မင်းအသံကို ကြားလိုက်ရတော့ လောကကြီးမှာ ဒီလောက်လှပတဲ့အသံမျိုး ရှိနေလိမ့်မယ်လို့ ကျဲ့တစ်ခါမှ မတွေးမိခဲ့ဘူး "

…

ပြိုင်ပွဲတိုင်းသည် လုလီကိုသာ မှတ်ချက်ပေးစေလိုကြသည်။

ဒါရိုက်တာသည် သဘောကျစွာ ရယ်မောလျက် လုလီအား စကားများများပြောခွင့်ပေးရန် ညွှန်ကြားလိုက်သည်။

၎င်းတို့ မျှော်လင့်မထားသည်မှာ ထိုအမျိုးသမီးသည် ပန်းပွင့်ကဲ့သို့လှပသလို ၎င်း၏ ချီးကျူးစကားများသည်လည်း ကောင်းမွန်နေခြင်းဖြစ်သည်။ အစီအစဉ်သည် ထပ်ပြီး ရှာဖွေမှုအများဆုံးစာရင်းတွင် ပါဝင်လာမည်မှာ အသေချာပင်။

လုလီသည် ရှေ့အပိုင်းတွင် အစီအစဉ်၏အဆောင်ပစ္စည်းသဖွယ် ဖြစ်ခဲ့ပြီး ယခုအပိုင်းတွင် စကားပြောဆိုရန် အခွင့်အရေးရခဲ့ကာ ချီးကျူးစကားများ ပြောဆိုပေးခဲ့သည်။ သူမသည် သီချင်းရိုက်ကူးပြီးဆုံးသည်အထိ ခန္ဓာကိုယ်အား ဖြောင့်ဖြောင့်တန်းတန်းထိုင်နေခဲ့ခြင်းဖြစ်ရာ နောက်ကျောတွင် နာကျင်မှုကို ခံစားလာရသည်။

ညနေပိုင်းတွင် လုလီသည် ဆံပင်များကို စုစည်းကာ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန်အတွက် ရေချိုးကန်ထဲတွင် ရေနွေးဖြင့်ရေချိုးရင်း ဖြေလျော့နေသည်။

ချီချန်းရန်သည် စာကြည့်ခန်းထဲတွင် ကွန်ပျူတာဖွင့်ကာ အလုပ်အနည်းငယ် လုပ်နေ၏။ အတွင်းရေးမှုးကျောက်သည် သူ့ထံသို့ ဖိုင်တစ်ခု ပို့လာသည်။ ချီချန်းရန်သည် ဖိုင်ကိုဖွင့်ကြည့်လိုက်ရာ 'Idol Boy' ၏ ယနေ့ရိုက်ကူးရေး ပြုလုပ်စဉ်က လုလီပါဝင်သော အခန်းများဖြစ်သည်။ ပရိုဂရမ်အဖွဲ့သည် သူထံ ပေးပို့ပေးခဲ့ခြင်းဖြစ်ပြီး သူအတည်ပြုပြီးမှသာ အများပြည်သူသို့ ထုတ်လွှင့်မည်ဖြစ်သည်။

ချီချန်းရန်သည် ရေချိုးခန်းဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ဖိုင်ကို နှိပ်လိုက်သည်။

ဖန်သားပြင်ပေါ်တွင် သူ၏အမျိုးသမီးလေးသည် လှပပြီး အရှိန်အဝါများတောက်ပနေသည်။

ဗီဒီယိုအရှည်မှာ ငါးမိနစ်ကျော်ကြာသည်ကို ချီချန်းရန် တွေ့ရသည်။ ရှေ့က ဗီဒီယိုနှင့် နှိုင်းယှဉ်ပါက ယခုအကြိမ်တွင် လုလီသည် စကားပြောချိန်ပိုရပြီး အများ၏အာရုံစိုက်မှုခံရသည်။

ချီချန်းရန်သည် ထိုသို့ဖြစ်စေရန် ပရိုဂရမ်အဖွဲ့အား မှာကြားထားခဲ့ခြင်း ဖြစ်သည်။ သူသည် သူမ စကားပြောနေသည်ကို ပြုံးရင်း ကြည့်‌နေမိသည်။

-- ကြယ်ပေါင်းထောင်ချီပြီး စီတန်းနေရင်တောင် မင်းမျက်လုံးတွေကို နှိုင်းယှဉ်လို့မရနိုင်ဘူး၊ မင်းရဲ့ ပထမအကြည့်တချက်နဲ့တင် ကျဲ ကြွေဆင်းသွားတယ်

-- "မင်းက ပြီးပြည့်စုံခြင်းရဲ့သင်္ကေတပဲ၊ မင်းကြောင့် လောကကြီးက တောက်ပနေတာ”

- "ကမ္ဘာပေါ်မှာ အလင်းဓာတ်ထောင်သောင်းမကရှိပေမယ့် ကျဲနှလုံးသားထဲမှာ မင်းရဲ့စွမ်းဆောင်ချက်တွေပဲ တောက်ပနေတယ်”

…

ဤအရာများကို ကြည့်ရင်း ချီချန်းရန်၏နှုတ်ခမ်းထောင့်စွန်းမှာ ဖြောင့်တန်းသွားပြီး မျက်နှာပေါ်မှ ပြုံးရိပ်များ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မည်းမှောင်သွားသည်။

သူ မှတ်မိသလောက်ဆိုလျှင် ဤစကား လုံးများသည် သူရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး ယခင်က ကြားဖူးခဲ့သော စကားများဖြစ်နေခဲ့သည်။

----ကြယ်ပေါင်းထောင်ချီပြီး စီတန်းနေရင်တောင် လောင်ကုန်းရဲ့မျက်ခုံးတွေကို နှိုင်းယှဉ်လို့မရနိုင်ဘူး၊ လောင်ကုန်းရဲ့ ပထမအကြည့်တချက်နဲ့တင် အားလီ ကြွေဆင်းသွားရတယ်

-- လောင်ကုန်းက ပြီးပြည့်စုံခြင်းရဲ့သင်္ကေတပဲ၊ လောင်ကုန်းကြောင့် လောကကြီးက တောက်ပနေတာ”

-"ကမ္ဘာပေါ်မှာ လူထောင်သောင်းမကရှိပေမယ့် လောင်ကုန်းတစ်ယောက်တည်းကသာ အားလီနှလုံးသားထဲက အတောင့်တဆုံးအရာပဲ”

စသည်ဖြင့်....

သူသည် စကားတစ်ခုချင်းစီကို နားထောင်ပြီး အလွန်စိတ်လှုပ်ရှားကာ ထိုစကားလုံးများကို သူ့နှလုံးသားထဲတွင် အခိုင်အမာ သိမ်းဆည်းထားသည်။

ယခင်က သူမအား ထိုစကားများမပြောရန် မကြာခဏ တားခဲ့ဖူးပေမယ့်လည်း ထိုစကားများကို ကြားလိုက်တိုင်း သူ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်ကိုတော့ ဝန်ခံသည်။

ဤစကားများသည် သူ့အတွက်သာ ဖြစ်သည်ဟု အမြဲထင်မှတ်ထားခဲ့သည်။

ယခုမူ သူမပါးစပ်မှ ထိုစကားများကို အလွယ်တကူပြောထွက်နေပြီး လူတိုင်းကို ပြောဆိုနေခြင်းဖြစ်သည်။ ချီချန်းရန်သည် သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုအက်ကွဲကာ ပြိုကျသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ရေချိုးပြီးနောက် လုလီသည် ခန္ဓာကိုယ်ပေါ်တွင် lotion ကို သေချာလိမ်းလိုက်ပြီး မွှေးကြိုင်သောအနံ့များနှင့် ရေချိုးခန်းမှ ထွက်လာသည်။

သူမ ထွက်လာချိန်တွင် တံခါးနားမှရပ်နေသော လူကိုမြင်လိုက်ရပြီး ထိတ်လန့်သွားသည်။

ချီချန်းရန် ဒီမှာ ဘာလို့ ရပ်နေတာလဲ?

ပြီးတော့ သူ့မျက်နှာပေါ်က အမူအရာကလည်း ပုံမှန်မဟုတ်ပေ။

လုလီ ခြေတလှမ်းနောက်ဆုတ်သွားပြီး- "ဘာဖြစ်လို့လဲ?"

ချီချန်းရန်သည် သူမ၏အပြစ်ကင်းစင်သော မျက်နှာကိုကြည့်ကာ သူမ၏လက်ကိုဆွဲကိုင်လျက် အံကြိတ်ထားသည်။

"မင်း ကိုယ့်ကို ရှင်းပြဖို့လိုနေပြီ"

All Chapters