← Chapters

အခန်း (၁၃၉၆-၁၃၉၈)

Vol. 94 Ch. 1396-1398

အခန်း (၁၃၉၆-၁၃၉၈)

Vol. 94 Ch. 1396-1398

အခန်း(၁၃၉၆)

"ဒီကောင်လေးက အရမ်းကို မွန်းစတားဆန်လွန်းတယ်"

ဆံဖြူအမျိုးသမီးနှင့် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူဆယ်ယောက် ငါးရောင်ခြယ် နယ်မြေအောက်တွင် ချက်ချင်း ဆိုသလို ပြာဖြစ်သွားသည်ကို မြင်လျှင် ကျန်ရှိနေသော ကျင့်ကြံသူများသည် ထိတ်လန့်သွားခဲ့ကြသည်။

ကျန်းချန်၏ ခွန်အားသည် သူတို့ စိတ်ကူးထားသည်ကိုပင် ကျော်လွန်နေခဲ့၏။

ကံကောင်းစွာဖြင့် သူတို့သည် ဆံဖြူအမျိုးသမီးတို့ ကဲ့သို့ ကျန်းချန် ဆွဲထားသည့် စည်းမျဥ်းကို မဖြတ်ကျော်ခဲ့ကြပေ။

မဟုတ်လျှင် သူတို့သည်လည်း သေဆုံးသွားလိမ့်မည်သာ။

"နန်းတော်သခင်ကျန်းက တကယ်ကို သန်မာလွန်းတာပဲ"

ရှားယွင်ချုံး၏ စိတ်နှလုံးထဲတွင် အကြီးအကျယ် အံ့သြ တုန်လှုပ်နေခဲ့သည်။

ကျန်းချန်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ရောက်ရှိလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

အစောပိုင်းက ကျန်းချန် ရှင်းလင်းခဲ့သည့် နတ်သန္ဓေအင်ပါယာ တစ်ဆယ့်တစ်ယောက် ထဲတွင် အားအနည်းဆုံးသူပင် အင်ပါယာနယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိ‌နေပြီး အင်အားအကောင်းဆုံးသူသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူ အုပ်စုတစ်စုလုံးကို ကျန်းချန်သည် အလွယ်တကူပင် ရှင်းလင်းပစ်လိုက်၏။

ရှားယွင်ချုံး၏ ဘဝတစ်လျှောက်တွင် ဤမျှလောက် အစွမ်းထက်သော နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ကျင့်ကြံသူကို တစ်ခါမှ မမြင်ဖူးပေ။

ဤကဲ့သို့သော ခွန်အားမျိုးသည် အင်ပါယာတစ်ပိုင်းအဆင့်အောက်တွင် နံပါတ်(၁)ဟုခေါ်လျှင်ပင် လွန်အံ့မထင်။

"သွားကြစို့. ငါတို့တွေ ဒီကောင်လေးဆီက အင်ပါယာယွင်နတ်သစ်သီးကို ရယူဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်သည် မချိပြုံးပြုံး၍ ‌ခေါင်းခါရမ်းလိုက်သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် သိပ်မကွာတော့ပေ။

ထို့ကြောင့် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် ကျန်းချန်၏ရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားပေ။

ဤအင်ပါယာယွင်နတ်သစ်သီးသည် သူတို့အတွက် ဆွဲဆောင်မှု ကြီးမားသော်လည်း ထိုသစ်သီးအတွက်ဖြင့် ကိုယ့်သေတွင်းကိုယ် မိုက်မဲစွာတူးမည်မဟုတ်ပေ။

"ဝုန်း.."

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူများနှင့်အခြားသူများသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် ထိတ်လန့်နေကာ အင်ပါယာယွင်နတ်သစ်သီး အတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ကို စွန့်လွှတ်ရန် ပြင်ဆင်နေစဥ်မှာပင် ချိုင့်ဝှမ်း တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။

မကြာခင်မှာပင် စိတ်ကူးပင် မယဥ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော အနက်ရောင်အလင်းသည် ချိုင့်ဝှမ်း တစ်ခုလုံးကို တစ်ခဏအတွင်း ဖုံးလွှမ်းသွားခဲ့သည်။

အနက်ရောင်အလင်းက ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားသောကြောင့် ချိုင့်ဝှမ်း တစ်ခုလုံး၏ အလင်းရောင်သည် ရုတ်တရက် မှိန်ကျသွားခဲ့၏။

ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ရှားယွင်ချုံးနှင့် တခြားသော နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်သွားစေခဲ့သည်။

လူအုပ်ကြီးက အံ့သြ ထိတ်လန့်သွားခဲ့ပြီး လေထုထဲမှ အနက်ရောင်အလင်းကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ထိုသို့ ကြည့်နေရင်းဖြင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခါးကုန်းနေသည့် ကျင့်ကြံသူ တစ်ယောက်သည် အနက်ရောင် အလင်းထဲကနေ ထွက်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

ထိုအဘိုးအိုသည် တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားပြီး ဦးခေါင်းကိုပင် ဖုံးအုပ်ထားခဲ့ကာ အနက်ရောင် တွင်းပေါက်ကြီးကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံကိုသာ ပေါ်လွင်စေခဲ့သည်။

သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင်ချီများ ဝိုင်းရံနေပြီး သူ့ကို ကြည့်ရသည်မှာ တစ္ဆေသရဲတစ်ကောင် ကဲ့သို့ပင်။

"ဒီအင်ပါယာယွင်နတ်သစ်သီးက ငါ့အတွက်ပဲ ဖြစ်သင့်တယ်"

အင်ပါယာယွင် နတ်သစ်ပင်ကို ကြည့်ရှုလိုက်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင် တစ်ခွင်လုံးကို ပျံ့နှံ့သွားခဲ့သည်။

"အင်ပါယာယွင် နတ်သစ်ပင်ပေါ်က အင်ပါယာယွင်နတ်သစ်သီး သုံးလုံးက ငါ ငရဲတာအို ကျင့်ကြံသူနဲ့ပဲ သက်ဆိုင်တယ်.. မင်းတို့တွေ မသေချင်ရင် ဒီနေရာကနေ ချက်ချင်းထွက်သွားကြစမ်း"

လေထုထဲတွင် ရပ်တန့်နေသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူ၏ စကားကိုကြားလျှင် အောက်ဘက်ရှိ ကျင့်ကြံသူ အများအပြားသည် အတောမသတ်နိုင်အောင် တုန်လှုပ်သွားခဲ့ကြသည်။

ငရဲတာအိုကျင့်ကြံသူ ဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀)ခန့်က ရှန်းဝူကုန်းမြေတိုက်တွင် နာမည်ကျော်ခဲ့သည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုငရဲတာအိုကျင့်ကြံသူသည် ယခုအချိန်ထိ အသက်ရှင်နေပါသလော။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အမူအရာများသည် ချက်ချင်းပင် အပြင်းအထန် ပြောင်းလဲသွားခဲ့ကြသည်။

"ကျန်းချန် သတိထား.. ဒီငရဲတာအိုကျင့်ကြံသူက လွန်ခဲ့တဲ့နှစ်(၁၀၀၀)ခန့်က ရှန်းဝူကုန်းမြေရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူဆယ်ယောက်ထဲက တစ်ယောက်ပဲ. လွန်ခဲ့တဲ့နှစ် (၁၀၀၀)ကတောင် သူ့ကို အင်ပါယာတစ်ပိုင်းအဆင့်နဲ့ အနီးစပ်ဆုံး ကျင့်ကြံသူဆိုပြီး ချီးကျူးခဲ့ကြတယ်.. ငါသိရသလောက်တော့ ဒီလူက မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို လွန်ခဲ့တဲ့ နှစ်(၁၀၀၀)ထဲက ဝင်ရောက်ခဲ့တာပဲ.. အဲဒီတုန်းကတောင် သူ့ရဲ့အသက်က (၁၅၀၀)ကျော်နေခဲ့ပြီ.. သူ ဒီနေ့အထိ အသက်ရှင်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး"

ရှားယွင်ချုံးသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏မျက်ဝန်းတွင် ထိတ်လန့်သော အရိပ်အယောင်တစ်ခုသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

"နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ အသက်အရှည်ဆုံး သက်တမ်းက နှစ်(၂၀၀၀)ထက် မပိုဘူး.. ဒီလူက ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ"

လေထုထဲမှ ငရဲတာအို ကျင့်ကြံသူကို စူးစိုက်ကြည့်နေရင်း ကျန်းချန်၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သာမန်အခြေအနေမှာတော့ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ သက်တမ်းက နှစ်(၁၀၀၀)ထက် မကျော်လွန်ဘူး.. ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ ခြွင်းချက်အချို့တော့ ရှိနေပါသေးတယ်.. သေခြင်းရှင်ခြင်းစွမ်းအားကို နားလည်တဲ့ လူတစ်ယောက်က သာမန် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူထက် ပိုပြီးတော့ အသက်ရှင်နိုင်တယ်လို့ ဆိုကြတယ်"

ရှားယွင်ချုံးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ပြောရရင် ငရဲတာအိုကျင့်ကြံသူက သေခြင်းရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ပြီး သေခြင်းနယ်မြေ စွမ်းအားကို ကျွမ်းကျင်ထားတဲ့ အတွက် အခုအချိန်အထိ အသက်ရှင်နေသေးတာပဲ"

"အဲဒီလိုကိုး"

ကျန်းချန်က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

"ကျန်းချန်. ဒီငရဲတာအို ကျင့်ကြံသူက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက အင်ပါယာတစ်ပိုင်း အဆင့်နဲ့ အနီးစပ်ဆုံး ကျင့်ကြသူဆိုပြီး နာမည်ကြီးခဲ့တယ်.. အခုအချိန်မှာ သူ့ရဲ့ခွန်အားက နားမလည်နိုင်လောက်အေင် နက်နဲနေမှာ အသေအချာပဲ.. ကျန်းချန် အခု ငါတို့ ဘာဆက်လုပ်သင့်လဲ"

ကျန်းချန်ကို ထိုစကားကို ပြောရင်း ရှားယွင်ချုံးသည် အတော်လေး စိတ်ပျက်နေခဲ့သည်။

သူက ဤတစ်ခေါက်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အချက်အလက်နှင့် အတူ အင်ပါယာယွင် နတ်သစ်သီးကို ရနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း အင်ပါယာယွင် နတ်သစ်သီးကို ခူးဆွတ်ဖို့အချိန် မရောက်သေးခင်မှာပင် အင်ပါယာယွင် နတ်သစ်ပင်က ခွန်အား ကြီးမားသည့် ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အခုဆိုလျှင် နှစ်(၂၀၀၀)မျှ အသက်ရှင်ခဲ့သော ငရဲတာအိုကျင့်ကြံသူ ကဲ့သို့ ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင်ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"အကြီးအကဲ စိတ်မပူပါနဲ့.. ကျွန်‌တော်ကျန်းချန်ရဲ့ ပစ္စည်းကို ဘယ်သူမှ လုယူနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သော်လည်း သူ၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

ဤငရဲတာအို ကျင့်ကြံသူသည် ခွန်အားကြီးမားသော်လည်း အင်ပါယာ ဥပဒေသကို နားမလည်သေး၍ အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်သေးပေ။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် တကယ့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ရောက်ရှိလာ၍ သူရှုံးနိမ့်ခဲ့လျှင်ပင် သူ့ထံ၌ အကြီးမားဆုံးဝှက်ဖဲ ဖြစ်သည့် မဟာအင်ပါယာ၏ ရုပ်အလောင်း ရှိနေသည်ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် ကြောက်ရပါမည်နည်း။

"ငရဲတာအို ကျင့်ကြံသူ.. ဒီအင်ပါယာယွင် နတ်သစ်သီးကို ငါအရင်ဆုံး ရှာတွေ့ခဲ့တာပဲ.. နောက်ပြီး ဒီနေရာက အခု ငါ့ရဲ့ပိုင်နက်ပဲ.. တကယ် ထွက်သွားသင့်တဲ့သူက မင်းပဲလို့ ငါထင်တယ်"

ကျန်းချန်က လေထုထဲမှ ငရဲတာအို ကျင့်ကြံသူကို မော့ကြည့်လိုက်ပြီး အေးစက်စက် ကြုံးဝါးလိုက်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် အံ့သြတုန်လှုပ်ကုန်ကြသည်။

"ဒီကောင်လေးက အင်ပါယာယွင်နတ်သစ်သီး အတွက်နဲ့ ငရဲတာအို ကျင့်ကြံသူနဲ့ တကယ်ပဲ ယှဥ်ပြိုင်တော့မှာလား"

ဤသည်က ငရဲတာအို ကျင့်ကြံသူဖြစ်ပြီး လွန်ခဲ့သည့်နှစ်(၁၀၀၀)ခန့်က အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူအဆင့်နှင့် နီးစပ်ခဲ့သည့် ရှန်းဝူကုန်းမြေတိုက်မှ ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ပါး ဖြစ်သည်။

"ကောင်‌လေး မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ"

ငရဲတာအို ကျင့်ကြံသူက သူ၏နက်ရှိုင်းသော မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လွှမ်းမိုးနိုင်သော သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"မင်းလို မလောက်လေးမလောက်စားကို ငါ့ရဲ့ငရဲနယ်မြေထဲမှာ မြှုပ်နှံပစ်မယ်"

ငရဲတာအိုကျင့်ကြံသူက အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် အဝါရောင်မြစ်တစ်စင်းသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအဝါရောင်မြစ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် စီးဆင်းနေခဲ့ပြီး သေခြင်း၏ အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

"ဒါက တကယ်ကို သေခြင်းနယ်မြေပဲ.. ဒါ့အပြင် ပြီးပြည့်စုံတဲ့ နယ်မြေ အဆင့်ကိုတောင် ရောက်နေခဲ့ပြီ"

ထိုအချိန်တွင် ကျန်းချန်သည် ကောင်းကင်ယံမှ အဝါရောင်မြစ်ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။

ဤကမ္ဘာကြီးတွင် ကိုယ်ခံပညာများစွာ ရှိပြီး ကျင့်ကြံသူများသည် ကွဲပြားသော ကိုယ်ခံပညာ စွမ်းအားများကို နားလည်နိုင်ကြသည်။

ကျင့်ကြံသူများသည် ရေ၊ မီး၊ လေ၊ မိုးကြိုး ကဲ့သို့ သာမန်ကိုယ်ခံပညာရပ်များ ဖြစ်စေ၊ အချိန်နှင့် နေရာလွတ်ကဲ့သို့ စွမ်းအားများကို ဖြစ်စေ၊ ထိန်းချုပ်နိုင်ကြပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးထွင်း သိမြင်နိုင်ကြသည်။

ဆိုရလျှင် စန္ဒယား၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီပညာရပ်မှာပင် ကိုယ်ခံပညာရပ်၏ စွမ်းအားများ ပါဝင်နေကြ၏။

တစ်ချိန်က ရှန်းဝူကုန်းမြေတိုက်တွင် စစ်တုရင်ဧကရာဇ်တစ်ပါးကို မွေးဖွားခဲ့သည်။

ထိုဧကရာဇ်သည် စစ်တုရင် နယ်မြေကို ကျွမ်းကျင်ပြီး ကောင်းကင်နှင့်မြေကြီးကို စစ်တုရင်ခုံ အဖြစ် ပြောင်းလဲပစ်ခဲ့ကာ နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူကိုပင် ထိုအထဲ၌ ပိတ်မိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

အခန်း(၁၃၉၆)ပြီး၏။

အခန်း(၁၃၉၇)

သို့သော်လည်း စစ်တုရင်နယ်မြေကဲ့သို့ နယ်မြေစွမ်းအားမျိုးသည် အလွန်ရှားပါးသည်မှာ သေချာ၏။

ရှန်းဝူကုန်းမြေတိုက်မှာပင် နှစ်(၁၀၀၀)လျှင် တစ်ယောက် မွေးဖွားလာလိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် သူ၏ ရှေ့မှ ငရဲတာအိုကျင့်ကြံသူ နားလည်ထားသည့် သေခြင်းစွမ်းအားသည်လည်း အလွန်ရှားပါးသည့် နယ်မြေစွမ်းအား တစ်မျိုး ဖြစ်သည်။

"ဝေါ.."

ကောင်းကင်ယံရှိ အဝါရောင်မြစ်မှ ရေများသည် ကျန်းချန်ဆီသို့ တည့်မတ်စွာ ဆင်းသက်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် နယ်မြေငါးခု စွမ်းအားကနေ စုစည်းထားသော ငါးရောင်ခြယ် နတ်အလင်းကို ထုတ်ဖော်ကာ အဝါရောင်မြစ်ကနေ ထွက်ပေါ်လာသည့် ရေနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော နယ်မြေစွမ်းအား နှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လေထုထဲတွင် တစ်ခဏချင်းမှာပင် လှိုင်းထန်သွားခဲ့ပြီး ရှားယွင်ချုံးနှင့် တခြားသူများပင် ထိုစွမ်းအင် မုန်တိုင်း၏ တိုက်ခိုက်မှုအောက်တွင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။

"တကယ်ကို ခွန်အားကြီးလွန်းတာပဲ"

ရှားယွင်ချုံးနှင့် တခြားသူများသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။

ထိုနှစ်ယောက်၏ ခွန်အားသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။

လေထုထဲမှ ငရဲတာအို ကျင့်ကြံသူသည် ကျန်းချန်က သူ၏ငရဲနယ်မြေကို ပေ့ါပေ့ါပါးပါးပင် ပိတ်ဆို့လိုက်သည်ကို မြင်လျှင် သူ၏ မျက်ဝန်းထက်၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို အလေးအနက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကိုယ်ခံပညာ နယ်မြေငါးခုကို အဆင့်မြင့် နယ်မြေအဆင့်ထိတောင် နားလည်ထားတယ်ဆိုတော့ မင်းက အရည်အချင်းရှိသားပဲ"

"ဟားဟား.. ငရဲတာအိုကျင့်ကြံသူက လွန်ခဲ့တဲ့ နှစ်(၁၀၀၀)က အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနဲ့ အနီးစပ်ဆုံး ကျင့်ကြံသူလို့ နာမည်ကြီးပေမဲ့ ကျော်သလောက်လည်း မဟုတ်ပါလား"

ကျန်းချန်က ငရဲတာအို ကျင့်ကြံသူကို လှောင်ပြောင်ကာ ‌ရေရွတ်လိုက်သည်။

"အကြီးအကဲရဲ့ ခွန်အားနဲ့ဆိုရင် အင်ပါယာယွင် နတ်သစ်သီး အတွက် ကျွန်တော်နဲ့ ယှဥ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီသေးဘူး"

"ဟမ့် ကောင်လေး အရည်အချင်းလေး နည်းနည်းပါးပါး ရှိတာနဲ့ ငါရှေ့မှာ မောက်မာနိုင်ပြီလို့ ထင်မနေနဲ့.. မင်းလို ပါရမီရှင်လေးတွေလောက်က ငါရှန်းဝူကုန်းမြေမှာ ရှိစဥ်တုန်းက မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူးတယ်"

ငရဲတာအိုကျင့်ကြံသူက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူဖော်ထုတ်ထားသည့် ငရဲနယ်မြေ တစ်ခုလုံးသည် အဆက်မပြတ် တုန်ခါလာခဲ့သည်။

"တစ္ဆေစစ်သူကြီး ထွက်လာခဲ့စမ်း"

ငရဲတာအိုကျင့်ကြံသူ၏ ကြုံးဝါးသံနှင့်အတူ အဝါရောင်မြစ်သည် ဆူနာမီကဲ့သို့ လေထုထဲတွင် လှိုင်းထလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အဝါရောင်မြစ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ကြီးမားသော တစ္ဆေတစ်ကောင်သည် အဝါရောင်မြစ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

ဤသည်က ပေတစ်ရာအမြင့် ရှိသော အနက်ရောင် တစ္ဆေတစ်ကောင်ဖြစ်ပြီး အနက်ရောင် သံချပ်ဝတ်စုံကိုပင် ဝတ်ဆင်ထား၏။

သူ၏မျက်လုံးအိမ်များသည် မီးအိမ်များနှင့် ဆင်တူပြီး သွားစွယ်များသည် ထူထပ်နေခဲ့သည်။

ထို့အပြင် ချွန်ထက်သော သံမဏိခရင်းခွ လက်နက်ကို လက်ထဲတွင် ကိုင်စွဲထား၏။

ထိုလက်နက်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော သေခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

"ကောင်လေး ငါ့ရဲ့ငရဲနယ်မြေက တခြားကမ္ဘာတွေနဲ့ ဆက်သွယ်ပြီး တခြားကမ္ဘာက တစ္ဆေသရဲတွေနဲ့ နတ်ဘုရားကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်.. အခု မင်းငါ့ရဲ့ တ‌စ္ဆေစစ်သူကြီးစွမ်းအားကို ရင်ဆိုင်ကြည့်လိုက်ပါဦး"

ငရဲတာအိုကျင့်ကြံသူက တစ္ဆေစစ်သူကြီးကို ဆင့်ခေါ်လိုက်ပြီးနောက်တွင် ၎င်း၏ နက်မှောင်သော မျက်ဝန်းထဲ၌ ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"တစ္ဆေစစ်သူကြီးက ဘာမို့လို့လဲ.. ဒါက တခြားကမ္ဘာက လာတဲ့ နတ်ဝိညာဥ်လေး တစ်ခုပါပဲ"

ကျန်းချန်က မထီမဲ့မြင် လှောင်ပြောင်လိုက်ပြီးသည်နှင့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ တစ္ဆေစစ်သူကြီးကို ဖိနှိပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် တစ္ဆေစစ်သူကြီးနှင့် ထိပ်တိုက် ဆုံတွေ့မိသွားပြီး မရေမတွက်နိုင်သော အနက်ရောင် စီးကြောင်းများသည် ကောင်းကင်ယံ တစ်ခုလုံးတွင် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

ထို့နောက်တွင် ငရဲတာအိုကျင့်ကြံသူ ဆင့်ခေါ်ထားသော တစ္ဆေစစ်သူကြီးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်အောက်၌ ဘာမှမကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့သည်။

"ဟားဟား အကြီးအကဲ ဆင့်ခေါ်လိုက်တဲ့ တစ္ဆေစစ်သူကြီးက ပြောသလောက်လည်း မဟုတ်ပါလား"

ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး အဆုံးသတ်တွင် အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုလိုက်သည်။

ထို့အပြင် နယ်မြေခြောက်ခု စွမ်းအားကိုပါ ပေါင်းစပ်လိုက်ပြီး ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သော နတ်အလင်းကို ကောင်းကင်တာအို ကျင့်ကြံသူ၏ ငရဲနယ်မြေဆီသို့ ပစ်လွှတ်လိုက်သည်။

ငရဲတာအို ကျင့်ကြံသူကလည်း သူ၏စွမ်းအားကို အစွမ်းကုန်ထုတ်သုံးကာ အဝါရောင်မြစ်၏ စွမ်းအားကို အလျင်အမြန် လှုံ့ဆော်လိုက်ပြီး ကျန်းချန်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်သည်။

နှစ်ယောက်သား၏ တိုက်ခိုက်မှုသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်း ဆယ်ကွက်ထက်မနည်း တိုက်ခိုက်ခဲ့ကြ၏။

၎င်းတို့၏ တိုက်ခိုက်မှုက အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းသောကြောင့် ရှားယွင်ချုံးနှင့် တခြားသူများသည် မီတာတစ်ရာခန့် အကွာအဝေးထိ နောက်ဆုတ်ပြီးသားဖြစ်သော်လည်း ထိုကြောက်မက်ဖွယ် အရှိန်အဝါကို မခံနိုင်၍ ထပ်မံ နောက်ဆုတ်လိုက်ရသည်။

"အရမ်းကို သန်မာလိုက်တာ.. ဒီနှစ်ယောက်က နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ် အဆင့်မှ ဟုတ်ရဲ့လား"

လူတိုင်းသည် ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

ဤအချိန်တွင် ကျန်းချန်ဖြစ်စေ၊ ငရဲတာအိုကျင့်ကြံသူ ဖြစ်စေ ၎င်းတို့ ထုတ်ဖော်ထားသည့်စွမ်းအားသည် သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူထက် အဆများစွာ သာလွန်နေခဲ့၏။

ထိုနှစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ရောက်လုနီးပါးဟုပင် ဆို၍ရ၏။

"ဝုန်း.."

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက် ရင်ဆိုင်မှုတစ်ခု ဖြစ်ပေါ်လာပြီးနောက်တွင် ပုံရိပ်နှစ်ခုသည် လေထုထဲကနေ ပေတစ်ရာခန့် အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ကြသည်။

"ဒီငရဲတာအိုကျင့်ကြံသူက အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်နဲ့ အရမ်းနီးစပ်တဲ့အဆင့်မှာရှိတယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သူက တကယ်ကို သန်မာလွန်းတာပဲ"

သူ၏ မျက်နှာချင်းဆိုင်မှ ငရဲတာအို ကျင့်ကြံသူကို ကြည့်ရင်း ကျန်းချန်၏ ဖြူဖျော့နေသော မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ငရဲတာအိုကျင့်ကြံသူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်၏ အဆုံးစွန်သော အဆင့်ထိ ရောက်ရှိခဲ့ပြီး သေခြင်းနယ်မြေ ကဲ့သို့ ခန့်မှန်း၍မရနိုင်သည့် စွမ်းအားကို နားလည်ခဲ့သည်။

ထို့အတူ ငရဲတာအိုကျင့်ကြံသူသည် သေခြင်းနယ်မြေကို နားလည်မှုတွင်လည်း အလွန်မြင့်မားသော အရည်အချင်းရှိပြီး ပြီးပြည့်စုံသော နယ်မြေအဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူ့အတွက် အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်ရန်မှာ အင်ပါယာ ဥပဒေသများကို နားလည်ဖို့သာလျှင် ကျန်ရှိတော့သည်။

ကျန်းချန်၏ နယ်မြေခြောက်ခု ပေါင်းစပ် စွမ်းအားသည် ငရဲတာအို ကျင့်ကြံသူ၏ ငရဲနယ်မြေထက် အနည်းငယ်မျှသာ သာလွန်၏။

"ဒီကလေးက အသက်(၃၀)တောင် မပြည့်သေးဘဲ ဘယ်လိုလုပ်ပြီး ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားမျိုးကို နားလည်နေရတာလဲ"

တခြားတစ်ဖက်တွင်လည်း ငရဲတာအို ကျင့်ကြံသူသည် ကျန်းချန်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သေခြင်းစွမ်းအားကို နားလည်မှုကြောင့် ငရဲတာအို ကျင့်ကြံသူသည် သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူထက် ပို၍ အသက်ရှည်ခဲ့ပြီး ယခုဆိုလျှင် အသက် (၂၅၀၀)ကျော်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။

သူက လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀)ခန့်တွင် ရှန်းဝူကုန်းမြေတိုက်၏ အင်ပါယာတစ်ပိုင်း အဆင့်အောက်၌ နံပါတ်(၁) အဖြစ် သတ်မှတ်ခံခဲ့ရသည်။

မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကို ဝင်စဥ်အချိန်တွင် ငရဲတာအို ကျင့်ကြံသူသည် အင်ပါယာတစ်ပိုင်း နယ်ပယ်ကို တစ်ခဏအတွင်း ထိုးဖောက်နိုင်မည့် အခွင့်အရေးကို ရရှိခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ အရေးကြီးသည့် အချိန်တွင် ရန်သူတစ်ယောက်သည် အလစ်တိုက်ကာ သူ့ကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့ပြီး သူပိုင်ဆိုင်သည့် အခွင့်အရေးကို လုယူသွားခဲ့သည်။

ထိုနောက်ပိုင်းတွင် ငရဲတာအို ကျင့်ကြံသူသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ပုန်းအောင်းနေခဲ့ရပြီး ပြန်လည် ကောင်းမွန်လာရန်သာ ကြိုးစားခဲ့ရသည်။

အလွန်နားလည်ရခက်သော သေခြင်းစွမ်းအားကို နားလည်ထားသောကြောင့် ငရဲတာအိုကျင့်ကြံသူသည် သာမန်နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ထက် အသက်ရှည်ခဲ့သော်လည်း ယခုအချိန်အထိ အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်သေးပေ။

သို့သော်လည်း ဤနှစ်(၁၀၀၀)အချိန် အတွင်း ငရဲတာအိုကျင့်ကြံသူအတွက် အလဟဿ မဖြစ်ခဲ့ပေ။

သူက နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ် အဆင့်ကို အဆုံးစွန်အထိ ရောက်ရှိနေခဲ့ပြီး အင်ပါယာတစ်ပိုင်း နယ်ပယ်ကို ထိုးဖောက်ရန် အခွင့်အရေး တစ်ခုမျှသာ လိုတော့၏။

ထို့ကြောင့် အင်ပါယာယွင် နတ်သစ်သီး ထွက်ပေါ်လာခြင်းသည် ငရဲတာအိုကျင့်ကြံသူ အတွက် အလွန်ကောင်းမွန်သောအခွင့်အရေးတစ်ခု ဖြစ်၏။

ငရဲတာအို ကျင့်ကြံသူသည် ယခုအခါတွင် အသက် (၂၅၀၀)ကျော် ရှိနေပြီ ဖြစ်သည်။

သူက သေခြင်းစွမ်းအားကို နားလည်ထားလျှင်ပင် သက်တမ်းကုန်ဆုံးမှုကို အမြင့်ဆုံးအဆင့် အထိ နှေးကွေးစေရုံသာ ဖြစ်ပြီး လက်ရှိတွင် သက်တမ်း အနည်းငယ်မျှသာ ကျန်ရှိတော့၏။

ထို့ကြောင့်လည်း အင်ပါယာယွင်နတ်သစ်သီး၏ သတင်းကို ရရှိပြီးနောက်တွင် ငရဲတာအို ကျင့်ကြံသူသည် ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ခြင်းပင်။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ရှိသည့် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်မထွက်ပေါ်လာသရွေ့ နတ်သစ်သီးကို သိမ်းပိုက်ဖို့ လွယ်ကူလိမ့်မည်ဟု မူလက ငရဲတာအိုကျင့်ကြံသူ ထင်ထားခဲ့သည်။

သို့သော်လည်း အသက်(၃၀)ပင် မပြည့်သေးသည့် ကောင်လေးတစ်ယောက်က သူ့ကို တားဆီးနိုင်လိမ့်မည်ဟု ငရဲတာအိုကျင့်ကြံသူ လုံးဝ မမျှော်လင့်ခဲ့ပေ။

အခန်း(၁၃၉၇)ပြီး၏။

အခန်း(၁၃၉၈)

ယခုအချိန်တွင် ငရဲတာအို ကျင့်ကြံသူ၏ မျက်နှာသည် အကျည်းတန်နေခဲ့၏။

သူက မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့သော အချိန်၌ ရှန်းဝူကုန်းမြေတိုက်၌ ကျန်းချန်ကဲ့သို့ နတ်ဆိုးတစ်ယောက် မွေးဖွားလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆိုရလျှင် သူ၏ လက်ရှိခွန်အားဖြင့်ပင် ကျန်းချန်ကို မည်သို့မှ အသာစီး မယူနိုင်ခဲ့ချေ။

"ကောင်လေး.. အင်ပါယာယွင် နတ်သစ်ပင်မှာ သစ်သီးတစ်လုံးတောင် ရှိတယ်.. ငါတစ်လုံးပဲယူမယ် ကျန်တဲ့နှစ်လုံးက မင်းအပိုင်ဆိုရင်ရော ဘယ်လိုသဘောရလဲ"

အဆုံးသတ်တွင် ငရဲတာအို ကျင့်ကြံသူသည် ကျန်းချန်နှင့် အပေးအယူလုပ်ရန် ရွေးချယ်ခဲ့သည်။

ဤကောင်လေးသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေရုံသာမက နယ်မြေစွမ်းအားများစွာကိုလည်း ကျွမ်းကျင်ထားပြီး ထိုနယ်မြေ ငါးခုလုံးသည် အဆင့်မြင့်နယ်မြေအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ သေခြင်းနယ်မြေက ပြီးပြည့်စုံသည့် နယ်မြေအဆင့်ကို ရောက်ရှိခဲ့သည့်တိုင် ထိုကောင်လေး၏ နယ်မြေ အများအပြား ပေါင်းစပ်ထားသည့် စွမ်းအားကြောင့် ဖိနှိပ်ခံနေရဆဲပင်။

ပို၍ အရေးကြီးသော အချက်မှာ သူက အသက်(၂၅၀၀)ကျော်ရှိနေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားသည် ကုန်ခန်းလုနီးပါး ဖြစ်နေခဲ့ရာ သွေးစွမ်းအား အပြည့်အဝရှိသည့် ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်။

ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူ့အတွက်ပို၍ ဆိုးလာရုံသာ ရှိ၏။

အကောင်းမွန်ဆုံးရလဒ်ကို ရရှိခဲ့လျှင်ပင် နှစ်ဦးနှစ်ဖက် အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိလိမ့်မည် ဖြစ်သည်။

သူ၏ လက်ရှိအခြေအနေတွင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လျှင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ရာတွင် ထိခိုက်စေနိုင်သည် မဟုတ်ပါလော။

ထို့ကြောင့်ပင် သူ့ရှေ့ရှိ အလွန်ပင် နတ်ဆိုးဆန်သော ပါရမီရှင်လူငယ်နှင့် ရင်ဆိုင်ရသောအခါတွင် ငရဲတာအို ကျင့်ကြံသူ၌ ရွေးချယ်စရာ မရှိခဲ့ပေ။

သူက အင်ပါယာယွင် နတ်သစ်သီး သုံးလုံးထဲမှ တစ်လုံးကိုသာ လိုအပ်ခြင်းဖြစ်ရာ ထိုကောင်လေးနှင့် ဆက်လက်တိုက်ခိုက်ရန် မစဥ်းစားတော့ပေ။

"စိတ်မကောင်းပါဘူး.. ငါအစောကတည်းက ပြောခဲ့ပါတယ်.. ဒါက ငါ့နေရာပဲ.. ဒါ့အပြင် အင်ပါယာယွင် နတ်သစ်သီးသုံးလုံးက ငါ့ရဲ့အပိုင်ပဲ.. ဘာလို့ မင်းကို တစ်လုံးပေးရမှာလဲ"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ငရဲတာအိုကျင့်ကြံသူ၏ ညှိနှိုင်းမှုကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

ဤငရဲတာအို ကျင့်ကြံသူသည် လူကောင်းတစ်ယောက် မဟုတ်ပေ။

အစောပိုင်းက ဤနေရာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အင်ပါယာယွင် နတ်သစ်သီးကို အပိုင်သိမ်းရန် သူ့ကို သတ်ဖြတ်ဖို့ပင် ကြိုးစားခဲ့သည်။

ယခုအခါတွင် မှန်းထားသလို ဖြစ်မလာခဲ့၍ သူနှင့်အတူ အင်ပါယာယွင် နတ်သစ်သီးကို ခွဲဝေယူချင်နေခဲ့၏။

"ကောင်လေး.. ငါ့ဘက်က အလျှော့ပေးပြီး ညှိနှိုင်းတာက မင်းကို မျက်နှာသာပေးလိုက်တာပဲ.. မင်းသိပ်ပြီးလွန်မလာနဲ့"

ငရဲတာအို ကျင့်ကြံသူက ကျန်းချန်၏ဘခပ်ပြတ်ပြတ်စကားကြောင့် ဒေါသထွက်လာခဲ့သည်။

"ငါတို့နှစ်ယောက်လုံးဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုတာ မင်းသိမယ်လို့ ငါထင်တယ်"

"ဟားဟား ငရဲတာအိုကျင့်ကြံသူ.. ငါက မင်းကို တိုက်ခိုက်ချင်တော့ရော မင်းဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က အေးစက်စက် လှောင်ပြောင်လိုက်သည်။

"မင်းနဲ့ငါ တိုက်ခိုက်ရင် နှစ်ဦးနှစ်ဖက် ဒဏ်ရာရမယ်လို့ မင်းပြောခဲ့တယ်.. ဒါက မင်းမှာ အရည်အချင်း ရှိမရှိအပေါ်မှာပဲမူတည်တယ်"

"ကောင်းပြီလေ ကောင်လေး.. မင်းငါ့ကို အတင်းအကျပ် ဖိအားပေးမှတော့ ငါမင်းကို အစွမ်းကုန် တိုက်ခိုက်ရတော့မှာပေ့ါ"

ငရဲတာအို ကျင့်ကြံသူက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သူ၏ မျက်လုံးထဲတွင် ကြောက်စရာကောင်းသော အမူအရာတစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် ငရဲတာအိုကျင့်ကြံသူသည် မိုးကြိုးအလင်းများဖြင့် တလက်လက် တောက်ပနေသည့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးကိုပင် လွှမ်းခြုံနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားသည် လေထုထဲတွင် တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။

"ဒါက ဘာများလဲ"

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ငရဲတာအိုကျင့်ကြံသူ ယူထုတ်လိုက်သည့် လျှို့ဝှက်ဆန်းကြယ်သော‌ ကျောက်စိမ်းတံဆိပ်ပြားသည် ယဲ့ချန်ကျွင်းယခင်က သူ့ကို ပေးခဲ့သည့် ကျောက်စိမ်းတံဆိပ်ပြားနှင့် အနည်းငယ်ဆင်တူ၏။

သို့သော်လည်း သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားထဲမှ အရှိန်အဝါသည် ယဲ့ချန်ကျွင်း သူ့ကို ပေးသော ကျောက်စိမ်းတံဆိပ်ပြားထက် အဆပေါင်းများစွာ ပိုမို အားကောင်း၏။

"အင်ပါယာဥပဒေသ ပါဝင်နေတဲ့ နေရာလွတ် ကျောက်စိမ်းတံဆိပ်ပြားပါလား"

လူတိုင်းက ငရဲတာအို ကျင့်ကြံသူ၏ လက်ထဲတွင်ရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားကို မြင်လျှင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည်။

အင်ပါယာဥပဒေသများ ပါဝင်နေသည့် နေရာလွတ် ကျောက်စိမ်း တံဆိပ်ပြားကို အနည်းဆုံး အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူကပင် ပြုလုပ်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ငရဲတာအို ကျင့်ကြံသူသည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကူအညီ အတွက် ဆင့်ခေါ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပါသလော။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် ငရဲတာအို ကျင့်ကြံသူသည် သူ၏ လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားကို ချေမွပစ်လိုက်သည်။

"ဝုန်း.."

ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြားကနေ စိတ်ကူးပင် မယဥ်နိုင်လောက်သည့် မိုးကြိုးအလင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ယံတွင် မိုးကြိုးအလင်း များစွာ ဖုံးလွှမ်းသွားခဲ့သည်။

သိပ်မကြာခင်မှာပင် မိုးကြိုးလျှပ်စီးများ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝန်းရံနေသည့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် မိုးကြိုးနတ်ဘုရား တစ်ပါးကဲ့သို့ မီတာထောင်ချီ အကွာကနေ ရောက်ရှိလာခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ငွေရောင်ဝတ်ရုံဝတ် ကျင့်ကြံသူ ထွက်ပေါ်လာသည့်နှင့် တစ်ပြိုင်နက် သတ္တဝါအားလုံးကို လွှမ်းမိုးနိုင်သည့် အစွမ်းထက်သော စွမ်းအားတစ်ခုသည် ချိုင့်ဝှမ်းအထက်တွင် ပျံ့နှံ့သွားခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသည့်အခါတွင် ချိုင့်ဝှမ်းထဲတွင် ရှိသည့် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများပင် ကြောက်ရွံ့သောခံစားချက်ကို ရရှိခဲ့ကြသည်။

လူတိုင်းက လေထုထဲတွင် ရှိနေသည့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူကို မော့ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်စရာ ထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့၏။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ရောက်ရှိလာခဲ့ချေပြီ။

ငရဲတာအို ကျင့်ကြံသူသည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို အမှန်တကယ်ပင် ဆင့်ခေါ်ခဲ့၏။

‌ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက လေထုထဲတွင် ထွက်ပေါ်လာပြီးနောက်တွင် ငရဲတာအို ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။

"ငရဲတာအိုကျင့်ကြံသူ.. မင်းက ငါပေးထားတဲ့ နေရာလွတ်ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုပြီး ငါ့ကို အကူအညီအတွက် ဆင့်ခေါ်ခဲ့တယ်...ဘယ်လိုလဲ ငါတောင်းဆိုတဲ့အခြေအနေကို သဘောတူပြီလား"

"သခင် မိုးကြိုးဧကရာဇ် ကျွန်တော် သခင့်ရဲ့ စည်းကမ်းချက်တွေကို လက်ခံဖို့ဆန္ဒရှိပါတယ်.. သခင် မိုးကြိုးဧကရာဇ်အနေနဲ့ အင်ပါယာယွင် နတ်သစ်သီးကို သိမ်းပိုက်ရာမှာ အကူအညီပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်"

ငရဲတာအိုကျင့်ကြံသူက ရိုသေလေးစားသောလအမူအရာဖြင့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူကို ပြောလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ငရဲတာအို ကျင့်ကြံသူသည် မိုးကြိုးဧကရာဇ်နှင့် ဤမိုးကြိုးနတ်ဘုရား ရှေးဟောင်းကမ္ဘာထဲတွင် တွေ့ဆုံခဲ့သည်။

ထိုအခါ မိုးကြိုးဧကရာဇ်သည် ငရဲတာအို ကျင့်ကြံသူကို သူ၏ ဂိုဏ်းထဲသို့ ဝင်ရောက်ရန် စည်းရုံးခဲ့၏။

ဂိုဏ်းထဲကို ဝင်ရောက်လျှင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ရန် အကူအညီပေးမည်ဟုပင် ကတိပေးခဲ့သည်။

သို့သော်လည်း ဂိုဏ်း၏ စည်းမျဥ်းများက တင်းကျပ်လွန်းသည်ဟု ခံစားမိသောကြောင့် ငရဲတာအို ကျင့်ကြံသူသည် သဘောမတူခဲ့ပေ။

ယခုအခါတွင်မူ သူ့တွင် သက်တမ်း အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

ထို့အပြင် ကျန်းချန်က သူ့ကို အင်ပါယာယွင်နတ်သစ်သီးအား သိမ်းပိုက်ရာတွင် ဟန့်တားထားသောကြောင့် သူ့အနေဖြင့် မိုးကြိုးဧကရာဇ်ကို ဆက်သွယ်ဖို့သာ တတ်နိုင်ခဲ့၏။

မိုးကြိုးဧကရာဇ်သည် ငရဲတာအိုကျင့်ကြံသူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အကြောင်းကို အလွန်ပင် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

ဤတစ်ကြိမ် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်လျှင် ငရဲတာအို ကျင့်ကြံသူတွင် အခွင့်အရေးနောက်ထပ် ရှိလာတော့မည် မဟုတ်ပေ။

မိုးကြိုးဧကရာဇ်၏ စည်းမျဥ်းများက အလွန်ပင် ပြင်းထန်သော်လည်း ငရဲတာအို ကျင့်ကြံသူထံတွင် ရွေးချွယ်စရာ မရှိခဲ့ပေ။

သူ့အနေဖြင့် မည်မျှပင် ပေးဆပ်ရပါစေ၊ ဤတစ်ကြိမ်တွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ကျိန်းသေထိုးဖောက်ရပေမည်။

"ကောင်းပြီလေ.. မင်းက စည်းကမ်းချက်တွေကို လိုက်နာဖို့ဆန္ဒရှိသရွေ့ ဒီဧကရာဇ်က မင်းကို အကူအညီပေးမယ်"

ငွေရောင်ဝတ်စုံကို ဝတ်ဆင်သောသူက ပေါ့ပါးစွာ ပြောလိုက်ပြီးနောက်တွင် သူ၏ စူးရှသောအကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"ကောင်လေး.. အင်ပါယာယွင် နတ်သစ်ပင်ပေါ်က အင်ပါယာယွင်နတ်သစ်သီးက ငရဲတာအို ကျင့်ကြံသူနဲ့ပဲ သက်ဆိုင်တယ်.. မင်းဘယ်လိုသဘောရလဲ"

ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူ၏ စကားကိုကြားလျှင် လူတိုင်း၏အကြည့်သည် ကျန်းချန် ဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

"ကျန်းချန် လက်လျှော့လိုက်တော့.. ငါတို့နှစ်ယောက်မှာ အင်ပါယာယွင်နတ်သစ်သီးကို လွဲချော်ဖို့ ကံကြမ္မာပါနေပြီထင်တယ်"

လေထုထဲမှ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသူကို မော့ကြည့်ရင်း ရှားယွင်ချုံး၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ငရဲတာအို ကျင့်ကြံသူသည် အင်ပါယာယွင်နတ်သစ်သီးအတွက် အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်ကိုပင် ဆင့်ခေါ်ခဲ့သည်။

သူတို့အနေဖြင့် အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်နှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ကျန်းချန်က ရှားယွင်ချုံး၏ စကားကို ပြန်အဖြေမပေးခဲ့ပေ။

သူက ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူကို စိုက်ကြည့်လိုက်ပြီးနောက်တွင် အလေးအနက် ပြောလိုက်သည်။

"ငါက မင်းရဲ့ သဘောထားကို ငြင်းတယ်ကွာ.. မင်း ဘာလုပ်ချင်လဲ"

ကျန်းချန်၏ စကားကိုကြားလျှင် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော လျှပ်စီးများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သတ်ဖြတ်လိုသော ဆန္ဒတစ်ခုသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

"ကောင်လေး.. မင်းက ဒီအင်ပါယာရဲ့ ဆန္ဒကို ဆန့်ကျင်ဝံ့လို့လား"

"ဟားဟား.. မင်းက မိုးကြိုးဥပဒေသကို အနည်းကျဥ်းလောက်ပဲ နားလည်ထားတဲ့ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါပဲ.. တကယ့် အင်ပါယာအဆင့်နဲ့ ယှဥ်ဖို့ မိုင်တစ်သိန်းရှစ်သောင်းလောက် လိုပါသေးတယ်.. မင်းကများ ကိုယ့်ကိုယ်ကိုယ် အင်ပါယာလို့ သုံးနှုံးဝံ့တယ်လား.. မင်းလို အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ် မပြောနဲ့ တကယ့် အင်ပါယာအဆင့် ရောက်လာရင်တောင် ငါကျန်းချန်ရဲ့ ပစ္စည်းတွေကို ယူသွားဖို့ခွင့်ပြုမှာ မဟုတ်ဘူး"

ကျန်းချန်က ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောသူကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ ခပ်ထေ့ထေ့ ရယ်သံသည် ချိုင့်ဝှမ်းတစ်ခုလုံးတွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သွားခဲ့၏။

အခန်း(၁၃၉၈)ပြီး၏။

All Chapters