အခန်း (၁၄၀၅-၁၄၀၇)
Vol. 94 Ch. 1405-1407
အခန်း(၁၄၀၅)
မိုးကြိုးဧကရာဇ်သည် ကျန်းချန်တို့သုံးယောက်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် ရေခဲကဲ့သို့ အေးစက်စက်အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
ယခုအခါ သူတို့အဖွဲ့တွင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက် ရှိ၏။
သူတို့မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ပူးပေါင်း တိုက်ကွက်နှင့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်သည့် ရှားကျန့်တို့ နှစ်ယောက် ပူးပေါင်းလိုက်ရုံဖြင့် အင်ပါယာအဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်မှု တစ်ခုကို ဖော်ဆောင်နိုင်ပြီး သူတို့ရှေ့မှ သွေးစည်းတံဆိပ်ကို ဖျက်ဆီးနိုင်မည်ဖြစ်သည်။
မိုးကြိုးဧကရာဇ်သည် ကျန်းချန်တို့သုံးယောက် သဘောမတူရန် မျှော်လင့်နေခဲ့သည်။
သို့မှသာလျှင် သူသည် ရှားကျန့်တို့နှင့် ပူးပေါင်းကာ ကျန်းချန်တို့ကို အရင်ဖယ်ရှားပစ်၍ ရမည် မဟုတ်ပါလော။
ကျန်းချန် တို့ကို ဖယ်ရှားပြီးလျှင် နတ်အသွင်ပြောင်းဒယ်စောက်အိုးအတွက် ယှဥ်ပြိုင်ရန် ရှားကျန့်တို့သာ ကျန်ရှိတော့မည်ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့ဘက်တွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ရှိ၍ ရှားကျန့်တို့ နှစ်ယောက်ကို ကောင်းစွာ ယှဥ်ပြိုင်နိုင်မည် မဟုတ်ပါလား။
"ငါမင်းတို့နဲ့ ပူးပေါင်းပါ့မယ်"
အဖွဲ့မရှိဘဲ တစ်ယောက်ထဲ ဖြစ်နေသည့် ဝမ်ဟန်က မိုးကြိုးဧကရာဇ်ကို ပြောလိုက်သည်။
ဤအချိန်တွင် နောက်ကနေပြီး အခြေအနေကို စောင့်ကြည့်ရန် မိုးကြိုးဧကရာဇ်က မည်သို့မှ ခွင့်ပြုမည်မဟုတ်မှန်း သူကောင်းစွာသိသည်။
ထို့ကြောင့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးအတွက် ယှဥ်ပြိုင်ချင်လျှင် မိုးကြိုးဧကရာဇ်ကို ကူညီပေးရုံသာ ရှိ၏။၊
လက်ရှိအခြေအနေအရ ယဲ့ထျန်းကျီသည် မိုးကြိုးဧကရာဇ်၏ အဆိုကို ငြင်းပယ်ရန် မဖြစ်နိုင်မှန်း သိနေခဲ့သည်။
သို့သော် ယဲ့ထျန်းကျီက မိုးကြိုးဧကရာဇ်ကို ပြောဆိုရန် ပြင်နေစဥ်မှာပင် ကျန်းချန်၏ စကားသံသည် သူ၏နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"အကြီးအကဲယဲ့ သူတို့နဲ့ မပူးပေါင်းနဲ့.. သွေးစည်းတံဆိပ်ကို ကျွန်တော်တို့ဘာသာ ကျော်ဖြတ်လို့ရတယ်"
ကျန်းချန်၏ စကားသံကိုကြားလျှင် ယဲ့ထျန်းကျီသည် အံ့အားသင့်သွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန် ပြန်မေးလိုက်သည်။
"ကျန်းချန် မင်းပြောတာ တကယ်လား"
"အကြီးအကဲယဲ့က နိဗ္ဗာန်မြို့တော်ရဲ့ မြို့စား ဖြစ်ခဲ့ဖူးတာဆိုတော့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူအကြောင်းကို ကောင်းကောင်းသိမှာပေါ့.. လွန်ခဲ့တဲ့နှစ်(၃၀၀၀၀)က မိုးကြိုးနတ်ဘုရားဂိုဏ်းကနေ နတ်အသွင်ပြောင်းဒယ်စောက်အိုးကို ခိုးယူသွားတဲ့သူက ခွင်းရှဂိုဏ်းက အင်ပါယာခွင်းရှပဲ.. မကြာသေးခင်ကပဲ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူနယ်မြေမှာ ရှိတဲ့ အင်ပါယာခွင်းရှရဲ့ ရုပ်အလောင်းကို ကျွန်တော် ထိန်းချုပ်နိုင်ခဲ့တယ်.. ဒီရုပ်အလောင်းရဲ့ အကူအညီနဲ့ဆိုရင် အင်ပါယာခွင်းရှ ချန်ထားရစ်ခဲ့တဲ့ သွေးစည်းတံဆိပ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"
ကျန်းချန်က ထိန်ချန်မထားဘဲ ယဲ့ထျန်းကျီကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ယဲ့ထျန်းကျီသည် အသက်ရှူရပ်မလိုပင် ဖြစ်သွားခဲ့သည်။
နိဗ္ဗာန်မြို့တော်၏ မြို့စားဟောင်း ဖြစ်၍ ယဲ့ထျန်းကျီသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အခြေအနေကို ကောင်းစွာ သိထားခဲ့သည်။
ထိုရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် စွမ်းအင်ခန္ဓာကိုယ် များစွာရှိပြီး အထူးသဖြင့် ခွင်းရှဂိုဏ်း၏ နေရာတွင် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင် ခန္ဓာကိုယ်များပင် ရှိ၏။
လွန်ခဲ့သည့် နှစ်(၅၀၀)တုန်းကပင် ယဲ့ထျန်းကျီသည် ခွင်းရှဂိုဏ်း၏ နေရာသို့ အလွယ်တကူ ခြေမချရဲခဲ့ပေ။
ကျန်းချန်က ခွင်းရှဂိုဏ်း၏ နေရာသို့ သွားခဲ့ပြီး အင်ပါယာခွင်းရှ၏ ရုပ်အလောင်းကို ရရှိခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ယဲ့ထျန်းကျီကို ပို၍ အံ့အားသင့်စေသည့် အချက်မှာ ကျန်းချန်ရရှိခဲ့သည့် အင်ပါယာခွင်းရှ၏ ရုပ်အလောင်းသည် လွန်ခဲ့သော နှစ်(၃၀၀၀၀)ခန့်က မိုးကြိုးနတ်ဘုရားဂိုဏ်းကနေ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ခိုးယူသွားသည့်လူ ဖြစ်နေခြင်းပင်။
ဤအင်ပါယာရုပ်အလောင်းဖြင့်သာ ဆိုလျှင် သူတို့ရှေ့မှ သွေးစည်းတံဆိပ်ကို မည်သည့် အတားအဆီးမှမရှိဘဲ ဖြတ်သန်းနိုင်ပြီး နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ခြေတစ်လှမ်းစော၍ ရယူနိုင်မည် မဟုတ်ပါလား။
ထို့အပြင် အင်ပါယာရုပ်အလောင်းသည် အင်ပါယာတစ်ပိုင်းအဆင့်နှင့် အနည်းဆုံး ယှဥ်နိုင်သည်။
ထို့ကြောင့် သူတို့ နှစ်ယောက်အဖွဲ့သည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်နှင့် ညီမျှသောအဖွဲ့တစ်ဖွဲ့ ဖြစ်နေခဲ့ပြီ ဖြစ်၏။
ဤအချိန်တွင် ယဲ့ထျန်းကျီသည် ကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ်သားတော် ဖြစ်ပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကံကြမ္မာကောင်းများနှင့် ပြည့်စုံနေသည်ဟု စိတ်ထဲတွင် ခံစားခဲ့ရသည်။
ကျန်းချန်ထံတွင် အင်ပါယာခွင်းရှ၏ ရုပ်အလောင်းရှိနေသောကြောင့် နတ်လက်နက်ကို ရယူမည့် အခွင့်အရေးကို အကြီးအကျယ် တိုးမြှင့်ပေးလိမ့်မည်မှာ သေချာသလောက်ပင်။
"ယဲ့ထျန်းကျီ မင်းဘာလို့ ဘာမှ မပြောတာလဲ.. ကြည့်ရတာ မင်းက ငါတို့နဲ့ပူးပေါင်းဖို့ အစီအစဥ်မရှိဘူး ထင်တယ်"
ကျန်းချန်တို့ နှစ်ယောက် အချင်းချင်းစိတ်ထဲကနေ ဆက်သွယ်ပြောဆိုနေစဥ်မှာပင် မိုးကြိုးဧကရာဇ်၏ ဒေါသတကြီးလေသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က မိုးကြိုးဧကရာဇ်ကို လှည့်ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"သွေးစည်းတံဆိပ်ကို ဖျက်ဆီးဖို့က ဒီလောက်ထိ အလုပ်ရှုပ်နေစရာ မလိုပါဘူး.. ကျွန်တော်နဲ့ အကြီးအကဲယဲ့ နှစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်.. ဒါကြောင့် ခင်ဗျားတို့နဲ့ပူးပေါင်းမှာမဟုတ်ဘူး"
ကျန်းချန်၏ မောက်မာသောစကားကိုကြားလျှင် လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
ထိုအချိန်တွင် ရှားကျန့်၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏ အိုမင်းသောမျက်ဝန်းထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ကောင်လေး ဒီကိစ္စက သာမန်မဟုတ်ဘူး မင်းက တကယ်ပဲ သွေးစည်းတံဆိပ်ကို ဖျက်ဆီးနိုင်မယ်ဆိုတာ သေချာရဲ့လား.. မင်းက ငါတို့ရှေ့မှာတောင် လေလုံးထွားရဲနေပါလား"
မိုးကြိုးဧကရာဇ်က လှောင်ပြောင်၍ ပြောလိုက်သည်။
"ကောင်းပြီလေ မင်းမှာ နည်းလမ်းရှိတယ် ဆိုရင်လည်း အရှေ့ကိုသွားပြီး ကြိုးစားကြည့်လိုက်...မင်းသွေးစည်းတံဆိပ်ကို ဘယ်လို ဖျက်ဆီးမလဲဆိုတာ ငါတို့ကြည့်ချင်သေးတယ်"
သူတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းသည် ယခုအခါတွင် ကျဆင်းနေသည့်တိုင် အင်အားအတော်လေး နက်ရှိုင်းနေဆဲ ဖြစ်သည်။
သို့သော် ဤကဲ့သို့ အင်အားနက်ရှိုင်းနေလျှင်ပင် မိုးကြိုးဧကရာဇ်သည် သူ၏ ရှေ့မှ သွေးစည်းတံဆိပ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။
ဤသွေးစည်းတံဆိပ်ကို ဖျက်ဆီးရန် ဖြစ်နိုင်ခြေ နည်းလမ်း နှစ်ခုသာ ရှိသည်။
နည်းလမ်းတစ်ခုမှာ အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြင့် ဖျက်ဆီးရန် ဖြစ်ပြီး နောက်ထပ် နည်းလမ်းတစ်ခုမှာ ထိုသွေးစည်းတံဆိပ်ကို စီရင်ခဲ့သည့် အင်ပါယာ၏ သွေးမျိုးဆက်အမွေခံ ဖြစ်ရပေမည်။
သူ၏ရှေ့မှ ကောင်လေးသည် မည်သည့် အခြေအနေနှင့်မှ ကိုက်ညီပုံမပေါ်ပေ။
သို့ဖြစ်ရာ အင်ပါယာ၏ သွေးစည်းတံဆိပ်ကို မည်ကဲ့သို့ ဖျက်ဆီးနိုင်ပါအံ့နည်း။
"ကောင်းပြီလေ ဒါဆိုလည်း ကျွန်တော်တို့ ကြိုးစားကြည့်ရတာပေါ့"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး လူတိုင်း၏ အကြည့်အောက်မှာပင် ယဲ့ထျန်းကျီနှင့်အတူ ငါးရောင်ခြယ် နတ်အလင်းများဖြင့် လွှမ်းခြုံထားသည့် တောင်တန်းဘက် ဆီသို့ သွားရောက်ခဲ့သည်။
အလွန်လျင်မြန်စွာပင် သူတို့နှစ်ယောက်သည် ထိုငါးရောင်ခြယ် နတ်အလင်းတန်းနှင့် သုံးပေအကွာ နေရာသို့ ရောက်ရှိလာခဲ့ကြ၏။
"အကြီးအကဲယဲ့ အသင့်ပြင်ထားပါ.. ကျွန်တော် အင်ပါယာ ရုပ်အလောင်းကို ဆင့်ခေါပြီးတာနဲ့ ကျွန်တော်တို့ တစ်ခါတည်းအတွင်းထဲကို ဝင်ကြမယ်"
စကားဆုံးသည်နှင့် ကျန်းချန်က ဆင့်ခေါ်လိုက်ရာ အင်ပါယာခွင်းရှ၏ ရုပ်အလောင်းသည် သူတို့ရှေ့ရှိ လေထုထဲတွင် ချက်ချင်း ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်နှင့် ယဲ့ထျန်းကျီက အင်ပါယာ ရုပ်အလောင်း၏ လက်တစ်ဖက်စီကို ဆုပ်ကိုင်လိုက်ပြီးနောက်တွင် အင်ပါယာရုပ်အလောင်းကို သူတို့ရှေ့ရှိ ငါးရောင်ခြယ် နတ်အလင်းတန်းဆီသို့ ပြေးဝင်သွားစေခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် အင်ပါယာ ရုပ်အလောင်း၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့သည် ငါးရောင်ခြယ် နတ်အလင်းတန်းထဲကို အလျင်အမြန်ပင် ဝင်ရောက်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် သူတို့ကို စောင့်ကြည့်နေသော အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်စလုံးသည် အံ့သြတုန်လှုပ်သွားခဲ့ကြ၏။
"ဒီနှစ်ယောက်က သွေးစည်းတံဆိပ်ကို ဒီလောက်ထိ အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့တယ်လား.. ဒါ..ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ဤသွေးစည်းတံဆိပ်သည် နှစ်(၃၀၀၀၀) ကြာမြင့်ခဲ့ပြီဖြစ်၍ အထွတ်အထိပ် အချိန်ကလောက် အစွမ်း မရှိတော့သော်လည်း အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ အနေဖြင့် အလွယ်တကူ ဖြတ်သန်း၍ မရပေ။
သို့မဟုတ်လျှင် မိုးကြိုးဧကရာဇ်သည် ထိုအထဲကို ဝင်နှင့်နေလောက်ပြီဖြစ်ပြီး သွေးစည်းတံဆိပ်၏ စွမ်းအားကို ဖျက်ဆီးရန် အပြင်ဘက်တွင် ကျင့်ကြံသူများအား စောင့်ဆိုင်းနေစရာလိုအပ်လိမ့်မည် မဟုတ်ပေ။
"မိုးကြိုးဧကရာဇ် မင်းပြောတော့ သွေးစည်းတံဆိပ် ကျန်နေသေးတဲ့အတွက် အင်ပါယာအဆင့်အောက်က ကျင့်ကြံသူတွေဖြတ်သန်းဖို့ မဖြစ်နိုင်ဘူးဆို.. ဒါက ဘယ်လိုဖြစ်ရတာလဲ"
ကျန်းချန်တို့နှစ်ယောက် ဤမျှအထိ အလွယ်တကူ ဝင်ရောက်သွားသည်ကို မြင်လျှင် ရှားကျန့်၏ မျက်နှာထက်တွင် ဒေါသအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒီမအေဘေးက ငါတို့အားလုံးကို လှည့်စားသွားတာပဲ.. အဓိကက ဒီကောင် ဆင့်ခေါ်လိုက်တဲ့ ရုပ်အလောင်းကြောင့်ပဲ.. ကြည့်ရတာ ဒီကောင် ဆင့်ခေါ်လိုက်တဲ့ ရုပ်အလောင်းက သွေးစည်းတံဆိပ်ကို စီရင်ထားတဲ့ အင်ပါယာနဲ့ တစ်ခုခုပတ်သက်နေပုံ ရတယ်"
မိုးကြိုးဧကရာဇ်က ရှားကျန့် တို့ကို ရှင်းပြလိုက်၏။
ဤအချိန်တွင် သူ၏ မျက်နှာသည်လည်း အလွန်တရာပင် အကျည်းတန်နေခဲ့သည်။
အင်ပါယာယွင် နတ်သစ်သီး အတွက် တိုက်ခိုက်စဥ်ကလည်း ကျန်းချန်နှင့် ယဲ့ထျန်းကျီတို့ နှစ်ယောက်သည် သူ့ကို ပူးပေါင်းပြီး ဖယ်ရှားခဲ့ကြသည်။
ယခု နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို စည်းတံဆိပ်ခတ်ထားသော နေရာတွင်လည်း ကျန်းချန်သည် သူ့ကို ထပ်မံ လှည့်စားသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအချိန်မှာပင် ရှားကျန့်၏ မျက်လုံးသည် အနည်းငယ် လင်းလက်သွားခဲ့သည်။
"ငါတို့ နောက်ကျနေလို့ မဖြစ်ဘူး.. မင်းရဲ့ နည်းလမ်းအတိုင်းပဲစည်းတံဆိပ်ကို ဖျက်ဆီးကြရအောင်"
နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို လိုချင်စိတ်ရှိနေသောကြောင့် ရှားကျန့်သည် သူ၏ မျက်စိရှေ့ကနေ ကျန်းချန်တို့ကို ယူသွားခွင့် မပြုနိုင်ခဲ့ပေ။
"ကောင်းပြီ ငါတို့ ပူးပေါင်းပြီး သွေးစည်းတံဆိပ်ကို ဖျက်ဆီးကြတာပေ့ါ"
မိုးကြိုးဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် အချိန်ဖြုန်းမနေတော့ဘဲ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ပူးပေါင်းတိုက်ကွက်ကို တိုက်ရိုက်ပင် ထုတ်သုံးလိုက်၏။
ယခုအခါတွင် ကျန်းချန်တို့သည် သူတို့ထက် အရင်ဝင်နှင့်နေခဲ့ပြီ ဖြစ်ရာ သူတို့က သူတို့ရှေ့မှ သွေးစည်းတံဆိပ်ကို အလျင်အမြန် မဖျက်စီးနိုင်လျှင် နတ်အသွင်ပြောင်းဒယ်စောက်အိုးသည် အမှန်တကယ်ပင် ကျန်းချန်တို့၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပါလော။
အခန်း(၁၄၀၅)ပြီး၏။
အခန်း(၁၄၀၆)
မိုးကြိုးဧကရာဇ်တို့အဖွဲ့က သွေးစည်းတံဆိပ်ကိုဖျက်စီးရန် ပူးပေါင်းတိုက်ကွက် တစ်ခုကို အသုံးပြုရန် ပြင်ဆင်နေစဥ်မှာပင် ကျန်းချန်နှင့် ယဲ့ထျန်းကျီတို့သည် နတ်အလင်းတန်းများဖြင့် လွှမ်းခြုံနေသော တောင်တန်းကို အကဲခတ်ကြည့်နေခဲ့ကြသည်။
တောင်တစ်တောင်လုံးကို နတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ ထူးခြားသော နတ်အလင်းရောင်များဖြင့် လွှမ်းခြုံထားပြီး အလွန်တရာ ငြိမ်းချမ်းသည့် ကမ္ဘာငယ်လေး တစ်ခုကဲ့သို့ ဖန်တီးထား၏။
ကြွယ်ဝသော စွမ်းအင်များကို ထုတ်လွှတ်နေသည့် နတ်ဆေးပင် အချို့ကလွဲလျှင် ပတ်ဝန်းကျင်တွင် မည်သည့်အရာမှမရှိပေ။
ဤသည်က ပြစ်ချက် တစ်စုံတစ်ရာမရှိသည့် သူတော်စင်နယ်မြေတစ်ခုလို ဖြစ်နေခဲ့သည်။
"ဒီနတ်အလင်းတန်းက တောင်ထိပ်ကလာတာ ဆိုတော့ နတ်အသွင်ပြောင်း ဒယ်စောက်အိုးက အဲဒီနေရာမှာ ရှိနေလောက်တယ်"
ယဲ့ထျန်းကျီက တောင်ထိပ်မှ နေရာတစ်ခုကို အာရုံစူးစိုက်၍ ကြည့်ရင်း ပြောလိုက်သည်။
"ဒါဆို ကျွန်တော်တို့ တောင်ထိပ်ကိုပဲ တိုက်ရိုက်သွားကြရအောင်"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ယဲ့ထျန်းကျီနှင့်အတူ တောင်ထိပ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။
သူတို့ပတ်ဝန်းကျင်တွင် တန်ဖိုးကြီးမားသော ကောင်းကင်နှင့်မြေကြီး၏ နတ်ဆေးပင် အများအပြား ပေါက်ရောက်နေသော်လည်း ကျန်းချန်သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဤအချိန်တွင် အရေးအကြီးဆုံးမှာ တောင်ထိပ်ကို သွားပြီး မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ဒဏ္ဍာရီလာ နတ်လက်နက်ရတနာကို အရယူဖို့သာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အင်ပါယာအဆင့် သို့မဟုတ် အင်ပါယာအဆင့်ထက် ပို၍ မြင့်မားသော အဆင့်များကို ထိုးဖောက်နိုင်သည့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးလို ကောင်းကင်ကို ဆန့်ကျင်နေသည့် ရတနာတစ်ပါး ရှေ့တွင် ဤကဲ့သို့ နတ်ဆေးပင်များသည် စကားထဲ ထည့်ပြောရလောက်သည်အထိ တန်ဖိုးမရှိပေ။
တောင်ထိပ်က သိပ်မမြင့်၍ ကျန်းချန်တို့ နှစ်ယောက်၏ အရှိန်အဟုန်ဖြင့် တစ်ခဏအတွင်းမှာပင် တောင်ထိပ်ကို ရောက်ရှိလာခဲ့ကြသည်။
ထိုအခါ သူတို့၏ မြင်ကွင်းရှေ့တွင် ပေါ်လာသည်မှာ ကြီးမားသော ရေကန်တစ်ကန် ဖြစ်၏။
ရေကန်ထဲမှ ရေကန်များသည် ကောင်းကင်မှ ကြယ်များကို ရောင်ပြန်ဟပ်နေခဲ့၍ ကြယ်များကဲ့သို့ အရောင်လက်နေခဲ့သည်။
ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ ရေကန်၏ တစ်ဖက်ခြမ်းရှိ လေထုထဲတွင် ခြေသည်းငါးခုပါ ရွှေနဂါးတစ်ကောင်သည် လွတ်လပ်စွာ ပျံသန်းနေခြင်း ဖြစ်သည်။
ထိုရွှေနဂါး၏ ပတ်ဝန်းကျင်တွင် ရွှေရောင်နှင့် ရောထွေးနေသည့် တိမ်တိုက်များက လွှမ်းခြုံထား၏။
ဤနေရာသည် ကမ္ဘာ၏အသန့်စင်ဆုံး နေရာကဲ့သို့ အလွန် ကြွယ်ဝသော ဝိညာဥ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။
"ဒီမှာဘယ်လိုလုပ်ပြီး အစစ်အမှန်နဂါးတစ်ကောင် ရှိနေရတာလဲ"
ကျန်းချန်က လေထုထဲမှ ခြေသည်းငါးသည်းခုပါ ရွှေနဂါးကိုကြည့်ကာ အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။
"ဒါက အစစ်အမှန်နဂါး မဟုတ်ဘူး.. အစစ်အမှန်နဂါးမှော်ဆေးဝါးပဲ.. ဒီနေရာမှာ နတ်အသွင်ပြောင်းဒယ်စောက်အိုးက အနှစ်(၃၀၀၀၀)ရှိခဲ့တယ်.. နတ်အသွင်ပြောင်းဒယ်စောက်အိုးရဲ့အကူအညီနဲ့ ဒီနေရာမှာရှိတဲ့ နတ်ဆေးပင်က ကမ္ဘာမှာရှားပါးတဲ့ အစစ်အမှန်နဂါးနတ်ဆေးဝါး အဖြစ် ပြောင်းလဲသွားခဲ့တာပဲ.. နတ်အသွင်ပြောင်းဒယ်စောက်အိုးကို ထည့်မတွက်ရင်တောင် ဒီအစစ်အမှန် နဂါးနတ်ဆေးက အင်ပါယာတစ်ပိုင်းကျင့်ကြံသူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို အဆုံးစွန်ထိ တိုးတက်စေပြီး အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်အောင် လုပ်ဆောင်ပေးနိုင်တယ်"
ယဲ့ထျန်းကျီက အလွန်ပင် စိတ်လှုပ်ရှားလာခဲ့သည်။
နတ်အသွင်ပြောင်းဒယ်စောက်အိုးကို မရရှိဘဲ အစစ်အမှန်နဂါးနတ်ဆေးကိုသာ ရလိုက်လျှင်ပင် သူတို့၏ ခရီးသည် တန်ဖိုးရှိသွားပြီ ဖြစ်သည်။
"အကြီးအကဲယဲ့ ကျွန်တော်တို့ ဒီအစစ်အမှန်နဂါးနတ်ဆေးဝါးကို အရင်ယူလိုက်ကြရအောင်"
ကျန်းချန်က စိတ်လှုပ်ရှားသော မျက်ဝန်းများဖြင့် ရွှေနဂါးကိုစိုက်ကြည့်ကာ ယဲ့ထျန်းကျီကို ပြောလိုက်သည်။
သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ကောင်းကင်ပေါ်သို့ ခုန်တက်ကာ အစစ်အမှန်နဂါးနတ်ဆေးဝါး ရှိရာသို့ ပျံသန်းသွားခဲ့သည်။
ယဲ့ထျန်းကျီကလည်း ကောင်းကင်ပေါ်သို့ ချက်ချင်းဆိုသလို ခုန်တက်လာခဲ့သည်။
သူတို့က အစစ်အမှန်နဂါးနတ်ဆေးဝါးကို ဝိုင်းရံကာ တစ်ချက်တည်းဖြင့် အရယူရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော်လည်း အစစ်အမှန် နဂါးနတ်ဆေးဝါး၏ အာရုံခံစားမှုသည် အလွန်ပင် ထက်မြက်၏။
စွမ်းအားကြီးမားသည့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်တော့မည်ကို ခံစားမိလိုက်ပြီးနောက်တွင် အစစ်အမှန်နဂါးနတ်ဆေးဝါးသည် အန္တရာယ်များသော အခြေအနေတစ်ခုသို့ ကျရောက်သွားခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် သိသွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်း တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲကာ အောက်ဘက်ရှိ ဧရာမဒယ်စောက်အိုး ထဲကို ဝင်ရောက်သွားခဲ့သည်။
ထိုဒယ်စောက်အိုးသည် သုံးပေအမြင့်ရှိသည့် ဧရာမကြေးနီ ဒယ်စောက်အိုးတစ်ခု ဖြစ်သည်။
ထိုဒယ်စောက်အိုး၏ပတ်ပတ်လည်တွင် ရှေးကျသော သင်္ကေတများကို ထွင်းထုထား၏။
ထိုအစီအရင် သင်္ကေတများထံကနေ ရုန့်ရင်းသော စွမ်းအင်များကို ထုတ်လွှတ်နေခဲ့၏။
ဤဧရာမဒယ်စောက်အိုးပေါ်တွင် ထွင်းထုထားသော အစီအရင် သင်္ကေတများသည် အလွန်တရာ ဆန်းကြယ်လွန်းသည်ဟု ကျန်းချန် ခံစားလိုက်ရသည်။
"ဒါက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်နတ်လက်နက်လား"
ကျန်းချန်က ဧရာမ ကြေးနီဒယ်စောက်အိုးကို ကြည့်ကာ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
ယဲ့ထျန်းကျီက ဧရာမကြေးနီဒယ်စောက်အိုးကို စူးစိုက်ကြည့်ရင်း အလေးအနက် ပြောလိုက်၏။
"ဖြစ်နိုင်တယ် အစစ်အမှန် နဂါးနတ်ဆေးဝါးက နတ်အသွင်ပြောင်းဒယ်စောက်အိုးကနေ မွေးဖွားလာတာ ဆိုတော့ ဒီဧရာမကြေးနီဒယ်စောက်အိုးကို သူ့ရဲ့အိမ်အဖြစ် သတ်မှတ်လို့ရတယ်"
"အကြီးအကဲယဲ့ နတ်အသွင်ပြောင်းဒယ်စောက်အိုးကို ဘယ်လိုယူသွားရမလဲဆိုတာ သိလား"
အစစ်အမှန်နဂါးနတ်ဆေးသည် ဤဒယ်စောက်အိုးထဲကို ဝင်ရောက်သွားသောကြောင့် သူတို့သာ အစစ်အမှန်နဂါးနတ်ဆေးဝါးကို လိုချင်လျှင် ဤနတ်အသွင်ပြောင်းဒယ်စောက်အိုးကို အရင်သိမ်းပိုက်ရမည့်ပုံ ရသည်။
သို့သော်လည်း ဤသည်မှာ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အမွေအနှစ် နတ်လက်နက် ဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် ထိုအရာကို ယူသွားရန် မလွယ်လောက်ပေ။
နတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ ပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှ မရှိပုံရသော်လည်း ကျန်းချန်သည် ထိုနတ်အသွင်ပြောင်း ဒယ်စောက်အိုးကနေ အလွန် အန္တရာယ်များသော စွမ်းအင်တစ်ခုကို ခပ်ရေးရေး ခံစားမိလိုက်သည်။
"ဒီနတ်အသွင်ပြောင်း ဒယ်စောက်အိုးအကြောင်း ငါသိထားတဲ့အချက်အလက်တွေက သိပ်မများဘူး.. ငါတို့ သတိထားပြီး အရင် စမ်းသပ်ကြည့်ရမယ်"
ယဲ့ထျန်းကျီက ခဏလောက် စဥ်းစားလိုက်ပြီးနောက်တွင် သူ၏သိုလှောင်လက်စွပ်ထဲမှ သံရုပ်တု တစ်ခုကို ထုတ်ယူလိုက်ကာ နတ်အသွင်ပြောင်း ဒယ်စောက်အိုးဆီသို့ စေလွှတ်လိုက်သည်။
ယဲ့ထျန်းကျီ၏ ထိန်းချုပ်မှုအောက်တွင် သံရုပ်တုသည် နတ်အသွင်ပြောင်း ဒယ်စောက်အိုးထံသို့ ဖြည်းဖြည်းချင်း ချည်းကပ်သွားခဲ့၏။
အစပိုင်းတွင် သံရုပ်တုသည် မည်သည့် အတားအဆီးကိုမှ မတွေ့ခဲ့ရပေ။
သို့သော်လည်း သံရုပ်တုက နတ်အသွင်ပြောင်း ဒယ်စောက်အိုးနှင့် ဆယ်မီတာပတ်လည် အထိ နီးကပ်လာသောအခါတွင် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကနေ မမြင်နိုင်သောစွမ်းအားတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သံရုပ်တုသည် လေထဲတွင် ဆန်းကြယ်စွာဖြင့် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် ယဲ့ထျန်းကျီ၏ မျက်လုံးများသည် အနည်းငယ် ပြူးကျယ်သွားခဲ့သည်။
"နတ်အသွင်ပြောင်း ဒယ်စောက်အိုးမှာ အင်မတန်အားကောင်းတဲ့ တားမြစ် အစီအရင်တစ်ခုကို လျှို့ဝှက်စီရင်ထားတဲ့ပုံပဲ.. ဒီအစီအရင်ကို မိုးကြိုး နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေက စီရင်ထားတာလား ဒါမှမဟုတ် အင်ပါယာခွင်းရှက စီရင်ထားတာလားတော့ မသိဘူး"
"တားမြစ်အစီအရင် ဟုတ်လား"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် စနစ်တစ်ခု ရှိနေသောကြောင့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်မှ တားမြစ် အစီအရင်ကို အပြည့်အဝ နားလည်နိုင်၏။
သို့သော်လည်း ထိုသို့ နားလည်ရန် အချိန်အချို့ကို ယူရလိမ့်မည်ဖြစ်သည်။
မိုးကြိုးဧကရာဇ်တို့ အဖွဲ့က သွေးစည်းတံဆိပ်ကို ဖျက်ဆီးပြီး ဤနေရာကို ရောက်လာရန် မည်မျှ ကြာမြင့်မည်မှန်း သူတို့ မသိပေ။
မိုးကြိုးနတ်ဘုရားတို့ အဖွဲ့ ရောက်ရှိလာသော အချိန်တွင် သူတို့က နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်မှ တားမြစ်အစီအရင်ကို နားမလည်နိုင်သေးလျှင် သူတို့ ဤနေရာကို အရင်ဦးဆုံး ဝင်ရောက်ခဲ့သည့် အခြေအနေသည် အလကား ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
"အကြီးအကဲယဲ့ ကျွန်တော် အင်ပါယာခွင်းရှရဲ့ ရုပ်အလောင်းနဲ့ထပ်ပြီး ကြိုးစားကြည့်လိုက်မယ်.. ဒီအစီအရင်ကို အင်ပါယာခွင်းရှက စီရင်ထားတယ် ဆိုရင်တော့ သူ့ရဲ့ ရုပ်အလောင်းက တားမြစ်အစီအရင်ကို လျစ်လျူရှုနိုင်လိမ့်မယ် ထင်တယ်"
"ဒါက အရမ်းစွန့်စားလွန်းရာကျတယ်.. ဒီတားမြစ်အစီအရင်ကို မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကသာ စီရင်ထားတာဆိုရင် အင်ပါယာခွင်းရှရဲ့ ရုပ်အလောင်းကို ဆုံးရှုံးရနိုင်ခြေ အရမ်းများတယ်.. အမှန်အတိုင်းပြောရရင် ငါတို့အနေနဲ့ နတ်အသွင်ပြောင်းဒယ်စောက်အိုးကို ရခဲ့ရင်တောင် မိုးကြိုးဧကရာဇ်တို့ အဖွဲ့ကို ရှောင်လို့ရမှာ မဟုတ်ဘူး"
ယဲ့ထျန်းကျီက ခေါင်းခါရမ်းလိုက်ပြီး မချိပြုံးပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်တို့ နှစ်ယောက်နဲ့ အင်ပါယာရုပ်အလောင်းက မိုးကြိုးဧကရာဇ်တို့ အဖွဲ့ထက် အားမနည်းပါဘူး.. ဒါကြောင့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရရှိဖို့ မျှော်လင့်လို့ရပါတယ်"
အစောပိုင်းက ကျန်းချန်၏ အကြံအစည်သည် အလွန်ပင် အန္တရာယ်များသည်။
အကယ်၍သာ တားမြစ်အစီအရင်ကို မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူက စီရင်ထားသည် ဆိုလျှင် အင်ပါယာ ရုပ်အလောင်းသည် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် နတ်လက်နက် အတွက် တိုက်ပွဲတွင် သူတို့နှစ်ယောက်သည် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်၏။
"အကြီးအကဲယဲ့ ကျွန်တော့်ကို ဘေးကနေ ကာကွယ်ပေးထားပါ.. သူတို့ကို စောင့်ရင်း ကျွန်တော် ဒီတားမြစ်အစီအရင်ကို နားလည်ဖို့ ကြိုးစားကြည့်မယ်"
အဆုံးသတ်တွင် ကျန်းချန်သည် အင်ပါယာခွင်းရှ၏ ရုပ်အလောင်းနှင့် စမ်းသပ်ချင်သည့်စိတ်ကို ထိန်းချုပ်လိုက်ပြီး နတ်အသွင်ပြောင်းဒယ်စောက်အိုးပေါ်မှ တားမြစ် အစီအရင်ကို နားလည်ရန် အတွက် စတင် ကြိုးပမ်းခဲ့သည်။
မိုးကြိုးဧကရာဇ်တို့အဖွဲ့ ဤနေရာသို့ ရောက်လာရန် မည်မျှကြာမြင့်မည်ဖြစ်စေ၊ ကျန်းချန်သည် နတ်အသွင်ပြောင်းဒယ်စောက်အိုးပေါ်ရှိ အစီအရင်ကို အရင်ဦးဆုံး နားလည်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုတားမြစ် အစီအရင်ကိုသာ နားလည်နိုင်ခဲ့လျှင် မိုးကြိုးဧကရာဇ်တို့ အဖွဲ့က ဤနေရာတွင် ရှိနေလျှင်ပင် နတ်လက်နက်အတွက် တိုက်ပွဲတွင် အခွင့်အရေးကို သိမ်းပိုက်နိုင်မည် ဖြစ်၏။
အခန်း(၁၄၀၆)ပြီး၏။
အခန်း(၁၄၀၇)
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ရဲ့ ၁၀၀၀၀ပုံ၁ပုံကို နားလည်သွားခဲ့ပါပြီ"
"ဒင်.. သင်က နတ်အဆင့်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က နတ်အဆင့် အစီအရင်ရဲ့ ၁၀၀၀၀ပုံ ၁ပုံကို နားလည်သွားခဲ့ပါပြီ"
"........."
နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်မှ တားမြစ်အစီအရင်သည် သူထင်ထားသည့်အတိုင်းပင် အင်ပါယာခွင်းရှ၏ နန်းတော်အတွင်းမှ ဒြပ်စင်ငါးပါး ပြန်လည် မွေးဖွားခြင်းခေါင်းတလားပေါ်မှ တားမြစ်အစီအရင်ကဲ့သို့ပင် အလွန်အစွမ်းထက်သော နတ်အဆင့် တားမြစ်အစီအရင်တစ်ခု ဖြစ်သည်။
တစ်နည်းအားဖြင့် သူသည် ဤတားမြစ်အစီအရင်ကို အပြည့်အဝ နားလည်ရန်အတွက် အနည်းဆုံး ဆယ်ရက်ခန့်လိုအပ်လိမ့်မည် ဖြစ်၏။
မိုးကြိုးဧကရာဇ်က ဆယ်ရက်မတိုင်မီ ရောက်ရှိလာမည်ကို သိသော်လည်း ကျန်းချန်သည် အားမလျှော့ဘဲ ဆက်လက်လေ့လာခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်က အဆက်မပြတ် နားလည်အောင် လုပ်ဆောင်ရင်း နောက်ထပ် သုံးရက်အတွင်းမှာပင် တားမြစ်အစီအရင်၏ ၃ပုံ၁ပုံနီးပါးကို နားလည်သွားခဲ့သည်။
လေးမြောက်ရက်နေ့တွင်မူ မိုးကြိုးဧကရာဇ်တို့ အဖွဲ့သည် တောင်အပြင်ကနေ သွေးစည်းတံဆိပ်ကို အဆုံးသတ်၌ ဖျက်ဆီးနိုင်ခဲ့ပြီး တောင်ထိပ် ဆီသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြသည်။
ကျန်းချန်ကလည်း နတ်အဆင့် တားမြစ်အစီအရင်အား နားလည်အောင် လုပ်ဆောင်နေခြင်းကို ချက်ချင်းပင် ရပ်ဆိုင်းလိုက်သည်။
"ဟားဟား ငါတို့မိုးကြိုးနတ်ဘုရားဂိုဏ်းကနေ နှစ် (၃၀၀၀၀)ကျော် ပျောက်ဆုံးနေတဲ့ အမွေအနှစ် နတ်လက်နက်ကို နောက်ဆုံးတော့ ငါရှာတွေ့ခဲ့ပြီ"
မိုးကြိုးဧကရာဇ်က ရေကန်၏ တစ်ဖက်ခြမ်းရှိ ဧရာမကြေးနီဒယ်စောက်အိုးကို ရူးသွပ်စွာ စိုက်ကြည့်နေရင်း စိတ်လှုပ်ရှားကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းသည် ရှန်းဝူကုန်းမြေတွင် နှစ်(၁၀၀၀၀၀)ကျော် သက်တမ်းရှိသည့် နတ်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
သူတို့ဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် အင်ပါယာအဆင့်ကျင့်ကြံသူ အများအပြား မွေးထုတ်နိုင်ခဲ့သည့်အပြင် အင်ပါယာအဆင့်ထက် ပိုမိုမြင့်မားသည့် အစစ်အမှန်နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် ရှိခဲ့ကြသည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်(၃၀၀၀၀)က ဂိုဏ်း၏ အမွေအနှစ် နတ်လက်နက် ခိုးယူခံရပြီးနောက်တွင် မိုးကြိုးနတ်ဘုရားဂိုဏ်းသည် မလည်ပတ်နိုင်တော့ဘဲ အင်အားလျော့ကျလာခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သည့်နှစ်(၁၀၀၀)ကျော်က မိုးကြိုးနတ်ဘုရားဂိုဏ်း၏ နောက်ဆုံးလက်ကျန် အင်ပါယာအဆင့်ကျင့်ကြံသူနှစ်ဦး ပျောက်ကွယ်သွားပြီးနောက်တွင် ရှန်းဝူကုန်းမြေ၏ ကမ္ဘာကြီးသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး မိုးကြိုးနတ်ဘုရားဂိုဏ်းသည်လည်း အင်ပါယာအဆင့်ကျင့်ကြံသူများကို မည်သို့မျှ မမွေးထုတ်နိုင်တော့ပေ။
ယခင်က အစစ်အမှန် နတ်ဘုရားများပင် ရှိခဲ့သည့် နတ်အဆင့်ဂိုဏ်းကြီးတစ်ဂိုဏ်းသည် ယခုအခါတွင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးသာ ကျန်ရှိတော့သည်အထိ ကျဆင်းသွားခဲ့သည်။
ကံကောင်းစွာဖြင့် သူသည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ် နတ်လက်နက်ကို အဆုံးသတ်တွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
နတ်အသွင်ပြောင်း ဒယ်စောက်အိုးဖြင့်သာ ဆိုလျှင် သူသည် အင်ပါယာနယ်ပယ်အဆင့် သို့မဟုတ် အင်ပါယာနယ်ပယ်အဆင့်ထက် ပို၍မြင့်မားသော အဆင့်များကို ထိုးဖောက်ပြီး မိုးကြိုးနတ်ဘုရားဂိုဏ်းကို ၎င်း၏ ယခင်ဂုဏ်ကျက်သရေအား ပြန်လည် ရရှိနိုင်ရန် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်နေခဲ့သည်။
"မိုးကြိုးဧကရာဇ်.. နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"
သူတို့ရှိရာသို့ လာနေသည့် မိုးကြိုးဧကရာဇ်တို့အဖွဲ့ကို ကြည့်ရင်း ကျန်းချန်၏မျက်လုံးများသည် မသိမသာ ကျဥ်းမြောင်းသွားခဲ့သည်။
"မင်းတို့အဖွဲ့က ဘယ်လိုလုပ်ပြီး လေးယောက်ပဲရှိတာလဲ"
မိုးကြိုးဧကရာဇ်၊ငရဲတာအိုကျင့်ကြံသူ၊လဲ့ကျွင်းနှင့်ဝမ်ဟန်တို့သာ သူတို့၏ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုကြောင့် ရှားကျန့်နှင့် ချင်ထျန်းကျန့်တို့သည် မိုးကြိုးဧကရာဇ်၏ လှည့်စားမှုကို ခံခဲ့ရပြီးပြီ ဖြစ်နိုင်၏။
"ဟားဟား နတ်အသွင်ပြောင်းဒယ်စောက်အိုးက ငါတို့မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ် နတ်လက်နက်တစ်ခုပဲ.. နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ပြန်လည်ရယူရမှာ ရှားကျန့်နဲ့ ချင်ထျန်းကျန့်တို့က ငါ့ကို အတားအဆီး လုပ်နေတဲ့ ပြဿနာကြီးတွေပဲ. ငါ့အနေနဲ့ သူတို့ကို အရင်ဖြေရှင်းလိုက်တာ သဘာဝကျပါတယ်လေ"
မိုးကြိုးဧကရာဇ်က ခြောက်ကပ်ကပ်ပြုံး၍ ပြောလိုက်သည်။
ရှားကျန့်တို့နှစ်ယောက်၏ အကူအညီဖြင့် သွေးစည်းတံဆိပ်ကို ဖျက်ဆီးပြီးနောက်တွင် သူက ဝမ်ဟန်နှင့် လျှို့ဝှက်ပူးပေါင်းကာ ရှားကျန့်တို့ နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်ခဲ့သည်။
ယခုအခါ ရှားကျန့်တို့ နှစ်ယောက်သည် ထိတ်လန့်ကာ ထွက်ပြေးသွားကြပြီး နတ်အသွင်ပြောင်း ဒယ်စောက်အိုးအတွက် ယှဥ်ပြိုင် တိုက်ခိုက်နိုင်သည့် အနေအထားတွင် မရှိတော့ပေ။
ရှားကျန့်တို့နှစ်ယောက်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်ရာ ယခု သူတို့လေးယောက် အနေဖြင့် ကျန်းချန်နှင့် ယဲ့ထျန်းကျီတို့ကို ဖြေရှင်းဖို့မှာ အလွယ်လေးပင် မဟုတ်ပါလော။
ကျန်းချန်က ဝမ်ဟန်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားက မိုးကြိုးနတ်ဘုရားဂိုဏ်းက လူတွေနဲ့ ပူးပေါင်းသွားလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး.. သူတို့နဲ့ ပူးပေါင်းပြီး ပြဿနာကို ဖြေရှင်းနိုင်ရင် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရနိုင်မယ်လို့ ထင်နေတာက အတော်လေး စိတ်ကူးယဥ်ဆန်တဲ့ ယုံကြည်မှုပဲ"
"ဟားဟား ငါ့မှာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အသိဥာဏ်ရှိပြီးသားပါ.. နတ်အသွင်ပြောင်းဒယ်စောက်အိုးက ငါပိုင်ဆိုင်နိုင်တဲ့အရာမဟုတ်မှန်း ငါသိတယ်.. ဒါကြောင့် မိုးကြိုးဧကရာဇ်နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာပဲ"
"မိုးကြိုးဧကရာဇ်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ပြန်လည်ရယူဖို့အတွက် သူ့ကို အကူအညီပေးခဲ့ရင် နောင်တစ်ချိန်မှာ အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့အတွက် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ခဏငှားပေးမယ်လို့ သဘောတူခဲ့တယ်"
ဝမ်ဟန်က ကျန်းချန်ကို ပြုံးရွှင်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ကောင်လေး မင်းအခုနေ ထွက်သွားရင် နောက်မကျသေးဘူး မဟုတ်ရင်တော့ ငါတို့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့"
မိုးကြိုးဧကရာဇ်ထံကနေ ကျန်းချန်တွင် ဆန်းကြယ်သောစွမ်းအားများ ရှိပြီး အင်ပါယာယွင် နတ်သစ်သီး၏ အကူအညီဖြင့် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့မှန်း သူသိထားသော်လည်း ဝမ်ဟန်သည် ထိုအချက်အလက်များကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဤကောင်လေးက အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူတို့ဘက်တွင် အင်ပါယာတစ်ပိုင်းအဆင့်ကျင့်ကြံသူ လေးယောက် ရှိနေသည် မဟုတ်ပါလော။
သူတို့လေးယောက်၏ အင်အားဖြင့်ဆိုလျှင် ကျန်းချန်နှင့်ယဲ့ထျန်းကျီကို မဖြေရှင်းနိုင်စရာ အကြောင်း လုံးဝမရှိပေ။
ကျန်းချန်က လေကုန်ခံပြီး ဝမ်ဟန်ကို ဖျောင်းဖျမနေတော့ပေ။
သူက မိုးကြိုးဧကရာဇ်ကို စူးစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
"မိုးကြိုးဧကရာဇ် ငါဒီမှာ မင်းတို့ကို သုံးရက် စောင့်နေတာက အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောဆိုဖို့ မဟုတ်ဘူး.. မင်းက ငါ့အတွက် နတ်အသွင်းပြောင်း ဒယ်စောက်အိုးပေါ်က တားမြစ်အစီအရင်ကို ဖျက်ဆီးပေးဖို့ကို စောင့်နေတာပဲ"
ထိုစကားကိုကြားလျှင် မိုးကြိုးဧကရာဇ်သည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
သူအကြည့်က ချက်ချင်းပင် နတ်အသွင်ပြောင်းဒယ်စောက်အိုးဘက်သို့ ရောက်ရှိသွားခဲ့၏။
"ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ် နတ်လက်နက်ပေါ်မှာ တားမြစ်အစီအရင် ရှိနေတာလား"
မိုးကြိုးဧကရာဇ်၏အကြည့်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးဆီသို့ ကျရောက်သွားပြီးနောက်တွင် မိုးကြိုးဧကရာဇ်သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဟားဟား ဘုရားသခင်က ငါ့ကို ကူညီခဲ့တာပဲ.. ကျန်းချန်.. မင်းငါ့ထက် သုံးရက်စောပြီး ဒီနေရာကို ကံကောင်းစွာနဲ့ ဝင်နိုင်ခဲ့ရင်တောင် အဆုံးသတ်မှာ ဒါက အသုံးမဝင်တဲ့ ကံကြမ္မာပဲဖြစ်နေလိမ့်မယ်"
အစောပိုင်းတွင် မိုးကြိုးဧကရာဇ်သည် ကျန်းချန်တို့က သူတို့ထက်သုံးရက်စောကာ ဤနေရာကို ဝင်ရောက်လာခဲ့ပြီး နတ်အသွင်ပြောင်းဒယ်စောက်အိုးအား အဘယ်ကြောင့် ဘာမှမလုပ်ရသေးသည်ကို တွေးနေခဲ့သည်။
ယခုတော့ သူသိသွားခဲ့ချေပြီ။
အကြောင်းအရင်းမှာ ကျန်းချန်တို့ နှစ်ယောက်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်မှ တားမြစ် အစီအရင်ကို မဖျက်ဆီးနိုင်၍ပင် ဖြစ်၏။
နတ်အဆင့် တားမြစ်အစီအရင်သည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ မူပိုင် တားမြစ် အစီအရင်တစ်ခု ဖြစ်သည်။
အင်ပါယာနယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူသည် ထိုတားမြစ်အစီအရင်ကို မည်ကဲ့သို့ ဖျက်ဆီးရမည်ကို မသိဘဲ တားမြစ်အစီအရင်ကို လှုံ့ဆော်မိလျှင် ၎င်း၏ စိတ်ဝိညာဥ်သည် တားမြစ်အစီအရင်၏ စွမ်းအားအောက်တွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်တို့နှစ်ယောက်သည် ဤနေရာကို အရင်ရောက်ခဲ့သည့်တိုင် ၎င်းတို့သည် တားမြစ်အစီအရင်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မိုးကြိုးဧကရာဇ်သည် နတ်အသွင်းပြောင်းဒယ်စောက်အိုးအား လုယူခံရမည်ကို စိတ်ပူစရာမရှိတော့ချေ။
သူက နတ်အဆင့် အစီအရင်ကို မည်ကဲ့သို့ ဖျက်ဆီးရမလဲဆိုသည်ကို နားလည်သည့် မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ဖြစ်သည့်အတွက် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ လာမလုသရွေ့ မည်သူကမှ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို လုယူနိုင်မည်မဟုတ်ပေ။
"အသုံးမဝင်တဲ့ ကံကြမ္မာလို့တော့ သေချာပေါက် ပြောလို့မရသေးဘူး"
ကျန်းချန်က ခပ်ထေ့ထေ့ပြုံးကာ ပြောလိုက်သည်။
"မိုးကြိုးဧကရာဇ် ငါအခုမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်.. ငါ့အတွက် နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်က အစီအရင်ကို မင်းဖျက်ဆီးပေးရမယ် ဒါမှမဟုတ်ရင် မင်းရဲ့လူတွေကို ခေါပြီး ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားရမယ်"
"စိတ်မပူပါနဲ့ ငါက တားမြစ်အစီအရင်ကိုဖျက်ဆီးပြီး နတ်အသွင်ပြောင်းဒယ်စောက်အိုးကို အရယူမှာပါ ဒါပေမဲ့ အဲဒါက မင်းတို့ကို အရင်သတ်ဖြတ်ပြီးမှပဲ"
မိုးကြိုးဧကရာဇ်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက်တွင် ခန္ဓာကိုယ်တစ်ခုလုံးကနေ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။
"ဒီနှစ်ယောက်ကို သတ်ပစ်လိုက်ကြစို့"
မိုးကြိုးဧကရာဇ်က အော်ဟစ် အမိန့်ပေးလိုက်သည်နှင့် မိုးကြိုးနတ်ဘုရားဂိုဏ်းမှ မိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲသည် ယဲ့ထျန်းကျီကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။
ငရဲတာအို ကျင့်ကြံသူနှင့် ဝမ်ဟန်ကမူ ကျန်းချန်ကို သတ်ဖြတ်ရန် ပူးပေါင်းလိုက်ကြ၏။
"ကောင်လေး မင်းက ကိုယ့်သေလမ်းကိုယ် ရှာနေမှတော့ ငါမင်းကို ငရဲဆီ အရောက်ပို့ပေးလိုက်မယ်"
ဝမ်ဟန်က အေးစက်စက်ပြုံးလိုက်သည်။
သူ၏ပုံရိပ်က ချက်ချင်းဆိုသလိုပင် အလင်းကဲ့သို့မြန်ဆန်သောအရှိန်အဟုန်ဖြင့် နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ်တစ်ခဏမှာပင် သူ၏ပုံရိပ်သည် ကျန်းချန်၏ အနောက်တွင် ပေါ်ထွက်လာခဲ့ပြီး ကျန်းချန်ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
သူ၏ လက်ဝါးရိုက်ချက်သည် ဧရာမ မြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဘက်သို့ ဝင်ရောက်လာခဲ့၏။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် သိုလှောင်လက်စွပ်ထဲမှ အင်ပါယာ ရုပ်အလောင်းကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အင်ပါယာ ရုပ်အလောင်းသည် ဝမ်ဟန်၏ လက်ဝါးကို လက်သီးချက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ထိတ်လန့်စရာကောင်းသော ပေါက်ကွဲသံသည် ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး ဝမ်ဟန်၏ လက်ဝါးရိုက်ချက်သည် အင်ပါယာရုပ်အလောင်း၏ လက်သီးချက်အောက်တွင် ချေမှုန်းခံလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း ရိုက်ခတ်မှုသည် ဝမ်ဟန်၏ ပုံရိပ်ကို ပေရာပေါင်းများစွာ အကွာအဝေးထိ လွင့်စင်သွားစေခဲ့သည်။
ဝမ်ဟန်က သူ့ကိုလက်သီးဖြင့် ထိုးလိုက်သည့် ရွှေရောင်ပုံရိပ်ကိုကြည့်ကာ ရုတ်တရက် မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
"အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူပါလား"
ဤကောင်လေး၏ဘေးတွင် အမှန်တကယ်ပင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေပါသလော။
အခန်း(၁၄၀၇)ပြီး၏။