← Chapters

အခန်း (၁၄၀၈-၁၄၁၀)

Vol. 94 Ch. 1408-1410

အခန်း (၁၄၀၈-၁၄၁၀)

Vol. 94 Ch. 1408-1410

အခန်း(၁၄၀၈)

"မဟုတ်သေးဘူး.. ဒီလူမှာ အသက်ရှူသံလည်း မရှိဘူး.. ဒါ..ဒါက ရုပ်အလောင်း တစ်လောင်းပဲ"

ဝမ်ဟန်က သူ၏ရှေ့မှ ရွှေရောင်ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး သိပ်မကြာခင်မှာပင် ရုပ်အလောင်း၏ ဆန်းကြယ်မှုကို သတိထားမိကာ အံ့အားသင့်သွားခဲ့သည်။

"ဝမ်ဟန်သတိထား.. ဒါက အင်ပါယာရုပ်အလောင်း ဖြစ်ဖို့များတယ်"

ထိုအချိန်တွင် နံဘေးမှ ငရဲတာအို ကျင့်ကြံသူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဝမ်ဟန်ကို သတိပေးလိုက်သည်။

သေခြင်းစွမ်းအားကို ကျင့်ကြံနေသည့် ငရဲတာအိုကျင့်ကြံသူသည် ရွှေရောင်ပုံရိပ်ကို တစ်ချက် ကြည့်လိုက်သည်နှင့် သိရှိသွားခဲ့၏။

အင်ပါယာရုပ်အလောင်းသည် အင်ပါယာတစ်ပိုင်းအဆင့်ကျင့်ကြံသူနှင့်ပင် သေချာပေါက် ယှဥ်နိုင်သည်။

ဤအချိန်တွင် ငရဲတာအို ကျင့်ကြံသူသည် စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်နေခဲ့သည်။

ကျန်းချန်ထံတွင် ဤကဲ့သို့ အစွမ်းထက်သည့် ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကံကောင်းစွာဖြင့် အင်ပါယာယွင်နတ်သစ်သီး အတွက် တိုက်ခိုက်စဥ်က ကျန်းချန်သည် ဤအင်ပါယာရုပ်အလောင်းကို အသုံးမပြုခဲ့ပေ။

သို့မဟုတ်လျှင် ထိုစဥ်ကတည်းက သူသည် ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားလောက်ပေပြီ။

အင်ပါယာရုပ်အလောင်းမှန်း သိလိုက်သည်နှင့် ဝမ်ဟန်သည် သူ၏စိတ်ထဲမှ ထိတ်လန့်နေမှုကို အားတင်း၍ ထိန်းချုပ်လိုက်ပြီး ငရဲတာအို ကျင့်ကြံသူကို အလျင်အမြန် အော်ပြောလိုက်သည်။

"ငရဲတာအိုကျင့်ကြံသူ.. ငါက ဒီအင်ပါယာ ရုပ်အလောင်းကို ဟန့်တားထားမယ် မင်းက ကျန်းချန်ကို အမြန်ဆုံး အဆုံးသတ်ပစ်လိုက်"

ဤအင်ပါယာရုပ်အလောင်းကို ကျန်းချန်က ထိန်းချုပ်ထားသည်မှာ ရှင်းလင်းနေ၏။

ကျန်းချန်ကို သတ်ပစ်လိုက်သည်နှင့် အင်ပါယာရုပ်အလောင်း၏ အန္တရာယ်သည် တစ်ခါတည်း ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

"ကောင်းပြီ"

ငရဲတာအိုကျင့်ကြံသူက သေခြင်းစွမ်းအားများကို အစွမ်းကုန်ထုတာ်ဖော်ကာ ကျန်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ဤအချိန်တွင် လေထုထဲရှိ ပေတစ်ထောင် ပတ်ဝန်းကျင်၌ သေခြင်းစွမ်းအင်များ ပြည့်နှက်နေခဲ့သည်။

ပတ်ဝန်းကျင်မှ အရာအားလုံးသည် ငရဲတာအိုကျင့်ကြံသူ၏ သေခြင်းစွမ်းအင် အောက်တွင် လုံးဝ ပြာအဖြစ်သို့ ပြောင်းလဲသွားမည့်ပုံ ရ၏။

ငရဲတာအိုကျင့်ကြံသူသည် အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သေခြင်း ဥပဒေသများကို ကျွမ်းကျင်လာခဲ့ပြီး သူ၏စွမ်းအားသည် လွန်ခဲ့သော လဝက်ကနှင့် လုံးဝမတူတော့ပေ။

ကျန်းချန်၏ စွမ်းအားကသာ လွန်ခဲ့သည် လဝက်ကလိုမျိုးသာဆိုလျှင် ငရဲတာအို ကျင့်ကြံသူကို ကျန်းချန်သည် အနည်းငယ်ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်၏။

သို့သော်လည်း ကျန်းချန်သည် လွန်ခဲ့သော လဝက်အတွင်း အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် အင်ပါယာ ဥပဒေသအချို့ကိုပါ နားလည်လာခဲ့သည်။

သို့ဖြစ်ရာ သူက ငရဲတာအိုကျင့်ကြံသူကို မည်ကဲ့သို့ အရေးစိုက်ပါမည်နည်း။

"ငရဲတာအိုကျင့်ကြံသူ လွန်ခဲ့တဲ့ လဝက်က ငါမင်းအသက်ကိုချမ်းသာပေးခဲ့တယ်.. ဒီနေ့ မင်းက ကိုယ့်ဘာသာကိုယ် သေခြင်းတရားကို လာရောက် ရှာဖွေတဲ့အတွက် ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်က ငရဲတာအိုကျင့်ကြံသူကို စူးစိုက်ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။

"သေခြင်းပုံရိပ်ယောင် သိုင်းကွက်"

ကျန်းချန်က သူ့ကို တိုက်ခိုက်တော့မည်ကို မြင်လျှင် ငရဲတာအိုကျင့်ကြံသူသည် အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏အားအကိုးရဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကနေ သူနှင့်တစ်ပုံစံတည်း တူသည့် ကိုယ်ပွား ပုံရိပ်ယောင် သုံးခု ထွက်ပေါ်လာခဲ့သည်။

ထိုကိုယ်ပွားပုံရိပ်ယောင်သုံးခုနှင့် ငရဲတာအို ကျင့်ကြံသူသည် ကျန်းချန်ကို အရပ်လေးမျက်နှာကနေ ဝိုင်းရံ တိုက်ခိုက်လိုက်သည်။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူလေးယောက် ပူးပေါင်းတိုက်ခိုက်လိုက်သကဲ့သို့ ၎င်းတို့၏ စွမ်းအားသည် ကမ္ဘာကိုပင် တုန်လှုပ်စေခဲ့၏။

"ကျန်းချန် ဒါက အင်ပါယာ ဥပဒေသတွေနဲ့ပေါင်းစပ်ထားတဲ့ အစွမ်းထက် လျှို့ဝှက်နည်းစနစ်တစ်ခုပဲ.. မင်းဘယ်လိုကာကွယ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

လေထဲရှိ ငရဲတာအိုကျင့်ကြံသူနှင့် ကိုယ်ပွားပုံရိပ်သုံးခုထံကနေ တစ်ပြိုင်နက်တည်း လှောင်ပြောင် ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။

ထိုနည်းစနစ်ကို ငရဲတာအိုကျင့်ကြံသူသည် ငယ်စဥ်က လျှို့ဝှက်နယ်မြေတစ်ခုတွင် ရရှိခဲ့သည်။

သို့သော်လည်း သေခြင်းဥပဒေသကို နားလည်မှသာ အသုံးပြုနိုင်မည်ဖြစ်၏။

ထိုလျှို့ဝှက်နည်းစနစ်ကို အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံနိုင်လျှင် ကိုယ်ပွားပုံရိပ်ကိုးခုအထိ ထုတ်ဖော်နိုင်သည်ဟု ဆိုထား၏။

ထို့အပြင် ထုတ်ဖော်ထားသော ကိုယ်ပွားပုံရိပ်တိုင်းသည် မူလခန္ဓာကိုယ်၏ စွမ်းအားနှင့် တူညီသော တိုက်ခိုက်မှုများကိုလည်း အသုံးပြုနိုင်သည်။

ငရဲတာအိုကျင့်ကြံသူက အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကိုထိုးဖောက်ပြီး အင်ပါယာဥပဒေသကို နားလည်မှသာ စတင်ကျင့်ကြံခဲ့ရ၍ ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြုသောအခါ ကိုယ်ပွားပုံရိပ် သုံးခုကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။

သို့သော်လည်း ဤသည်ကပင် အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်ကို မကြာသေးမီက ထိုးဖောက် ဝင်ရောက်လာခဲ့သည့် ကျန်းချန်ကို ရှင်းလင်းပစ်ရန် လုံလောက်သည်ထက် ပိုနေပြီမဟုတ်ပါလော။

"ဟမ့် မင်းရဲ့အစွမ်းက ဒီလောက်ပဲလား"

ကျန်းချန်က အေးစက်စက် ရယ်မောလိုက်သည်။

ထို့နောက်တွင် အင်ပါယာဥပဒေသများ ပါဝင်သည့် နယ်မြေငါးခုသည် လေထုထဲရှိ ပေတစ်ထောင် ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံသုံးသံ ထွက်ပေါ်လာသည်ကိုသာ ကြားလိုက်ရပြီး ငရဲတာအို ကျင့်ကြံသူထုတ်ဖော်ထားသည့် ကိုယ်ပွားပုံရိပ် သုံးခုစလုံးသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့သည်။

သူ၏ကိုယ်ပွားပုံရိပ်သုံးခု ပေါက်ကွဲသွားခြင်းသည် ငရဲတာအိုကျင့်ကြံသူကို လေထဲတွင် ခဏမျှ မှင်တက်သွားစေခဲ့သည်။

ထိုအချိန်မှာပင် ကျန်းချန်ထံမှ ငါးရောင်ခြယ် ဓားအလင်းတန်းသည် လေထုကို တစ်ခဏအတွင်း ထိုးဖောက်လာခဲ့ပြီး ငရဲတာအိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ကျန်းချန်၏ ဓားချက်အောင်တွင် ငရဲတာအိုကျင့်ကြံသူသည် လွင့်စင်သွားခဲ့ပြီး လေထဲတွင် သွေးမိုးများ ဖြာခနဲ ကျဆင်းလာခဲ့သည်။

သူက ကျန်းချန်၏ ငါးရောင်ခြယ်ဓားအလင်းကို ကာကွယ်လိုက်သော်လည်း သူ၏လက်နှစ်ဖက်က ပေါက်ကွဲထွက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ ပခုံး၊ ရင်ဘတ်၊ ပေါင်နှင့် လက်မောင်းများသည် ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားခဲ့၏။

ယခုအချိန်တွင် ယဲ့ထျန်းကျီသည် မိုးကြိုးဧကရာဇ်နှင့် လဲ့ကျွင်းတို့၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်နေရသောကြောင့် ကျန်းချန်သည် ငရဲတာအို ကျင့်ကြံသူနှင့် အချိန်မဖြုန်းချင်ခဲ့ပေ။

သူနှင့် ငရဲတာအိုကျင့်ကြံသူတို့သည် အင်ပါယာတစ်ပိုင်းနယ်ပယ် အဆင့်ကို မကြာသေးမီကမှ ထိုးဖောက်နိုင်ခဲ့ကြသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေသောကြောင့် အင်ပါယာ ဥပဒေသကို နားလည်ရာတွင် ငရဲတာအိုကျင့်ကြံသူသည် သူ့ကို လုံးဝ ယှဥ်၍ မရ‌ပေ။

ဆိုရလျှင် သူ၏ အင်ပါယာဥပဒေသ ငါးခုထဲမှ တစ်ခုချင်းစီသည် ငရဲတာအို ကျင့်ကြံသူ နားလည်ထားသည့် သေခြင်းဥပဒေသထက်ပင် များစွာပို၍ အားကောင်းသည်။

အထူးသဖြင့် ကျန်းချန်သည် ဓားဥပဒေသကို ပြီးပြည့်စုံစွာ နားလည်ရန် သုံးပုံတစ်ပုံခန့် အထိ နားလည်နေခဲ့ပြီဖြစ်သည်။

ငရဲတာအို ကျင့်ကြံသူ၏ နည်းစနစ်က အလွန်ပင် အစွမ်းထက်နေသည့်တိုင် ကျန်းချန်၏ အင်ပါယာ ဥပ‌ဒေသငါးခု ပေါင်းစပ်မှုစွမ်းအားအောက်တွင် ပြောပလောက်စရာ မရှိပေ။

အဆုံးသတ်တွင်မူ ငရဲတာအိုကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျန်းချန်၏ ဓားချက်အောက်တွင် ပေါက်ကွဲထွက်သွားခဲ့ပြီး ကောင်းကင်ထက်တွင် သွေးမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါ.. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူ၏ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို မြင်လိုက်ရလျှင် အင်ပါယာ ရုပ်အလောင်း၏ တိုက်ခိုက်မှုကြောင့် နောက်သို့ဆုတ်နေရသည့် ဝမ်ဟန်သည် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

သို့သော် ဝမ်ဟန်တစ်ယောက်တည်း ထိတ်လန့်တုန်လှုပ်နေသည် မဟုတ်ဘဲ ယဲ့ထျန်းကျီကို အစွမ်းကုန် တိုက်ခိုက်နေကြသည့် မိုးကြိုးဧကရာဇ်နှင့်လဲ့ကျွင်းတို့ပင် ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေခဲ့ကြသည်။

ကျန်းချန်က ငရဲတာအိုကျင့်ကြံသူကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

ငရဲတာအို ကျင့်ကြံသူသည် အင်ပါယာတစ်ပိုင်း လလနယ်ပယ်အဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်နိုင်ခဲ့သော်လည်း အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင်ဖြစ်သည်။

သို့သော်လည်း အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူသည် ဓားချက်တစ်ချက်တည်းဖြင့် ကျဆုံးသွားခဲ့ရသည်။

သူတို့ရှေ့မှ ကောင်လေး၏ ခွန်အားသည် အဘယ်ကြောင့်ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေရပါသနည်း။

ငရဲတာအိုကျင့်ကြံသူကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် အင်ပါယာရုပ်အလောင်း၏ တိုက်ခိုက်မှုကြောင့် နောက်ဆုတ်နေရသည့် ဝမ်ဟန်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်က ခြေတစ်လှမ်းကို လှမ်းလိုက်ရာ ပေထောင်ချီ အကွာအဝေးကို တမဟုတ်ချင်း ဖြတ်ကျော်လာခဲ့ပြီး ဝမ်ဟန် ဆီသို့ ရောက်ရှိလာခဲ့သည်။

ထို့‌နောက်တွင် သူက ငါးရောင်ခြယ်ဓားအလင်းတန်းဖြင့် ဝမ်ဟန်ကို တစ်ခါတည်းခုတ်ချလိုက်သည်။

"မိုးကြိုးဧကရာဇ် ကျွန်တော့်ကို ကယ်ပါဦး"

ဝမ်ဟန်က ရုတ်တရက် လန့်ဖျပ်သွားခဲ့ပြီး သေခြင်း၏ အရိပ်အ‌ငွေ့များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသလို ခံစားလိုက်ရကာ မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့၏။

အင်ပါယာ ရုပ်အလောင်းတစ်ခုတည်းကပင် သူ့အနေဖြင့် အခက်တွေ့နေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် စက္ကန့်ပိုင်းအတွင်း အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်ကို သတ်ဖြတ်နိုင်သည့် ကျန်းချန်လို နတ်ဆိုးတစ်ကောင်ပါ ထည့်ပေါင်းလိုက်လျှင် သူတကယ်ကို သေရပေလိမ့်မည် မဟုတ်ပါလော။

"လဲ့ကျွင်း မင်း ဝမ်ဟန်ကို အမြန်သွားကူညီလိုက်"

မိုးကြိုးဧကရာဇ်၏ မျက်နှာအမူအရာက ရုတ်တရက် အလွန်အမင်း အကျည်းတန်သွားခဲ့သည်။

သူတို့လူအုပ်၏ စွမ်းအားဖြင့် ကျန်းချန်တို့ကို အလွယ်တကူကိုင်တွယ်နိုင်မည်ဟု မူလက သူထင်ခဲ့၏။

သို့သော် ကျန်းချန်သည် အင်ပါယာတစ်ပိုင်းအဆင့် ဖြစ်သည့် ငရဲတာအို ကျင့်ကြံသူကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်ရုံသာ လက်ထဲတွင် အင်ပါယာအဆင့် ရုပ်အလောင်းပါ ရှိနေလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။

ယခုအခါ အခြေအနေသည် ပိုမို၍ ဆိုးရွားလာခဲ့ချေပြီ။

ဝမ်ဟန်နှင့် လဲ့ကျွင်းတို့သာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

အခန်း(၁၄၀၈)ပြီး၏။

အခန်း(၁၄၀၉)

"ကောင်းပြီ"

လဲ့ကျွင်းက မိုးကြိုးဧကရာဇ်၏ အမိန့်ကိုကြားသည်နှင့် ကျန်းချန်ကို သတ်ဖြတ်ရန် သွားရောက်ခဲ့သည်။

ကျန်းချန်က လဲ့ကျွင်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အင်ပါယာရုပ်အလောင်းကို တိုက်ရိုက်အမိန့်ပေးကာ သူ့ကို သတ်ဖြတ်ရန် ရောက်လာသည့် လဲ့ကျွင်းကို တားဆီးထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ငါးရောင်ခြယ်ဓားအလင်းတန်းဖြင့် ဝမ်ဟန်ကို တိုက်ခိုက်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဝမ်ဟန်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ တွန့်လိမ်နေသော မျက်နှာက ချက်ချင်းဆိုသလို ပြေပြစ်သွားခဲ့ပြီး သူ၏ရှည်လျားသော ဆံပင်ဖြူများပင် အဖြူရောင်ကနေ အနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်ဟန်သည် ဆံဖြူအဘိုးအိုကနေ ဆံပင်အနက်ရောင် ရှိသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်မှ သွေးစွမ်းအားများသည်လည်း ထိုအချိန်တွင် အရှိန်အဟုန်နှင့် တိုးတက်လာခဲ့၏။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်သည့် ကျန်းချန်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ဝမ်ဟန်သည် တုံ့ဆိုင်းမနေဘဲ သူ၏သွေးကို လောင်ကျွမ်းစေသည့် လျှို့ဝှက်နည်းစနစ်အား တိုက်ရိုက်ထုတ်ဖော်ကာ ကျန်းချန်ကို သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့သည်မှာ ထင်ရှားသည်။

"လေဥပဒေသ ဝိညာဥ်သတ်ဖြတ်လက်ချောင်းသိုင်း"

ချက်ချင်းဆိုသလိုပင် ဝမ်ဟန်၏ လက်ချောင်းထိပ်ကနေ ဖျက်ဆီးခြင်း စွမ်းအားလှိုင်းတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

ထိုဖျက်ဆီးခြင်း စွမ်းအားလှိုင်းသည် စိတ်ဝိညာဥ်ကိုပင် ဖြတ်တောက်စေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော လေမုန်တိုင်း တစ်ခုနှယ် ပျံ့နှံ့လာခဲ့၏။

"ဝုန်း.."

ကျန်းချန်၏ ဓားချက်နှင့် ဖျက်ဆီးခြင်း စွမ်းအားတို့သည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခုသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့ပြီး ပေထောင်ချီ အကွာအဝေးရှိ နေရာလွတ်ကိုပင် ထိုအချိန်၌ ပြိုကျသွားစေခဲ့သည်။

ဝမ်ဟန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေရာချီ အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။

ဤအချိန်တွင် ဝမ်ဟန်သည် စွမ်းအား ထက်ဝက်ခန့်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

သူ၏မျက်နှာက ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

သူ၏ အနက်ရောင်ဝတ်ရုံသည်လည်း အဝတ်စုတ်များ အဖြစ် ပြောင်းလဲသွားခဲ့သလို သူ၏ အသက်ရှူသံပင် အလွန်တရာနှေးကွေးနေခဲ့သည်။

"လူငယ်လေး.. ငါ..ငါ..ငါဒီကနေ ထွက်သွားဖို့ ဆန္ဒရှိပါတယ် နတ်လက်နက် တိုက်ပွဲမှာ ငါဝင်မပါ‌တော့ဘူးလို့ ကတိပေးပါတယ်.. ငါ့ရဲ့တန်ဖိုးမရှိတဲ့ အသက်ကိုချမ်းသာပေးဖို့ တောင်းဆိုပါတယ်"

ဝမ်ဟန်က ထိတ်လန့်သွားခဲ့ပြီး ကျန်းချန်ကို ချက်ချင်းပင် အသနားခံလိုက်သည်။

သူ၏ရှေ့မှ ကောင်လေးသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ကျန်းချန်သည် သူ့ကို သေလုနီးပါး ဖြစ်စေခဲ့သည်။

ဤအချိန်တွင် ဝမ်ဟန်သည် မိုးကြိုးဧကရာဇ်နှင့် သဘောတူညီချက်ကို ဂရုမစိုက်နိုင်တော့ပေ။

သူသာ အရှုံးမပေးဘဲ အသနားမခံခဲ့လျှင် ယနေ့ ဤနေရာမှာပင် အမှန်တကယ် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

"ငါမင်းကို အစောကတည်းက အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းက ကံဆိုးစွာနဲ့ပဲ တန်ဖိုးမထားခဲ့ဘူး.. သွားသေလိုက်တော့"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ လက်ချောင်းမှ ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ ဓားစွမ်းအင်သည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်သွားသကဲ့သို့ မျက်စိတစ်မှိတ် အတွင်း ဝမ်ဟန်၏ မျက်ခုံးနှစ်ခုကြား ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

"မသတ်ပါနဲ့"

ဝမ်ဟန်က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သော်လည်း နောက်ထပ် တစ်ခဏမှာပင် သူ၏ မျက်ဝန်းသည် မှောင်အတိ ကျသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဝမ်ဟန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ခေါင်းကနေ ‌ခြေဖျားအထိ လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်မှ ဝိညာဥ်ပင် မလွတ်မြောက်နိုင်ခဲ့ဘဲ ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ဤအချိန်တွင် လဲ့ကျွင်းသည် အင်ပါယာ ရုပ်အလောင်း၏ တိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ပြီး ကျန်းချန်ကို သတ်ဖြတ်ရန် ရောက်လာခဲ့သည်။

သို့ရာတွင် ကျန်းချန်က ဝမ်ဟန်ကို အချိန်တိုအတွင်း ခေါင်းဖြတ်သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားခဲ့သည်။

လဲ့ကျွင်းက အေးစက်စက် မျက်ဝန်းများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်၏။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို ငွေရောင်ဓားရှည်ထဲသို့ သွန်းလောင်းလိုက်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် မိုးကြိုးကဲ့သို့ ဓားအလင်းတန်း တစ်ခုသည် ဘုံကိုးပါးမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ပေထောင်ချီ အကွာအဝေးကို ဖြတ်ကျော်ကာ ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။

"ပျက်စီးစမ်း"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ရေရွတ်လိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သူ၏လက်သီးချက် စွမ်းအားသည် စကြာဝဠာကို ပြောင်းပြန်လည်ပတ်သွားစေသကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

ကျန်းချန်က ကြောက်မက်ဖွယ် အဖျက်စွမ်းအား ကြီးမားသည့် တိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်ရန် ဥပဒေသစွမ်းအား ငါးခုကို ပေါင်းစည်းလိုက်သည်။

ထိုကဲ့သို့ ဥပဒေသစွမ်းအားများ ပါဝင်နေသည့် နယ်မြေငါးခုသည် ပေတစ်ထောင် ပတ်ဝန်းကျင်ရှိ လေထုကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားခဲ့၏။

ထိုစွမ်းအားသည် အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူအများစုကိုပင် ချေမှုန်းပစ်ရန် လုံလောက်၏။

ပြီးပြည့်စုံသော ဥပဒေသစွမ်းအားကို နားလည်ထားသည့် ခြေလှမ်းတစ်ဝက် အင်ပါယာကသာ ထိုစွမ်းအားကို ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

အလွန်စွမ်းအားကြီးသော ငါးရောင်ခြယ် နတ်အလင်းများဖုံးလွှမ်းထားသည့် ပတ်ဝန်းကျင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လဲ့ကျွင်း၏ မိုးကြိုးဓား အလင်းတန်းသည် တစ်ခဏအတွင်းမှာပင် ဘာမှ မကျန်ရှိအောင် ဖျက်ဆီးခံလိုက်ရသည်။

သူ၏ ဓားဥပဒေသစွမ်းအားကို ကျန်းချန်က အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်ကို မြင်လျှင် လဲ့ကျွင်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ထို့နောက်တွင် လဲ့ကျွင်းသည် သူ၏ လက်ထဲမှ ငွေရောင်ဓားရှည်ကို ပေရာချီ ရှည်လျားသည့် ဧရာမဓားတစ်လက် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်၏။

နောက်ထပ် တစ်ခဏမှာပင် လဲ့ကျွင်း၏ ခန္ဓာကိုယ်ထဲကနေ မိုးကြိုးအလင်း ပုံရိပ်တစ်ခုသည် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့ပြီး ပေရာချီ ရှည်လျားသော ဧရာမဓားဖြင့် ပေါင်းစပ်သွားခဲ့သည်။

ကျန်းချန်၏ ကွဲပြားသော ဥပဒေသ အများအပြား၏ ကြောက်မက်ဖွယ်ကောင်းသော ပေါင်းစပ်စွမ်းအားကို ရင်ဆိုင်ရလျှင် လဲ့ကျွင်းသည်လည်း သူ၏ လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံးလိုက်တော့သည်။

"ငါ့ရဲ့ရှေ့မှာ ဝိညာဥ်အထူးပြု လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရဲတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လဲ့ကျွင်းကို လှောင်ပြောင်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ ဧရာမ အနက်ရောင် လေးထောင့်တုံးစည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုစည်းတံဆိပ်ဖြင့် ကျန်းချန်သည် လဲ့ကျွင်း၏ ဧရာမဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် ဧရာမဓားသည် ဓားထိပ်ကနေ ဖန်ခွက်တစ်ခုလို ကွဲအက်သွားခဲ့သည်။

တစ်ပေ၊နှစ်ပေ၊သုံးပေ..

အဆုံးသတ်တွင် ပေရာချီ ရှည်လျားသော ဓားကြီးသည် လေထုထဲမှာပင် ကွဲအက်သွားခဲ့ပြီး ငွေရောင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံတွင် ပြန့်ကျဲသွားခဲ့သည်။

သူ၏ ဧရာမဓားကြီးနှင့် နတ်ဝိညာဥ်တို့က ကျန်းချန်၏စည်းတံဆိပ်တစ်ခုတည်းဖြင့် ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် လဲ့ကျွင်း၏ပုံရိပ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်သည်လည်း ပေထောင်ချီ မြင့်မားသည့် အမြင့်ကနေ ပြုတ်ကျလာခဲ့ပြီး အနီးအနားရှိ တောင်တစ်တောင်ကိုပင် ဝင်ဆောင့်မိသွားခဲ့သည်။

"ဝုန်း.."

ပေထောင်ချီ အမြင့်ရှိသော တောင်သည် ထိုအချိန်တွင် တောင်တစ်ခုလုံး လှုပ်ခါနေခဲ့ပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။

လဲ့ကျွင်း၏ခန္ဓာကိုယ်သည် ထိုတောင်ထဲတွင် ပေတစ်ရာအရွယ်အစားရှိ အပေါက်တစ်ခုကိုပင် ဖန်တီးသွားခဲ့သည်။

သို့သော်လည်း လဲ့ကျွင်းထံတွင် အသက်မရှိတော့ပေ။

မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ လဲ့ကျွင်းသည်လည်း ကျန်းချန်၏ လက်ထဲမှာပင် လုံးဝ ကျဆုံးသွားခဲ့ရသည်။

ကျန်းချန်သည် အချိန်တိုလေး အတွင်းမှာပင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ပစ်လိုက်နိုင်သည်က အမှန်တကယ်ကို ကြောက်စရာ ကောင်းနေခဲ့သည်။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

တစ်ဖက်တွင်လည်း ယဲ့ထျန်းကျီနှင့် တိုက်ခိုက်နေသော မိုးကြိုးဧကရာဇ်၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်၏ ဆန်းကြယ်သော စွမ်းရည်များကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသော်လည်း အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ကမ္ဘာကိုပင် ဆန့်ကျင်နေသော အဆင့်အထိ ရောက်ရှိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤကောင်လေးသည် ငရဲတာအို ကျင့်ကြံသူကို သတ်ခဲ့လျှင်ပင် မိုးကြိုးဧကရာဇ်သည် လက်ခံနိုင်ပါသေး၏။

အဘယ်ကြောင့်ဆိုသော် ငရဲတာအို ကျင့်ကြံသူသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ထိုးဖောက်ခဲ့ခြင်း ဖြစ်၍ ကျန်းချန်၏ ဆန်းကြယ်သောစွမ်းရည်များဖြင့် ဆိုလျှင် ငရဲတာအို ကျင့်ကြံသူသည် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဝမ်ဟန်နှင့် လဲ့ကျွင်းတို့ နှစ်ယောက်လုံးကမူ အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းကပင် ထိုးဖောက်ထားသော ကျင့်ကြံသူများ ဖြစ်ကြသည်။

အထူးသဖြင့် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အကြီးအကဲ ဖြစ်သည့် လဲ့ကျွင်း၏ ခွန်အားသည် သူနှင့်သိပ်မကွာပေ။

ပြောရလျှင် ထိုကောင်လေးသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့် ကျင့်ကြံသူကိုပင် ကြက်သတ်သကဲ့သို့ အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့သည်။

"ဒါက အရမ်းကို မယုံကြည်နိုင်စရာပဲ"

မိုးကြိုးဧကရာဇ်သည် စိတ်ထဲကနေ အလွန်တရာ ကြောက်လန့်နေခဲ့သည်။

ရှားကျန့်နှင့် ချင်ထျန်းကျန့်တို့ကို ဖြေရှင်းလိုက်သည်နှင့် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အမွေအနှစ် လက်နက်ကို အလွယ်တကူ ရနိုင်လိမ့်မည်ဟု မူလက သူထင်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင် မိုးကြိုးဧကရာဇ်သည် ကျန်းချန်ဟူသော ကောင်လေးကို အထင်သေးခဲ့မိမှန်း ကောင်းစွာ သိလိုက်သည်။

ယခုအခါတွင် သူတို့ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ လေးယောက်ထဲတွင် ကျန်းချန်သည် သုံးယောက်ကိုသတ်ဖြတ်လိုက်ပြီ ဖြစ်ရာ နတ်အသွင်းပြောင်း ဒယ်စောက်အိုးအတွက် သူ့အနေဖြင့် ကျန်းချန်တို့နှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ထိုသို့ မိုးကြိုးဧကရာဇ်က စိတ်ပျက်လက်ပျက် ဖြစ်နေသောအချိန်မှာပင် သူ၏ နားထဲကို ပေါ့ပါးသော ရယ်သံတစ်သံက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ဟားဟား မိုးကြိုးဧကရာဇ်.. မင်းက အရာအားလုံးကို ထည့်တွက်ထားပေမဲ့ ဒီလိုရလဒ်မျိုး ဖြစ်ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး မဟုတ်လား"

အခန်း(၁၄၀၉)ပြီး၏။

အခန်း(၁၄၁၀)

မိုးကြိုးဧကရာဇ်၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ ရှားကျန့်နှင့် ချင်ထျန်းကျန့် တို့သည် လေထုထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

"ရှားကျန့် မင်းတို့ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"

မိုးကြိုးဧကရာဇ်က မယုံကြည်နိုင်စွာဖြင့် ရုတ်တရက် မေးလိုက်သည်။

သွေးစည်းတံဆိပ်ကို ဖျက်ဆီးစဥ်တွင် ဝမ်ဟန်အပါအဝင် သူတို့လေးယောက်သည် ရှားကျန့်နှင့် ချင်ထျန်းကျန့်တို့ကို တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် ရှားကျန့်တို့ နှစ်ယောက်သည် ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးသွားခဲ့ကြသည်။

သို့ဆိုလျှင် ထိုနှစ်ယောက်သည် အဘယ်ကြောင့် ဒဏ်ရာမရရှိဘဲ ဤနေရာကို ရောက်လာရပါသနည်း။

"ဟားဟား မိုးကြိုးဧကရာဇ်.. မင်းရဲ့အစီအစဥ်က ဘယ်လောက်ပဲ စေ့စပ်သေချာနေပေမဲ့ ငါ့ရဲ့မျက်လုံးထဲကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ.. မင်းရဲ့အစီအစဥ်ကို ရိပ်မိတဲ့ အတွက် ငါက ဒဏ်ရာအပြင်းအထန် ရသွားသလို ဟန်ဆောင်ခဲ့တာပဲ.. ဘာလဲ မင်းတို့လေးယောက်က ငါတို့နှစ်ယောက်ကို အလွယ်တကူ ထိခိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား"

ရှားကျန့်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်(၂၀၀၀)ကျော်က မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်လာကတည်းကပင် ရှားကျန့်သည် မိုးကြိုးဧကရာဇ်နှင့် မကြာခဏ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးသည်။

ထို့ကြောင့် ရှားကျန့်သည် မိုးကြိုးဧကရာဇ်၏ စရိုက်ကို ကောင်းစွာသိနှင့်ထားခဲ့၏။

သွေးစည်းတံဆိပ်ကို ဖျက်ဆီးပြီးသည်နှင့် မိုးကြိုးဧကရာဇ်သည် သူတို့ကို တိုက်ခိုက်လာလိမ့်မည်ဟု သူက ကြိုတင်ခန့်မှန်းထားခဲ့သည်။

ထို့ကြောင့် ရှားကျန့်သည် ကြိုတင်၍ အစီအစဥ်ဆွဲခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရသွားသလို ဟန်ဆောင်ကာ ချင်ထျန်းကျန့်နှင့်အတူ နောက်ဆုတ်၍ ထွက်ပြေးခဲ့သည်။

သူတို့နှစ်ယောက်က အမှောင်ထဲတွင် စိတ်ရှည်ရှည် နေခဲ့ကြပြီး ကျန်းချန်တို့နှင့် မိုးကြိုးဧကရာဇ်တို့ အင်အားနည်းသွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော်လည်း ယနေ့မြင်တွေ့ရသောအခြေအနေသည် ရှားကျန့်ထင်ထားသည်နှင့် လုံးဝကို ကွဲပြားနေခဲ့သည်။

တကယ်တမ်းတွင် ရှားကျန့်သည် မိုးကြိုးဧကရာဇ်ကို နတ်လက်နက်အတွက် တိုက်ပွဲတွင် အကြီးမားဆုံး ပြိုင်ဘက် အဖြစ် အမြဲတစေ သတ်မှတ်ထားခဲ့ပြီး ကျန်းချန်နှင့် ယဲ့ထျန်းကျီကို စိတ်ကူးထဲမှာပင် မထည့်ခဲ့ပေ။

သူ၏ မူလအစီအစဥ်မှာ မိုးကြိုးဧကရာဇ်ကို ကျန်းချန်တို့နှင့်တိုက်ခိုက်ပြီး ခွန်အားများ ကုန်ဆုံးစေရန် ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်မှသာလျှင် သူတို့နှစ်ယောက်က ရှေ့ထွက်ကာ မိုးကြိုးဧကရာဇ်ကို အလွယ်တကူ နှိမ်နင်းလိုက်မည် ဖြစ်၏။

သို့သော်လည်း ရှားကျန့် လုံးဝ မစဥ်းစားမိခဲ့သည်မှာ ကျန်းချန်ဟု ခေါ်သော ကောင်လေးသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခြင်းပင်။

ထိုလူငယ်လေးသည် ကြောက်မက်ဖွယ်စွမ်းရည် ရှိသည့်အပြင် အင်ပါယာတစ်ပိုင်း အဆင့်ကိုပင် ယှဥ်နိုင်သည့် အင်ပါယာရုပ်အလောင်းကိုပင် ပိုင်ဆိုင်ထားခဲ့သည်။

သာမန် အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူများပင် ထိုကောင်လေး၏ ပြိုင်ဘက်မဟုတ်ပေ။

ဆိုရလျှင် ထိုကောင်လေးသည် မိုးကြိုးဧကရာဇ်၏ နောက်လိုက်ဖြစ်သည့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်ကို အလွယ်တကူပင် တစ်ခဏအတွင်း သတ်ဖြတ်ပစ်လိုက်၏။

ထိုအချိန်တွင် ကျန်းချန်သည် ရုတ်တရက် ပေါ်ထွက်လာသည့် ရှားကျန့်တို့ နှစ်ယောက်ကို ကြည့်ကာ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

ထိုအဘိုးအိုနှစ်ယောက်ကို မြင်သည်နှင့် ကျန်းချန်သည် မိုးကြိုးဧကရာဇ်၏ အစီအစဥ်က အလုပ်မဖြစ်ခဲ့မှန်း နားလည်သွားခဲ့သည်။

ထိုအဘိုးအိုနှစ်ယောက်သည် သူတို့ အားနည်းသွားသောအချိန်တွင် အခွင့်အရေးယူရန် စောင့်ဆိုင်းနေသည်မှာ ရှင်းလင်းနေသည် မဟုတ်ပါလော။

ကျန်းချန်သည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို လွန်ခဲ့သော လဝက်မှသာ ထိုးဖောက်ခဲ့ရသော်လည်း အင်ပါယာယွင် နတ်သစ်သီးနှင့် အင်ပါယာယွင်နတ်သစ်ပင်၏ အကူအညီဖြင့် ဥပဒေသငါးခု၏ စွမ်းအားများကို ကျွမ်းကျင်ခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများထက် များစွာ ကျော်လွန်သွားခဲ့သည်။

အစပိုင်းတွင် ကျန်းချန်သည် တောင်၏ အပြင်ဘက်တွင် မတိုက်ခိုက်ရန် ရွေးချယ်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် တိုက်ပွဲ ဖြစ်ပွားလျှင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ပါးက တစ်ချိန်တည်းတွင် ပူးပေါင်း တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်၏။

သို့သော်ယခုအခါတွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်ထဲမှ သုံးယောက်ကို သူကသတ်ဖြတ်လိုက်ချေပြီ။

ထို့ကြောင့် ရှားကျန့်တို့ နှစ်ယောက်က မိုးကြိုးဧကရာဇ်နှင့်ပူးပေါင်းသွားခဲ့လျှင်ပင် ကျန်းချန်သည် ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။

ရှားကျန့်တို့၏ လှည့်ဖျားခံလိုက်ရသည်ကို သိလျှင် မိုးကြိုးဧကရာဇ်၏ မျက်နှာအမူအရာသည် အကျည်းတန်သွားခဲ့သည်။

သာမန် နေ့ရက်များတွင်ဆိုလျှင် မိုးကြိုးဧကရာဇ်သည် ထိုကဲ့သို့ လှည့်စားခံရပါက ဒေါသအပြင်းအထန် ထွက်နေလိမ့်မည် ဖြစ်၏။

သို့သော်လည်း ဤအချိန်တွင် ရှားကျန့်တို့နှစ်ဦး ပေါ်ထွက်လာမှုသည် မိုးကြိုးဧကရာဇ် အတွက် မကောင်းသော ကိစ္စတစ်ခုမဟုတ်‌ပေ။

သူက ယခုအခါတွင် တစ်ယောက်တည်း ဖြစ်နေခဲ့ပြီး ရှားကျန့်တို့နှစ်ယောက်သာ မပေါ်ထွက်လာခဲ့လျှင် ကျန်းချန်တို့ ဆီကနေ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရယူနိုင်မည့်အခွင့်အရေး မရှိတော့ချေ။

လက်ရှိအချိန်တွင် ရှားကျန့်တို့နှင့် ပူးပေါင်းလိုက်ပါက သူ့အတွက် အခွင့်အရေး ရှိနေနိုင်သေး၏။

"ရှားကျန့်.. ဒီနတ်အသွင်ပြောင်း ဒယ်စောက်အိုးမှာ ငါတို့မိုးကြိုးနတ်ဘုရားဂိုဏ်းက ဘိုးဘေးတွေရဲ့ တားမြစ်အစီအရင်တစ်ခုရှိတယ်.. ငါကလွဲရင် ဒီကမ္ဘာမှာ ဘယ်သူမှ အဲဒီတားမြစ်အစီအရင်ကို ဖွင့်လို့ရမှာမဟုတ်ဘူး.. ငါတို့တွေ ပူးပေါင်းကြရအောင်.. ငါ နတ်အသွင်ပြောင်းဒယ်စောက်အိုးကို ပြန်လည်ရရှိတာနဲ့ မင်းတို့ကို အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့အတွက် အခမဲ့ အသုံးပြုခွင့်ပေးမယ်လို့ ကတိပေးတယ်"

မိုးကြိုးဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အလွန်တရာ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်ကို ထုတ်ပြောလိုက်သည်။

"မင်းရဲ့ကမ်းလှမ်းချက်က မဆိုးပါဘူး. ဒါပေမဲ့ ငါတို့က မင်းကိုမယုံနိုင်ဘူး"

ရှားကျန့်က ပြုံး၍ ပြောလိုက်သည်။

"ဒီလိုလုပ်ပါလား မင်း ငါတို့ကို ဝိညာဥ်စာချုပ် ချုပ်ပေးမယ်ဆိုရင်တော့ ငါတို့ မင်းရဲ့ စကားကို ယုံကြည်ပေးမယ်"

ရှားကျန့်တို့ နှစ်ယောက်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုးအတွက် တိုက်ခိုက်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်ရန်သာ ဖြစ်သည်။

ထို့ကြောင့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို အပိုင် ထိန်းသိမ်းထားရန်လည်း စိတ်မဝင်စားခဲ့ချေ။

ယင်းအပြင် ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးတွင် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အစွမ်းထက်ကျင့်ကြံသူ စီရင်ထားသည့် တားမြစ်အစီအရင်တစ်ခု ရှိနေခဲ့သည်။

မိုးကြိုးဧကရာဇ်သာ တားမြစ်အစီအရင်ကို မဖျက်ဆီးပေးလျှင် သူ့အနေဖြင့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရလျှင်ပင် မည်သို့မျှ အသုံးဝင်မည် မဟုတ်ပေ။

ထို့ကြောင့် မိုးကြိုးဧကရာဇ်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို အသုံးပြုခွင့်ပေးဖို့ အာမခံပေးသရွေ့ မိုးကြိုးဧကရာဇ်နှင့် ပူးပေါင်းခြင်းသည် နှစ်ဦးနှစ်ဖက် အတွက် အကျိုးရှိသော ပူးပေါင်းမှု ဖြစ်မည်မှာ သေချာသလောက်ပင်။

"ဒီလောက်က ပြဿနာမရှိပါဘူး"

မိုးကြိုးဧကရာဇ်က သူ၏ သွားများကို အံကြိတ်လိုက်ပြီး အဆုံးသတ်တွင် ရှားကျန့်၏ တောင်းဆိုမှုကို သဘောတူညီလိုက်သည်။

သူက မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အမွေအနှစ် နတ်လက်နက်ကို အလွန် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသည်။

ထို့ကြောင့် မည်မျှပင် ပေးဆပ်ရပါစေ၊ နတ်အသွင်ပြောင်းဒယ်စောက်အိုးကို မိုးကြိုးနတ်ဘုရားဂိုဏ်း ဆီသို့ ပြန်လည်ယူဆောင်သွားရလိမ့်မည် ဖြစ်၏။

မိုးကြိုးဧကရာဇ်က သူတို့၏‌ တောင်းဆိုမှုကို သဘောတူလိုက်သည်ကို မြင်လျှင် ရှားကျန့်သည် တစ်ဖက်မှ ကျန်းချန်ကို ကြည့်လိုက်သည်။

"ကျန်းချန်.. နတ်အသွင်ပြောင်း ဒယ်စောက်အိုးက မူလကတည်းက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်ရတနာတစ်ပါးပဲ.. နတ်အသွင်ပြောင်း ဒယ်စောက်အိုးမှာ မိုးကြိုးနတ်ဘုရားဂိုဏ်းက အစွမ်းထက် ကျင့်ကြံသူရဲ့ တားမြစ်အစီအရင်လည်း ရှိတယ် အကယ်၍ မင်းရခဲ့ရင်တောင် မင်းအတွက် ဘာမှအသုံးဝင်မှာမဟုတ်ဘူး.. မိုးကြိုးဧကရာဇ်ကိုပဲ မိုးကြိုးနတ်ဘုရားဂိုဏ်းဆီ ပြန်လည် ယူဆောင်သွားခွင့်ပေးလိုက်ရင်ရော မင်းဘယ်လိုသဘောရလဲ.. မင်းသဘောတူမယ်ဆိုရင် နတ်အသွင်ပြောင်းဒယ်စောက်အိုးကို အသုံးပြုခွင့်ပေးဖို့ အတွက် မိုးကြိုးဧကရာဇ်ကို ဝိညာဥ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းဖို့ ငါတောင်းဆိုပေးမယ်"

ရှားကျန့်သည် အစောပိုင်းက ကျန်းချန်၏ တိုက်ပွဲများကို မြင်တွေ့ခဲ့ရသည်။

ဥပဒေသ၏ စွမ်းအားအများအပြားကို ကျွမ်းကျင်ထားသည့်အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်သည့် သူ့အရှေ့မှ လူငယ်လေးကို ရှားကျန့်သည်ပင် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

ထို့အပြင် ထိုကောင်လေး၏ ဘေးတွင် တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်သည့် ယဲ့ထျန်းကျီလည်း ရှိနေသေး၏။

အင်ပါယာရုပ်အလောင်းကိုပါ ထည့်တွက်လိုက်လျှင် သူတို့ သုံးယောက်ထံ၌ ကျန်းချန်တို့ထက် မည်သည့် အားသာချက်မှမရှိတော့ပေ။

ရွေးချယ်စရာ ရှိသေးသရွေ့ ရှားကျန့်သည် ကျန်းချန်နှင့် မတိုက်ခိုက်ချင်ခဲ့ပေ။

"ရှားကျန့်.. မင်းက မိုးကြိုးဧကရာဇ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတယ်လား"

ကျန်းချန်က ရှားကျန့်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် လျှို့ဝှက်နယ်မြေရှစ်ခုက ဘိုးဘေးတွေဖြစ်လို့ မင်းတို့ကို ငါဘာမှမလုပ်ချင်ဘူး.. မင်းတို့ အခုထွက်သွားမယ် ဆိုရင် အချိန်မီသေးတယ်"

ထိုစကားကို ကြားလျှင် ရှားကျန့်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"မင်းဘယ်သူလဲ"

"ငါဘယ်သူလဲ ဆိုတာ မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကနေ ထွက်သွားတဲ့အခါ မင်းသိလာလိမ့်မယ်"

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

"ငါမင်းတို့နဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောချင်ဘူး.. မင်းတို့မသေချင်ဘူးဆိုရင် မိုးကြိုးဧကရာဇ်နဲ့ မပူးပေါင်းတာ အကောင်းဆုံးပဲ"

"ဟမ့် တော်တော်လေလုံးထွားတဲ့ ကောင်လေးပဲ.. ငါချင်ထျန်းကျန့်ရဲ့ ရှေ့မှာ မင်းဘယ်လောက်ထိ မာနထောင်လွှားရဲမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ချင်ထျန်းကျန့်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ကျန်းချန်ကို စတင် တိုက်ခိုက်လိုက်သည်။

သူက မည်သည့် မှော်စွမ်းအားကိုမှ အသုံးမပြုခဲ့သလို မည်သည့် လက်နက်ကိုမှလည်း အသုံးမပြုခဲ့ဘဲ ရိုးရှင်းသောလက်ဝါးရိုက်ချက် တစ်ချက်ကိုသာ ထုတ်ဖော်လိုက်၏။

တစ်ခဏအတွင်းမှာပင် ပေထောင်ချီနေရာလွတ်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် လှုပ်ရှားလာခဲ့ပြီး ချက်ချင်းဆိုသလို ဧရာမအဖြူရောင် ဓားရှည်တစ်လက် အဖြစ် စုစည်းသွားခဲ့သည်။

ချင်ထျန်းကျန့်သည် အသက်စွမ်းအင်ကို အနည်းငယ်မျှပင် အသုံးမပြုခဲ့ဘဲ ဧရာမ ဓားရှည်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

သူ၏ဓားချက်သည် ဓားအင်မော်တယ်က ကမ္ဘာကြီးကို ရောက်ရှိလာပြီး ကောင်းကင်နှင့် မြေကြီးကို အပိုင်းပိုင်းပြတ်သွားအောင် လုပ်ဆောင်လိုက်သကဲ့သို့ပင် အစွမ်းထက်နေခဲ့သည်။

"အစွမ်းထက်လိုက်တဲ့ ဓားဥပဒေသ စွမ်းအားပါလား"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ချင်ထျန်းကျန့်၏ ဓားဥပဒေသအပေါ် နားလည်မှုသည် အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ချင်ထျန်းကျန့်သည် ဓားဥပဒေသကို အပြည့်အဝကျွမ်းကျင်ပြီး ခြေလှမ်းတစ်ဝက် အင်ပါယာဖြစ်ရန် မဝေးတော့ပေ။

ကျန်းချန်က အနည်းငယ် အံ့သြသွားသော်လည်း ချင်ထျန်းကျန့်ကို မကြောက်ရွံ့ခဲ့ချေ။

ချက်ချင်းဆိုသလိုပင် သူက ဥပဒေသ၏ စွမ်းအားများကို စုစည်းလိုက်ပြီး ငါးရောင်ခြယ်စွမ်းအင်များ တောက်ပနေသည့် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။

အခန်း(၁၄၁၀)ပြီး၏။

All Chapters