A Person Who Is Not Important (1)
Vol. 8 Ch. 116
လုလီ ဤမျှစေ့စပ်စွာ ပြင်ဆင်ထားလိမ့်မည်ဟု ချီချန်းရန် မမျှော်လင့်ထားခဲ့ပေ။ သူ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး တံခါးကို ခေါက်လိုက်သည်။
“လုလီရေ…အားလီ…လီလီ ၊ ကိုယ့်ကို တံခါးဖွင့်ပေးပါဦး” အထဲမှ တုံ့ပြန်လာခြင်းမရှိပေ။
ချီချန်ရန်း ဖုန်းကိုထုတ်လိုက်၏။ လုလီသည် ချောင်ကျာယိနှင့် WeChat ထဲတွင် ချီချန်းရန်အကြောင်း အပြစ်တင် ပြောဆိုပြီးနောက် အိပ်ရန်ပြင်လိုက်စဉ် ဖုန်းသံမြည်လာသည်။ သူမ ဖုန်းခေါ်ဆိုသူနာမည်ကို ကြည့်ပြီး ‘reject’ ကို နှိပ်လိုက်သည်။ နှစ်စက္ကန့်အကြာတွင် ဖုန်းထပ်မြည်လာသည်။
လုလီသည် ဖုန်းဖန်သားပြင်ပေါ်ရှိ ‘Dear Husband’ ဟူသော စာသားကို စိုက်ကြည့်နေလိုက်သည်။
သူ WeChat ထဲတွင် ထိုနာမည်ကို ပြောင်းထားပြီး ဖြစ်သော်လည်း ဖုန်း contact List မှ နာမည်အား ပြောင်းလဲထားခြင်းမရှိပဲ ယခုအချိန်ထိ ထိုအတိုင်းရှိနေသည်။ လုလီ အေးစက်စွာဖြင့် အသက်ကို ပြင်းပြင်းရှုထုတ်လိုက်သည်။ ဤကဲ့သို့သော ခင်ပွန်းကို မတပ်မက်သောသူ မည်သူရှိမည်နည်း?
ပိုင်ရှန့်ယင်အပေါ် သူ့ခံစားချက်များ မရှိတော့သည့်တိုင်အောင် ထိုအမျိုးသမီးသည် သူမအား ဘာမှမဖြစ်သလို နှုတ်ဆက်နေခဲ့ခြင်းဖြစ်သည်။
ဟား...ဟား...! အားလုံး အတုအယောင်တွေပဲ...
သူမသည် မှတ်ထားသော ‘Dear Husband’ နာမည်မှ ‘A Person Who Is Not Important’ အဖြစ်သို့ ပြောင်းလဲခဲ့သည်။ နာမည်ပြောင်းပြီးနောက် ဆက်တိုက်မြည်နေသည့်ဖုန်းကို ပိတ်ပစ်လိုက်သည်။ သို့မှသာ နားငြီးသက်သာသွားသည်။
သူမ ဖုန်းပိတ်လိုက်သော်လည်း အပြင်ဘက်တွင် တံခါးခေါက်သံများ ဆက်တိုက် မြည်နေဆဲဖြစ်သောကြောင့် သူမခေါင်းကို ခေါင်းအုံးဖြင့် အုပ်ထားလိုက်သည်။
လုလီသည် ချီချန်းရန်မရှိလည်း အိပ်ပျော်နိုင်သည်ဟု ကိုယ့်ကိုကိုယ် သတိပေးနေခဲ့သည်။ သူမသည် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်ဖြစ်ရာ နှလုံးသားအရေး၌လည်း စဉ်းစားတွေးခေါ်နိုင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အား တစ်စုံတစ်ယောက်မှ ပွေ့ဖက်ပေးခြင်း မရှိသည်နှင့် အိပ်မပျော်သည့် ကလေးတစ်ယောက်ကဲ့သို့ မဖြစ်စေရပေ။
ညသန်းခေါင်အချိန်သို့ ရောက်လာသည်။
သူမ အိပ်ပျော်ရန် အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် အိပ်မောကျသွားသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးနောက် မကြာသေးမီက မက်လေ့ရှိသည့် ထူးဆန်း သောအိပ်မက်များ မမက်တော့ပေ။ ဤသည်မှာ တစ်စုံတစ်ခု မှားယွင်းနေသလို ဖြစ်နေသည်။
လုလီ နောက်တစ်နေ့တွင် စောစောနိုးလာခဲ့သည်။
ချီချန်းရန် မပါဘဲ တစ်ယောက်တည်း အိပ်နိုင်ခဲ့သည့်အတွက် ကိုယ့်ကိုကိုယ် ကျေနပ်နေမိသည်။ ထို့နောက် သူမ အိပ်ရာထပြီး တံခါးဖွင့်လိုက်သောအခါ တံခါး အပြင်ဘက်တွင် ရပ်နေသော ချီချန်းရန်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။
လုလီ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး “ရှင်…”
လုလီသည် အစက ချီချန်းရန်အား အခန်းရှေ့တွင် တစ်ညလုံးစောင့်နေခဲ့သလားဟု မေးရန် ပြင်လိုက်သော်လည်း သူ့မျက်နှာ သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့ရသဖြင့် မနက်စောစောထကာ တံခါးအပြင်ဘက်တွင် စောင့်နေခဲ့ဟန်ရှိသည်ကို လုလီ သတိထားမိလိုက်သည်။
လုလီ မျက်မှောင်ကြုတ်ပြီး အေးဆေးစွာ မေးလိုက်သည် - “ ရှင် ဒီမှာ ဘာလုပ်နေတာလဲ?"
ချီချန်းရန် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး "ကိုယ့်ကို စိတ်မဆိုးပါနဲ့”
လုလီသည် သူမလက်အား ဆုပ်ကိုင်ထားသော ချီချန်းရန်လက်ကို ငုံ့ကြည့်ကာ သူမလက်ကို ဆွဲထုတ်လိုက်ပြီး
"ကျွန်မ စိတ်ဆိုးနေတယ်လို့ ဘယ်သူပြောလဲ?"
သူမ ခေါင်းကို မော့ကာ ပြောလိုက်သည်။ -“ကျွန်မ စိတ်ဆိုးနေတာ မဟုတ်ပါဘူး၊ ကျွန်မ တစ်ညလုံး သေချာစဉ်းစားပြီး ရှင့်ကို အခွင့်အရေး မယူတော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ ရှင့်ကို ပွေ့ဖက်တာတို့ ၊ နမ်းတာတို့ မလုပ်တော့ဘူး၊ ရှင် ချက်ပေးတဲ့ အသားလုံးတွေလည်း မစားတော့ဘူး၊ ရှင်လည်း အခုချိန်ကစပြီး ကျွန်မဆီက ချီးကျူးစကားတွေ နားထောင်ရဖို့ မကြိုးစားနဲ့၊ ရှင် ကြားချင်တဲ့ စကားတွေ အတင်းအကြပ် ပြောခိုင်းတာမျိုးလည်း လုံးဝမလုပ်ပါနဲ့”
"အခုအားလုံးပြီးသွားပြီ။ ကျွန်မလည်း ပြန်ကောင်းသွားပြီဆိုတော့ နှစ်ယောက်လုံး အရင်လိုပဲ ပြန်နေသွားကြရအောင်" ချီချန်းရန် တုန်လှုပ်သွားသည်။
လုလီသည် သူမ၏ ပြတ်သားသော ဆုံးဖြတ်ချက်များကို ရှည်လျားစွာ ပြောပြီးနောက် မျက်နှာသစ်ဖို့အတွက် ထွက်ခွာရန်ပြင်လိုက်သည်။ ချီချန်းရန် ရုတ်တရက် သူမကို အနောက်ကနေ လှမ်းဆွဲလိုက်သည်။
ချီချန်းရန် သူမ နောက်မှနေ၍ အေးဆေးစွာပြောလာသည်။
"ကိုယ် တောင်းပန်ပါတယ်"
လုလီ အံ့အားသင့်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
"ချီချန်းရန်၊ ကျွန်မကိုလွှတ်ပါ! သွားခွင့်ပြုပါ!"
ယောက်ျားတိုင်းသည် စက်ဆုပ်ဖွယ်ကောင်းသော ခွေးများသာ ဖြစ်သည်။ ယခု သူ့အား ပွေ့ဖက်ခြင်းမပြုတော့ဟု ပြောလိုက်သည်နှင့် ရုတ်တရက် သူမလက်ကို ဆွဲထားပြီး ပြန်မလွှတ်ပေးတော့ချေ။
ချီချန်းရန်သည် သူမစကားကို နားထောင်ပြီး ထပ်ပြောလာသည်။
“ကိုယ့်ကို လောင်ကုန်းလို့ခေါ်ပါဦး”
"ဟင်?" လုလီ ရုန်းကန်နေရာမှ ခဏရပ်လိုက်သည်။
ချီချန်းရန် ထပ်ပြောလာသည်။ “ကိုယ့်ကို လောင်ကုန်းလို့ ခေါ်ပါဦးလို့…”
လုလီသည် ရုတ်တရက် သူအရက်မူးနေသည့် ညကို သတိရသွားသည်။ ထိုညက သူမအား အလွန်ကြမ်းတမ်းစွာဆက်ဆံခဲ့ပြီး လောင်ကုန်းဟု ခေါ်ခိုင်းခဲ့သေးသည်။
သူမသည် အရက်မူးနေသော သူ့အား ဆိုဖာမှ အိပ်ခန်းထဲသို့ ရောက်အောင် ကူညီပေးခဲ့ပြီး သူ၏အသိစိတ်တို့ကြည်လင်အောင် ပြုလုပ်ပေးကာ သူ့အား စောင့်ရှောက်ပေးခဲ့သည်။
ချီချန်းရန်သည် လုလီ၏ လက်သီးဆုပ်များကို ဆုပ်ကိုင်လိုက်ပြီး ခြေထောက်အား ချုပ်နှောင်ကာ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် လုလီနှင့် အနီးကပ်အနေထားတွင်ရှိနေကာ သူ့ခြေထောက်ကြားထဲတွင်ရပ်နေခြင်းပင်။