← Chapters

First Love (2)

Vol. 8 Ch. 127

First Love (2)

Vol. 8 Ch. 127

ချီချန်းရန် မီးဖိုချောင်ထဲ၌ အသားလုံးများ ပြုလုပ်နေဆဲဖြစ်ပြီး ဧည့်ခန်းဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေသည်။ တီဗီတွင် နောက်ဆုံးရသတင်းများပြသလျက်ရှိပြီး လုလီသည် ဆိုဖာပေါ်တွင် တင်ပျဥ်ခွေထိုင်လျက် ခေါင်းအုံးကို ပွေ့ဖက်ထားပြီး မည်သည့်အရာကို တွေးနေမှန်းမသိ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်သော အပြုံးတစ်ခုပေါ်နေသည်။

"ဘာတွေ သဘောကျနေတာလဲ ?"

ချီချန်းရန် ရုတ်တရက်ရောက်လာပြီး မေးလိုက်သည်။

“အမ်...”

လုလီ ကြောင်သွားပြီး လှည့်ကြည့်လိုက်ရာ သူမဘေးတွင် ရပ်နေသော အာဏာရှင်သူဌေးကြီးကို မြင်လိုက်ရပြီး နှစ်ယောက်သား မျက်နှာချင်းထိကပ်သွားကာ နမ်းမိလုနီးပါးဖြစ်သွားသည်။

"ဘာ...ဘာမှ မဟုတ်ပါဘူး သူမ ခါးကို တည့်တည့်မတ်မတ် ထားလိုက်ပြီး ပေါင်ပေါ်မှ ခေါင်းအုံးကို အောက်ပြန်ချလိုက်သည်။

ချီချန်းရန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုအပြုံးသည် သူနှင့်ဆက်စပ်နိုင်သည်ဟု တွေးကာ ထပ်မေးလိုက်သည်။

“တကယ် ဘာမှမဟုတ်ဘူးလား?"

လုလီ စိတ်ထဲတွင် မလုံမလဲဖြစ်သွားပြီး -“အွန်း”

တော်သေးသည်မှာ ချီချန်းရန်ကဲ့သို့သော ခေတ်နောက်ကျသူသည် ထိုအရာများကို နားမလည်နိုင်သလို ရှုပ်ထွေးသော အဝါရောင်စာများကိုလည်း ဖတ်ဖူးလောက်မည် မထင်ပေ။

နှစ်ယောက်သား ညစာ အတူတူ စားလိုက်ကြသည်။ အိမ်အကူသည် စားဖိုမှူးလက်မှတ်ရထားသော်လည်း လုလီသည် ချီချန်းရန်၏ ချက်ပြုတ်မှုကို ပိုနှစ်သက်သည်။

ချီချန်းရန် အသားလုံးတစ်လုံး ယူပြီး လုလီပန်းကန်ထဲ ထည့်ပေးလိုက်သည်။ လုလီ အသားလုံးများကိုကြည့်ရင်း ရုတ်တ ရက် မေးလိုက်သည် -

"ချီချန်းရန်၊ ရှင့် ကုမ္ပဏီ ရုတ်တရက်ဒေဝါလီခံပြီး ဘာမှမကျန်တော့ရင် ကျွန်မ ရှင့်ဘေးမှာဆက်ရှိနေဦးမယ်လို့ ရှင်ထင်လား ?”

လုလီ၏မေးခွန်းကြောင့် ချီချန်းရန် ပန်ကန်းကိုင်ထားသော လက်မှာ ရပ်တန့်သွားပြီး သူ့ အားကြည့်လာ၏။

ထို့နောက် သူ ပြုံးပြီး ဖြေလိုက်သည် - "မထင်ဘူး"

လူလီ သူ့အား စူးစိုက်ကြည့်ရင်း - “အော် ရှင့်စိတ်ထဲမှာ ကျွန်မကို အဲ့လိုထင်တယ်ပေါ့လေ ဟုတ်လား"

ချီချန်းရန် : "ဘာလို့လဲဆိုတော့ မင်းကို ကိုယ်နဲ့အတူ ဒုက္ခမရောက်စေချင်လို့" လုလီ နှလုံးသားနွေးထွေးသွားပြီး စိတ်ထဲ ရှုပ်ထွေးသွားခဲ့သည်။

"ဒါပေမယ့် ကျွန်မ ရှင်နဲ့အတူ ရှိနေမှာပါ!"

"ဒါကို ဒုက္ခလို့ဘယ်ပြောလို့ရမလဲ ? အသီးအရွက်စားရလည်း ချိုမြိန်တာပဲလေ မဟုတ်ဘူးလား ?"

"ရှင်က အသားလုံးကောင်းကောင်းလုပ်တတ်တော့ စားသောက်ဆိုင်ဖွင်လို့ရတယ်၊ ကျွန်မက ရှင့်ကို ဝိုင်းကူပေးမယ်၊ နာမည်ကိုတော့ husband and wife စားသောက်ဆိုင်လို့ ပေး လိုက်မယ်။"

ချီချန်းရန်သည် သူမ၏ရိုးရှင်းသော စိတ်ကူးများကို နားထောင်ရင်း သူ့ မျက်လုံးများကိုကြည့်လိုက်သည်။ ချီချန်းရန် ရုတ်တ ရက် သူချစ်ရသည့်မိန်းကလေး ပြန်‌ရောက်လာသလိုခံစားရသည်။ ယခင်က မတော်တဆမှုကြောင့် ထိုသို့ဖြစ်ခဲ့သော် လည်း ယခုမူ ပုံမှန်အတိုင်းဖြစ်နေပြီဖြစ်သည်။

"အင်း...ကောင်းသားပဲ...ဆိုင်နာမည်ကို husband and wife လို့ပဲ မှည့်လိုက်ကြတာပေါ့” ချီချန်းရန်အတွက် ထိုနာမည်မှာ သင့်တော်သည်ဟု ခံစားရသည်။ ရိုးရှင်းသော်လည်း ကောင်းမွန်သည်။

…....

မနေ့ညနှင့် ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော လှုပ်ရှားမှုများကြောင့် လုလီတွင် အင်အားများပင် မကျန်တော့ချေ။ ချီချန်းရန် သူမကို အနမ်းပေးပြီး စောင်သေချာခြုံပေးလိုက်သည်။

ချီချန်းရန် ပြုံးကာ မတ်တတ်ရပ်လိုက်ပြီး - "ကိုယ် အလုပ်သွားလုပ် လိုက်ဦးမယ်နော်”

အာဏာရှင်သူဌေးကြီးသည် လက်တွေ့တွင် ဒရာမာဇာတ်လမ်းများကဲ့သို့ မည်သည့်အလုပ်မှ မလုပ်ပဲ ဇာတ်လိုက်အမျိုးသမီးနှင့်သာ အချိန်ကုန်နေသော အမျိုးသားဇာတ်လိုက်နှင့် အနေထားခြင်းမတူကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။ ချီချန်းရန်သည် မွန်းလွဲပိုင်းတွင် အလုပ်နှောင့်နှေးခဲ့သဖြင့် ညနေပိုင်းတွင် စာကြည့်ခန်း၌ အလုပ်လုပ်ရန် လိုအပ်နေသည်။

လုလီ ရေချိုးပြီးနောက် Mask ကပ်ကာ အိပ်ခန်းထဲ ဝင်လာပြီး တီဗီကို ဖွင့်လိုက်သည်။ သူမ တီဗီကို အနေအထား ချိန်ညှိနေစဥ် ရုတ်တရက် ရပ်တန့်သွားသည်။ တီဗီတွင် မွန်းလွဲပိုင်း၌ ကြည့်ရှုခဲ့သော 'I am a Designer' အစီအစဉ်၏ တတိယပိုင်းကို ယနေ့ညတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ လုလီ တီဗီပေါ်တွင် ပိုင်ရှန့်ယင်ကို ထပ်ပြီးမြင်လိုက်ရပြန်သည်။

သူ မည်သည့်အကြောင်းအရာကို ပြောနေမှန်း မသိသော်လည်း မျက်လုံးများ နီရဲနေကာ အနည်းငယ်ပြုံးလျက် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ပါးပြင်ပေါ်က မျက်ရည်များကို လက်ဖြင့် သုတ်နေသည်။ ဘေးတွင် 'နတ်သမီးလေး စိတ်လှုပ်ရှားကာ ငိုကြွေးနေခြင်း” ဟူသော အထူးပြုလုပ်ချက်များ ပါရှိသည်။

လုလီ နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး တီဗီကိုလိုင်းပြောင်းလိုက်သည်။ ထို့နောက် သူ တီဗီကြည့်ရင်း အရေပြားထိန်းသိမ်းမှု အဆင့်ဆင့်ပြီးဆုံးအောင် ပြုလုပ်ပြီးနောက် စာကြည့်ခန်းတံခါးဝသို့ သွားကာ တံခါးဘောင်ကို မှီလျက် ခေါင်းလေးစောင်းကာ ချောင်းကြည့်လိုက်သည်။။

ချီချန်းရန် ခေါင်းမော့ကြည့်လာသည်။

လုလီ အခန်းဘက်ကို ညွှန်ပြရင်း - “မြန်မြန်လုပ်နော်.. ကျွန်မစောင့်နေမယ်”

ချီချန်းရန် ခဏငေးငိုင်သွားပြီးမှ တစ်ခုခုကိုသုံးသပ်မိသွားဟန်တူသည်။

သို့သော် ကိုယ့်ကိုကိုယ်စောင်နှင့်ထုပ်ကာ အိပ်ရာပေါ်တွင် လူးလိမ့်နေသော လုလီအားမြင်ယောင်ရင်း ဤသည်မှာ သူနှင့်ပွေ့ဖက်ချင်ရုံမျှသာဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်မှမပါဟု ချီချန်းရန် တွေးလိုက်သည်။

ချီချန်းရန် : "အင်းပါ"

လုလီ ခုန်ပေါက်ကာ အိပ်ခန်းထဲသို့ပြေးဝင်သွားသည်။

သူမ အိပ်ရာပေါ်တွင် လှဲလိုက်ပြီး Weibo ရှိ သန်းနှင့်ချီသော ပရိသတ်များအား ယနေ့ သူအသုံးပြုခဲ့သော Mask ကိုပြလိုက်သည်။

သူမ Weibo မှာ ပို့စ်တင်ပြီးနောက် hot search သို့ ရောက်သွားသည်။ ယနေ့ညအတွက် ထိပ်ဆုံး ရှာဖွေမှုစာရင်းအား ကြည့်လိုက်ရာ ‘first love’ဟု ပြသထားသည်ကို တွေ့ရသည်။ လုလီ နှုတ်ခမ်းအား တင်းတင်းစေ့ကာ မျက်နှာနီရဲလာသည်။

လုလီ သူငယ်တန်းအရွယ်က ရည်းစားထားခဲ့ဖူးသည်။ သို့ သော် ဤသည်ကို ထည့်မတွက်ရန် ချီချန်းရန်ပြောထားသော် လည်း သူမအတွက်တော့ သူကအချစ်ဦးဖြစ်သည်။ First Love ဟူသည် အနမ်းပေးခြင်း၊ ပွေ့ဖက်ခြင်းအစရှိသည်များ ပထမဆုံးဆိုသောအရာအားလုံး သူနှင့် အစပျိုးခဲ့သည်ကိုတော့ သူသိမည်မထင်ပေ။

လုလီ စိတ်ထဲတွင် ပန်းရောင်ပူဖောင်းများပေါက်ကွဲထွက်သကဲ့ သို့ ချိုမြိန်နေပြီး ထိုရေပန်းစားရှာဖွေမှုကို နှိပ်လိုက်သည်။

သို့သော်...သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

အကြောင်းမှာ ယနေ့ည 'I am a Designer' ၏ တတိယအပိုင်းတွင် 'first love' ခေါင်းစဉ်ဖြင့် အဝတ်အစားဒီဇိုင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ရေပန်းစားသည့် စာရင်းထဲပါဝင်နေခြင်းဖြစ် သည်။

နောက်ဆုံးမှတ်ချက် အပိုင်းတွင် ဒိုင်လူကြီးများသည် မိမိတို့ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ထိုထဲတွင် စိတ်အလှုပ်ရှားဆုံး ဒိုင်လူကြီးမှာ ပိုင်ရှန့်ယင်ဖြစ်သည်။ အထက်တန်းကျောင်းတက်စဥ်က အချစ်ဦးရှိခဲ့ကြောင်းကို ပြောပြခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိပဲ တိတ်တဆိတ် ငိုကြွေးနေခဲ့သည်။

အစီအစဉ်တင်ဆက်သူသည် ၎င်းတို့ အဆက်သွယ်ရှိမရှိ မေးခဲ့သည်။ ပိုင်ရှန့်ယင် သူ့လက်ဖြင့် မျက်ရည်များကိုသုတ်ရင်း “သူ အခု အရမ်း အဆင်ပြေနေပါတယ်” ဟုသာ ပြန်ဖြေခဲ့သည်။

ဈေးကွက်ရှာဖွေရေး အကောင့်များသည် ပိုင်ရှန့်ယင် မျက် ရည်ကျနေသည့် မြင်ကွင်းကိုဖြတ်ညှပ်ကပ်လုပ်ကာ ပြန်လည်ဖြန့်ဝေနေကြသည်။

မှတ်ချက်များ

[ဝိုး...ငါတို့နတ်သမီးလေးက ငိုတာတောင် လှနေတုန်းပဲ...]

[သူ ငိုနေတဲ့အချိန်မှာတောင် အလှတရားက မှေးမှိန်မသွားဘူး]

[ပိုင်ရှန့်ယင် ဆုရခဲ့တဲ့ ပရောဂျက်က သူ့အချစ်ဦးကို ရည်ရွယ်ပြီး ဖန်တီးခဲ့တာတဲ့]

[သူအချစ်ဦးက ဘယ်သူလဲ ? ဒီလောက်လှတဲ့ ကျဲလေးကို ဘယ်လိုစိတ်နဲ့များ စွန့်ပစ်ခဲ့နိုင်တာလဲ?]

[သူ့ကို အချစ်ဦးနဲ့ ပြန်ပြီး အဆင်ပြေစေချင်လိုက်တာ...]

[အဆက်အသွယ်တော့ ရှိ‌သေးတယ်ထင်တယ်၊ သူ့အချစ်ဦးက အဆင်ပြေပြေနဲ့ ရှိနေတယ်လို့ ပြောလိုက်တယ် မဟုတ်လား?]

[ပိုင်ရှန့်ယင်က အချစ်ဦးကို မမေ့နိုင်သေးတဲ့ပုံပဲ]

[ဟေ့...မင်း ဒီရှိုးကိုကြည့်နေလား ? ရှိရင်ထွက်လာခဲ့ ငါတို့ နတ်သမီးလေးကို သတ္တိရှိရှိ ဖွင့်ပြောပါ!]

…...

လုလီ ထိုမှတ်ချက်များ လှန်လောကြည့်နေရင်း ဒေါသထွက်လာပြီး လှဲနေရာမှထထိုင်လိုက်သည်။

ဒီမိန်းမရဲ့ကောက်ကျစ်မှုတွေက အဆုံးမရှိတော့ဘူးပဲ...

All Chapters