Nail Polish (1)
Vol. 8 Ch. 128
လောကကြီးတွင် လူတစ်ချို့သည် လွန်ကဲသောအရာများကို ပေါ်ပေါ်ထင်ထင် မလုပ်ကြသော်လည်း ယင်ကောင်ကဲ့သို့ နားထဲတွင် တစ်ဝီဝီဆူညံနေတတ်ပြီး မောင်းထုတ်လို့လည်း မရသလို ဖမ်းဆီးလို့လည်းမရပေ။
မိမိကိုင်တွယ်ပုံ အားနည်းနေသောကြောင့်လား သို့မဟုတ် ထိုကြာပန်းဖြူကပဲ အကြောက်အလန့်မရှိ သူတို့ကြားဝင်ရောက်နှောင့်ယှက် ချင်နေလေသလားဆိုတာ လုလီဝေခွဲမရပေ။ ထိုမိန်းမအတွက် ဒေါသထွက်ရန် မထိုက်တန်ဟုသာ လုလီ သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။
ချီချန်းရန် အလုပ်များလက်စသတ်ပြီးနောက် အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူ အခန်းထဲ ရောက်လာချိန်တွင် လုလီ မအိပ်သေးဘဲ အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့အား မြင်လိုက်သည်နှင့် သူမ စိတ်အားထက်သန်စွာဖြင့်ကြည့်လာသည်။
ချီချန်းရန်အား မြင်လိုက်သည်နှင့် သူမစိတ်ထဲတွင် ရုတ်တ ရက် မျှော်လင့်ချက်အလင်းရောင်ကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဘာဖြစ်လို့လဲ ?"
ချီချန်းရန် မေးပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ လုလီ ဖုန်းကို ညွှန်ပြလိုက်သည်။
"ဒီမှာ၊ ကြည့်ဦး"
ချီချန်းရန် ဖုန်းကိုယူကာ ကြည့်လိုက်ပြီး လုလီက သူ့ပခုံးပေါ် ခေါင်းမှီထားလိုက်သည်။
ချီချန်းရန် အကြောင်းအရာများကိုဖတ်ရှုပြီးနောက် မျက် မှောင်ကြုတ်လျက် ၊ ငြိမ်သက်နေသော လုလီမျက်နှာကို ကြည့်လိုက်သည်။ ချီချန်းရန် မည်သည်ကို စိုးရိမ်သွားမှန်း လုလီ သိသဖြင့် အရင်ဆုံးပြောလိုက်သည်။
“ကျွန်မ ရှင့်ကို စိတ်မဆိုးပါဘူး”
"ကျွန်မ အကြောင်းအရင်းမရှိပဲ စိတ်ဆိုးတတ်တဲ့သူမဟုတ်ဘူး၊ ဒီမိန်းမကိုက စိတ်အနှောင့်ယှက်ပေးနေတာ၊ ရှင်လည်း စိတ်ရှုပ်နေမှာပဲ”
"ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ကျွန်မတို့ ချစ်ချစ်ခင်ခင် ရှိနေကြပြီပဲ မဟုတ်ဘူးလား ?” ဟု ဆိုကာ သူမ ခေါင်းကိုမော့ကာ သူ့အားကြည့်လိုက်သည်။
ချီချန်းရန် စိတ်သက်သာရာရသွားပြီး လုလီ၏နူးညံသော ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
"အင်း..ဟုတ်တယ်"
…...
ပိုင်ရှန့်ယင်သည် နာမည်ကြီး ဒီဇိုင်နာတစ်ဦးဖြစ်သော်လည်း ဖက်ရှင်အသိုင်းအဝိုင်းတွင်သာ နာမည်ကြီးသူဖြစ်သည်။ သို့သော် 'I am a Designer' ရှိုးနှင့်အတူ ပြည်တွင်းပရိသတ်များ၏ အာရုံစိုက်မှုကို တဖြည်းဖြည်းရရှိလာခဲ့သည်။ တတိယပိုင်းတွင် ရှာဖွေမှုပြင်းထန်လာပြီး များစွာသော အေဂျင်စီများမှ နတ်သမီးတမျှ လှပသော ဒီဇိုင်နာကိုအာရုံစိုက်လာကြသည်။
ထို့နောက်တွင် သူ့နောက်ကြောင်းများ တူးဖော်ခံခဲ့ရပြီး ဤမျှ လှပပြီး ထူးချွန်သော ဒီဇိုင်နာသည် မိဘမဲ့ဂေဟာမှဆင်းသက်လာကြောင်းရှာတွေ့သွားကြသည်။ သူသည် ဒီဇိုင်းဆွဲခြင်းကို ဝါသနာပါပြီး ကိုယ့်အားကိုယ်ကိုးကာ ကျောင်းတက်ခဲ့ရသည်။သူ့အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် အချိန် ပိုင်းအလုပ်နှင့် ပညာသင်ဆုများမှရရှိသောငွေများဖြင့် အမေရိကန်သို့ ပညာသင်ကြားရန် သွားရောက်ခဲ့သည်။ နောက်ဆုံးတွင် ဂုဏ်ထူးမှတ်ဖြင့်ဘွဲ့ရခဲ့ကာ ဖက်ရှင်လောကတွင် တောက်ပ သော ကြယ်ပွင့်တစ်ပွင့်ဖြစ်လာခဲ့သည်။
မြင့်မားသော အလုပ်အကိုင်၊ စိတ်ဓာတ်ခွန်အား ဖြစ်စေသော ဘဝနောက်ခံ၊ ချောမောလှပသော အသွင်အပြင်၊ထူးချွန်ပြီး လွတ်လပ်သော ကိုယ်ရည်ကိုယ်သွေးနှင့် လျှို့ဝှက်ဆန်းကြယ်သောအချစ်ဦး ထိုအကြောင်းအရာများကြောင့် ပိုင်ရှန့်ယင်အား စိတ်ဝင်စားမှု မြင့်သထက်မြင့်တက်လာခဲ့ပြီး သတင်းမီဒီယာအကောင့်အမျိုးမျိုးမှ အကျယ်တဝင့် ဖော်ပြလာကြသည်။ ပရိသတ်တိုးတက်မှုနှုန်းသည်လည်းအလွန်လျင်မြန်ပြီး ဒုတိယအဆင့်ကြယ်ပွင့်အချို့နှင့်ပင် အမီလိုက်လာနိုင်ခဲ့သည်။
ပရိတ်သတ် တော်တော်များများသည် သူ့အချစ်ဦးကို သိချင်နေကြပြီး Weibo တွင် မေးမြန်းနေကြသည်။ ထို့အပြင် အချစ် ဦးနှင့် ပြန်လည် အဆင်ပြေရန်အတွက်လည်း တိုက်တွန်းပြော ဆိုနေကြသည်။
တချို့မဂ္ဂဇင်းများမှ သူ့အား တွေ့ဆုံမေးမြန်းရန် ဖိတ်ကြားလာခဲ့သည်။
စတူဒီယိုတွင် ပိုင်ရှန့်ယင်သည် အဖြူရောင်ပိတ်ကားရှေ့၌ ဆံပင်မှုတ်စက်ကို အနည်းငယ်မြှောက်ကာ ဂီတစည်းချက်နှင့်အညီ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ လှုပ်ရှားနေသည်။ သူမ အသွင်အပြင်သည် မော်ဒယ်တစ်ဦး၏ အရည်အသွေးနှင့်ပင် မတိမ်းမယိမ်းဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ် "YING' စတင် တည်ထောင်စဉ်က သူမသည် Ready- to- wear ထုတ်ကုန်များ၏ အဓိကမော်ဒယ်ဖြစ်ခဲ့ပြီး အလုပ်များစွာကို လွယ်ကူချောမွေ့စေခဲ့သည်။
နောက်ဆုံးဓာတ်ပုံ ရိုက်ကူးပြီးနောက် လက်ထောက်မှ ရေဘူး ကမ်းပေးလာသည်။ ပိုင်ရှန့်ယင် အနည်းငယ် မော့သောက်လိုက်ပြီး မော်နီတာရှေ့တွင် ရပ်ကာ ယနေ့ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်ရှုပြီး အဆင်ပြေကြောင်း ဓာတ်ပုံဆရာကို ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
"အားလုံးပဲ အလုပ်ကြိုးစားခဲ့ကြတယ်" စတူဒီယိုရှိ အဖွဲ့ဝင်များ အလုပ်ပြီးဆုံးသွားကြသည်။
ပိုင်ရှန့်ယင် အဝတ်လဲခန်းထဲသို့ဝင်သွားပြီး ပြန်ထွက်လာသော အခါ လက်ထောက်မှ သူ့နားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ရှန့်ယင် မင်းသွားမှာလား?"
ပိုင်ရှန့်ယင် နှုတ်ခမ်းထောင့်များကွေးညွှတ်သွားပြီး "ဘာလို့ မသွားရမှာလဲ?"
သူ့အား ချိန်းဆိုထားသည့်နေရာမှာ ကော်ဖီဆိုင်တစ်ခုတွင်ဖြစ်သည်။
သူရောက်ရှိချိန်တွင် စားပွဲထိုးမှ သီးသန့်အခန်းတစ်ခုဆီ ခေါ်ဆောင်သွားပြီး ကော်ဖီတစ်ခွက်အရင်ချပေးလာသည်။
ပိုင်ရှန့်ယင် ရောက်ရှိနေပြီဖြစ်သော်လည်း ချိန်းဆိုသူကတော့ ရောက်မလာသေးပေ။ ပိုင်ရှန့်ယင်သည် သူ့ ရှေ့ရှိ ကော်ဖီကို ဇွန်းဖြင့်မွှေရင်း ရှေ့မှ ထိုင်ခုံလွတ်ကိုကြည့်ကာ စိတ်ထဲတွင် အတွေးများစွာဝင်ရောက်လာပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ဆယ်မိနစ်အကြာတွင် စားပွဲထိုးမှတစ်စုံတစ်ယောက်အား သီးသန့်ခန်းထဲသို့ လမ်းပြခေါ်ဆောင်လာသည်။ အတွင်းရေးမှူးကျောက်သည် သူမရှေ့တွင် ရပ်လိုက်ပြီး “စိတ်မရှိပါနဲ့ မစ်ပိုင်၊ အကြာကြီးစောင့်လိုက်ရပြီ"
ပိုင်ရှန့်ယင် ခေါင်းမော့လာကာ သူ့ ရှေ့က အမျိုးသားကိုကြည့်ပြီး တစ်စုံတစ်ယောက်ကိုရှာလိုက်သည်။
အတွင်းရေးမှူးကျောက်က သူ့လက်ဆွဲအိတ်ကို ချလိုက်ပြီး “နီဟောင်...မစ်ပိုင် မတွေ့ကြာပြီနော်၊ ကျွန်တော်က ဥက္ကဌချီရဲ့ အတွင်းရေးမှူးဖြစ်ပြီး မျိုးရိုးနာမည်က ကျောက်ပါ”
ပိုင်ရှန့်ယင်သည် အတန်းဖော်ဟောင်း တွေ့ဆုံပွဲသို့သွားရောက်ခဲ့စဥ်က မျက်စိရှေ့မှ အမျိုးသားလည်းရှိနေခဲ့သည်ကို သတိရသွားသည်။
ပိုင်ရှန့်ယင် အတွင်းရေးမှုးကျောက်ကိုမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ချီချန်းရန် ဘယ်မှာလဲ ?"
အတွင်းရေးမှူးကျောက်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ အေးအေးဆေးဆေးပြောလာသည်။
“ဥက္ကဌချီက သူ့မိန်းမနဲ့ အိမ်မှာအချိန်ဖြုန်းနေတယ်၊ သူက အလုပ်အရမ်းများတဲ့ သူဆိုတော့ မစ်ပိုင်နဲ့ တွေ့ဖို့အချိန်မရှိဘူး၊ ဒါကြောင့် ကျွန်တော့်ကို လွှတ်လိုက်တာ”
အတွင်းရေးမှူးကျောက်သည် ဥက္ကဌ၏နာမည်ကို လက်လွတ်စ ပယ်တိုက်ရိုက်ခေါ်ဆိုခြင်းမပြုရန် ထိုအမျိုးသမီးအား သတိ ပေးသည့်ပုံစံဖြင့် သူ့စကားလုံးတိုင်းတွင် ‘ဥက္ကဌချီ' ဟူသော အသုံးအနှုန်းကို အထူးတလည်အသုံးပြုထားသည်။
ပိုင်ရှန့်ယင်သည် ချီချန်းရန်နှင့်တွေ့ရမည်ဟု ထင်ထားသော် လည်း အတွင်းရေးမှူးကို စေလွှတ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် 'သူ့မိန်းမနဲ့အိမ်မှာ အချိန်ဖြုန်းနေတယ်’ ဟူသော စကားလုံးမှာ သူ့အတွက်နားဝင်ဆိုးလှသည်။
"ရှင် ပြောစရာရှိလို့လား?"
သူ့မျက်နှာထက် အေးဆေးတည်ငြိမ်မှုများ ပြန်ရောက်လာပြီး
"ကျွန်မက အလုပ်များတယ်၊ ပြောစရာမရှိရင် သွားလိုက်ပါဦးမယ်"
အတွင်းရေးမှူးကျောက်၏ မျက်နှာအမူအရာမှာ သူမထက်ပင် ပိုလို့တည်ငြိမ်နေပြီး "ကျွန်တော် မစ်ပိုင်ကိုပြောချင်တာက တော့ အတိတ်ကအကြောင်းအရာတွေကို အစဆွဲထုတ်ပြီး လူတွေရှေ့မှာ ထုတ်ပြတာမျိုးမလုပ်ဖို့ကိုပါ၊ ပြီးတော့ မဒမ်ရှေ့မှာ အယောင်လာပြနေတာလည်း ဆင်ခြင်ပေးဖို့ ထပ်လောင်း သတိပေးပါရစေ၊ မစ်ပိုင်က စဉ်းစားချင့်ချိန်နိုင်တဲ့ သူဆိုတော့ ကျွန်တော် ပြောချင်တာကို နားလည်မယ်ထင်ပါတယ်၊ တရုတ်ပြည်မှာ မစ်ပိုင်ရဲ့လုပ်ငန်းတွေကို ချောချောမွေ့မွေ့နဲ့တိုးချဲ့ချင်တယ်ဆိုရင် ဥက္ကဌချီရဲ့ဒေါသကို သွားမဆွဖို့ မှာချင်တယ်”
ပိုင်ရှန့်ယင်သည် အတွင်းရေးမှူးကျောက်၏စကားကိုနား ထောင်ရင်း ကော်ဖီခွက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး လက်အကြောများပင်ထောင်လာသည်။
သို့သော် မကြာမီ သူ၏တင်းမာနေသော လက်ချောင်းများကို ဖြေလျှော့ကာ ကော်ဖီခွက်ကိုပြန်ချပြီး အတွင်းရေးမှူးကျောက်အား တည့်တည့်စိုက်ကြည့်ကာပြောလိုက်သည်။
"ချီချန်းရန်က ရှင့်ကိုလွှတ်ပြီး ဒါတွေပြောခိုင်းလိုက်တာလား?"
သူမ ခနဲ့ပြုံးပြုံးလိုက်ပြီး -"ဘာလို့ သူကိုယ်တိုင် လာမပြောတာလဲ ?"
"မစ်ပိုင်..."
အတွင်းရေးမှုးကျောက်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့် မျက်နှာအမူအရာကိုပြသလိုက်သည်။
ပိုင်ရှန့်ယင် ခေါင်းကိုမော့ကာ "ကျေးဇူးပြုပြီး ရှင့်ဥက္ကဌချီကို ပြန်ပြောလိုက်ပါ.. အမှတ်တရဆိုတိုင်း သူတစ်ယောက်တည်း ရည်ညွှန်းတာမဟုတ်ဘူး၊ ကျွန်မ ပြောခဲ့တဲ့အထဲမှာ သူ့ နာမည်တစ်လုံးမှမပါတာမို့ စိတ်ချနေလို့ရတယ်လို့၊ ကျွန်မ အနေနဲ့ အတိတ်ကအမှတ်တရတွေကိုသတိရပြီး ထုတ်ပြောမိရုံပဲရှိတာ၊ ပြီးတော့ အမှတ်တရဆိုတာ လုယူမသွားသရွေ့ ဒီအရာတွေကို စိတ်ထဲကဖျောက်ဖျက်ပစ်လို့ရမှာ မဟုတ်ဘူး"
"ပြီးတော့ မစ်လု ရှေ့မှာ သက်သက်အယောင်သွားပြနေတာမဟုတ်ဘူး၊ ကျွန်မတို့က တစ်မြို့တည်းမှာရှိနေကြတာမို့ တိုက်ဆိုင်ပြီး ဆုံရင် ဆုံနိုင်တာပဲ”
"ဒါ့အပြင် ကျွန်မ တရုတ်ပြည်ကိုပြန်လာဖို့ ရွေးချယ်ခဲ့တယ်။ အတွင်းရေးမှူးကျောက်ရဲ့စကားအရဆို နောက်ပိုင်း သတိမထားမိပဲ အတိတ်အကြောင်းတွေထုတ်ပြောမိရင် ပိတ်ဆို့တာတွေဖြစ်လာမယ်လို့ ပြောချင်တာလား ?"
"ကျွန်မ စိတ်ထဲ အရမ်းခံပြင်းတယ်"
သူ စကားပြောပြီးသည်နှင့် အိတ်ကိုကောက်ယူပြီးချက်ချင်းထထွက်သွားလိုက်သည်။ အတွင်းရေးမှုးကျောက်သည်ထိုင်လျက်ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် မျက်နှာပြေလျော့သွားသော်လည်း အလွန်စိတ်ရှုပ်ထွေးနေသော အမူအရာရှိနေဆဲဖြစ်သည်။
ယခင်ရဲများနှင့် ခြိမ်းခြောက်ကာထွက်ပြေးစေခဲ့သော 18 တန်း အဆင့်ရှိ အနုပညာရှင်အမျိုးသမီးနှင့် နှိုင်းယှဉ်ပါက ထိုအမျိုး သမီးသည် လုံးဝကိုကွဲပြားခြားနားနေသည်။