Chapter 3
Vol. 1 Ch. 3
ချင်းရို့၏ တစ်ကိုယ်တော်ရှိုးမှာ စတင်ပေတော့မည်။
ကျိုးမိန်လန်က ပွဲသွားကြည့်ရန် ကျန်းမင်နှင့်တခြားနှစ်ယောက်ကို လူအုပ်ဆီဆွဲခေါ်သွားခဲ့သည်။ ခန်းမထဲတွင် စည်ကားနေလျက် အချို့က ငိုက်မျဉ်းနေကြပြီး အချို့ကတော့ သေချာကြည့်နေကြသည်။ မြင်ကွင်းကတော့ တက်ကြွနေခြင်းသိပ်မရှိချေ။
ကန့်လန့်ကာကျချိန်ရောက်သောအခါ ထိုငိုက်မျဉ်းနေသောလူများမှာ ရုတ်တရက်နိုးလာကြပြီး တခြားလူတွေနဲ့အတူတူ လက်ခုပ်ဩဘာပေးလိုက်ကြ၏။
ထို့နောက် တစ်ဖန် တိတ်ဆိတ်သွားကြပြန်သည်။
ကျန်းမင်နှင့် ကျိုးမိန်လန်က အချင်းချင်းကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်ရင်း "ချင်းရို့ဟာသဖြစ်မှာကိုကြည့်ဖို့ ဒီမှာစောင့်ကြတာပေါ့"
"သူမ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ စင်ပေါ်မှာ ကောင်းကောင်းသီချင်းမဆိုနိုင်ရင် ဟာသဖြစ်သွားမှာပဲ"
"ခဏစောင့်ကြည့်လိုက် သူမ ကောင်းကောင်းဆိုနိုင်မှာမဟုတ်ဘူး၊ အခုလေးတင် ကျိုးကျွမ်းက သီချင်းကောင်းကောင်းဆိုသွားတာဟယ်"
...
ချင်းရို့ စင်မြင့်အလယ်သို့ လျှောက်သွားသည်ကို ကျိုးမိန်လန် မြင်လိုက်ရသည်။ သူတို့နှစ်ယောက်က ရှေ့ဆုံးတန်းမှာ ရှိနေသည်ကြောင့် သူတို့ကို ရှင်းရှင်းလင်းလင်းတွေ့နေရ၏။ လူအုပ်ထံမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ မျှော်လင့်ထားသလိုပင် ချင်းရို့၏ မြေခွေးလိုအလှကို မြင်သောအခါ စစ်သားတွေအားလုံး အံ့အားသင့်သွားကြလေပြီ။
အနောက်မှလူတွေက ချင်းရို့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူမဟာ မိန်းမလှလေးဖြစ်ရမည်ဟု ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး ခန့်မှန်းနိုင်ကြလေသည်။
တေးဂီတသံ ထွက်ပေါ်လာချိန် မိန်းကလေး၏ သီဆိုသံမှာ မိုက်ခရိုဖုန်းမှတစ်ဆင့် ခန်းမတစ်ခုလုံးကို ဖြတ်သွားခဲ့သည်။ သူမ နှုတ်ခမ်းလွှာကို ဖွင့်လိုက်သည်နှင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားကာ မည်သူမှ တီးတိုးစကားဆိုနေခြင်း မရှိကြတော့။ လတ်တလောမှာ မိန်းမငယ်လေး၏ နူးညံ့သာယာသော သီဆိုသံကိုသာ ကြားနေရလျက်။
သူမ ဘယ်လောက်တောင် ကောင်းကောင်းသီချင်းဆိုနိုင်သလဲဆိုတာကို ဆုံးဖြတ်ရန်အတွက် ဂီတစွမ်းရည် အများကြီးမလိုအပ်ချေ။ သူမရဲ့ ချိုမြိန်လှသော သီဆိုသံကြောင့် လူတွေက သူမရဲ့ ရုပ်ရည်ကိုပင် ဂရုမစိုက်ကြတော့ဘဲ လူတွေရဲ့ နှလုံးသားထဲမှာ ငှက်မွှေးလေးနဲ့ ကုတ်ခြစ်နေသလိုမျိုး ထိုအသံလေးဆီသာ အာရုံစိုက်နေမိကြတော့သည်။
ထို့နောက် အမြင့်သံရောက်လာသောအခါတွင် မသိစိတ်ကြောင့် လက်မောင်းပေါ်မှာ ကြက်သီးများထလာပြီး ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ပါ တုန်လှုပ်သွားကြရသည်။
သီချင်းဆိုပြီးသွားသည့်နောက် ကျိုးမိန်လန်နှင့် ကျန်းမင်တို့၏ မျက်နှာများမှာ အလွန်ရုပ်ဆိုးနေကြလျက်။ ကန့်လန့်ကာ ကျမသွားခင် ပရိသတ်များထံမှ လက်ခုပ်သံ တဖွဲဖွဲပေါ်ထွက်လာ အော်ဟစ်သံများကိုပါ ကြားလိုက်ရသည်။
"နောက်တစ်ခေါက်! နောက်တစ်ခေါက်!"
"နောက်တစ်ခေါက်!"
လူအုပ်ကြီး၏တုံ့ပြန်မှုမှာ စိတ်အားထက်သန်လွန်းသဖြင့် ဒါရိုက်တာကျန်းက မိုက်ခရိုဖုန်းကိုယူပြီး အမျိုးသားကြီးတွေကို နှစ်သိမ့်ပေးခဲ့ရသည်။
ချင်းရို့က "ငါ့အမိမြေ"ဟူသော သီချင်းကို သီဆိုခဲ့သည်။ ကန့်လန့်ကာပိတ်သွားပြီးနောက် သူမ စင်မြင့်ပေါ်မှ ဆင်းလာသောအခါ ခြေထောက်တွေ ပျော့ခွေနေသေးတုန်းပဲ။
သူမ နှလုံးခုန်နှုန်းမှာ အရမ်းမြန်နေပြီး ရင်ဘတ်ကို ပွတ်သပ်ရုံကလွဲပြီး မတတ်နိုင်တော့ပေ။
'ကြောက်စရာကောင်းလိုက်တာ၊ သူတို့အားလုံးက ယောကျ်ားကြီးတွေချည်းပဲ'
သူမ ဒီလိုတိုက်ပွဲမျိုး ဘယ်မှာကြုံဖူးခဲ့ပါလိမ့်။
ချင်းရို့သည် အလယ်တန်းကျောင်းရှိ လစ်ဘရယ်အနုပညာသင်တန်းတွင် ပညာသင်ကြားခဲ့၏။ အတန်းထဲတွင် အမျိုးသားများထက် အမျိုးသမီးပိုများလေသည်။
နောက်ပိုင်းတွင် သူမက Normal Universityသို့ ဝင်ရောက်ခဲ့ပြီး အတန်းထဲတွင် ယောက်ျားလေးအရေအတွက်ကို မပြောနဲ့၊ Normal Universityတစ်ခုလုံး၌ ယောက်ျားလေးများမှာ ရှားပါးမျိုးစိတ်ပင်။
ဘွဲ့ရပြီးနောက်တွင်လည်း မူကြိုကျောင်းဆရာမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့၍ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော ကလေးတွေကိုသာ နေ့တိုင်းတွေ့ခဲ့ရသည်။
ထို့ကြောင့် စင်မြင့်ပေါ် ရပ်နေရင်း မရင်းနှီးသော အမျိုးသားတွေအများကြီးကို တွေ့လိုက်ရသဖြင့် ချင်းရို့မှာ အလွန်အမင်းဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။
ထိုနေ့တုန်းက သူမနောက်ကျောမှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးထံမှ ဓားဖြင့် အထိုးခံခဲ့ရတာကိုပါ ထပ်ပေါင်းလိုက်ပါက ချင်းရို့သည် မရင်းနှီးသော အရပ်ရှည်ရှည်အမျိုးသားများကို သဘာဝအတိုင်း ကြောက်လန့်နေခဲ့ပြီ။
သူမ စင်ပေါ်မှာရှိနေတုန်းက သူတို့အားလုံးကို မူကြိုကလေးတွေဟု စိတ်ကူးယဉ်ပစ်လိုက်ကာ စီးချက်မှန်မှန်လေး သီချင်းဆိုခဲ့ခြင်းပင်။
ထိုမြင်ကွင်းကို ပြန်တွေးကြည့်တော့ သူမ ခဏမျှ ထိတ်လန့်နေသေးဆဲ။
နောက်ဆုံးတွင် ကပ်ဘေးမှ လွတ်မြောက်လာခဲ့ပြီး ချင်းရို့တစ်ယောက် တတ်နိုင်သမျှ အနုပညာအဖွဲ့မှ အမြန်ဆုံး နုတ်ထွက်ရန် လိုကြောင်း တွေးလိုက်မိသည်။
သူမအတွက်တော့ အနုပညာအဖွဲ့မှာ အဆိုတော်ဖြစ်ဖို့က မခက်ခဲလှချေ။ ချင်းရို့က သီချင်းဆိုရတာ ကြိုက်နှစ်သက်သူဖြစ်သလို မူကြိုဆရာမတစ်ယောက်အနေနဲ့ သီချင်းဆို၊ ကခုန်သည်ကလည်း သာမာန်ပင်။ သူမကလည်း တေးဂီတအဆိုပိုင်းကို နှစ်အတော်ကြာအောင် လေ့လာထားသည်ပင်။
သူမကောလိပ်တက်စဥ် အချိန်အစောပိုင်းမှာတင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ လူတွေက သူမကို တက်သစ်စကြယ်ပွင့်ပြိုင်ပွဲမှာ ပါဝင်ရန် လာရှာခဲ့ကြပေမယ့် ချင်းရို့၏ မိဘများက ကွာရှင်းထားခဲ့ပြီး သူမက တစ်ယောက်တည်းဖြစ်တာကြောင့် သူမမှာ နောက်ခံမရှိသလို အခွင့်အရေးလည်းမရှိပေ။ ဖျော်ဖြေရေးနယ်ပယ်က အန္တရာယ်များသည်လေ။ တစ်ခြားသူတွေဆီက ပစ်မှတ်ထားခံရမည်ကို ကြောက်လန့်၍ သူမ ဖျော်ဖြေရေးနယ်ပယ်ထဲ မဝင်ဖြစ်ခဲ့ခြင်းပင်။ ထို့ကြောင့် ဘွဲ့ရပြီးသည်နှင့် မူကြိုဆရာမဖြစ်လာခဲ့သည်။
၁၉၇၀ပြည့်နှစ်များတွင် ဤအထူးခေတ်၌ အနုပညာအဖွဲ့တစ်ခုမှာ စာပေနှင့်အနုပညာသမားဖြစ်ခြင်းသည် အလွန်ကောင်းမွန်သည့် အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လေသည်။
လက်ရှိချင်းရို့အတွက်တော့ အလုပ်ပတ်ဝန်းကျင်မှာ ဆိုးရွားလွန်းလှ၏။ ယခင် ချင်းရို့မှာ နာမည်ဆိုးရှိခဲ့ပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်များက သူမအား တိတ်တဆိတ် လှောင်ပြောင်နေကြကာ အမျိုးသမီးဇာတ်လိုက် ရွှယ်ထင်ထင်ကလည်း ကောင်းသလား ဆိုးသလားဆိုတာ သူမ မသိရသေးချေ။
ချင်းရို့ ဤနေရာမှ အမှန်တကယ် ထွက်ခွာသွားချင်ခဲ့သည်။
အကောင်းဆုံးရွေးချယ်မှုမှာ သူမသည် အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲပြီး ကျောင်းဆရာမလုပ်ရန်ပင်။ ဒါက သူမရဲ့ အလုပ်ဟောင်းဖြစ်လို့ စတင်ရတာ လွယ်ကူပေမယ့် ချင်းရို့အတွက် မဖြစ်မနေသာ မဟုတ်ခဲ့ရင်တော့ ဆရာမထပ်မလုပ်ချင်တော့ဘူး။
ချင်းရို့သည် မူလက မူကြိုဆရာမအဖြစ်မှ နုတ်ထွက်ရန် စီစဉ်ခဲ့ပြီးသားပင်။
သူမ ဘွဲ့ရပြီးနောက် တစ်နှစ်၊ နှစ်နှစ်ကြာ မူကြိုဆရာမဖြစ်ခဲ့၍ အချိုးမပြေသော ကောင်ငယ်လေးများနှင့် ကလေးမလေးများကြောင့် အတွေ့အကြုံတွေလည်း ရနေခဲ့ပြီ။
ဒီကလေးငယ်တွေက နတ်သား/နတ်သမီးတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းတွေပဲ။ အချို့သောကလေးငယ်တွေ (ပျက်စီးအောင်အလိုလိုက်ခံထားရတဲ့ ကလေးငယ်တွေ)ဟာ သူမကို ဒေါသထွက်စေတယ်လေ။
မူလတန်းကျောင်းသားများမှာ ဝက်ဝံငယ်လေးများ၏ အဆင့်မြှင့်ဗားရှင်းသာ။
အလယ်တန်းကျောင်းသားတွေကတော့ ပုန်ကန်တတ်ကြတယ်...
အထက်တန်းကျောင်းသားတွေကတော့ တက္ကသိုလ်တက်ဖို့ ဖိအားများနေကြတယ်...
သူမလည်း မလိုအပ်ဘဲ ဆရာမ ထပ်မလုပ်ချင်တော့ဘူး။
သူမ ဘယ်လောက်ပဲ စိတ်ရှည်နေပါစေ၊ တစ်ခါတလေ စိတ်ဆိုးသည့်အခါတိုင်း စီနီယာတစ်ယောက်က သူမကို စိတ်ရှည်ရမယ်၊ မဟုတ်ပါက ဝက်ဝံကလေးတွေကို သူမ ထိန်းနိုင်မှာမဟုတ်တော့ဘူးဟု ပြောခဲ့ဖူးသည်။ ချင်းရို့ တကယ်ပဲ မထိန်းနိုင်ခဲ့ပါချေ။
ချင်းရို့က နာခံမှုရှိသော ကလေးများကို အမြဲတမ်း ပြုံးပြကာ ချီးမွမ်းချင်သော်လည်း အတန်းထဲက ဝက်ဝံကလေးများဟာ လှည့်ကွက်တွေနဲ့ ပြည့်နေတတ်သည်။
သူတို့လေးတွေက ကျိုးကြောင်းဆင်ခြင်တတ်ဖို့ ငယ်လွန်းသေးတယ်။ သူမက အရမ်းကောင်းနေရင် ဝက်ဝံကလေးတွေဆီကနေ လွယ်လွယ်လေး အကန်ခံရမှာပဲ။ ဒါ့ကြောင့် ဆရာမအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး။
အနုပညာအဖွဲ့မှ အနားယူရမည့်ကိစ္စမှာ ရေရှည်စီမံကိန်းဖြစ်၍ အရင်ဆုံး သင့်တော်သော အလုပ်သစ်တစ်ခုကို ချင်းရို့ ရှာဖွေရမည်ဖြစ်သည်။
*
"ကျွန်မ စီစဉ်နိုင်ပါတယ်!"
"တိုက်ဆိုင်မှုတစ်ခုပဲ၊ ဒေါသအရမ်းကြီးတဲ့ ချွမ်ရှန်းကလာတဲ့ ချင်းရို့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရှိနေတာ"
"ကောင်းပြီ... သူတို့တွေ့ဖို့ အချိန်တစ်ခုလုပ်ပေးလိုက်"