Chapter 6
Vol. 1 Ch. 6
ချင်းရို့သည် အနုပညာအဖွဲ့ထဲတွင် နာမည်ဆိုးရှိလေသည်။ အဆောင်ခန်းရှိလူများက သူမကိုမကြိုက်ကြသလို သူမကလည်း သူတို့ကို မကြိုက်ပါချေ။ သူမကို စကားလာပြောနေတဲ့ လူတွေကတော့ ပလတ်စတစ်ညီအစ်မတွေပေါ့လေ။
တကယ်တမ်းမှာတော့ ထိုပလတ်စတစ်ညီအစ်မတွေက အပေါ်ယံမှာ နှစ်သိမ့်အားပေးနေကြပေမယ့်လည်း သူတို့ထဲက လူအနည်းစုက သူမဘဝကောင်းမွန်ရာကနေ ကျရှုံးတာကို ပျော်ပျော်ရွှင်ရွှင်ကြည့်ဖို့ စောင့်မျှော်နေကြတာ။
"ငါ့ကို လုယန်လို့ခေါ်တဲ့ ရေတပ်အရာရှိတစ်ယောက်နဲ့တွေ့ဖို့လည်း ပြောသေးတယ်"
ချင်းရို့က သူမ ရထားသည့် ဘောနပ်စ်နှင့် အသားလက်မှတ်များကို လစ်လျူရှုထားရင်း အတိုချုပ်ရှင်းပြလိုက်သည်။ သူမဟာ ကြွေခွက်ကြီးနှင့် အစပြုပြီးတော့မှ နောက်ဆုံးတွင် သတင်းကြီးကို ထုတ်ပြောလိုက်ခြင်းပင်။
ဒါရိုက်တာစွင်းက သူမကို တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ပြောတယ်ပေါ့။
ချင်းရို့ပြောပြလိုက်သော်ငြား လွန်စွာ အလေးအနက်ထားခြင်းမရှိပေ။ အရင်က သူမ မူကြိုဆရာမလုပ်တုန်းကလည်း ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရော... ပြီးတော့ ကလေးမိဘတွေတောင်မှ သူမကို မိတ်ဆက်ပေးချင်ကြတဲ့သူတွေ တော်တော်များများ ရှိခဲ့တာ။
အကယ်၍ သူမက တစ်ယောက်ယောက်နဲ့ ဘလိုင်းဒိတ်လုပ်ခဲ့ရင်လည်း ကောင်းတာပဲ၊ သွားသေမှာမှမဟုတ်တာနော်။
တကယ်တမ်းတော့ ထိုကိစ္စအတွက် သူမ ပြောစရာ အများကြီး မရှိပါချေ။ ချင်းရို့ ကြောက်သည်မှာ လူတွေက သူမကို အနှောင့်အယှက်ပေးမည်ကိုပင်။
ဒါရိုက်တာစွင်းက အတိုချုံးသာ မိတ်ဆက်ပေးခဲ့တာတောင်မှ လုယန်က အခြေအနေကောင်းမွန်ကြောင်း ချင်းရို့လည်း သိပေသည်။ သူက အသက် ၂၅နှစ်မှာ တပ်ရင်းခေါင်းဆောင်ဖြစ်နေပြီလေ။
သို့သော် ချင်းရို့မှာ ကိုယ့်အကြောင်း ကိုယ်သိလေသည်။ ဒါရိုက်တာစွင်းက သူမကို မကြိုက်သလို မကြာသေးခင်ကလည်း သူမက ပြဿနာများ ရှာထားသေးသည်။ ဒီတော့ အဲ့ဒီအမျိုးသမီးကြီးက သူမကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်နေတာ ဘယ်လိုလုပ် ကောင်းနိုင်ပါ့မလဲနော်။
လုမျိုးရိုးနှင့်လူက တစ်ခုခုမှားနေတာရှိရမယ်။
ထို့ကြောင့် ချင်းရို့က အချက်အလက်တစ်ချို့ရရန် ထိုသူ့နာမည်ကို ဖွင့်ချလိုက်ခြင်းပင်။ သူမက ထိုလူကိုမသိပေမယ့် တခြားသူတွေမသိဘူးလို့ မဆိုလိုဘူးလေ။
စစ်တပ်အသိုင်းအဝိုင်းက သိပ်မကြီးပေ။ ထိုခေတ်အခါမှာ ဖျော်ဖြေရေးလှုပ်ရှားမှုများစွာ မရှိသေးသလို လူတိုင်းက တိတ်တဆိတ် အတင်းအဖျင်း ပြောတာကို နှစ်သက်ကြ၏။ အကယ်၍ လုယန်မှာ နာမည်ဆိုးရှိခဲ့ရင် ချင်းရို့လိုပဲ သူ့အကြောင်းတွေကို လူတွေကြားထားမှာပဲ။
"လုယန်? အဲ့ဒီလုယန်လား။ ချင်းရို့ နင်တော့သွားပါပြီဟယ်!!"
သေချာနေပါပြီ၊ တစ်စုံတစ်ယောက်က လုယန်ကို တကယ်ကြားဖူးနေတာပဲ။
ချင်းရို့က စကားပြောနေတဲ့သူကို ကြည့်လိုက်တော့ အဖွဲ့ထဲရှိ အသံချဲ့စက် ထန်ရွေ့ပိုင်ပင်။ သူမ၏မိသားစုက အဆက်အသွယ်များရှိပြီး ခရိုင်အတွင်း အတင်းအဖျင်းအများကြီးကို သိသည်ဟု ဆိုနိုင်သည်။
"နင်ဘာလို့ဒီလိုပြောတာလဲဟဲ့"
ချင်းရို့၏ ပလတ်စတစ်ညီအစ်မများထဲမှ တစ်ယောက်ဖြစ်သော လော့ပေ့ပေ့က မေးလာခဲ့သည်။
"အဲ့ဒီလုယန်က အရင်က အိမ်ထောင်ပြုဖူးလို့လား"
လူတိုင်း မွန်းကျပ်ကျပ်ခံစားချက်တစ်ခု ထူးဆန်းစွာ ရှိနေကြလျက်။
လော့ပေ့ပေ့ တိတ်တဆိတ် ပြုံးလိုက်သည်။ မစ္စယန်နှင့် ပြဿနာဖြစ်ပြီးကတည်းက တကယ်ပဲ ချင်းရို့ကို ဒုတိယအိမ်ထောင်နှင့် မိတ်ဆက်ပေးချင်တဲ့သူတွေ တော်တော်များများရှိနေတာပဲ။
ချင်းရို့သည် လှပသော်လည်း သူမတွင် ညှို့ယူဖမ်းစားသော မြေခွေးမျက်လုံးတစ်စုံ ရှိလေသည်။
"သူ့မှာ အိမ်ထောင်မရှိပါဘူး ပြီးတော့ သူ့မိသားစုကလည်း အဆင်ပြေတယ်၊ သူက အသက် ၂၀ကျော်လေးပဲ ရှိသေးတာ၊ ကွန်မန်ဒါဟောင်းလုရဲ့ အငယ်ဆုံးသားလေ၊
ဒါပေမယ့် သူက ဒေါသတအားကြီးရုံလေးပဲရှိတာပါ၊ သူ့မိသားစုက သူ့ကို ဘလိုင်းဒိတ်တွေအများကြီးတွေ့ခိုင်းပေမယ့် သူကအားလုံးကို ငြင်းပစ်လိုက်တာလေ"
"ခရိုင်ဆေးရုံက အရမ်းလှတဲ့ သူနာပြုရှောင်းခယ်ကို နင်တို့သိတယ်မလား၊ သူနဲ့တွေ့ပြီးပြန်လာတော့ အကြာကြီးငိုနေတာတဲ့"
"သူက အရမ်းရက်စက်တယ်ဆိုပဲ၊ ချင်းရို့ရေ နင် သူ့ကိုတွေ့တဲ့အခါ ပြေးမငိုနဲ့နော်၊ အဖြစ်ကတော့ ဒါပါပဲဟယ်"
ထန်ရွေ့ပိုင် ပြုံးယောင်ယောင်လေး ပြောလိုက်သည်။
ချင်းရို့နှင့် လုယန်တို့ တွေ့ဆုံမှုဟာ ကျည်ဆံနှစ်တောင့်တိုက်မိတာပဲဟု သူမ ခံစားရလေသည်။ လုယန်ရဲ့ ဒေါသက တရားလွန်ဖြစ်ပြီးဆော့ ချင်းရို့ကလည်း ပိုတောင်ဆိုးသေးတယ်။
- ဒီနှစ်ယောက်က ဖြစ်နိုင်ပါ့မလား။
စိတ်ကူးယဥ်ဆန်ဆန်ကြီးဟ! နေကအနောက်ဘက်ကထွက်လာခဲ့ရင်ပေါ့။
"ချင်းရို့ရေ နင်က အရမ်းလှတာလေ၊ ယောက်ျားတစ်ယောက်က နင့်ကို ဘယ်လိုများရက်စက်နိုင်မှာလဲဟယ်၊ ပြီးတော့ သူက မိသားစုကောင်းကောင်းကဆိုတော့ နင်သေချာဂရုစိုက်နိုင်မှာပါ!"
လော့ပေ့ပေ့က ထိုစကားများကို ကြားလိုက်ရချိန် အင်တင်တင်ပြုံးနေရသည်။ လုယန်၏ မိသားစု အခြေအနေမှာ ဤမျှကောင်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ကွန်မန်ဒါဟောင်းရဲ့ အငယ်ဆုံးသားက လူပျိုလူလွတ်ဖြစ်နေသေးတယ်ဆိုပဲ။ ဒါပေမယ့် သူက ဒေါသအရမ်းကြီးတာလေးပဲရှိတာကို ချင်းရို့နဲ့ တကယ်ကြီး မိတ်ဆက်ပေးခဲ့တာလားနော်။
ချင်းရို့က နည်းနည်းလေး ပိုလှရုံလေးပဲဟာ။
လော့ပေ့ပေ့က မနာလိုဖြစ်နေသော်လည်း သူမဆန္ဒနှင့် ဆန့်ကျင်စွာပင် ချင်းရို့၏အလှကို ချီးကျူးနေလိုက်ပြီး "လုယန်"ဆိုတဲ့ လက်တွဲဖော်ကောင်းကို ကောင်းစွာဂရုစိုက်ရန် အားပေးလိုက်၏။
နာမည်ကောင်းရှိတဲ့ မိသားစုရဲ့ အငယ်ဆုံးသားဖြစ်ပေမယ့် နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ လုယန်အကြောင်း ထန်ရွေ့ပိုင် ပြောတာကိုကြားလိုက်မိတော့ ချင်းရို့က ဒီလိုအရိုးမာမာကြီးကို ဘယ်လိုများ ဝါးနိုင်ပါ့မလဲ။
မဖြစ်နိုင်ပါဘူးလေ။
ဖြစ်နိုင်ချေအများဆုံးကတော့ ထိုလူက မိသားစုကောင်းမှဖြစ်၍ ချင်းရို့က အမြင့်ကို တက်လိုပြီး သူနဲ့ငြိချင်တာပဲ ဖြစ်ရမယ်။ ထိုလူက သူမကို အောက်တန်းကျပြီး နန့်တန့်တန့်မိန်းကလေးလို့ထင်သွားရင် နောက်ဆုံးမှာ ဟာသဖြစ်ဦးမှာပဲ။
သူမလည်း ချင်းရို့အား အရိုးမာမာကို ဝါးရန် အားပေးလိုက်၏။
"ကောင်းပါပြီ ငါ အဲ့ဒီကိစ္စကို ဂရုစိုက်လိုက်ပါ့မယ်"
ချင်းရို့က သူတို့ပြောတာကို နားထောင်ပြီးနောက် စိတ်သက်သာရာရသွားလေပြီ။
လုယန်က ပြဿနာကြီးတစ်ခုလို့ မထင်ရပါဘူး။ သူက ဒေါသကြီးပြီး ကျောက်စိမ်း (မိန်းကလေး)တွေကို ဘယ်လိုသနားကြင်နာရမှန်းမသိတာပါပဲလေ...
ချင်းရို့က တွေးလိုက်၏ 'ငါက သူ့မိန်းမမဟုတ်ဘူးလေ၊ ဒါကြောင့် သူ့မှာ စိတ်ကောင်းရှိလားမရှိလားဆိုတာကို ဂရုမစိုက်ပါဘူးနော်၊ သူ့ရဲ့ဒေါသကို ငါက ဂရုစိုက်နေစရာလား၊ ငါက သူနဲ့နေမှာမှမဟုတ်ပဲ...'
ပြီးတော့ သူနဲ့ ဘလိုင်းဒိတ်တွေ့ကြရုံလေးပဲဟာ၊ သူက နဂါးလည်းမဟုတ်ဘူးလေ၊ ငါ့ကိုစားနိုင်မှာမို့လို့လားနော်။
သူ့အကြီးအကဲတွေက သူ့ကို အတင်းအကျပ်လက်ထပ်ခိုင်းနေတာကြောင့် ဒီလိုတွေပြုမူနေတာပဲဖြစ်ရမယ်။
ဒီလိုမျိုး ဘလိုင်းဒိတ်ကလည်း ကောင်းပါတယ်၊ အနည်းဆုံးတော့ သူက သူမကို အနှောင့်အယှက်မပေးတော့ဘူးပေါ့။
ချင်းရို့က လျှို့ဝှက်စွာ ခေါင်းတညိတ်ညိတ်ဖြင့် ——
ငါ့မှာ မှန်ကန်တဲ့ သဘောထားရှိနေသရွေ့ ခေါင်းဆောင်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို လှည့်စားနိုင်မှာပဲ၊ ချင်းရို့ရဲ့ နာမည်ဆိုးကိုလည်း ဖယ်ရှားပစ်နိုင်မှာပါ။
ချင်းရို့ အိပ်ရာပေါ်တက်လိုက်ကာ ပိုက်ဆံနှင့် အသားလက်မှတ်များကို ဝှက်ထားလိုက်ပြီးနောက် အသစ်စက်စက်ကြွေခွက်ကို ဆေးကြောရန် အိပ်ရာမှ ပြန်ထလိုက်သည်။
ကြွေခွက်ကို ကိုင်ထားရင်း ဆွံ့အနေမိလျက်။ ဒီလိုမျိုး ကြွေခွက်ကြီး ရှိသေးတယ်လား၊ ဒါက တကယ်ပဲ ခွက်တစ်ခွက် ဟုတ်ရဲ့လား၊ ပန်းကန်လုံးကြီး မဟုတ်ဘူးလားဟင်။