← Chapters

Chapter 7

Vol. 1 Ch. 7

Chapter 7

Vol. 1 Ch. 7

လုယန်နှင့် တွေ့ရမည့်နေ့ကို သတ်မှတ်ထားပြီးဖြစ်သည်။ ခေါင်းဆောင်က သူမအပေါ် အပြစ်ရှိသလိုခံစားရ၍ ချင်းရို့အတွက် ခွင့်တစ်ရက်ပေးလိုက်၏။

ချင်းရို့: "...?"

အဲ့ဒီစစ်တပ်အရာရှိက အရမ်းကြောက်ဖို့ကောင်းလို့လား။

လုယန်နှင့် ချင်းရို့ဆိုသော ဆူးနှစ်ချောင်းပေါင်းစည်းခြင်းဟာ ဆိုးရွားလွန်းသည်မှန်း တခြားသူများ၏ အမြင်တွင် သိသာထင်ရှားနေပေသည်။

အားလပ်ရက်တစ်ရက်ရတယ်ဆိုတာ အမြဲကောင်းတာပဲပေါ့။

ချင်းရို့ အိပ်ဆောင်သို့ ပြန်သွားလိုက်ပြီး ပိုက်ဆံနှင့် အသားလက်မှတ်များကို ယူ၍ ပေါ့ပေါ့ပါးပါး၀တ်စုံကို ၀တ်ဆင်ကာ နေ့လည် ၂း၃၀ တွင် အနုပညာအဖွဲ့မှ ထွက်လာခဲ့၏။

သူမက စတိုးဆိုင်နှင့် သရေစာအရောင်းဆိုင်ဆီ ဦးစွာ သွားလိုက်သည်။ ထို့နောက် ပင်းချန်ဘတ်စ်ကားဂိတ်မှာ ဘတ်စ်ကားစီးလိုက်ပြီး တစ်နာရီကျော်ကြာပြီးနောက် မူခမ်းစိုက်ပျိုးရေးခြံဆီ ရောက်သွားခဲ့ပြီ။

ခြံဝင်းတို့ဖြင့် ဝန်းရံထားသော အုတ်အိမ်များ အတန်းလိုက်ရှိနေပေသည်။ လူတွေက အလုပ်လုပ်ရာတွင် ထုတ်လုပ်ရေးကိရိယာများကို အသုံးပြုလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ချင်းရို့ရောက်လာခြင်းမှာ လူများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရ၏။ သူမက အိမ်များကို ရေတွက်ရင်း ပျက်စီးယိုယွင်းနေသော သီးသန့်အိမ်တစ်လုံးဆီ ရောက်လာခဲ့သည်။

တံခါးအရှေ့တွင် လှေကားသုံးထစ်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ စိုက်ထားသဖြင့် တက်နင်းမိသွားရသည်။

ယိုယွင်းနေသော တံခါးကို အနက်ရောင်ရွှံ့စေးတို့ဖြင့် ဖုံးအုပ်ထားပြီး စက္ကူကပ်ထားသော ပြတင်းပေါက်များတွင်လည်း အပေါက်ကြီးများစွာ ရှိနေခဲ့သည်။ နေ့ခင်းဘက် အိမ်မှာ လူတွေရှိနေသောကြောင့် တံခါးကို မပိတ်ထားချေ။ ထို့ကြောင့် ချင်းရို့က တံခါးကို တိုက်ရိုက်တွန်းဖွင့်ကာ အိမ်ထဲကို ဝင်လိုက်၏။

ချင်းရို့ဝင်လိုက်သည်နှင့် ကျောက်တုံးများနှင့် သစ်ရွက်အဆွေးများကို ကောက်ယူရန် ခါးကိုင်းနေသော ရှေ့ဖုံးခါးစည်းဝတ်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ နွားချေးမာမာတွေက စားပွဲပေါ်၊ နံရံပေါ်၊ မြေကြီးပေါ်တွင်… တံခါးနှင့် ပြတင်းပေါက်များအနီးတွင် ပြန့်ကျဲနေလေသည်။

အမျိုးသမီးက မီးခိုးရောင်ဝတ်စုံနှင့် အဖြူရောင်ရှေ့ဖုံးခါးစည်းကို ၀တ်ဆင်ထားပြီး ခါးစည်းတွင် ဆေးကြော၍ မရနိုင်တော့သော မီးခိုးရောင်အစွန်းအထင်းများ ရှိနေခဲ့သည်မှာ ကြာလှလေပြီ။

အပြင်မှ တစ်စုံတစ်ယောက်ဝင်လာသည်ကို သူမ သတိပြုမိလိုက်ရာ ထိုလူက နောက်တစ်ကြိမ်ထပ်ပြီး ဒုက္ခပေးမည်ကို ကြောက်ရွံ့နေမိသည်။ သူမ လှမ်းကြည့်လိုက်ချိန် ချင်းရို့ကို မြင်လိုက်ရ၍ သူမ၏ မျက်လုံးထဲမှာ အံ့အားသင့်မှုများ ပြည့်နှက်သွားရလျက်။

ထိုအမျိုးသမီးမှာ နားရွက်နားလောက်ရှည်သော ဆံပင်တိုတိုရှိပြီး ကြီးမားလုံးဝိုင်းသည့် မက်မွန်သဏ္ဍာန်မျက်ဝန်းများနှင့် နှုတ်ခမ်းထူထူတို့မှလွဲ၍ သူမ၏ မျက်နှာမှာ ချင်းရို့နှင့်ဆင်တူလှသည်။

ချင်းရို့ကို တွေ့လိုက်ရသည့်အခါ သူမ အံ့သြသွားပြီး စကားမပြောထွက်တော့။ အခန်းထဲက ကလေးနှစ်ယောက်က တိုးထွက်လာကာ ချင်းရို့ကို ဝန်းရံလျက် ပျော်ရွှင်စွာအော်နေကြတော့သည်။

"အန်တီ!!"

"မေမေရေ! အန်တီ ရောက်လာပြီ!!"

ချင်းရို့က ချင်းမျန့်ကို ပြုံးပြကာ "မမ"လို့ ခေါ်လိုက်သည်။

"ညီမလေး၊ နင်ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"

ချင်းမျန့်က သူ့ညီမကို တွေ့လိုက်ရသဖြင့် လွန်စွာ ပျော်ရွှင်နေမိသည်။ သူမ၏ ပါးပြင်ကို သုတ်ရန် လက်မြှောက်လိုက်ပြီး ခေါင်းကို လှည့်လိုက်ရာ အိမ်မှာ ရှုပ်ပွနေတာကို မြင်တော့ ရှက်ရွံ့သွားကာ အလျင်အမြန် တံမြက်စည်းကောက်လှည်းတော့သည်။

ချင်းရို့က သူမကို သန့်ရှင်းရေးကူလုပ်ပေးနေရင်း ပြောလာ၏။

"ဒီနေ့ပွဲမှာ ဆုရခဲ့လို့လေ၊ ခေါင်းဆောင်က ညီမကို အထူးအားလပ်ရက်ပေးလိုက်တာ"

"ငါ့ညီမလေးက တော်လိုက်တာ!"

ချင်းမျန့်က ပြုံးလိုက်ပြီး လက်ဆန့်ထုတ်ကာ ချင်းရို့လက်ကို တားလိုက်ရင်း

"ဘာလို့ရှင်းနေတာတုန်း၊ ကလေးတွေကို ခေါ်ပြီး ဟိုမှာသွားထိုင်နေ၊ ကျွမ်းကျွမ်းရေ မင်းအန်တီအတွက် ရေတစ်ခွက်ခပ်ပေးလိုက်ဦး"

ချန်ကျွမ်းကျွမ်းသည် ချင်းမျန့်၏ အကြီးဆုံးသမီးဖြစ်သည်။ သူမလေးက အသက် ၇နှစ်ရှိပြီဖြစ်ပြီး သူမဘေးက တစ်ယောက်မှာ သူမ၏အမြွှာမောင်လေး ချန်ကျင့်ဟွာပင်။ ကလေးနှစ်ယောက်လုံးက သူတို့အန်တီကို တွေ့ရ၍ အလွန်ပျော်ရွှင်နေကြ၏။

သူတို့အန်တီရောက်ရင် အိမ်မှာအသားရှိလာမှာလေ။

ချင်းမျန့်သည် လျောင်ပြည်နယ်တွင် အခြားဆွေမျိုးများမရှိသလို ညီမတစ်ယောက်သာရှိ၏။ သူမ၏ ညီမလေး ရောက်လာတိုင်း သူမအတွက် အရသာရှိသော ဟင်းများကို အမြဲချက်ပြုတ်ပေးတတ်သည်။

ချင်းရို့သည်လည်း သူမအစ်မနှင့် ရင်းနှီးပေသည်။ သူမပိတ်ရက်ရတိုင်း အစ်မဆီကို သွားတတ်၏။ ချန်မိသားစု၏ အခြေအနေမှာ သိပ်မကောင်းပေ။ သူမသည်လည်း တစ်လမှာ ၁ကြိမ် ၂ကြိမ်သာ အစားကောင်းစားနိုင်သောကြောင့် ချန်အိမ်ကို သွားခြင်းပင်။

ထိုနေ့များသည် သူမအစ်မနှင့် ခဲအိုတို့အတွက် အစားအသောက် အခြေအနေပိုကောင်းလာသည့် နေ့ရက်များဖြစ်လာခဲ့သည်။

ပါးနပ်လှတဲ့ကလေးတွေကလည်း ဒီစည်းမျဥ်းကို နားလည်သဘောပေါက်လာသည်မှာ ကြာနေပြီပေါ့။

ချင်းရို့က တူမလေး ခပ်ပေးသောရေကို သောက်လိုက်ပြီး ကလေးများကို ပေးရန် သူမအိတ်ထဲမှ ယုန်ဖြူသကြားလုံးတစ်ထုပ်ကို ယူလိုက်၏။

ချန်ကျွမ်းကျွမ်းက သကြားလုံးနှစ်လုံးကို ယူလိုက်ပြီး

"မောင်လေးကို တစ်လုံးပေးလိုက်မယ်!"

ချင်းမျန့်သည် သကြားလုံးတွေကို မြင်တော့ ချင်းရို့အား စိုက်ကြည့်လျက်

"နင့်ကို ပိုက်ဆံတွေသုံးဖို့ ဘယ်သူပြောလို့တုန်း"

"ကလေးတွေအတွက်လေ၊ အစ်မလည်းစား"

ချင်းရို့ သကြားလုံးအခွံကို ခွာ၍ ချင်းမျန့် ပါးစပ်ထဲ တန်းခွံ့ပေးလိုက်သည်။

ချင်းမျန့်က သကြားလုံးကို တွန့်ဆုတ်စွာ စားလိုက်ရာ ပါးစပ်ထဲမှာ ချိုမြိန်သော နို့ရနံ့လေး ပျံ့သွားတော့သည်။ သူမဘဝက ခါးသီးပေမယ့်လည်း နှလုံးသားထဲမှာ ချိုမြိန်မှုနည်းနည်းလေးတော့ရှိနေဆဲပါပဲ။

သူမ မြန်မြန်ဝါးစားလိုက်ပြီး ရယ်လျက် ပြောလိုက်သည်။

"သကြားလုံးစားပြီး နွားချေးတွေကျုံးရမှာ အနံ့တွေဆိုးကုန်တော့မှာပေါ့"

"ခဲအိုရောဘယ်မှာလဲ"

"အိမ်ထဲမှာလေ ငါ့ယောက္ခမကို ဂရုစိုက်နေတာ"

ချင်းမျန့်က ဘာမှထပ်မပြောချင်တော့သလို မျက်လွှာချလိုက်သည်။

ချင်းရို့ ထပ်မမေးလိုက်တော့။

အစ်မချင်းမျန့်က ပညာတတ်မိသားစုတွင် အိမ်ထောင်ကျခဲ့သည်။ သူမ၏ ခဲအို ချန်မျန့်မှာ ကျောင်းဆရာဖြစ်ပြီး ချန်မျန့်၏ ဖခင်သည်လည်း ပင်းချန်ရှိ တက္ကသိုလ်တစ်ခုမှာ ဆရာတစ်ယောက်ပင်။

ချင်းရို့၏ အစ်မဖြစ်သူ ချင်းမျန့်သည် ချွမ်ရှန်းမှဖြစ်၏။ သူတို့အဖေက စောစောစီးစီး ကွာ်လွန်သွားခဲ့သဖြင့် အမေက နောက်အိမ်ထောင်ပြုဖို့ နောက်ထပ်ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့သည်။

ထိုအချိန်တွင် ချင်းရို့က ငယ်လွန်းသေးသဖြင့် သူမ၏ မိခင်က ခုနစ်နှစ်/ရှစ်နှစ်အရွယ်သာ ရှိသေးသည့် ချင်းရို့ကိုပဲ သူမနှင့်အတူ ခေါ်သွားခဲ့လေသည်။

All Chapters