← Chapters

Chapter 8

Vol. 1 Ch. 8

Chapter 8

Vol. 1 Ch. 8

ချင်းမျန့်က သူမ၏ အဘိုးအဘွားအိမ်တွင် အခြားညီအစ်ကိုနှစ်ယောက်နှင့် အတူနေခဲ့ရသည်။ နောက်ပိုင်းတွင် ငယ်ရွယ်လှပသော ချင်းမျန့်ဟာ သူငယ်ချင်းကို တွေ့ရန် တောင်ပိုင်းသို့ လာလည်သော ချန်မျန့်နှင့် အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး အိမ်ထောင်ကျခဲ့ကြလေသည်။

ချင်းရို့က သူ့အမေနှင့် လိုက်သွားရသဖြင့် ပထွေးရှိလာခဲ့ပြီး ထိုပထွေးသည်လည်း ကောင်လေး၂ယောက်ကို ခေါ်လာခဲ့၏။ သူမက မကြာခဏ အနိုင်ကျင့်ခံရလို့ ဒီလိုမျိုးစိတ်တိုဒေါသကြီးတတ်လာရတာဖြစ်သည်။

ပထွေးအိမ်၌ အစပိုင်းတွင် သူမအသက်ရှင်ဖို့တောင် အနိုင်နိုင်။ နောက်ပိုင်းတွင် ချင်းရို့ အသက် ၁၂နှစ်၊ ၁၃နှစ်ရောက်လာတော့ သူမလေးက ပိုလှပလာသောကြောင့် သူမ၏ ပထွေးဖြစ်သူက သူမအား ဗလက္ကာရလုပ်ချင်ခဲ့သည်။

ထို့နောက် ချင်းရို့က သူမ၏ ပထွေးအိမ်မှ လွတ်မြောက်ခဲ့ပြီး အစ်မဖြစ်သူ ချင်းမျန့်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ သူ့ညီမအတွက် စိတ်မကောင်းဖြစ်သွားရကာ မြောက်ဘက်လျောင်ပြည်နယ်သို့ လာခဲ့သင့်ကြောင်း အကြံပေးလိုက်သည်။

ချင်းရို့သည်လည်း ရဲရင့်သော မိန်းကလေးတစ်ယောက်ပင်။ သူမက အသက် ၁၃နှစ်၊ ၁၄နှစ်အရွယ်တွင် တစ်ယောက်တည်း ရထားလက်မှတ်ကို ဆုပ်ကိုင်ကာ မရင်းနှီးသော လျောင်ပြည်နယ်သို့ ရက်အနည်းငယ်ကြာ ရထားဖြင့် ခရီးဆက်ခဲ့လေသည်။

သူမ၏ အစ်မအိမ်သို့ ရောက်သောအခါ ချင်းရို့မှာ မိသားစု၏ နွေးထွေးမှုကို ခံစားခဲ့ရ၏။ အစ်မချင်းမျန့်က သူမအပေါ် အရမ်းကြင်နာလေသည်။ ချင်းရို့မှာ ချောမောလှပကာ အသံကောင်းသောကြောင့် သူမကို ပြည်တွင်းအနုပညာကျောင်းသို့ ပို့ပေးခဲ့သည်။

အသက် ၁၆နှစ်တွင် အနုပညာကျောင်းမှ ဘွဲ့ရပြီးနောက် ချင်းရို့သည် ဒေသဆိုင်ရာသီချင်းနှင့် အကအဖွဲ့သို့ ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ယဉ်ကျေးမှုနှင့် အနုပညာအဖွဲ့သို့ ဝင်ခွင့်ရခဲ့သည်။ သို့ရာတွင် ချင်းမျန့်နှင့် သူမ၏ ခင်ပွန်းမိသားစုမှာ အရိုက်နှက်ခံရပြီး လယ်ကွင်းဆီ ပို့ခံလိုက်ရလေ၏။ ချင်းမျန့်မှာ အလွန်ညှဉ်းပန်းခံရသည့်ဘဝဖြင့် နေထိုင်ခဲ့ရတော့သည်။

ချင်းရို့က ခေါင်းဆောင်ယန်ကို လက်ထပ်ချင်ရသည့် အကြောင်းအရင်းမှာ သူမအစ်မ၏ မိသားစုကို စောင့်ရှောက်ရန်နှင့် သူတို့ဘဝလေးတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်ရန် မျှော်လင့်ခဲ့ခြင်းသာ။

"အနာဂတ်မှာ ဒီလိုမိုက်မဲတာတွေ ထပ်မလုပ်နဲ့တော့၊ ကံကောင်းထောက်မလို့ နင် လက်မထပ်လိုက်ရလို့ပေါ့ဟယ်"

ချင်းမျန့်က သူမညီမလေး၏ ပျော်ရွှင်မှုကို ပြက်ရယ်မပြုချင်ခဲ့ပေ။

ချင်းရို့ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"မမရယ် ငါထပ်ပြီး မိုက်မဲတာတွေ မလုပ်တော့ဘူးဆိုတာ သေချာပါတယ်"

ချင်းမျန့်လည်း သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲဟာ၊ နင့်ကို ဆွဲချနေမိတာပဲ"

သူမရဲ့ မိသားစုက အဆင်မပြေတဲ့အတွက် သူမညီမရဲ့ အိမ်ထောင်ရေးကို နှောင့်နှေးစေနိုင်တယ်လေ။

"မမရယ် ဒီလိုမပြောပါနဲ့၊ နင်နဲ့ ခဲအိုသာ ငါ့ကိုခေါ်မထားခဲ့ရင် ငါ့ဘဝကြီး ဘယ်လိုဖြစ်နေမလဲဆိုတာ ငါမသိဘူး"

"ငါတို့က ညီအစ်မတွေပဲ၊ ဒီအကြောင်းတွေပြောနေစရာလား"

ချင်းရို့က ဒီစကားတွေပြောနေရင်း နွေးထွေးပြီး ချဉ်သလိုလို ခံစားလိုက်ရသည်။ သူမမှာ မူလချင်းရို့ရဲ့ မှတ်ဥာဏ်တွေရော တချို့ခံစားချက်တွေပါ အမွေဆက်ခံခဲ့ရသည်။

ချင်းရို့က အစ်မဖြစ်သူနှင့် အလွန်ရင်းနှီးကြလေသည်။

ချင်းရို့မကူးပြောင်းလာခင်မှာ သူမမိဘတွေက အစောကြီးကွာရှင်းထားကြပြီးဖြစ်သလို သူတို့ကိုယ်ပိုင်မိသားစုတွေ ရှိနေခဲ့ကြပြီးဖြစ်သည်။ သူမကတော့ အဖွားနှင့် အတူနေခဲ့ရပြီး အဖွားကွယ်လွန်သွားသည့် နောက်ပိုင်းတွင်လည်း သူမမိဘတွေက သူမကိုဂရုမစိုက်ကြ၍ တစ်ယောက်တည်းနေခဲ့ရလေသည်။

သူမရဲ့အဖွားက သူမအတွက် အိမ်ဟောင်းတွေ အများကြီးချန်ပေးထားခဲ့လို့သာပဲ။ အစကတော့ အဲဒါတွေကို သိပ်တန်ဖိုးမရှိဘူးလို့ ထင်ခဲ့တာလေ။

သူမလည်း ၎င်းတို့ကို သိမ်းထားခဲ့ပြီး အငှားတင်ကာ ငွေရှာခဲ့သည်။ သူမအဖွားကို ချစ်တဲ့စိတ်ကြောင့် ထိုအိမ်တွေကို ဘယ်တော့မှ မရောင်းခဲ့ချေ။

နောက်ပိုင်းတွင် ၎င်းတို့ကို ဖြိုဖျက်ကာ တိုက်ခန်းများအဖြစ်သို့ ပြောင်းလဲခဲ့သည့်အပြင် ရှန်ကျန်းတွင် အိမ်ယာဈေးတွေလည်း တောက်လျှောက်ထိုးတက်သွားခဲ့သည်။ သို့ရာတွင် ချင်းရို့က သူမ၏ စည်းစိမ်ချမ်းသာကို မထုတ်ဖော်ဘဲ သာမာန်ဘဝဖြင့်သာ ဆက်လက်နေထိုင်ကာ ငှားခများကို စုဆောင်းလျက် ကျောင်းဆရာမတစ်ဦး ဖြစ်လာခဲ့သည်။

အစားအသောက်နှင့် အဝတ်အစားအတွက် ပူပန်စရာမရှိသော်လည်း သူမဟာ ဆွေမရှိမျိုးမရှိဖြစ်၍ နှစ်စဥ်နှစ်တိုင်း နှစ်သစ်ကူးအကြိုတွင် အချိန်အတူတူကုန်ဆုံးမယ့်သူမရှိခဲ့ပေ။

၁၉၇၀နှစ်များတွင် သူမသည် အစားအသောက်နှင့် အဝတ်အစား ရှားပါးသော်လည်း သူမကို ဂရုစိုက်ပေးသည့် ဆွေမျိုးများ ရှိလေသည်။

ချင်းရို့လည်း စီးချက်အတိုင်းသာ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ဘယ်လိုပဲအဆင်မပြေဖြစ်နေပါစေ၊ သူမလည်း ကောင်းမွန်တဲ့ဘဝကို နေချင်တာပေါ့နော်။

"ဘာလို့ နင့်အသံပြောင်းသွားတာလဲ?"

"မမ ငါ မန်ဒရင်းလေ့ကျင့်နေတာလေ၊ ငါ ရေဒီယိုရုပ်သံစာမေးပွဲဖြေပြီး သတင်းကြေညာသူတစ်ယောက် ဖြစ်ချင်လို့"

ချင်းရို့က ဘာလို့အသံပြောင်းသွားသလဲဆိုတာ ရှင်းပြလိုက်သည်။

ချင်းရို့အတွက်တော့ သင့်လျော်သော အလုပ်တစ်ခုပင်။ ဤခေတ်အခါတွင် သတင်းကြေငြာသူက အလုပ်ကောင်းတစ်ခုဖြစ်ပြီး အနုပညာအဖွဲ့ထက် ပို၍သက်တောင့်သက်သာဖြစ်ကာ လစာလည်း ပိုများပေ၏။ လူတိုင်း မနာလိုအားကျရမယ့် အလုပ်တစ်ခုပါပဲ။

ချင်းရို့သည် သာမန်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး သူမ၏ မေဂျာမှာ အဆင့်မြင့်မန်ဒရင်း လိုအပ်ပေသည်။ သည့်အပြင် သူမက ကျောင်းတက်ရင်း အလုပ်လုပ်ခဲ့တာဖြစ်၍ အသံလွှင့်ခြင်းနှင့် အစီအစဥ်မှူးလုပ်ရာတွင် အတွေ့အကြုံများစွာ ရရှိခဲ့၏။ သူမအလုပ်ကြိုးစားပါက ဒီခေတ်ရဲ့ သတင်းကြေညာသူအဖြစ် အသိအမှတ်ပြုခံရလောက်တယ်။

"သတင်းကြေညာသူလား? ကောင်းတာပေါ့! ညီမလေး နင့်အသံက အရမ်းကောင်းတော့ စာမေးပွဲအောင်မှာ သေချာတယ်!"

ဤခေတ်အခါတွင် နာမည်ကြီးသတင်းကြေညာသူဖြစ်ဖို့ မလွယ်ပေမယ့် အစ်မချင်းမျန့်ကတော့ ယုံကြည်စိတ်လျော့မသွားဘဲ သူမကို အားပေးတိုက်တွန်းခဲ့သည်။

"မမအထင်တော့ နင့်ရဲ့ မန်ဒရင်းက ပိုကောင်းလာတယ်နော်"

ညီအစ်မနှစ်ယောက် အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြလေသည်။

"ချင်းမျန့်ရေ နင့်ညီမ ဒီမှာရှိနေလား"

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကြီးတစ်ယောက်က တံခါးဝမှ ဝင်လာခဲ့သည်။ အခန်းထဲဝင်လာသည်နှင့် ချင်းရို့အား အသားတစ်ပိုင်းကို စိုက်ကြည့်နေသကဲ့သို့ ခေါင်းအစခြေအဆုံး စိုက်ကြည့်လိုက်သည်။

ထိုသူကို မြင်လိုက်သည့်အခါ ချင်းမျန့် မျက်နှာပေါ်က အပြုံးမှာ မှိန်ဖျော့သွားလျက်။

ထိုအဒေါ်က အသံကျယ်ကျယ်ဖြင့် ပြောလာခဲ့သည်။

"နင့်ညီမကို ငါ့ရဲ့အကြီးဆုံးတူလေးနဲ့ မိတ်ဆက်ပေးမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးတယ်လေ၊ ငါ့တူကြီးနဲ့နေရတာက မိထွေးဖြစ်ရတာထက် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား"

"နင့်ညီမလည်း ဒီမှာရှိနေတာဆိုတော့ မနက်ဖြန် ငါ့တူကြီးနဲ့ တွေ့သွားလိုက်တာ ပိုကောင်းတယ်နော်!!"

စကားပြောနေသည့်သူမှာ ဟယ်ချွင်းဖန်ဖြစ်ပြီး သူမပြောနေသော အကြီးဆုံးတူလေးမှာ အလွန်ပျင်းရိပြီး လယ်ကွင်းအနီးနားမှာ နေထိုင်သည့် နာမည်ကြီးဒုတိယတန်းစားကောင်လေးပင်။

"ကျွန်မရဲ့ညီမလေးက အဒေါ်ရဲ့တူလေးနဲ့ မတွေ့နိုင်ဘူး၊ သူမက မြန်မြန်ပြန်ရမှာတဲ့"

ဟယ်ချွင်းဖန်က သူမမျက်လုံးကို လှိမ့်လိုက်ပြီး တမင်သက်သက် အရှက်ခွဲလိုစွာဖြင့်

"နင်တို့ရဲ့ မိသားစုအဆင့်အတန်းလေးနဲ့များ ငါ့တူအကြီးဆုံးကို အထင်သေးနေသေးတယ်ပေါ့လေ၊ အနည်းဆုံးတော့ သူက singleပဲဟဲ့၊ ဒါပေမယ့် နင့်ညီမကတော့ တစ်စုံတစ်ယောက်ရဲ့ မိထွေးဖြစ်လုနီးပါးဖြစ်သွားပြီး အဘွားကြီးရဲ့ အဆဲခံလိုက်ရတာလေ၊ သူမက အရှက်ကွဲနေပြီးသား၊ သူမရဲ့ ဂုဏ်သတင်းကလည်း အပုပ်နံ့ထွက်နေပြီဟဲ့၊ တကယ်လို့ နင်သာ တခြားတစ်ယောက်ဆိုရင်ရော သူမကို ယောက်ျားကောင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမှာမို့လား"

"အခုချိန်မှာတော့ လှပတဲ့မျက်နှာလေးနဲ့ မိထွေးဖြစ်ဖို့ဆန္ဒရှိတာကို ငါတို့အားလုံးသိကြပြီးသား၊ ဟုတ်သားပဲ စစ်တပ်ထဲမှာဆို ကွာရှင်းထားတဲ့သူတွေ အများကြီးရှိတာဆိုတော့ အဘိုးကြီးနဲ့ လက်ထပ်တော့မလို့လား၊ ရှေးတုန်းကလူ့ဘောင်အဖွဲ့အစည်းမှာဆို ဒါကို အိမ်ဖြည့်တယ်လို့ ခေါ်တယ်လေ၊ သူမရဲ့ မျက်နှာလေးကိုကြည့်ရုံနဲ့ သူမကို ကိုယ်လုပ်တော်လို့ လူတိုင်းထင်နေကြမှာပဲ"

ချင်းမျန့်က တံမြက်စည်းကောက်ကိုင်ကာ သူမကို ရိုက်ထုတ်ဖို့လုပ်တော့မလိုပင်။ သို့ပေတည့် ဟယ်ချွင်းဖန်မှာ ပုန်းနေရင်း သူမအားဒေါသဖြစ်အောင်ပြောနေခဲ့သေးသည်။

"ငါပြောခဲ့တာတွေက ကြားလို့မကောင်းပေမယ့် အမှန်တရားတွေပဲ၊ သူမကို လက်ထပ်ချင်တဲ့သူအများစုက ကွာရှင်းထားတဲ့ လူအိုကြီးတွေပဲလို့ သူမရဲ့ အနုပညာအဖွဲ့ထဲကလူတွေ ပြောတာကို ငါကြားဖူးတယ်နော်၊ ငါ့တူအကြီးဆုံးနဲ့ လက်ထပ်လိုက်တာက ပိုကောင်းတယ်ဟဲ့"

"ဘာ!"

အမြဲတမ်းနူးညံ့သိမ်မွေ့တတ်သော ချင်းမျန့်မှာ ဒေါသကြောင့် တုန်ယင်နေလျက်။

"မမ သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ နားမထောင်နဲ့၊ ငါ့ခေါင်းဆောင်က ငါ့အတွက် အကြီးအကဲဟောင်းရဲ့ သားတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်လေ၊ သူက အရာရှိငယ်တစ်ယောက်ပဲ၊ အသက်နှစ်ဆယ်ကျော်လေးပဲရှိသေးတာ၊ အိမ်ထောင်လည်းမပြုဖူးသေးဘူး"

သူမစကားကိုကြားတော့ ချင်းမျန့်မှာ ကြောင်အသွားရကာ "တကယ်လား?"

"တကယ်ပေါ့!"

ချင်းရို့က ခေါင်းညိတ်ပြကာ "သူ့ရဲ့ မျိုးရိုးနာမည်က လု၊ ရေတပ်အရာရှိတဲ့၊ အသက်ကတော့ ၂၅နှစ်ရှိပြီ၊ ငယ်ရွယ်ပြီး အလားအလာရှိတယ်၊ မကြာခင်မှာ တပ်ရင်းမှူးအဖြစ် ခန့်အပ်ခံရတော့မယ်ဆိုပဲ"

သူမသည် လေးလေးနက်နက်ပြောနေခဲ့ရာ ချင်းမျန့်နှင့် ဟယ်ချွင်းဖန်တို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

သူမညီမ၏ ခေါင်းဆောင်က ချင်းရို့ကို ငယ်ရွယ်ပြီး အလားအလာရှိသော လူတစ်ယောက်နှင့် မိတ်ဆက်ပေးသည့်အတွက် ချင်းမျန့်လည်း အတော်လေးအံ့ဩသွားရပေသည်။

All Chapters