← Chapters

Chapter 9

Vol. 1 Ch. 9

Chapter 9

Vol. 1 Ch. 9

ဟယ်ချွင်းဖန်မှာ ချန်အိမ်မှနှင်ထုတ်ခံခဲ့ရပြီးနောက် သူမအိမ်ပြန်ရောက်သည်မအထိ ကျိန်ဆဲနေဆဲပင်။

သူမ ယောကျ်ားဖြစ်သူ ကျုံးကောတုန်က မေးလေသည်။

"မင်းဘာဖြစ်နေတာလဲ?"

ဟယ်ချွင်းဖန်က နှာခေါင်းရှုံကာဖြင့် "အဲ့ဒီချန်မိသားစုကညီမပေါ့၊ ချင်းမျန့်ရဲ့ ညီမလေးက ချစ်စရာကောင်းပြီး စွဲမက်စရာကောင်းတယ်လေ၊ သူမက အရင်ကတော့ မိထွေးဖြစ်ဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် အခုကျတော့ သူမရဲ့ခေါင်းဆောင်က သူမကို မိသားစုနောက်ခံကောင်းရှိတဲ့ အရာရှိငယ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်ဆိုပြီး ပြောနေတာ၊ ဟမ့် လာဖြီးဖြန်းနေတာများ! သူမရဲ့ အဲ့ဒီအရာရှိကို တွေ့ဖို့ ငါစောင့်နေလိုက်မယ်"

ယောကျ်ားဖြစ်သူက ဖျောင်းဖျလျက် "မင်းက ချန်မိသားစုနဲ့ ဘာလို့ အဆင်ပြေပြေမနေတာလဲကွာ?"

ဟယ်ချွင်းဖန်မှာ ဒေါသတကြီးဖြင့် သူမယောကျ်ားကို စိုက်ကြည့်လိုက်၏။ သူမယောကျ်ားက အဲဒီချင်းညီအစ်မတွေကို အရမ်းလှတယ်လို့ တွေးနေတာလေ။ ချင်းမျန့်တို့မိသားစု လယ်မြေဘက်ကို ရွှေ့ပြောင်းလာပြီးတဲ့နောက်မှာ သူမယောကျ်ားက ချင်းမျန့်ကို အကြိမ်ပေါင်းများစွာ တိတ်တဆိတ် ကြည့်ခဲ့သေးတယ်။

ဒီညီအစ်မတွေ ကောင်းမွန်တဲ့ဘဝမှာ နေရမှာကို မတွေ့ချင်ဘူး။

***

ချင်းရို့ပြန်လာသည့်အခါ အသားနှစ်ကတ်တီ ယူလာခဲ့၍ ချင်းမျန့်လည်း မီးဖိုချောင်ထဲတွင် အချိန်အတော်ကြာ ချက်ပြုတ်နေခဲ့သည်။ ညစာအတွက် ဝက်သားနှပ်ခေါက်ဆွဲ၊ ခရမ်းသီးနဲ့အာလူးနှပ်၊ ရွှေဖရုံသီးနဲ့အာလူးနှပ်၊ ငါးပေါင်းနှင့် ဂုံးပြုတ်တစ်အိုးတို့ကိုလည်း ချက်ပြုတ်ထားလေသည်။

"ကျွမ်းကျွမ်းရေ၊ သမီးအဖေနဲ့ အဘိုးကို ညစာစားဖို့သွားခေါ်လိုက်တော့"

ချင်းမျန့်က အခန်းထဲသို့ လှမ်းပြောလိုက်သည်။

ကလေးမလေးက လွန်စွာ ပျော်ရွှင်နေလျက်။ သူမလှည့်ကာ အထဲဝင်ပြေးသွားစဥ် ချင်းရို့နှင့် သူမတူလေးက စားပွဲပေါ်သို့ ဟင်းပွဲတွေနေရာချနေပေသည်။

တစ်မိသားစုလုံးက ထမင်းစားပွဲဆီ ရောက်လာကြပြီး ချင်းရို့အရှေ့တွင် သူမ ခဲအို ချန်မျန့်နှင့် သူ့အဖေ ချန်ယွီပိုင်တို့ ထိုင်လိုက်ကြသည်။

သူမရဲ့ ခဲအိုမှာ မျက်မှန်နှင့် ကြင်နာတတ်သူပင်။ ယခင်က သူသည် သိမ်မွေ့ကြော့ရှင်းရည်မွန်လှသော အမျိုးသားတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတော့ တိတ်ဆိတ်လာကာ စကားများများပြောရတာမကြိုက်တော့ပေ။

သူ့ဘေးမှာထိုင်နေသည့် ချန်ယွီပိုင်ကလည်း စိတ်အခြေအနေ အရမ်းကောင်းမနေခဲ့ချေ။ အဘိုးအိုက သူ့ခေါင်းပေါ်မှာ ဦးထုပ်တစ်လုံးဆောင်းထားခဲ့သည်။ ရံဖန်ရံခါတွင် ထိုဦးထုပ်ပျောက်မည်ကို စိုးရိမ်သောကြောင့် သူ့လက်ကိုမြှောက်လျက် ဦးခေါင်းကို ထိကြည့်နေတတ်သည်။

ချင်းရို့သည် တစ်ဖက်ခြမ်းတွင် တစ်ယောက်တည်းထိုင်နေပြီး ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်ဟွာတို့က ဆန့်ကျင်ဘက်မှာ ထိုင်လိုက်ကြသည်။ ချင်းမျန့်ကတော့ သူမ၏ လေးနှစ်အရွယ်သားလေး ချန်ကျင်းရိကို ချီထားရင်း တခြားတစ်ဖက်မှာ ထိုင်လိုက်သည်။

ချန်ကျင်းရိက သူ့အမေ ပေါင်ပေါ်မှာ ထိုင်ကာ ခေါင်းငုံ့၍ သူ့လက်ထဲက ပုလင်းအဖုံးနှင့် ဆော့ကစားနေ၏။ လေးနှစ်သားအရွယ်ရောက်လာတာတောင် စကားသိပ်မပြောသေးပေ။

ချင်းမျန့်က ချန်ကျင်းရိကို အန်တီချင်းရို့လို့ ခေါ်ဖို့ပြောသည့်အခါမှာလည်း ကောင်ငယ်လေးက ခေါင်းငုံ့ထားပြီး အချိန်အတော်ကြာလျစ်လျူရှုထားခဲ့ပေသည်။

ချင်းရို့က သူ့အရှေ့ကို မှီလိုက်ပြီး စကားစပြောလိုက်တော့သည်။

"ကျင်းရိရေ အန်တီက မင်းကို တွေ့ဖို့လာတာလေ"

သူမအသံမှာ ကြည်လင်ပြီး စိမ့်စမ်းရေကဲ့သို့ ချိုမြိန်သာယာလှသောကြောင့် ချန်ကျင်းရိသည်ပင် ဆွဲဆောင်ခံလိုက်ရလေသည်။ သူက ခေါင်းမော့လာကာ သူမကို ကြောင်အမ်းအမ်း ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ချေ။ ထို့နောက် သူက တစ်ဖန် ခေါင်းပြန်ငုံ့သွားကာ လက်ထဲမှ ပုလင်းအဖုံးလေးနှင့်သာ ဆက်၍ကစားနေတော့သည်။

ချန်ကျင်းရိက သူ့ခေါင်းကို မော့လိုက်သည့်အခါ ချင်းရို့မှာ အံ့သြသွားရ၏။ ဒီကလေးရဲ့မျက်လုံးတွေက တကယ် အကြီးကြီးနှင့် မည်းနက်နေလိုက်တာ၊ မျက်ဆံကလည်း သာမန်ကလေးတွေထက် ပိုမည်းနက်နေတာပဲ။

ချင်းရို့သည် အစ်မချင်းမျန့်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ ကလေးလေးက အော်တစ်ဇင်ဖြစ်နိုင်တယ်လို့ သူမ တကယ် သံသယရှိနေပြီ။

"ကျင်းရိက နာခံမှုအရှိဆုံးကလေးပဲ၊ သူ့ကို ဦးဆောင်ရတာအရမ်းလွယ်တာ၊ သူက သူ့အစ်ကိုနဲ့အစ်မလို လုံးဝမဟုတ်ဘူး"

ချင်းမျန့်က သူမနဖူးမှ ဆံပင်တွေကို နားရွက်နောက်ဘက်ပို့လိုက်ပြီး ဝန်လေးစွာ ပြုံးလိုက်သည်။

ချင်းမျန့်သည် သူမရဲ့အငယ်ဆုံးသားလေးက အခြားမိသားစုများရှိ သာမန်ကလေးများနှင့် မတူဘဲ ပုံမှန်မဟုတ်တဲ့ အပြုအမူအချို့ရှိကြောင်း ရှင်းရှင်းလင်းလင်းသိထားပေသည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က မိသားစုရဲ့ ပြောင်းလဲမှုတွေက ကလေးအပေါ်ကို သက်ရောက်သွားတယ်လို့ ခန့်မှန်းမိသဖြင့် သူမရဲ့ နှလုံးသားထဲတွင် ခါးသီးစွာ ခံစားနေခဲ့ရသည်။

ပရမ်းပတာတွေကြောင့် ဘယ်သူတွေ ထိခိုက်သွားခဲ့ရသလဲ? ကလေးက အရမ်းငယ်သေးတော့ တအားကြောက်သွားမှာပဲ။

ကလေးတွေမပြောနဲ့၊ မိသားစုထဲမှာ အရွယ်ရောက်ပြီးသူ နှစ်ယောက်တောင် ပုံမှန်မဟုတ်တဲ့အခြေအနေ ဖြစ်သွားခဲ့တာလေ။

"အင်း"

ချင်းရို့က ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောလိုက်ချေ။

ဒီလိုအခြေအနေမျိုးမှာ အဲ့ဒီအကြောင်းတွေပြောဖို့ မသင့်တော်ပါဘူးလေ။

ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင့်ဟွာတို့ ကလေးနှစ်ယောက်ရဲ့ မျက်လုံးတွေက အလယ်ရှိ ဝက်သားခေါက်ဆွဲပြုတ်အိုးပေါ်တွင် ရှိနေကြလျက်။ အဲ့ဒီဟင်းက သူတို့စိတ်ထဲမှာ အကောင်းဆုံးပဲ။

ညဘက်တွင် ချင်းရို့က ချန်အိမ်မှာပဲ အိပ်လိုက်သည်။ ချင်းမျန့်က သူတို့ဇနီးမောင်နှံအိပ်ရာမှာ သူမရဲ့ ခင်ပွန်း ချန်မျန့်ကို သူ့သားနှစ်ယောက်၊ သမီးတွေနဲ့အတူတူ အိပ်ခိုင်းလိုက်ပြီး ချင်းမျန့်ကတော့ ချင်းရို့နဲ့အတူ သူမရဲ့ သမီးအိပ်ရာမှာ အိပ်ကြပေမည်။ ညီအစ်မနှစ်ယောက် တစ်အိပ်ယာတည်းကို မျှအိပ်လိုက်ကြသည်။

သူမခေါင်းပေါ်တွင် အဝါရောင်မီးမှိန်မှိန်လေးလင်းနေပြီး ချင်းမျန့်က ချင်းရို့အား အရာရှိငယ်အကြောင်းကို အသံတိုးတိုးလေးဖြင့် မေးလာသည်။

တခြားသူတွေရှိနေတော့ ချင်းရို့ကို အသေးစိတ်မေးမြန်းဖို့ ခက်ခဲနေခဲ့တာလေ။ ဒါ့ကြောင့် အခုလို သူတို့နှစ်ယောက်ပဲ ကျန်တော့မှပဲ ချင်းမျန့်က ဒီအကြောင်းကို ထုတ်ပြောနိုင်တော့တယ်။

"သူမက ရေတပ်အရာရှိငယ်လေးနဲ့ တကယ်ပဲ မိတ်ဆက်ပေးခဲ့တာလား"

ချင်းရို့လည်း ခေါင်းညိတ်ကာ "ဟုတ်တယ်၊ သူ့နာမည်က လုယန်"

ချင်းရို့က သူမသိထားတဲ့ အချက်အလက်အားလုံးကို ချင်းမျန့်အား ပြောပြလိုက်၏။ သူမရဲ့ အစ်မကို သူမအတွက်ပါ စိတ်ပူမနေစေချင်ဘူး။ ပြီးတော့ သူမလည်း လိမ်ပြောနေတာ မဟုတ်ဘူးလေ။ ခေါင်းဆောင်က သူမကို "လူကောင်း"နဲ့ မိတ်ဆက်ပေးထားတာပဲဟာ။

ထိုဘလိုင်းဒိတ် အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ အနာဂတ်ကိစ္စပဲပေါ့။

ချင်းမျန့်က လုယန်ရဲ့ နာမည်နှင့် မိသားစုအခြေအနေကို သူမကြားသိပြီးတဲ့နောက် နောက်ဆုံးမှာတော့ ယုံကြည်သွားခဲ့ပြီ။

"ဒါဆို နင်သေချာဂရုစိုက်ရမယ်နော်၊ မနက်ဖြန် သူနဲ့သွားတွေ့တဲ့အခါ သပ်သပ်ရပ်ရပ် ၀တ်စားပြီး ချိုချိုသာသာလေး ပြောဦးနော်"

ချင်းမျန့်ကတော့ ချင်းရို့တစ်ယောက် ဒီလိုလူကောင်းတစ်ယောက်နဲ့ လွဲချော်သွားမှာစိုး၍ အလေးအနက် မှာကြားနေလေသည်။

ချင်းရို့ ပြုံးကာ ဘေးမှာလှဲလိုက်ပြီး သူမကို ပြောပြနေသည့် အကြောင်းအရာများကို နားထောင်နေလိုက်သည်။ ဘလိုင်းဒိတ်မှာ ဘယ်လိုပြောဆိုရမလဲ၊ ဘယ်လိုပြုမူရမလဲဆိုတာတွေ၊ အိမ်ထောင်ပြုပြီး ဇနီးတစ်ယောက်ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာတွေ ချင်းမျန့် ပြောပြနေခဲ့သည်။

အစ်မအကြီးဆုံးက အမေတစ်ယောက်လိုပါပဲလို့ အဆိုရှိသည့်အတိုင်း ချင်းမျန့်က သူမရဲ့အမေလိုပဲလို့ ခံစားရပေသည်။

"နင် ငါ့ကိုကြည့်ပြီး ဘာလို့ပြုံးနေတာတုန်း၊ ငါပြောတာတွေ ကြားရဲ့လား"

ချင်းရို့ပြုံးလျက် ခေါင်းညိတ်ပြကာ "ငါ ကြားပါတယ်"

သူမက ချင်းမျန့်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး သူ့အစ်မရဲ့ နူးညံ့သိမ်မွေ့လှတဲ့မျက်နှာလေးကို ကြည့်ကာ မရေရွတ်ပဲ မနေနိုင်တော့ချေ။

"မမရေ နင်က အမေပုံစံလို သရုပ်ဆောင်နေတာပဲ"

ထိုစကားကို ကြားသောအခါ ချင်းမျန့်မှာ အံ့အားသင့်သွားပြီးမှ သူမအား ဒေါသတကြီးကြည့်ကာ

"နင်ငယ်ငယ်တုန်းက အိပ်တဲ့အခါ ဘယ်သူက ချီပေးခဲ့ရသလဲ၊ နင်မွေးစတုန်းက နင့်ကိုချော့မြူဖို့ နေ့တိုင်း ငါပဲ ဖက်ထားပေးခဲ့ရတာနော်၊ နင်ဘယ်ပဲသွားသွား ငါချီပေးခဲ့တာလေ၊ ငါက နင့်အမေလား?"

"အခုရော နင့်ကို ချော့စေချင်လို့လား"

"ငါ့ကိုချော့လေ"

"နင့်ကိုယ်နင် သုံးနှစ်သားထင်နေတာလားဟယ်၊ သွားအိပ်တော့"

All Chapters