Chapter 16
Vol. 2 Ch. 16
လုယန်ရဲ့ လက်ထပ်ခွင့်လျှောက်လွှာမှာ သူ့အထောက်အထားကြောင့် အထူးအခြေအနေဖြစ်သလို နှစ်ဖက်စလုံးတွင်လည်း နောက်ခံပြဿနာမရှိသောကြောင့် အလျင်အမြန် အတည်ပြုပေးခဲ့ကြသည်။
ချင်းရို့က သူမနှင့် လုယန်တို့ ဒုတိယအကြိမ်တွေ့ဆုံချိန်မှာ သူမက အစိမ်းရောင်စစ်ဝတ်စုံကို ၀တ်ဆင်ထားကာ အဖြူရောင်ရေတပ်ဝတ်စုံဝတ်ဆင်ထားသည့် လုယန်နှင့် ဓာတ်ပုံစတူဒီယိုတွင် မင်္ဂလာဆောင်ဓာတ်ပုံရိုက်၍ အနီရောင်စာအုပ်ကို သွားယူရလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
- လက်ထပ်ပြီးသွားပြီ!
အိမ်မရှိ၊ ကားမရှိ၊ အနာဂတ်မှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ၊ ဘယ်မူလတန်းကျောင်းမှာ ထားကြမလဲဆိုတာကို ဆွေးနွေးခြင်းမရှိ၊ ခန်းဝင်ပစ္စည်းလည်းမလိုသလို သူတို့နှစ်ယောက်တောင်မှ လုပ်ငန်းစဥ်တစ်လျှောက်လုံး စကားလုံးအနည်းငယ်သာ ပြောခဲ့ရသော်လည်း သူတို့က လက်ထပ်မှတ်ပုံတင်ရခဲ့ကြပြီး လက်ထပ်ပြီးသွားကြပြီ။
နောင်အနာဂတ်၌ သူမ, ချင်းရို့က တရားဝင်လက်ထပ်ပြီးသွားခဲ့ပြီ။ သူမ ဘေးက လူဟာ သူမရဲ့ခင်ပွန်းပင်။
ချင်းရို့: “...” လူငယ်နှစ်ယောက်ဟာ ဒီလောက်မြန်မြန်ကြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြကာ “မိဘများနှင့် တွေ့ဆုံခြင်း”ဆိုတဲ့ အဆင့်ကိုတောင် ကျော်ပစ်လိုက်ကြတယ်။
ချင်းရို့လည်း သူမဟာ ဘာကြောင့် ဒီလောက်ပေါ့ပေါ့တန်တန်ဖြစ်သွားရသလဲဆိုတာကို မသိတော့ပေ။
လုယန်က စကားအများကြီးမပြောဘဲ လုပ်စရာရှိတာကိုသာ လုပ်ဆောင်သွားခဲ့ပြီး သူမသည်လည်း ထိုအရပ်မြင့်မြင့်လူကို စကားမပြောရဲပေ။ သူမက ဘာပြောရမှန်းမသိသလို ဘယ်လိုစပြောရမှန်းမသိသောကြောင့် သူ့ခြေလှမ်းတွေနောက်သာ လိုက်သွားတော့သည်။
ကြည့်ရတာတော့ ဒီခေတ်အခါရဲ့ အဆင့်တွေအရ တစ်ခုခုတော့ မမှန်သလိုပဲ။ သူတို့နှစ်ယောက်လုံးက လူငယ်တွေဖြစ်ကြသောကြောင့် ခန်းဝင်ပစ္စည်းကိစ္စရော၊ မင်္ဂလာအရက်အကြောင်းပါ သိပ်မသိကြပေ။ အဲ့ဒီဟာတွေက လုပ်သင့်တာလား?
ချင်းရို့လည်း ထိုကိစ္စများကို ဂရုမစိုက်သော်ငြား မေးမြန်းဖို့ လိုအပ်လေသလားလို့ တွေးနေမိလျက်။
သူမတုံ့ဆိုင်းနေချိန်တွင် လုယန်က စာအုပ်အနီကို ဘေးမှာထားကာ အထုပ်တစ်ထုပ်ကို ထုတ်လိုက်ပြီး ချင်းရို့အား ကမ်းပေးလိုက်၏။
သူမက ထိုအထုပ်ကိုယူပြီး ဖွင့်ကြည့်လိုက်ရာ ယင်းမှာ တစ်စုတစ်စည်းထဲရှိနေသော ငွေစုစာအုပ်များနှင့် ငွေစက္ကူမျိုးစုံတို့ပင်။
“ဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကိုယ့်ရဲ့လစာနဲ့ ထောက်ပံ့ကြေးတွေ၊ ကိုယ် မင်းကို အကုန်ပေးမယ်”
ခေတ္တရပ်သွားပြီးနောက် လုယန်က ဆက်ပြောလာ၏။ “နောင်အနာဂတ်မှာလည်း ကိုယ် မင်းကို အားလုံးပေးမယ်”
ချင်းရို့: “...”
ဒါဟာ လစာဝင်ငွေဖြစ်နိုင်သလား?
သူတို့ရဲ့ ရေတပ်မှာ လစာထောက်ပံ့ကြေး ပိုမိုရရှိမည်ဖြစ်ရာ ဤစုငွေအားလုံးဟာ ပမာဏနည်းနည်းလေး မဟုတ်တန်ရာ။ ဒါတောင် သူက သူမဆီကို အကုန်လွှဲပြောင်းပေးလိုက်တယ်လား? သူတို့နှစ်ယောက်တွေ့ဆုံကြတာ နှစ်ကြိမ်ပဲရှိသေးတာမို့ သူတို့အချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက်တောင် ကောင်းကောင်းမသိကြသေးဘူးလေနော်။
သို့သော်လည်း ယခုအချိန်တွင် သူရဲ့ယုံကြည်မှုဟာ ချင်းရို့ရဲ့ မျက်နှာသာပေးမှုကို ရရှိသွားခဲ့ပြီလို့ သူမပြောရပေမည်။ အနည်းဆုံးတော့ သူရဲ့ စိတ်ရင်းက အမှန်ပဲ။
ချင်းရို့က မေးလိုက်သည်။
“ရှင် ကျွန်မကို တကယ်ပေးနေတာလား?”
လုယန်က ခေါင်းညိတ်လျက် “ကိုယ် မင်းကို ထောက်ပံ့ပေးရမှာ ထုံးစံပဲလေ”
သူလည်း တခြားဘာမှမပြောနိုင်ခဲ့ချေ။ လုယန်သည် ချုံကျိုးကျွန်းဆီသို့ သူ့နောက်လိုက်ခဲ့ရန်မှာ သူမအတွက် မလွယ်ကူမှန်း သဘာဝကျကျပင် သိလေ၏။
တခြားမဟုတ်မဟတ်ကိစ္စတွေအကြောင်း ပြောနေတာထက်စာရင် သူမ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် သူအလုပ်ကြိုးစားမယ့်အကြောင်းကို သူမ ယုံကြည်အောင်လုပ်ပြီး အာမခံချက်တွေ တိုက်ရိုက်ပေးလိုက်တာက ပိုကောင်းတယ်လေ။
“လက်ထပ်ပြီးသွားရင် မင်းက ချုံကျိုးကျွန်းဆီ ကိုယ့်နောက်လိုက်ခဲ့ရမယ်”
လုယန်က သာမန်ကာလျှံကာ ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းမှာ မသိစိတ်က တင်းမာနေလေသည်။
ချင်းရို့ ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရ၍ လုယန်လည်း သက်ပြင်းတစ်ချက်ချလိုက်တော့သည်။
“အရာရှိကြီး ရှင် အမျိုးသမီးတွေကို ရိုက်နှက်တတ်လားဟင်?”
“ကိုယ် မင်းကို မရိုက်ပါဘူး၊ ကိုယ့်မိန်းမကိုတောင် ရိုက်မိရင် ကိုယ့်မျက်နှာ ဘယ်မှာသွားထားရတော့မလဲ?”
ချင်းရို့ ထိုစကားကိုကြားပြီးနောက် အတော်လေး ကျေနပ်သွားရသလို စိတ်သက်သာရာရသွားလျက်။ အနှီအမျိုးသားဟာ ဒေါသကြီးတယ်လို့ အရင်က ကြားဖူးထားပေမယ့် အခုအချိန်မှာတော့ ပြဿနာမရှိပေ။
ဟုတ်တာပေါ့၊ သူတို့နှစ်ယောက်ဟာ ဘယ်တုန်းကမှ အတူတကွ မနေထိုင်ခဲ့ဖူးတာကြောင့် ဖြစ်နိုင်တာပဲလေ။
သူပြောသည့်စကားအရ သူက သူ့ရဲ့နာမည်ဂုဏ်သတင်းကို ဂရုစိုက်ကြောင်း သူမကောက်ချက်ချနိုင်သွားသည်။
သည့်အပြင် သူ့ဇနီး သို့မဟုတ် တစ်ခုခုက... ယောကျ်ားတစ်ယောက်ရဲ့မာန်မာနက သူ့အရိုးထဲမှာ စွဲနေတာများလား?
ဒီလိုဆိုရင်တော့ သူမလည်း အနာဂတ်တွင် အပြင်လူတွေရှေ့မှာ သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ထိန်းသိမ်းပေးဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါနော်။
ချင်းရို့သည် မူလက “ထန်ရို့”အကြောင်း မေးချင်သော်လည်း မလိုအပ်တော့ဘူးလို့ ခံစားမိသွားရလျက်။
ထန်ရို့သည်လည်း အိမ်ထောင်ကျပြီးသားဖြစ်ရာ လုယန်က သူမကို အစားထိုးအဖြစ် လက်ထပ်ခဲ့ရင်တောင် သူ့ရဲ့စုဆောင်းငွေအားလုံးက သူမနဲ့ရှိနေတာလေ။ ဒီတော့ ဘာတွေများထပ်မေးနေရဦးမှာလဲ?
သူတို့နှစ်ယောက်က အချင်းချင်း ကောင်းကောင်းမသိကြသေးပေ။
အိမ်ထောင်ရေးဟာ အချစ်ရဲ့ သင်္ချိုင်းဖြစ်သည်ဟု အဆိုရှိရာ သူတို့နှစ်ယောက်ကတော့ မချစ်ကြသေးပေမယ့် အိမ်ထောင်ရေးကို အရင်စတင်ခဲ့ကြလေပြီ။
ဖြစ်နိုင်တာက ဒီခေတ်အခါက အိမ်ထောင်ရေးတွေက ဒီလိုမျိုးတွေပဲပေါ့။
ချင်းရို့က လုယန်ရဲ့ ချောမောလှသည့်မျက်နှာကို မော့ကြည့်လိုက်ပြီး အနှီမျက်နှာနှင့် အတူတူနေရသည်မှာလည်း သူမမှာ အရှုံးမရှိပါဘူးလို့ စဥ်းစားမိသွားရ၏။
“လုယန် အနာဂတ်မှာ အတူနေကြတာပေါ့”
ချင်းရို့က အပြုံးလေးနှင့် သူ့အား လက်ကမ်းပေးလိုက်ရာ လုယန်လည်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ သူမရဲ့ သေးသွယ်နူးညံ့တဲ့ လက်လေးကို ဆုပ်ကိုင်လိုက်တော့သည်။
သူမက သူနှင့်အတူနေချင်တာပဲ။
ယင်းကား သူကြားဖူးသမျှထဲမှာ အလှပဆုံးအရာဖြစ်သည်မှာ ဧကန်ပင်။