Chapter 28
Vol. 3 Ch. 28
ချင်းရို့ လသာဆောင်တွင် ဖန်လုံအိမ်ငယ်လေးတစ်လုံး ဆောက်ချင်၍ DIYရေသွင်းစနစ်၊ အပူချိန်တိုင်းတာခြင်း၊ အစိုဓာတ်ထိန်းသိမ်းခြင်းနှင့် အာဟာရဖြည့်တင်းခြင်း စသည်တို့ကိုတောင် နေ့တိုင်း လေ့လာသင်ယူခဲ့သေးသည်။
မူကြိုဆရာမအနေနှင့် သူတို့က အလွန်လေးလေးနက်နက်ရှိကြသလို လုပ်နိုင်စွမ်းလည်း ရှိကြ၏။
နောက်ဆုံးတော့... ဂရုတစိုက် တွက်ချက်ပြီးသည့်နောက် ရင်းနှီးမြုပ်နှံမှုနှင့် အကျိုးအမြတ်များကို နှိုင်းယှဥ်ကြည့်ပါက အဆင်မပြေလှချေ။
စိုက်ပျိုးခြင်းဟာ စိတ်ကျေနပ်မှုရရှိနိုင်တယ်လို့ ဆိုနိုင်သည့်အပြင် မူကြိုကလေးလေးတွေရဲ့ ချီးကျူးအားကျခံရဖို့အတွက် လုပ်ဆောင်ခြင်းသာ။ သူတို့လေးတွေက ‘ဝေါင်း ဝေါင်း ဆရာမချင်းစိုက်ထားတဲ့ စတော်ဘယ်ရီသီးတွေကလေ ကြီးလည်းကြီးပြီးတော့ နီရဲနေရောပဲ!’ ဟူ၍ ချီးမွမ်းကြမည်ပင်။
ထိုသည်မှာ အနိုင်ရလိုစိတ်ကြောင့်သာ။
ထို့နောက်တွင်တော့ သူမက အော်ဂဲနစ်စတော်ဘယ်ရီ ဖန်လုံအိမ်၌ စတော်ဘယ်ရီသီး ကောက်ရသည့် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ရန် ကလေးများအားလုံးကို ခေါ်သွားခဲ့၏။ နောက်ဆုံးမှာတော့ သူမက စတော်ဘယ်ရီသီးတွေ အများကြီးစားလိုက်ရသောကြောင့် စတော်ဘယ်ရီသီးတွေကို မြင်လိုက်သည့်အခါတိုင်း စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးတစ်ခုကို ခံစားခဲ့ရတော့သည်။
အကြောင်းသည်ကား မူကြိုတွင် ကလေးများကို အပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို အတွေ့အကြုံအဖြစ် ထည့်လိုက်သဖြင့် ဆရာ၊ ဆရာမများသည်လည်း သိသင့်သိထိုက်သော သက်ဆိုင်ရာအသိပညာတစ်ချို့ရစေရန်အလို့ငှာ မြောက်များလှစွာသော သီးပင်စားပင်၊ ဟင်းသီးဟင်းရွက်တို့ကို စိုက်ပျိုးရန် သင်ယူခဲ့ရတော့သည်။ သူမသည်လည်း စိုက်ပျိုးရေးစာအုပ်များစွာဖတ်ခဲ့ရ၏။
ဟုတ်တာပေါ့၊ သီအိုရီထက် လက်တွေ့က ပိုကောင်းတာပေါ့လေ။
အမှန်တကယ်တော့ သင်ကြားရေး၏ ရည်ရွယ်ချက်မှာ ကလေးတွေကို စိုက်ပျိုးရေးအတွေ့အကြုံရှိစေရန်သာ သင်ပေးခြင်းဖြစ်သလို လယ်သမားဦးလေးကြီးများဟာ စိုက်ပျိုးရိတ်သိမ်းရသည်မှာ မလွယ်ကူကြောင်း သိစေရန်သာ။
အတိတ်တုန်းကတော့ သူမက ဝင်ငွေရှိသလို အိမ်ငှားခတွေလည်းရှိသည်ကြောင့် သူမကိုယ်သူမ ထောက်ပံ့နိုင်၍ လိုချင်သလောက် စိုက်ပျိုးနိုင်သော်လည်း ယခုတော့ သူမမှာ ငွေမရှိ၍ အနာဂတ်၌ ဖရဲသီးနှင့် ပဲတစ်ချို့ကို စိုက်ပျိုးမှာဖြစ်၏။ သို့မှသာ သူမဖရဲသီးစားနိုင်မှာပေါ့။
ချင်းရို့သည် လုယန်နှင့်အတူ ချုံကျိုးကျွန်းသို့သွားရန် ဆုံးဖြတ်ခဲ့ပြီး သူမရဲ့ အနာဂတ်အစီအစဉ်များကို စဉ်းစားထားခဲ့ပြီးဖြစ်၏။ ယခုအချိန်တွင် စီးပွားရေးမှာ ကြပ်တည်းနေဆဲပင်။
ဘယ်လိုဖြစ်ဖြစ် ချင်းရို့မှာ စီးပွားရေးအမြင်မရှိဘူးဆိုတော့ အဆင်ပြေပါတယ်။ ပြီးတော့ အရင်က သူမက တပ်မတော်မှာနေခဲ့ဖူးတာကြောင့် ဒီလိုတရားမဝင် ရာဇဝတ်မှုတွေကို ဘာမှမလုပ်တာပဲ ပိုကောင်းတာပေါ့နော်။
နောင်အနာဂတ်မှာ သူမအစ်မနှင့်ခဲအိုတို့ကို ခေါ်ထားလိုက်မယ်။ ၇နှစ်၊ ၈နှစ်ခန့်ကြာပြီးရင် သူမတို့က သရက်စိုက်ပျိုးရေးခြံ တည်ဆောက်ဖို့ မြေကို ကန်ထရိုက်လုပ်နိုင်မယ်၊ ပင်လယ်ရှုခင်းမြင် အခန်းအနည်းငယ်လည်း ဆောက်နိုင်သလို ရေပူစမ်းဟိုတယ်လည်း ဆောက်နိုင်မယ်၊ ဓာတ်ပုံရိုက်ကူးရေးစင်တာတစ်ခုကိုလည်း ဖန်တီးနိုင်မယ်။
ပြီးရင်တော့ စီးပွားဖြစ်အိမ်ရာ သို့မဟုတ် မိမိတို့ကိုယ်ပိုင်အဆောက်အဦးသေးတစ်လုံးကို ဆောက်ဖို့ ကွမ်ချန်နှင့် ရှန်းချန်ဆီသွားရမှာပေါ့...။
ဟုတ်ပါပြီ၊ ဒီကိစ္စတွေဖြစ်လာဖို့ အဝေးကြီးလိုပါသေးတယ်။
လောလောဆယ်အကြောင်းပဲ စဥ်းစားကြတာပေါ့။
- ငါ ကင်မရာလေးတစ်လုံး ဝယ်ချင်လိုက်တာနော်။
ယခုအချိန်၌ ပင်လယ်ကမ်းခြေမြင်ကွင်းများဟာ အဖိုးမတန်သေးဘဲ ပင်လယ်ထဲရှိ ငါး၊ပုဇွန်၊ အခွံမာသတ္တဝါတို့လောက်တောင် တန်ဖိုးမရှိသေးပေ။ ဒါပေါ့ အရမ်းကြီးတန်ဖိုးမရှိပါဘူး။ ဘဝဟာ ခက်ခဲနေသော်လည်း ကမ်းခြေရှိ လူများက ပင်လယ်ခရုတွေ၊ ပင်လယ်ပုဇွန်တွေကို စားနိုင်ပါသေးသည်။
၁၉၇၀ခုနှစ်များတွင် ကမ်းခြေသို့ မည်သူတစ်ဦးတစ်ယောက်ကမျှ အပန်းဖြေခရီးထွက်ဖို့ မလာကြသေးပေ။ စီးပွားရေးအရ မဖွံ့ဖြိုးသေးတဲ့ အုန်းတောကမ်းခြေက အတော်လေး လှပနေမှာပဲ။ ၁၀မိုင်ငွေရောင်ကမ်းခြေ (ရှီလီယင်ထန်း)ကတော့ ၁၀မိုင်ငွေရောင်ကမ်းခြေပါပဲဟယ်၊ ဓာတ်ပုံရိုက်လို့မရတာပဲ တကယ်စိတ်မကောင်းဘူး။
ထို့အပြင် သူမရဲ့ နှလုံးသားထဲတွင် အတွေးအချို့ ရှိနေသေးပါသည်။ သူမက လုယန်ရဲ့ ဓာတ်ပုံတွေကို လိုချင်လို့ပါပဲ။ ယခုအချိန်တွင် သူမဆီမှာ အဖြူအမည်းဓာတ်ပုံတွေကိုရိုက်ရန် အဖြူအမည်းကင်မရာတစ်လုံးရှိသလို အနာဂတ်မှာလည်း ကာလာကင်မရာဖြင့် ကာလာဓာတ်ပုံတွေကို ရိုက်နိုင်မှာပဲ!
ထို့အတွက် ချင်းရို့လည်း သတ္တိအနည်းငယ် စုစည်းကာ လုယန်နှင့် ဆွေးနွေးလိုက်၏။
“လုယန်၊ ကျွန်မ ကင်မရာတစ်လုံးဝယ်ချင်လို့”
“မင်း ဟိုဟိုဒီဒီလျှောက်ကြည့်နေတာကြာနေပြီ၊ လိုချင်ရင် ဝယ်သာဝယ်လိုက်၊ ဘာလို့ ဒီလောက်ကပ်စေးနည်းနေရတာလဲ?”
လုယန်သည် ထိုစကားတွေကို ပြောပြီးနောက် အနည်းငယ် နောင်တရသွားသလို ခံစားလိုက်ရကာ ယခုလေးတင် သူပြောလိုက်တဲ့လေသံက ဆိုးရွားသလိုဖြစ်သွားသလားဆိုတာကို သူတွေးမိသွားရသည်။
သူက ချင်းရို့ရဲ့ တုံ့ဆိုင်းနေတဲ့ မျက်နှာကို မြင်လိုက်ရတော့ သူမ တစ်ခုခုကြောင့် စိတ်ပူပန်နေရတယ်လို့ သူတွေးမိနေတာလေ။ သူမက သူနှင့်အတူ ချုံကျိုးကျွန်းကို မသွားချင်တော့ဘူးလို့ သူထင်သွားပြီးတော့ စိုးရိမ်သွားရတာကို၊ ဒါပေမဲ့ သူမက ကင်မရာတစ်လုံးဝယ်ချင်ရုံလေးပဲလို့ သူ ဘယ်ထင်မိမှာလဲကွာ!
- ဒါပဲတဲ့လား?
လုယန်လည်း စကားထပ်မဆိုတော့ဘဲ ဆိတ်ဆိတ်နေခြင်းဟာ ရွှေဖြစ်သည့်နှယ်။
ချင်းရို့: “…”
? ? ? ? ဟင် ငါက ကပ်စေးနည်းတယ်တဲ့လား? ကျွန်မ ရှင့်ပိုက်ဆံတွေ သုံးတဲ့အခါကျမှ အသုံးအဖြုန်းကြီးတဲ့မိန်းမဆိုတာဘာမှန်း ရှင်သိလာပါလိမ့်မယ်!
ဒါတွေက ရှင့်ရဲ့ပိုက်ဆံပဲလေ မစ္စတာလုရဲ့!
“ဒါဆို ကျွန်မ ဝယ်လိုက်မယ်နော်?”
လုယန်က သူ့နှာခေါင်းကို ကိုင်လိုက်ကာ ချောင်းဆိုးလိုက်ပြီးမှ တိုတိုပြတ်ပြတ်သာပြောလိုက်၏။
“ဝယ်လေ”
ချင်းရို့က မဝယ်ရဲမှာကို စိုးရိမ်မိသောကြောင့် သူက စကားနည်းနည်းထပ်ပြောခဲ့သည်။
“မင်း ကျွန်းကို ရောက်တဲ့အခါ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲလို့ တချို့ပစ္စည်းတွေကို လိုချင်ရင် ဝယ်လို့တောင်မရနိုင်ဘူး”
“မင်း လိုအပ်မယ်ထင်သမျှကို ဝယ်လိုက်ပါ၊ ပိုက်ဆံချွေတာစရာမလိုဘူး”
“ကိုယ်တို့ အခုဝယ်ရင် ဆိပ်ကမ်းကို တန်းပို့ခိုင်းလို့ရတယ်၊ လှေပေါ်မှာ တင်ထားခိုင်းလိုက်ပြီး ကျွန်းကိုရောက်ရင် ပို့ပေးဖို့အတွက် ထရပ်ကားတစ်စီးရှိလိမ့်မယ်၊ နောက်မှဝယ်ရင်တော့ သိပ်အဆင်မပြေမှာမဟုတ်ဘူး၊ ဝယ်ချင်ရင် အခုမြန်မြန်ဝယ်ထားလိုက်”
လုယန်သည် ကွမ်ချန်ဆိပ်ခံတံတား၌ လှေစီးကာ ချုံကျိုးကျွန်းသို့သွားရန် ရွေးချယ်ထားပြီးဖြစ်၏။ ထို့ကြောင့် ကွမ်ချန်လို မြို့ကြီးမှာပဲ ချင်းရို့အား သူမလိုအပ်သမျှ ဝယ်ရန်အတွက် သူပြောလိုက်လေသည်။
ကျွန်းပေါ်မှာ ဘာမှမရှိဘဲ နေလို့မရဘူးလေ။
အရင်တုန်းကတော့ သူက လူပျိုတစ်ယောက်ဖြစ်လို့ ဘာမှယူလာစရာ မလိုပေမယ့် အခုတော့ အိမ်ထောင်ပြုပြီးဖြစ်သလို သူ့ဇနီးကိုလည်း သူနှင့်အတူတူခေါ်လာခဲ့သဖြင့် အခြေအနေတွေဟာ မတူတော့။ သူ လက်ချည်းသက်သက်သွားလို့မရတော့ဘူး။
လုယန်သည် ချင်းရို့တကယ်လိုအပ်သည့်အရာများကို မသိသောကြောင့် သူမကို ပိုက်ဆံပေးထားပြီး ကြိုက်တာဝယ်ခိုင်းလိုက်တော့သည်။
“ဒါဆို ကျွန်မလိုချင်တာဘာဖြစ်ဖြစ် ဝယ်လို့ရလား?”
“ဝယ်လေ၊ အရမ်းကြီးကပ်စေးမနည်းပါနဲ့၊ မင်းဝယ်ချင်တာရှိရင် ကိုယ့်ကိုမေးစရာမလိုပါဘူး”
ချင်းရို့: “…”
လုယန်ရဲ့လေသံမှာ အနည်းငယ်ပြောင်းလဲသွားပုံရကာ နဂိုတည်တည်ငြိမ်ငြိမ်၊ ကျိုးကြောင်းဆင်ခြင်တတ်ပြီး လိုရင်းတိုရှင်းသာပြောလေ့ရှိရာမှ ကွာခြားသွားသလို သူမခံစားလိုက်ရသည်။
အခုတော့ သူပြောနေပုံက ထေ့ငေါ့သံတစ်ဝက်ပါနေသလိုပဲနော်။ “ရှက်လွန်းနေလိုက်တာ” “ဒီလိုအသေးအဖွဲလေးကို?” “အဲ့ဒီပစ္စည်းကိုလည်း ကြည့်လိုက်ဦး”... ဘာကြောင့်များ စကားလုံးတွေက အထက်စီးဆန်နေသလိုဖြစ်နေရတာလဲဟ!
သူမ စိတ်မထိန်းနိုင်တော့ဘဲ ပြန်ပြောလိုက်ချင်မိတော့သည်။
အိုကေလေ! ဝယ်တာပေါ့ဟယ်၊ သူပြောတာပဲကို!
ဒီအချိန်မှာတော့ ချင်းရို့လည်း အားနာမနေတော့ဘဲ လုယန်ပြောတာမှန်တယ်လို့ သူမနားလည်သွားလေပြီ။ သူမက ကျွန်းမှာသွားနေရတော့မှာဖြစ်၍ ယခုအချိန်မှာ တကယ်ပဲ ဘာမှဟန်ဆောင်နေစရာမလိုတော့ဘူးလေ။
ဟိုရောက်ရင် အိမ်မှာ အိမ်သုံးပစ္စည်းအပြည့်အစုံနှင့် နေရဖို့ဆိုတာ မဖြစ်နိုင်ပေ။ နေ့စဥ်သုံးပစ္စည်းတွေကိုတော့ ကြိုပြင်ဆင်သွားရမယ်။