Chapter 33
Vol. 3 Ch. 33
“နင့်မှာ... ကလေးနှစ်ယောက်ရှိတာလား?”
ရန်ယွီဖန်း ကလေးလေးနှစ်ယောက်ကို တွေ့သည့်အခါ သံသယစိတ်ဖြင့် မေးလိုက်သည်။
ရှမင်ရှီး၏ ဝဝကစ်ကစ်မျက်နှာလေးမှာ အလွန်မျက်စိဖမ်းစားဖွယ်ကောင်းနေပြီး ဒီလိုဝဝကစ်ကစ်လေးဖြစ်လာအောင် ကျွေးမွေးစောင့်ရှောက်နိုင်တဲ့ မိသားစုမှာ သာမန်မိသားစု မဟုတ်မှန်း သေချာနေလျက်။
“မဟုတ်ပါဘူး၊ သူတို့လေးတွေက ကျွန်မရဲ့ တူလေးတွေပါ”
ချင်းရို့ ရေပုံးကြီးတစ်ပုံးဖြင့် ခြံထဲသို့ ရေသွားခပ်လိုက်၏။ သူမ ရေပိုက်ခေါင်းကို အဆုံးထိ ဖွင့်လိုက်သော်လည်း ရေက ပုံးထဲသို့ နည်းနည်းချင်းသာ ကျနေလျက်။
ချင်းရို့: “…”
တော်တော်လေးနည်းတာပဲဟ!
“အစ်မရန် ကျွန်မအတွက် ရေကို တစ်ချက်ကြည့်ထားပေးပါဦးနော်၊ အိမ်ထဲမှာ သန့်ရှင်းရေးသွားလုပ်မလို့”
“ကောင်းပါပြီ၊ သွားလေ”
ခြံထဲမှာ ရန်ယွီဖန်း မတ်တပ်ရပ်ကာ ရေကူစောင့်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ချင်းရို့ယူလာခဲ့သည့် ခရီးဆောင်အိတ်ကို စပ်စုစွာကြည့်နေမိ၏။ လူငယ်တစ်ချို့က ပထမထပ်သို့ ပစ္စည်းမျိုးစုံကို ကူညီရွှေ့ပြောင်းပေးခဲ့ကြတာဖြစ်သည်။
သူမ အနီးကပ်ကြည့်လိုက်ပြီး ချင်းရို့ ဘာတွေယူလာလဲဆိုတာ သိချင်နေမိသည်။
ထင်းလား?
ဟင်းအိုးလား?
…
ထူးဆန်းလိုက်တာ…
“ရှောင်ချင်း ဟင်းချက်တတ်လား?”
“နည်းနည်းပါ”
ရန်ယွီဖန်းသည် နည်းနည်းဆိုတာ ဘယ်လောက်မှန်း သိချင်သွားရလျက်။ အသင့်အတင့်ပဲလား? ဒါမှမဟုတ် တကယ်ပဲ နည်းနည်းချက်တတ်ရုံလေးလား?
ချင်းရို့၏အသွင်အပြင်ကို ကြည့်ရုံဖြင့် သူမဟာ လက်ချောင်းတွေကို ရေအေးတောင်မထိဖူးတဲ့ ဂုဏ်သိက္ခာရှိတဲ့ မိန်းမပျိုလေးတစ်ယောက်နဲ့ တကယ်ပဲ တူနေသည်ပင်။
ယင်းသည်ကား ဇနီးမယားတစ်ယောက်ဖြစ်လာခြင်းနှင့် အရင်က အိမ်မှာ အလိုလိုက်ခံမိန်းမပျိုလေးဖြစ်နေခြင်းတို့ ကြားထဲတွင် ကွာခြားချက်ကြီးတစ်ခုပင်။ ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားကို ဆုပ်ကိုင်နိုင်ဖို့အတွက် ထိုယောကျ်ားရဲ့ အစာအိမ်ကို အရင်ဆုံး ချုပ်ကိုင်ထားရပေမည်။
ရေတစ်ပုံးကို ပြည့်သွားပြီးနောက် နောက်ထပ်ရေပုံးတစ်ပုံးကို ကူညီဖြည့်ပေးထား၍ “အစ်မရန် ကျေးဇူးတင်ပါတယ်နော်”
“ရှောင်ချင်းရေ သူတို့ မင်းအတွက် မီးသီးတွေ ဆင်ပေးခဲ့လား? မီးသီးတွေနည်းနည်း ကြိုဆောင်ထားနော်၊ အထူးသဖြင့် ဒီတစ်ခုလို ကောင်းတဲ့ဟာမျိုးပေါ့ မကြာခဏ လအတော်ကြာ ဓာတ်အားပြတ်တောက်မှု ရှိလာလိမ့်မယ်”
“ဟုတ်ကဲ့ပါ အစ်မရန် ကျွန်မနားလည်ပါပြီ၊ ကျွန်မ ဂရုစိုက်လိုက်ပါ့မယ်”
ရန်ယွီဖန်းသည် ချင်းရို့က သူ့ကို ဘာလို့များ ဓာတ်အားပြတ်တောက်မည့်အကြောင်းရင်းကို မမေးရတာလဲဆိုတာ စဥ်းစားနေရင်း ပါးစပ်ယားလာသလို ခံစားရ၏။
သူမကို တိုင်ဖွန်းအကြောင်း ပြောပြချင်လို့ကို၊ ချင်းရို့က မသိချင်လို့ မမေးတဲ့ပုံပါပဲ။
ရန်ယွီဖန်း ပြန်သွားချိန်တွင် ရှောင်ချင်းဟာ အရမ်းထူးဆန်းတယ်လို့ သူမထင်နေမိသည်။
သူမ ခြံဝင်းထဲမှ ထွက်လာသည့်အခါ ထောင့်တစ်နေရာကို လှည့်ကြည့်လိုက်သည်နှင့် သူငယ်ချင်းဟောင်းတစ်ချို့က သူမကို ဘေးဘက်ဆွဲခေါ်ကာ စပ်စုစွာဖြင့် မေးမြန်းလာကြသည်။
“မိသားစုဝင်အသစ်ရဲ့ အခြေအနေက ဘယ်လိုလဲ?”
“အရမ်းငယ်တဲ့ မိန်းကလေးပဲ၊ သူမက အရမ်းလှတယ်”
“သူမက ဆရာမလား? ဒါမှမဟုတ် ဆေးရုံကလား? ဒါမှမဟုတ် အနုပညာအဖွဲ့ထဲကလား?”
“အရင်က သီချင်းဆိုတဲ့ အနုပညာအဖွဲ့ထဲမှာ ပါခဲ့တာတဲ့၊ စကားပြောတဲ့အခါ လေသံမဝဲပေမယ့် အသံက ကောင်းပါ့တော်”
“ဘယ်လောက်လှတာတုန်းဟဲ့? ကျန်းမိသားစုက တစ်ယောက်ထက် ပိုလှတာလား?”
“ကျန်းမိသားစုဇနီးက လှပတဲ့အပြင် သူမက အစစအရာရာ တော်တယ်လေ၊ သူမက စံပြဇနီးတစ်ယောက်ပဲ”
“ရှောင်ချင်းက ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိတဲ့သူလား?”
“ငါ ခန့်မှန်းလို့မရဘူးဟယ် ဒီရှောင်ချင်းက နူးညံ့သိမ်မွေ့ပြီး ဘယ်လို နေထိုင်ရမလဲဆိုတာ သိတဲ့သူနဲ့ မတူပါဘူး၊ ဒါပေမယ့် သူမက အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုးတွေ အများကြီးယူလာတယ်၊ ပြီးတော့ ထင်းတွေလည်း ယူလာတာကို ငါမြင်လိုက်ရတယ်”
“ထင်း?!”
ဟွမ်ရင်းရင်းလည်း သူမအိမ်ဘေးမှာ မိသားစုအသစ်ပြောင်းရွှေ့လာမယ်လို့ ကြားထားပြီးသားပင်။ သူမအတွက်ကတော့ အထူးအဆန်း မဟုတ်တော့။
လွန်ခဲ့သည့်နှစ်နှစ်အတွင်းတွင် အနီးနားတွင် နေထိုင်သူများက နေအိမ်အများကြီး ပြောင်းလဲခဲ့ကြသလို မိသားစုတိုင်းဟာ အချိန်အကြာကြီး မနေခဲ့ကြပေ။
သူမရဲ့ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်လာခဲ့လျက်။
နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြန်ပြီပေါ့။ ပြီးတော့ ချင်းရို့က ဇနီးအသစ်စက်စက်လေးလို့ သူမကြားထားခဲ့၏။ သူမက လှပသလို အနုပညာအဖွဲ့ထဲမှာ သီချင်းဆိုခဲ့ကာ ဒေါသလည်းကြီးတယ်ဆိုပဲ။ သူမက စီချွမ်နှင့် ဟူနန်ဇာတိမှဖြစ်ပြီး သူမခင်ပွန်း လုယန်ကလည်း နာမည်ကြီးတစ်ယောက်ပင်။ ပြောရပါလျှင် သူတို့နှစ်ယောက်လုံးက ဘာအားသာချက်မှ မရှိပါဘူး။
ဟွမ်ရင်းရင်းအမြင်အရဆို သူတို့နှစ်ယောက်ဟာ တစ်ယောက်က လှပပြီး တစ်ယောက်က ချောမောသောကြောင့် အတူတူရှိသွားခဲ့ကြတာပဲ ဖြစ်ရမယ်။
ခေါင်မိုးတစ်ခုအောက်ထဲမှာ ရန်ဖြစ်ကြမှာပဲ။
ရှိုးကောင်းကောင်းကြည့်ရတော့မှာပေါ့။
ကျစ် ကျစ် ကျစ် ဒီလူငယ်တွေကတော့ဟယ်...
ဟွမ်ရင်းရင်း စိတ်ထဲမှာ နှစ်ကြိမ်လောက် သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် သူ့ဘာသူ ကျေနပ်အားရသလို ခံစားချက်ဝင်လာခဲ့လျက်။
သူမဟာ နေ့စဥ်ရက်ဆက် တစ်နေ့တာလုံး ခင်ပွန်းနဲ့ သားသမီးတွေကို ပြုစုအလုပ်အကျွေးပြုဖို့ ဘယ်လိုအစီအစဥ်တွေရှိခဲ့ရသလဲ?
ထုံးစံအတိုင်း သူမဟာ ဇနီးကောင်းတစ်ဦးအဖြစ် ချီးကျူးခံရခြင်းကို နှစ်သက်ပေ၏။ သူမကို မတော်ဘူးလို့ ဘယ်မိသားစုအဖွဲ့ဝင်တွေက ပြောလို့လဲ? သူမလို ဇနီးမယားမျိုးကို ဘယ်ယောက်ျားက မလိုချင်ဘဲနေမှာလဲ?
သူမရဲ့ အရည်အချင်းကို ဘယ်သူကမှ နှိုင်းယှဉ်နိုင်မှာမဟုတ်ဘူး။
ယခု သူမနှင့် နှိုင်းယှဥ်ဖို့ရာ တခြားရှောင်ချင်းတစ်ယောက် ရှိလာလေပြီ။ ဟွမ်ရင်းရင်းက နောင်အခါမှာ မိသားစုခြံဝင်းထဲတွင် သူမကြားရမည့် စကားဝိုင်းတစ်ချို့ကို ကြိုတွေးထားပြီးသားဖြစ်သည်။
“ရှောင်ချင်းရေ ညီမဟွမ်ဆီက သင်ယူရမယ်နော်”
“ဇနီးအသစ်လေးတွေက တကယ်ပဲ ဘာမှမသိဘူးပဲ၊ မစ်ဟွမ်က အိမ်ကို ဘယ်လိုစီမံသလဲဆိုတာ ကြည့်ကြည့်”
“မင်းရဲ့ယောက်ျားကို ဘယ်လိုပြုစုရမလဲ လေ့လာနော်”
အိမ်ဘေး၌ နေထိုင်သူအသစ်ရောက်လာသဖြင့် ဟွမ်ရင်းရင်း ပျော်ရွှင်နေရုံသာမက သူမခင်ပွန်းဖြစ်သူ ကျန်းချန်ပေလည်း ပျော်ရွှင်နေလျက်။ သူ့မှာ ဝါသနာများများစားစားမရှိဘဲ နာမည်ကောင်းရှိရုံသာ၊ သူက ကြွားဝါရတာကို နှစ်သက်သလို လူအများ မနာလိုဖြစ်အောင်လုပ်တတ်လေသည်။
သူက ဇနီးကောင်းတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ရပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားခဲ့ရသည်။ သူမက ပညာတတ်သလို ကြင်နာတတ်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ကာ အိမ်မှုကိစ္စအားလုံး နိုင်နင်း၍ ဟင်းကောင်းကောင်း ချက်တတ်ပြီး သူ့ကိုလည်း သက်တောင့်သက်သာရှိအောင် ပြုစုတတ်လေသည်။
အခြားမိသားစုက ယောကျ်ားတွေဆို သူ့လို သက်တောင့်သက်သာရှိတဲ့ဘဝမျိုးကို ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ?