အခန်း (၁၀)
Vol. 1 Ch. 10
သူ့၏ ပိုက်ဆံများက အဝေးသို့ လွင့်ပျံသွားသည့်အချိန်တွင် စုန့်ဝေ့မှာ သူ့၏ခန္ဓာကိုယ်ထဲတွင်သာမကဘဲ နှလုံးသားတစ်ခုလုံးကပါ နာကျင်ခံစားလာခဲ့ရတော့သည်။
ဒီလို စကတ်လေးတစ်ထည်အတွက် လေးဆယ့်ငါးယွမ်တောင်မှ ဈေးတောင်းထားတယ်။ မင်းတို့တွေ ဘာလို့ လူကိုဖမ်းပြီးတော့ဘဲ ဓားပြတိုက်မစားတာလဲ!
ဤစကတ်၏ စျေးနှုန်းမှာ စုန့်ဝေ့၏ ခန့်မှန့်ချက် စံနှုန်းကိုပင် ကျော်လွန်သွားခဲ့ချေသည်။ သူကိုယ်တိုင်နဲ့ စုန့်စစ်ယွီအတွက် အဝတ်အစားဝယ်ယူရန်အတွက်ပင် ပိုက်ဆံ ဤမျှအများကြီး မသုံးခဲ့ပါချေ။
ထို့ကြောင့် လင်းရန်အတွက် နောက်ထပ်တစ်ပြားတစ်ချပ်မှ မသုံးတော့ကြောင်းကို သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်!
သူမအား တတ်နိုင်သမျှအမြန်ဆုံး ဒင်ဆမ်းဆိုင်ထဲတွင် ပစ်ချခဲ့ပြီး ကေဒါရှု၏ သားဖြစ်သူကို တွေ့ဆုံခွင့်ပေးလိုက်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့သော် လေးဆယ့်ငါးယွမ်က စတင်ရုံသာရှိသေးကြောင်းကို သူမည်သည့်အချိန်ကမှ မထင်မှတ်ထားခဲ့မိပေ။
လင်းရန်က သူမ အနှစ်သက်ဆုံး စကတ်ကိုဝယ်ယူပြီးသည်နှင့် တစ်ဖက်သို့လှည့်ကာ နံဘေးတွင်ရှိသည့် အထည်ဆိုင်သို့ သွားခဲ့ပြန်သည်။
စုန့်ဝေ့ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ရာ သဘောတူထားသည့်အချိန်မတိုင်ခင် ငါးမိနစ်ကျာ်မျှသာ ကျန်နေတော့သည်ကို တွေ့လိုက်ရသည်။ သူ့အနေဖြင့် လင်းရန်အတွက် ထပ်မံ မဖြုန်းတီးချင်တော့ပေ။
“ရန်ရန် ၊ ဒင်ဆမ်းဆိုင်မှာ ဒင်ဆမ်းအမျိုးအစားအသစ်တွေ အများကြီးရောက်နေပြီလို့ ငါကြားထားတယ်၊ ငါတို့တွေ သွားကြည့်ကြရအောင်လေ”
ကံမကောင်းစွာဖြင့် လင်းရန်က စိတ်မဝင်စားစွာ ခေါင်းခါပြခဲ့ပြီး သူမ၏ မျက်လုံးများက အဝတ်အထည်များပေါ်တွင်သာ ကျရောက်နေခဲ့သည်။
ကျေးလက်သို့သွားမည်ဆိုပါက မြို့ထဲတွင် ဝတ်စားဆင်ယင်နေသည့် အဝတ်အစားများအား ယူဆောင်သွား၍ အလုပ်မဖြစ်နိုင်တော့ပေ။ သူမက အလုပ်လုပ်ကိုင်ရန်အတွက် လုပ်ငန်းခွင်အဝတ်အစား အနည်းငယ်ကိုလည်း ဝယ်ရလိမ့်မည်။
အချိန်ကျလာပါက လင်းမိသားစုက သူ့ကိုသေချာပေါက်လက်ခံလိမ့်မည်ဟုလည်း အတပ်သိရသေးသည်မဟုတ်ပေ။
အကယ်၍ လင်းမိသားစုကသာ လီရှို့လီနှင့် သူမကို ရန်ငြိုးထားခဲ့ပါက သူမ၏ဘဝက ပို၍ခက်ခဲလာမှာ သေချာပေသည်။ ထို့ကြောင့် အဝတ်အထည်များကို ကြိုတင်ပြင်ဆင်ထားသည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အဝတ်အစားများသာမကဘဲ အစားအသောက်များကိုပါ ပြင်ဆင်ထားသင့်သည်။
သူမ ခဏလောက်နေရင် ထပ်ပြီး ဝယ်ယူရမယ်!
ဘာပဲဖြစ်ဖြစ် ဒါတွေကို သူမ ပေးရမှာမဟုတ်ဘူးလေ။ ဒီတော့ ရတဲ့အချိန်မှာ ပိုပြီး စုဆောင်းထားကြတာပေါ့!
“ခဏလောက် စောင့်ပါဦး အန်ကယ်စုန့်၊ ကျွန်မ အဝတ်အထည် နည်းနည်းလောက်ဝယ်ချင်သေးတယ်၊ မကြာခင် ဆောင်းဦးရာသီကိုရောက်တော့မယ်လေ၊ ရက်နည်းနည်းလောက်ပဲ လိုတော့မှာ၊ မနှစ်တုန်းက ဝတ်ခဲ့တဲ့ ဆောင်းဦးရာသီအဝတ်အစားတွေကို ကျွန်မ မဝတ်နိုင်တော့ဘူး၊
ကျွန်မ ဒီအဝတ်အစားတွေကိုတော့ ကျွန်မ ဘာသာပဲ ဝယ်ဖို့တွေးတောထားတယ်၊ ပြောရရင် ခုနတုန်းက အဲဒီစကတ်က အရမ်းစျေးကြီးမယ်လို့ မမျှော်လင့်ထားမိဘူး၊ ဒါကြောင့် ဒီဆောင်းဦးရာသီအဝတ်အစားတွေကိုတော့ ကိုယ်တိုင်ပဲ ဝယ်လိုက်ပါ့မယ်”
လင်းရန်က ဤသို့ပြောပြီးနောက်တွင် စုန့်ဝေ့ဘက်သို့ လှည့်ကြည့်လာပြီး သူမ၏ အမူအရာကတော့ စုန့်ဝေ့ဆီမှ ချီးကျူးစကားကို စောင့်မျှော်နေသည့်အလား ဤသို့ရှိနေခဲ့ပေသည်: “ကျွန်မက ဘယ်လောက်တောင် တွေးတောစဥ်းစားပေးတတ်သလဲ ကြည့်ပါဦး၊ ကျွန်မက အန်ကယ်စုန့်ရဲ့ပိုက်ဆံတွေကို ဒီလိုမျိုး ချွေတာလိုက်နိုင်တယ်!”
စုန့်ဝေ့ အံ့သြဒေါသထွက်သွားရချေသည်။
နွေရာသီစတင်လာတဲ့ အချိန်က ဘယ်လောက်ပဲ ကြာသေးလို့လဲ? ဒါကို သူမက ဆောင်းဦးကိုရောက်ခါနီးပြီလို့ပြောနေတယ်ပေါ့?
ပြီးတော့ သူ့ရဲ့ပိုက်ဆံကိုသာ တကယ်ချွေတာချင်ရင် ဘာကိုမှ မဝယ်တာ အကောင်းဆုံးမဟုတ်ဘူးလား !
လင်းရန်က သူ၏အတွင်းစိတ်ထဲမှ ဝေဖန်ပြစ်တင်သံများကို မကြားရသည်ကတော့ စိတ်မကောင်းစရာပင်။
သေချာပါသည်။ အကယ်၍ သူမကြားနိုင်ခဲ့မည်ဆိုပါကလည်း မကြားချင်ယောင်ဆောင်နေလိမ့်မည်။
“အန်ကယ်စုန့် ၊ ဘာလို့ တိတ်ဆိတ်နေတာလဲ၊ အန်ကယ် ကျွန်မလိုချင်သမျှအကုန် ဝယ်ပေးမယ်လို့ ကတိပေးထားတယ်မဟုတ်ဘူးလား... မေ့လိုက်ပါတော့၊ ကျွန်မ ပြန်သွားတာ ပိုကောင်းမယ်ထင်တယ်၊ အန်ကယ်တို့ ဆက်ပြီးဈေးဝယ်ထွက်လို့ ရပါတယ်၊ ကျွန်မကို စိတ်မပူပါနဲ့”
လင်းရန် သူ့၏လက်ထဲရှိ အဝတ်အထည်ကို ဝမ်းနည်းစွာဖြင့် ပြန်ချလိုက်ပြီး နောက်ကိုလှည့်ကာ ဆိုင်အပြင်ဘက်သို့ ထွက်သွားခဲ့ချေသည်။
စုန့်ဝေ့: “...”
စုန့်ဝေ့က ဤသို့အဖြစ်ခံနိုင်မည်တဲ့လား? သူ့အနေဖြင့် အံကိုတင်းတင်းကြိတ်ကာ သူမအား လှမ်းခေါ်လိုက်ရုံသာ တတ်နိုင်တော့သည်။
“ဝယ်လိုက်ပါ! ငါဝယ်ပေးမယ်!”
ယခု ဤအဝတ်အထည်တွေအား ဝယ်ပြီးပါက လင်းရန်တစ်ယောက် နတ်ဆိုးတစ်ကောင်ကဲ့ပြုမူနေခြင်းအား ရပ်တန့်လိုက်ပြီး သရေစာဆိုင်ဆီသို့ ရိုးရိုးသားသားဖြင့် လိုက်လာမည်ကိုသာ မျှော်လင့်နိုင်တော့သည်။
ပိုက်ဆံထုတ်ပေးရသည့်အချိန်တွင် စုန့်ဝေ့မှာ သူ့၏နှလုံးသားထဲတွင် ထပ်ခါထပ်ခါ ပြော၍ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်: ဘေးအန္တရာယ်များကို ချေမှုန်းပစ်ရန်အတွက် ပိုက်ဆံသုံးစွဲတယ်လို့ပဲ မှတ်လိုက်ကြတာပေါ့။
ဤကဲ့သို့ ငွေပမာဏအနည်းငယ်ကိုသုံးပြီးသည့်နောက် အနာဂတ်တွင် လင်းရန်က သူ့၏ ပိုက်ဆံများကို အမြောက်အမြားသုံးစွဲနိုင်တော့မည်မဟုတ်သည့်အပြင် သူနှင့်သူ့သမီး စုန့်စစ်ယွီအတွက် ပို၍တန်ဖိုးကြီးမားသည့် အခွင့်အလမ်းများအား ဖန်တီးနိုင်မည်ဖြစ်ပေသည်။
ဤနည်းအားဖြင့် တွေးတောပြီးနောက်တွင်တော့ စုန့်ဝေ့မှာ သုံးစွဲသည့်ငွေကြေးနဲ့ ပတ်သက်၍ ရုတ်တရတ် စိတ်ဆင်းရဲခြင်း မရှိတော့ပေ။
သို့သော် သူ ထိုကဲ့သို့ တွေးတောထားခဲ့သော်လည်း အဝတ်အထည်များအတွက် စုစုပေါင်း တန်ဖိုးမှာ နှစ်ဆယ်သုံးယွမ်နဲ့ ရှစ်ဆင့်ကုန်ကျသည်ကို တွေ့လိုက်ရချိန်တွင် သူ့၏လက်များက တုန်ယင်လာရတော့သည်။
သူမက ရာသီတိုင်းအတွက် အဝတ်အထည်များကို အလုံအလောက်ဝယ်ယူနေခြင်းသာ ဖြစ်ချေသည်ဟု ဆိုလိုသည်မဟုတ်ပါလား!
သို့သော်လည်း စုန့်ဝေ့၏ ဆင်းရဲဒုက္ခကျော်လွှားခြင်းမှာ ပြီးစီးခြင်းမရှိသေးချေ။
အဝတ်အစားများအား ဝယ်ယူပြီးသည့်နောက်တွင် လင်းရန်က အတွင်းခံ များ၊ ဖိနပ် ၊ ခြေအိတ် ၊ လက်အိတ် ၊ ဦးထုပ်များ နှင့် တခြားအဝတ်အစား ပစ္စည်းများကို ဝယ်ယူတော့သည် ။
အကယ်၍ သိုးမွှေးစောင်များကို ဝယ်လိုက်ပါက သူမ၏ ရည်ရွယ်ချက်ကို အလွယ်တကူဖော်ထုတ်နိုင်လိမ့်မည်ဟူသော အတွေးကြောင့်သာမဟုတ်ပါက၊ သူမက နောက်ထပ်ထူထဲသော စောင်များကိုပါ ဝယ်ယူပေလိမ့်မည်။
ဝယ်ယူမှုအပြီးတွင် စုန့်ဝေ့မှာ လုံးဝ ထုံကျင်သွားပြီဖြစ်ကာ သူ့၏ဘေးတွင်ရှိနေသည့် စုန့်စစ်ယွီ၏ မျက်နှာမှာလည်း အတော်လေးရုပ်ဆိုးလွန်းနေခဲ့ပြီ။
အဆုံးတွင် စုစုပေါင်းငွေပမာဏမှာ ယွမ်တစ်ရာကျော်သာ ရှိနေသည့်အတွက် ပြန်လည်မွေးဖွားလာခဲ့သော စုန့်စစ်ယွီအတွက် များပြားလွန်းသည်ဟု မခံစားရပေ။
သို့သော်လည်း မည်မျှပင် နည်းပါးသည့် ပမာဏ ဖြစ်နေပါစေ လင်းရန်က သူမအဖေ၏ငွေကြေးကို သုံးစွဲနေသည်သာဖြစ်ကာ ၎င်းက သူမ၏ ကိုယ်ပိုင်ပိုက်ဆံကိုသုံးစွဲနေသည်နှင့် ညီမျှပေသည်။
နောင်အနာဂတ်တွင် သူမအတွက် အလွန် အသုံးဝင်နေသောကြောင့်သာ မဟုတ်ပါက သူမ ထိုလင်းရန်ကို တိုက်ရိုက် ကြိမ်းမောင်းလိုက်ချင်မိသည်။
ထိုတစ်ယောက်က သူမ၏ကိုယ်ပိုင်အဆင့်အတန်းကိုမသိဘဲ သူမ(စုန့်စစ်ယွီ)၏ ဖခင်မှ သူ့အတွက် ပစ္စည်းတွေ အများကြီးဝယ်ပေးဖို့ တောင်းဆိုနေခဲ့သည်။
သူမဆီမှာ ဘယ်လိုအရည်အချင်းတွေများ ရှိနေလို့လဲ?!
ကံကောင်းထောက်မစွာဖြင့် ဖခင်ဖြစ်သူ၏ သည်းမခံနိုင်လောက်သောအမူအရာကို မြင်သည့်အချိန်တွင် စုန့်စစ်ယွီတစ်ယောက် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။
သူမ သူမ၏အဖေဆီကနေ သင်ယူရလိမ့်မည်။ သူမ၏ စိတ်မရှည်မှုအနည်းငယ်လောက်က သူမ၏ ကြီးမားသည့် အကြံအစည်များကို ပျက်စီးသွားစေနိုင်လိမ့်မည်။
ကေဒါရှု၏သားနဲ့တွေ့ဆုံဖို့ရန် သဘောတူထားသည့်အချိန်ကို ကျော်လွန်သွားပြီး နာရီဝက်အကြာတွင်တော့ လင်းရန်က သူမ၏လက်ကို ဝှေ့ရမ်းပြီး သူမ ဝယ်ချင်သည့်အရာ ဘာတစ်ခုမှ မရှိတော့ကြောင်းကို ပြောပြလာခဲ့သည်။
ကံကောင်းထောက်မစွာနှင့် စုန့်ဝေ့က လီရှို့လီအား ကေဒါရှုနှင့် သူ၏သားဖြစ်သူဆီကို သွားရောက်နှုတ်ဆက်ရန် ကြိုတင်လွှတ်ထားခဲ့ပြီဖြစ်ကာ သူတို့အား ခဏလောက်စောင့်ပေးဖို့ရန်အတွက် တဖက်လူများကို ခဏမျှ ထိန်းထားခဲ့နိုင်ချေသည်။
ဤသို့မဟုတ်ပါက သူတို့၏ ယခုကဲ့သို့နောက်ကျနေသည့်ပုံအရ တစ်ဖက်က ဒေါသအလွန်ထွက်ကာ လှည့်ပြန်သွားပေလိမ့်မည်။
“စကားမစပ် အန်ကယ်စုန့်၊ ဒင်ဆမ်းဆိုင်မှာ ဒင်ဆမ်းအသစ်တွေ ခပာပြီးတင်တားတာရှိနေတယ်လို့ မပြောခဲ့ဘူးလား၊ ကျွန်မတို့တွေ သွားကြည့်ရအောင်”
လင်းရန်အနေနဲ့ နောက်ဆုံးသောမိနစ်လောက်တွင်ရပ်တန့်ရခြင်း၏ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး သိရှိနားလည်ထားသည်။ စုန့်ဝေ့၏အမူအရာကိုကြည့်ခြင်းအားဖြင့် သူမသာ ဆက်လုပ်နေပါက ထိုသူက တကယ်ဒေါသထွက်သွားနိုင်ပေသည်။
တစ်ဖက်လူက လင်းရန်ထံမှ ထိုစကားကို စောင့်နေခဲ့သည်မှာ ကြာမြင့်လှပေပြီ။
စုန့်ဝေ့မှာ သူ တစ်လလောက် အလုပ်လုပ်ပြီးသည့်နောက်တွင်ပင် ဤမျှလောက် ပင်ပန်းလိမ့်မည် မဟုတ်ကြောင်း ခံစားနေခဲ့ရသည်။
“ကောင်းပြီ၊ သွားကြတာပေါ့၊ မင်းအမေက အဲဒီကို အရင်သွားနှင့်ပြီ၊ ငါတို့ပဲ ကျန်တော့တယ်၊ သွားကြရအောင်”
ထိုသို့ ပြောပြီးသည့်နောက်တွင် စုန့်ဝေ့က လင်းရန်နှင့် စုန့်စစ်ယွီတို့အား သရေစာဆိုင်တန်းဘက်ဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။
လင်းရန်အနေနဲ့ အဝေးတွင် လီရှို့လီ လူငယ်တစ်ဦးနှင့် စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ မျက်နှာပေါ်ရှိ အပြုံးကတော့ ပန်းပွင့်များထက်ပင် ပို၍ တောက်ပနေခဲ့လေ၏။
လင်းရန် ထိုမြင်ကွင်းကိုမြင်သည်တွင် စိတ်ထဲ၌ အတွေးတစ်ခုကို မတွေးဘဲ မနေနိုင်ခဲ့ပါချေ။
‘လက်ရှိ ရှင့်ရဲ့ အပြုံးကို တန်ဖိုးထားသင့်တယ် ၊ နောက်ထပ် ရက်ပိုင်းအတွင်းမှာ ရှင်တို့တွေ ထပ်ပြီးပြုံးနိုင်တော့မှာ မဟုတ်ဘူး’
လီရှို့လီတစ်ယောက် နောက်ဆုံးတွင် သူတို့သုံးယောက် ရောက်လာသည်ကို မြင်လိုက်ရပြီး ထိုအချိန်ကျမှ သူမ၏နှလုံးသားထဲမှ ကြီးမားသောကျောက်တုံးကြီးမှာ မြေပြင်ပေါ်သို့ပြန်လည် ပြုတ်ကျသွားတော့သည်။
သူတို့သာ အခုချိန်ထိ ရောက်မလာသေးဘူးဆိုရင် သူမဆီမှာ ရှောင်ရှုနှင့် ပြောစရာ ဘယ်လိုစကားမှ မကျန်တော့ဘူးဆိုတာကို ဘုရားသာသိလိမ့်မယ်!
“အိုး၊ သူတို့လာနေပြီပဲ!”
“ရှောင်ရှု လာလေ၊ ငါမင်းကို မိတ်ဆက်ပေးမယ်၊ ဒါက ငါ့သမီးနှစ်ယောက်ပဲ၊ ဒီဘက်က အကြီးဆုံးသမီးစုန့်စစ်ယွီတဲ့၊ သူမကတော့ သမီးအငယ်လင်းရန်လို့ခေါ်တယ်”
လင်းရန်တို့သုံးယောက် အရှေ့သို့ မရောက်သေးခင်ကတည်းက လီရှို့လီမှာ လူများကို ရှုကျစ်ဝမ်နှင့် မိတ်ဆက်ပေးရန် မစောင့်နိုင်ဖြစ်နေခဲ့သည်။
ရှုကျစ်ဝမ်တစ်ယောက်ကတော့ ဤနေရာတွင် နာရီဝက်ကျော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။ လီရှို့လီမှ သူ ပျင်းရိနေသည်ကို သက်သာစေဖို့အတွက် သူနဲ့ စကားလာပြောနေခဲ့သော်လည်း တကယ့်ကို နက်နက်ရှိုင်းရှိုင်း မကျေမနပ်ဖြစ်နေခဲ့ပြီ။
သို့သော်လည်း လင်းရန် သူ့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည့်အခိုက်တွင် ရှုကျစ်ဝမ်၏ ဒေါသများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရတော့သည်။
သူ့မျက်လုံးများက လင်းရန်၏ လှပသော မျက်နှာကိုသာ စိုက်ကြည့်နေခဲ့ကာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
**