အခန်း (၁၂)
Vol. 2 Ch. 12
ရှုကျစ်ဝမ် တိတ်ဆိတ်နေသည်ကိုမြင်တော့ လင်းရန်က သူ့ကို စိုက်ကြည့်ပြီး စူးစမ်းချင်ယောင်ဆောင်ကာ မေးမြန်းခဲ့သည်။
“အစ်ကိုရှု၊ ရှင်ဘာလို့ အလုပ်မသွားရတာလဲ”
ရှုကျစ်ဝမ်တစ်ယောက် သူမ၏စကားကို ကြားချိန်တွင် အံ့အားသင့်သွားရပြန်သည်။
သူပဲ အရမ်းအတွေးလွန်နေတာများလား? မဟုတ်ရင် လင်းရန်ရဲ့ လေသံကနေ “ရှင်ဘာလို့ ပျင်းရိနေတာလဲ” ဆိုတဲ့ ခံစားချက်မျိုးရောပါနေတာကို သူဘာလို့ ကြားနေရတာလဲ။
ရှုကျစ်ဝမ် ကိုယ့်ကိုယ်ကိုဖိအားပေး၍ပြုံးပြလိုက်ပြီး သူ့ကိုယ်သူ အတွေးလွန်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။
လင်းရန်က ထိုမျှလောက် ရိုင်းဆိုင်းမည်မဟုတ်ပေ။
“ငါ ဒီနေ့တစ်ရက် ပိတ်ရက် တစ်ရက်ရထားတယ်လေ၊ အလုပ်သွားစရာမလိုဘူး”
“အဲလိုမျိုးကိုး”
လင်းရန်က ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြောလာသည်။
“အန်ကယ်စုန့်ကလည်း ဒီနေ့ အားလပ်ရက် တစ်ရက်ရထားတယ်တဲ့၊ ရှင်တို့တွေက တကယ်ကို တိုက်ဆိုင်တာပဲ”
ဤစကားတွင် အဓိပ္ပါယ်များပြည့်နေခဲ့သည်။ ရှုကျစ်ဝမ်တစ်ယောက် မိဘက ယနေ့တွင် သူတို့နှစ်ယောက်ကို တွေ့ဆုံရန် တမင်စီစဉ်ထားကြောင်းကို လင်းရန်အား မပြောထားကြောင်း မသိခဲ့ပါက လင်းရန်က ထိုစကားကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောခဲသည်ဟုတောင် ထင်မှတ်မိလိမ့်မည်။
“ဟား ဟား အမှန်ပဲ”
ရှုကျစ်ဝမ်မှာ ယခုအခိုက်အတန့်တွင် သူ၏အပြုံးက မည်မျှ အနေရခက်သည့်ပုံပေါက်နေမည်ကို မှန်ထဲတွင်ကြည့်ရန် မလိုအပ်ဘဲ ခန့်မှန်းနိုင်နေခဲ့သည်။
ရှုကျစ်ဝမ် ဒီခေါင်းစဥ်အကြောင်းကို အမြန်ရှောင်ရှားရန် တွေးတောနေစဥ် သူ့၏မျက်လုံးများက လင်းရန်၏နောက်မှာရှိနေသည့် ပစ္စည်းများဆီသို့ ကျရောက်သွားခဲ့ရသည်။
“ဒါတွေက မင်းတို့ဝယ်ခဲ့ကြတာလား၊ ပစ္စည်းတွေ အတော်များတာပဲ”
လီရှို့လီနှင့် စုန့်ဝေ့တို့က မကြာခင်ပြန်လာမည်ဟု ကတိပေးခဲ့သောကြောင့် မတိုင်ခင်က လင်းရန်ဝယ်ယူခဲ့သော ပစ္စည်းများကို အတူ ယူသွားခဲ့ခြင်းမရှိပေ။
သို့သော် ဤသည်က ပြဿနာတစ်ခုမဟုတ်ဘဲ ကုန်တိုက်တံခါးဝတွင် ပစ္စည်းများ သိမ်းဆည်းဝန်အတွက် နေရာတစ်ခု ရှိပြီး ထိုပစ္စည်းများကို ကူညီစောင့်ကြည့်ပေးသူများလည်း ရှိသည်။
ထို့ကြောင့် ထိုအချိန်တုန်းက လီရှို့လီနှင့်စုန့်ဝေ့တို့ ထိုပစ္စည်းများ ရှိနေသောကြောင့် ရှုကျစ်ဝမ်နှင့် လင်းရန်တို့ ဤနေရာတွင်သာ ပိတ်မိနေပြီး မည်သည့်နေရာကိုမျှ ထွက်သွားဖို့အတွက် အခွင့်အလမ်း မရှိဘဲနေလိမ့်မည်ဟု မတွေ့တောခဲ့ကြပါချေ။
သူတို့တွေက ရှုကျစ်ဝမ်လည်း ထိုအကြောင်းအားသိရှိနေလိမ့်မည်ဟု တွေးတောခဲ့ကြသည်။ ထို့အတွက် ရှုကျစ်ဝမ်က လင်းရန်အား သူမ၏ ပစ္စည်းများကို တံခါးဝနားတွင် သိမ်းဆည်းခိုင်းပြီး အတူတတကွလမ်းလျှောက်ကြဖို့ အကြံပေးလာလိမ့်မည်ဟုလည်း တွက်ဆခဲ့ကြသည်။
ရှုကျစ်ဝမ်သည်လည်း ထိုအကြောင်းကို စကားစလာချင်ခဲ့သော်ငြား လင်းရန်က သူ့ကို အခွင့်အရေးမပေးခဲ့ပါချေ။
“အင်း ၊ နေ့စဉ်သုံးပစ္စည်းတချို့ ဝယ်ခဲ့တာ”
လင်းရန်က ထိုပစ္စည်းများ အားလုံးကို သူမတစ်ယောက်တည်းဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းကို မရှင်းပြဘဲ စကားတစ်ခွန်းတည်းဖြင့် အကျဉ်းချုပ်ဖော်ပြခဲ့သည်။
ထို့ကြောင့် ရှုကျစ်ဝမ်က ထိုပစ္စည်းများကို သူတို့တစ်မိသားစုလုံးအတွက် အသုံးပြုရမည့်အရာများဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
ပြောရပါက ထိုမျှလောက် များပြားသည့်ပစ္စည်းများကို လင်းရန်တစ်ယောက်တည်းသုံးစွဲရန်အတွက် ဝယ်ယူခဲ့ခြင်း ဖြစ်လိမ့်မည်လို့ မည်သူကမျှတွေးတောနိုင်မည်မဟုတ်ပါချေ။
ရှုကျစ်ဝမ် ပစ္စည်းများကို တံခါးဝတွင်ထားခဲ့ရန် ပြောခါနီးတွင် လင်းရန်က တစ်ခုခုကို တွေးတောနေပုံရသည်။
“ဒါပေမယ့် ကျွန်မမှာ မဝယ်ရသေးတဲ့ ပစ္စည်းတချို့ရှိနေသေးတာကို အခုမှ သတိရမိတယ်၊ ကျွန်မက အခုတစ်ခါတည်း ဝယ်ဖို့ တွေးထားခဲ့တာ၊ ဒါမှမဟုတ် အစ်ကိုရှု၊ ကျွန်မအတွက် ဒီပစ္စည်းတွေကို ခဏလောက် ကြည့်ထားဖို့ ကူညီပေးနိုင်မလား၊ ကျွန်မ မကြာခင် ပြန်လာခဲ့ပါ့မယ်”
“မရဘူး!”
ရှုကျစ်ဝမ် တွေးပင်မတွေးဘဲ ငြင်းဆန်လိုက်သည်။
သူက ယနေ့တွင် လင်းရန်နဲ့ အတူရှိနေရန်အတွက် ခွင့်ယူကာထွက်လာခဲ့ခြင်းဖြစ်ပြီး သူမနှင့် ပို၍ ဆက်သွယ်ပြောဆိုချင်သည်မှာ သဘာဝပင်။
အကယ်၍ သူသာ ထိုပစ္စည်းများကို စောင့်ကြပ်ဖို့အတွက် ရပ်စောင့်ကျန်နေခဲ့ပါက ထူးခြားမှု ရှိပါဦးမည်တဲ့လား။
“ဟိုဘက်မှာ ပစ္စည်းတွေ သိမ်းထားဖို့ နေရာရှိတယ်လေ၊ ငါတို့ လုပ်လို့ရနိုင်...”
သူ စကားကို ဆုံးအောင် မပြောရသေးခင် လင်းရန်က ငြင်းဆိုလာခဲ့သည်။
“ကျွန်မ စိတ်ပူလို့! အဲဒီနေရာမှာ ပစ္စည်းတွေကို အပ်ထားတဲ့သူတွေ အများကြီးရှိတယ်၊ သူတို့တွေက ကြုံသလို ဆွဲယူသွားမလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ!”
လင်းရန် နှုတ်ခမ်းကိုဆူထော်လိုက်ပြီး သူမ၏ မျက်နှာက သဘောမတူကြောင်းအမူအရာများဖြင့် ပြည့်နှက်နေသည်။
“ဒါက......”
ရှုကျစ်ဝမ် ရုတ်တရက် မည်သည့်စကားကို ပြောရမှန်းမသိဖြစ်သွားရသည်။
သို့သော်လည်း လင်းရန်အတွက် ပစ္စည်းများကို စောင့်ပေးရန် ဤနေရာတွင် ကျန်ရစ်ခဲ့ပြီး လင်းရန်အား တစ်ယောက်တည်း ဈေးဝယ်ထွက်ခိုင်းဖို့ကတော့ သူ့အတွက် လုံးဝမဖြစ်နိုင်ပါ။
သူတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်နိုင်မည့် အဖြေတစ်ခုကို သူစဉ်းစားတော့မည့်အချိန်တွင် လင်းရန်က သူ့ကို အကြံတစ်ခုပေးလာခဲ့သည်။
“ဒါမှမဟုတ်ရင် အစ်ကိုရှု၊ ရှင် ကျွန်မအတွက် နည်းနည်းလောက် ဝိုင်းသယ်ပေးလို့ရမလား၊ ဒါဆို ကျန်တဲ့ပစ္စည်းတွေကို ကျွန်မကိုယ်တိုင် သယ်လိုက်မယ်လေ၊ ပြီးရင် ကျွန်မတို့ ဒီပစ္စည်းတွေကိုယူပြီး စျေးဝယ်ထွက်လို့ရပြီ”
ရှုကျစ်ဝမ်တစ်ယောက် လင်းရန်၏ နောက်တွင်ရှိနေသည့် အိတ်ကြီးအိတ်ငယ်များကို တစ်ချက်ကြည့်လိုက်ပြီး သူတစ်ယောက်တည်း သယ်ယူနိုင်လောက်မည်လားဆိုသည်ကို တွက်ချက်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင်တော့ သွားများ တင်းတင်းကြိတ်ရင်း လုပ်နိုင်လိမ့်မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။
သူက အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်ပဲ။
သူ့အနေဖြင့် လင်းရန်နှင့်တွေ့ဆုံသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး သူနှင့်အတူရှိနေချိန်တွင် မိန်းကလေးတစ်ယောက်အား ပစ္စည်းများကိုသယ်ခိုင်းဖို့က မဖြစ်နိုင်သည်မှာ သေချာပေသည်။
အမျိုးသားတစ်ယောက်အနေနှင့် မျက်နှာပျက်သွားရလိမ့်မည်။
“အဆင်ပြေပါတယ်၊ ငါတစ်ယောက်တည်း သယ်သွားလို့ရတယ်၊ ဒီပစ္စည်းလေးတွေလောက်က ငါတစ်ယောက်တည်း သယ်သွားနိုင်တယ်!”
ထိုစကားနှင့်အတူ ရှုကျစ်ဝမ်ကပစ္စည်းတွေရှိရာဆီသို့သွားကာ အထုတ်အပိုးများကို သယ်ယူလိုက်သည်။
ကောင်းချက်ပဲ! အခုတော့ ဘယ်လောက်ပဲ အရေးကြီးတဲ့ကိစ္စပဲဖြစ်နေပါစေ ၊ သူ့အနေနဲ့ စကားမဟနိုင်တော့ဘူး!
သို့သော်လည်း လင်းရန်၏ရှေ့တွင်တော့ သူ့၏ ပင်ပန်းမှုကို အနည်းငယ်မျှ မပြသနိုင်ခဲ့ဘဲ အံကိုသာ တင်းတင်းကြိတ်ထားနိုင်ခဲ့သည်။
လင်းရန်ကတော့ ထိုမြင်ကွင်း မြင်လိုက်သည်တွင် သဘာဝကျသွာဖြင့် ပြုံးပြပြီး ချီးကျူးလိုက်လေ၏။
“အစ်ကိုရှု၊ ရှင်က အရမ်းသန်မာတာပဲ!”
“ဟားဟား..ဘယ်ကလာ ၊ ဘယ်ကလာ.. ဒါနှင့် မင်း တစ်ခုခုဝယ်မလို့မလား၊ လာလေ၊ မင်းအရှေ့က လမ်းပြပေး!”
ဤနည်းအားဖြင့် လင်းရန်တစ်ယောက် အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လာရသော ရှုကျစ်ဝမ်အား အနောက်ဘက်ချန်ထားခဲ့ကာ ရှေ့ကနေ စိတ်အေးလက်အေးအေးဖြင့် လမ်းလျှောက်လာခဲ့ပြီး စတိုးဆိုင်များဆီကို ဆက်သွားခဲ့ကြသည်။
အိမ်မှ ထွက်လာခါနီး အချိန်တုန်းက ဒါရိုက်တာရှုမှ ရှုကျစ်ဝမ်ဆီကို အထူးတလည်မှာကြားခဲ့သည့်၊ လင်းရန်နှင့်အတူ လှည့်ပတ်လမ်းလျှောက်၍ ရင်းနီးမှုတိုးတက်လာစေရန် အခွင့်အလမ်းရှာခိုင်းသည့်ကိစ္စနဲ့ ပတ်သက်လျှင်တော့ ရှုကျစ်ဝမ်မှာ ဤကြီးမားလှသည့် “နေ့စဉ်သုံးပစ္စည်းများ” ကိုရင်ဆိုင်နေရချိန်တွင် လုံးလုံးလျားလျား မေ့လျော့နေခဲ့ပေပြီ။
လင်းရန် ဈေးဝယ်ထွက်ချင်သည်ဟု ပြောခဲ့သည့်စကားကတော့ အမှန်ပင်ဖြစ်ချေသည်။
အဆုံးတွင်တော့ သူမအနေနှင့် အဝတ်အစား၊ အိမ်သုံးပစ္စည်းများနှင့် သယ်ယူသွားနိုင်သည့် နေ့စဥ်သုံးများကို ဝယ်ယူခဲ့သော်လည်း စားစရာကိုတော့ တစ်ခုမှ မဝယ်ခဲ့ရသေးပါချေ။
သူမ၏ ဟင်းချက်ကျွမ်းကျင်မှုက အတော်လေး ကောင်းမွန်သော်လည် ကျေးလက်ဒေသသို့ သွားခဲ့မည်ဆိုပါက သူမ၏ ဟင်းချက်အရည်အချင်းများအား ပြသဖို့ရန် အခွင့်အရေးက မရှိနိုင်လောက်ခြင်းကလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူမအနေနှင့် ဘီစကစ်များနှင့် တာရှည်ခံစည်သွပ်ဘူးများကဲ့သို့သော အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သည့် အစားအစာခြောက်များကို ထည့်သွင်းယူရလိမ့်မည်။ ဤနည်းအားဖြင့် ဆာလောင်မှုကို အနည်းငယ်လောက်ဖြစ်စေ သည်းခံနိုင်လိမ့်မည်။
အဝတ်အစား၊ ဖိနပ်နဲ့ ခြည်ထည်အသုံးအဆောင်များနှင့်ယှဥ်ပါက အစားအသောက်များက အများကြီး ဈေးသက်သာနေခဲ့သည်။
သို့သော်လည်း မည်မျှပင် ဈေးသက်သာပါစေ လင်းရန်အနေနှင့် သူမဘာသာ ပေးချေရန် မစီစဉ်ထားခဲ့ပါချေ။
သူမက ဘီစကစ်နဲ့ စည်သွပ်ဘူးများကို ရွေးချယ်ပြီးနောက်တွင် ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်စွာနှင့် ညည်းညူလာခဲ့သည်။
“အိုး၊ ပိုက်ဆံက အန်ကယ်စုန့်နဲ့ ကျွန်မရဲ့အမေတို့ဆီမှာ ပါသွားတာကို ကျွန်မ မေ့သွားတယ်!”
မတိုင်ခင်အချိန်က သူမအတွက် ပစ္စည်းများကို လိုက်ပါ ထုတ်ယူပေးခဲ့ပြီးပိုက််ဆံရှင်းရန်အတွက် လင်းရန်အား စောင့်ဆိုင်းနေသည့် အရောင်းဝန်ထမ်းမှာ ထိုစကားကိုကြားလိုက်ရသည်နှင့် မျက်နှာအမူအရာပြောင်းလဲသွားတော့သည်။
“ရဲဘော်၊ မင်းမှာ ပိုက်ဆံမရှိဘူးလား”
သူမတွင် ပိုက်ဆံမရှိပါက သူမ မတိုင်ခင်က ပစ္စည်းများ ထုပ်ပိုးရန်ကြိုးစားခဲ့သည့် အလုပ်များအားလုံးက အချည်းနှီးဖြစ်သွားရလိမ့်မည်။
အရောင်းဝန်ထမ်း၏ မျက်နှာပေါ်မှ အထင်အမြင်သေးမှုကို လူတိုင်းမြင်နိုင်ပြီး သူမ၏ အသံသည်လည်း အလွန်ကျယ်လောင်ကာ ပတ်ဝန်းကျင်တွင်ရှိသည့် လူပေါင်းများစွာကို လှည့်ကြည့်မိစေရန် ဆွဲဆောင်ခဲ့သည်။
လင်းရန်က မည်သည့်တုံ့ပြန်မှုမှ မလုပ်ခဲ့သော်လည်း ဘေးနားတွင်ရှိနေသည့် ရှုကျစ်ဝမ်ကတော့ အလွန် သက်သောင့်သက်သာမရှိ ဖြစ်သွားခဲ့ရသည်။
သူ့၏ပတ်ဝန်းကျင်မှ လူတွေအားလုံးက သူ့ကို ကြည့်နေသကဲ့သို့ခံစားမိနေခဲ့သည်။ သူသည်က အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ဖြစ်ပြီး သူနှင့်အတူ ကောင်မလေးကို ကုန်တိုက်သို့ ခေါ်လာခဲ့ကာ ဈေးဆိုင်တစ်ခုဆီသို့ ခေါ်လာခဲ့ချိန်တွင် သူမအတွက် ပိုက်ဆံပေးရန် အစပျိုးမှုကိုတောင် မလုပ်ခဲ့သည့်အတွက် အပြစ်တင်နေကြသည့်ဟန်ရှိသည်။
သူ ထိုအကြောင်းကို တွေးတောပြီးနောက် လင်းရန်ကို အမြန်လှမ်းပြောခဲ့သည်။
“ကိစ္စမရှိဘူး၊ ငါ့မှာရှိတယ်၊ ငါ့ဆီက အရင်သုံးလိုက်လေ”
မည်သို့ပင်ဖြစ်စေ သူ၏အတွေးထဲတွင်တော့ သူနှင့်လင်းရန်က မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သူမကို ပစ္စည်းများဝယ်ပေးနိုင်သည်ပင်။
လင်းရန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ ပြောလာခဲ့သည်။
“ကောင်းပြီ ဒါဆို အစ်ကိုရှုကို ကျေးဇူးတင်ပါတယ်၊ ကျွန်မရဲ့အမေနဲ့ အန်ကယ်စုန့်တို့ ပြန်လာတဲ့အချိန်ကျရင် ရှင့်ကို ပိုက်ဆံပြန်ပေးဖို့ ပြောလိုက်ပါ့မယ်”
စုန့်ဝေ့အနေနဲ့ ပိုက်ဆံပေးရန်အတွက် မည်မျှပင် တုံ့ဆိုင်းနေပါစေ ၊ သူက ရှုကျစ်ဝမ်ကိုတော့ ပြန်မဆပ်ဘဲ နေရဲမည်မဟုတ်ပါချေ။
သူမအနေနှင့် စုန့်ဝေ့၏ ပိုက်ဆံကို အများကြီး ထပ်သုံးနိုင်တော့မည်။ ဤသည်ကို တွေးကြည့်ရုံနဲ့ လင်းရန်ကို ပျော်ရွှင်စေခဲ့သည်။
ရှုကျစ်ဝမ်က လင်းရန်အား ပြန်ပေးရန်မလိုအပ်ကြောင်း ပြောချင်သော်လည်း လင်းရန်ကို ခြောက်လှန့်မိမည်ကို စိုးရိမ်သောကြောင့် သူ ခေါင်းညိတ်ပြီး သဘောတူစကားကိုသာ ပြောလိုက်ရသည်။
ဤသို့ဖြင့် လင်းရန်က သူမ၏ “ယာယီပိုက်ဆံအိတ်” ကိုခေါ်ကာ စတိုးဆိုင်တစ်လျှောက်ကို ဆက်ပြီး လှည်းကျင်းနေခဲ့တော့သည်။