အခန်း (၂၁)
Vol. 3 Ch. 21
လင်းရန် စာအုပ်ဆိုင်မှ ထွက်လာပြီးနောက် လမ်းပေါ်တွင် သူမကို လိုက်ရှာနေသော လီရှို့လီနှင့် ဆုံတွေ့ခဲ့သည်။
သူမကိုတွေ့လိုက်သည်တွင် လီရှို့လီမှာ ငိုလုမတတ်ဖြစ်နေခဲ့ပြီးဟု ဆိုပါက ချဲ့ကားပြောဆိုခြင်းဟု မဆိုနိုင်ချေ။
“ရန်ရန် နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ!”
ဤသည်က လင်းရန်ကို စိတ်ရှုပ်ထွေးသွားစေသည်။
လီရှို့လီရဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ ဒီခိုင်မာတဲ့ အမေ-သမီး ချစ်ခြင်းမေတ္တာက ဘယ်ကနေ ရောက်လာတာလဲ?
ဘယ်နေရာက တစ်ခုခုမှားနေတာလဲ? မဟုတ်ရင် မွန်းစတားတစ်ကောင်နှင့်များတွေ့လာတာလား?
“အမေ ဘာဖြစ်လို့လဲ၊ အမေ ဘာလို့ သမီးကို အမြန်လိုက်ရှာနေတာလဲ”
“အိုး မေးခွန်းတွေ အများကြီးမေးနေတာကို ရပ်လိုက်တော့! ကျေးဇူးပြုပြီးငါနဲ့ မြန်မြန်လိုက်ခဲ့စမ်းပါ!”
ထိုစကားနှင့်အတူ လီရှို့လီမှာ လင်းရန်ကို ရှုမိသားစု၏အိမ်ဆီသို့ သွားရန် ဆွဲခေါ်ခဲ့သည်။
သို့သော်လည်း သူမသာ အခြေအနေကို ရှင်းရှင်းလင်းလင်း မရှင်းပြပါက လင်းရန်က သူမ၏နောက်သို့ အဘယ်ကြောင့် လိုက်သွားမည်နည်း။ သူမက လက်ကို ရုန်းကန်ဖယ်ရှားလိုက်ပြီး ထပ်မေးခဲ့သည်။
“အမေ သမီးကို ဘယ်ကိုခေါ်သွားမလို့လဲ၊ အမေ မပြောမချင်း သမီး လိုက်မှာမဟုတ်ဘူး”
ဒီသောက်ကောင်မလေးက တကယ် သေချင်နေတာပဲ!
လီရှို့လီတစ်ယောက် ဒေါသထွက်စွာနှင့် လင်းရန်ကို စိတ်ထဲကနေ ဆူပူကြိမ်းမောင်းနေခဲ့သော်လည်း အနည်းဆုံး စုန့်ဝေ့မှ သူမ မထွက်ခွာလာခင် မှာလိုက်သည့် စကားများကို သတိရနေဆဲပင်။
စုန့်ဝေ့မှ သူမကို မှာလိုက်သည်။ လင်းရန်ကိုရှာတွေ့ပါက အရင်ဆုံး ရှုမိသားစုအိမ်သို့ ခေါ်သွားရလိမ့်မည်။ သို့သော်လည်း သူမအနေဖြင့် လင်းရန်နှင့် ထပ်မံပြီး ရန်ဖြစ်ကြိမ်းမောင်းနေ၍ မရပေ။ သို့မဟုတ်ပါက လင်းရန်၏ စိတ်သဘောထားအရ သူမက လီရှို့လီကို သေချာပေါက် ဆန့်ကျင်လာလိမ့်မည်။
ဤသည်ကို တွေးကာ လီရှို့လီက သူမ၏လေသံကို အတတ်နိုင်ဆုံး ပျော့ပျောင်းစေခဲ့ပြီး လင်းရန်ကို အမြန်ရှင်းပြခဲ့သည်။
“ ငါက မင်းအမေပါ၊ မင်းကို ရောင်းစားနေမယ်လို့ ထင်နေတာလား! အခု ငါ မင်းကို မင်းရဲ့ဦးလေးရှု အိမ်ကို ခေါ်သွားပေးမယ် ၊ မင်းကို အိမ်တံခါးအထိ လိုက်ပို့ပေးမယ် ၊ သူတို့ကိုတောင်းပန်လိုက်နော် ဟုတ်ပြီလား !”
ထိုစကားကိုကြားပြီးနောက် လင်းရန်၏ မျက်လုံးများက မှေးကျဥ်းသွားခဲ့ပြီး ထိုစကားလုံးများကို ယခင်ကိစ္စများနှင့် ချိတ်ဆက်ကာ ဖြစ်ပျက်နေသည့် အခြေအနေကို အမြန်ဆုံးရှာဖွေတွေ့ရှိခဲ့သည်။
လီရှို့လီနှင့်တခြားသူတွေက သူ့ကို ချစ်ပြနေခြင်းမှာ သူ့ကို ရှုမိသားစုဆီသို့ “အပြစ်သား” တစ်ဦးအဖြစ် ထိုးပေးသွားရန်ဖြစ်ပြီး အပြစ်မှန်သမျှကို သူမ၏ ခေါင်းပေါ်သို့ ပုံချရန် အတွက်သာ ဖြစ်ချေသည်။
သူတို့က ရှုမိသားစုနှင့် ခမည်းခမက်ဖြစ်လိုသော ရည်ရွယ်ချက်ကို မစွန့်လွှတ်သောကြောင့်ဖြစ်စေ၊ ရှု မိသားစုကို မစော်ကားချင်သောကြောင့်ဖြစ်စေ၊ လင်းရန်ကတော့ သူတို့အတွက် ရှုမိသားစုအား တောင်းပန်ရန် ရည်ရွယ်ချက်မရှိပေ။
ထို့ကြောင့် သူမက တမင်သက်သက် တုံးအချင်ယောင်ဆောင်နေခဲ့သည်။
“တောင်းပန်ရမယ်၊ ကျွန်မက ဘာမှအမှားမလုပ်ခဲ့ဘူးလေ၊ ဘာလို့ သူတို့ကိုတောင်းပန်ရမှာလဲ”
သူမက ဘာမှ အမှားမလုပ်ခဲ့ဘူးပေါ့လေ?
သူမကို ရှုမိသားစုနှင့် လက်ထပ်ပေးဖို့လုပ်နေချိန်မှာ လူကြီးတွေရဲ့နောက်ကွယ်ကနေ ကျေးလက်ဒေသကိုသွားဖို့လုပ်နေခဲ့ပြီးတာတောင် ဘာအမှားမှမလုပ်ခဲ့ဘူးပေါ့?!
လီရှို့လီက သူမ၏ မျက်နှာကို အမှန်တကယ်ရိုက်ချင်နေပြီဖြစ်သော်လည်း စိတ်ကို ထိန်းထားခဲ့ရသည်။
ထို့နောက်တော့ စုန့်ဝေ့ပြောခဲ့သည့် အကြောင်းပြချက်ကို ပြောပြခဲ့သည်။
“မင်းဆိုတဲ့ ကောင်မဆိုးလေးကတော့! မင်းက ဘွဲ့ရပြီးကတည်းက ဘာမှလုပ်စရာမရှိသေးဘူးမလား? မင်းရဲ့ အန်ကယ်စုန့်က မင်းရဲ့အန်ကယ်ရှုဆီကို အလုပ်ပေးဖို့ အကူအညီတောင်းနေတာကြာပြီ၊
မင်းရဲ့အန်ကယ်ရှုက မင်းရဲ့အနာဂတ်မှာ အလုပ်ရဖို့အတွက် မင်းကိုကူညီဖို့ ကြိုးစားပေးခဲ့တယ်၊ အခုတော့ ကောင်းချက်ပဲ! မင်းက စကားတစ်ခွန်းမှ မပြောဘဲ ကျေးလက်ကိုသွားဖို့အတွက် လျှောက်လွှာကိုဖြည့်ခဲ့တယ်၊
မင်းရဲ့ အန်ကယ်ရှုကို ဒီကိစ္စအတွက် မင်းသေသေချာချာလေး တောင်းပန်ရမယ်!”
စုန့်ဝေ့၏အမြင်အရ သူ ပြောခဲ့သည့်စကားတွင် အမှားအယွင်းမရှိပေ။
လင်းရန်အား ရှုကျစ်ဝမ်နှင့် လက်ထပ်ခွင့်ပေးခြင်းကို ပျက်စီးသွားရန် ခွင့်ပြုပေးနိုင်ခြင်းမရှိပေ။ လင်းရန်၏ လက်ထပ်ပွဲကိစ္စက စုန့်စစ်ယွီ၏ အနာဂတ်ကိစ္စနှင့် သက်ဆိုင်နေသည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ သူက ဒါရိုက်တာရှုမှ လင်းရန်အတွက် အလုပ်ရှာပေးပြီး ဌာနထဲကို ဝင်ခွင့်ပေးဖို့ စီစဉ်နေကြောင်း တိတိကျကျမပြောခဲ့ပေ။
လင်းရန်မှ ဤစကားကိုကြားပြီးနောက် အတွေးအမြင် အမျိုးမျိုး ကွဲလွဲသွားပါက သူမကိုယ်တိုင် နားလည်မှုလွဲခြင်းသာဖြစ်နေလိမ့်မည်။
(T/n_ စုန့်ဝေ့က လင်းရန်လို့ နာမည်မတပ်ဘဲ သူရဲ့သမီးအတွက်လို့ ပြောခဲ့တာ ဖြစ်မယ်)
ထို့ကြောင့် ထိုကိစ္စ၏အမှန်တရားကို သူမ သိပြီး သူ့ဆီကိုမေးခွန်းထုတ်လာလျှင်တောင် သူ့ထံတွင် အပြစ် လုံးဝမရှိပေ။
လင်းရန်အနေဖြင့် ဤအချိန်တိုလေးအတွင်း စုန့်ဝေ့ထဲတွင် ဤမျှ သင့်တင့်လျောက်ပတ်သော အကြောင်းပြချက်မျိုး ထွက်လာနိုင်မည်ဟု မထင်ထားခဲ့မိပါချေ။
မြေခွေးအိုကြီးထံမှ မျှော်လင့်ထားသည့်အတိုင်း ကလိကကျစ်အတွေးများက ထိပ်တန်းအဆင့်ရှိနေပေသည်။
_သေချာတာပေါ့။ သူမက ဒီလိုအတွေးနှင့်အကြောင်းပြချက်တွေက လီရှို့လီဆီကလာတယ်ဆိုပြီး အလွန်အမင်း ရိုးရှင်းနုံအစွာ တွေးတောနေမှာ မဟုတ်ဘူး။
_လီရှို့လီရဲ့ စိတ်နှင့်ဆိုရင် ကိစ္စတွေကို ပိုပြီးရှုပ်ထွေးမလုရင်တောင် အတော်လေးကောင်းနေပြီ။ ဒီလိုအတွေးမျိုးက သူမဆီကနေ ဘယ်လိုလုပ် ရောက်လာနိုင်မှာတဲ့လဲ?
သို့သော်လည်း စုန့်ဝေ့က ဥာဏ်ကောင်းထက်မြက်လွန်းသော်လည်း အမှန်တရားတစ်ခုကိုတော့ မေ့သွားပုံရသည်။ တစ်ခါတရံတွင် လူများက ဉာဏ်ကောင်းလွန်းလျှင်လည်း အလွယ်တကူ မှားယွင်းသွားနိုင်သည်ပင်။
လီရှို့လီက ပြောပြီးသည်နှင့် သူမက လင်းရန်၏ လက်ကို တစ်ဖန်ပြန်ယူကာ ထွက်သွားဖို့အတွက် လောဆော်လာပြန်သည်။
လင်းရန် သူမ၏နှုတ်ခမ်းများကို ကွေးညွတ်လိုက်သော်လည်း ဤတစ်ကြိမ်တွင်တော့ သူမက မငြင်းဆန်တော့ဘဲ လီရှို့လီ၏နောက်ကို အလွန်နာခံစွာ လိုက်သွားခဲ့သည် ။
နောက်ဆုံးတွင် သူမက နာနာခံခံလိုက်လာသည်ကို မြင်လိုက်ရချိန်တွင် လီရှို့လီတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
တစ်ချိန်တည်းမှာပင် သူမက စုန့်ဝေ့၏ ပါးနပ်မှုအပေါ် ဂုဏ်ယူမဆုံးနိုင်ဖြစ်နေခဲ့ပြန်သည်။
သူမ၏ ခင်ပွန်းသည်ဆီမှ မျှော်လင့်ထားသည့်အတိုင်း သူ့တွင် အလွန်ထက်မြက်လွန်းသောခေါင်းရှိနေခဲ့ပြီး စကားလုံးအနည်းငယ်ဖြင့် ဤမိန်းကလေးကို ချော့မော့လိုက်နိုင်သည်။
လင်းရန်က သူ့၏စကားကြောင့် အံ့အားသင့် ပျော်ရွှင်သွားခဲ့ပြီး ရှုမိသားစုအား နာခံမှုရှိစွာဖြင့် တောင်းပန်တော့မည်ဖြစ်သည်။
မကြာခင်အချိန်အတွင်း သူတို့နှစ်ယောက် ရှုမိသားစု၏ အိမ်တံခါးဆီကို ရောက်လာခဲ့ကြသည်။
ရှု မိသားစုမှာ စက်မှုမိသားစုအိမ်ရာနယ်မြေအတွင်း ရှိနေခဲ့သော်လည်း ဒါရိုက်တာရှု ၏အဆင့်သည်ကား စုန့်ဝေ့ထက် များစွာမြင့်မားသောကြောင့် သူတို့၏ အိမ်များက ဝေးကွာနေသေးသည်။
လီရှို့လီတစ်ယောက် အလျှင်စလို ထွက်လာခဲ့သော်လည်း ရှုမိသားစု၏အိမ်တံခါးဝကို ရောက်ချိန်မှာတော့ တံခါးကိုဖြတ်သန်းရဖို့အတွက် အနည်းငယ်ကြောက်လန့်လာခဲ့ရသည်။
ရှုမိသားစုက သူတို့ကိုမြင်လျှင် မည်သို့အမူအရာမျိုး ဖြစ်လာလောက်မည်လဲ။
သူတို့တွေက သေချာပေါက် ဒေါသအလွန်ထွက်နေလိမ့်မည်ပင်။
သူမထံတွင် ဒါရိုက်တာရှုနှင့် ဇနီးသည်တို့၏ ဒေါသကို ရင်ဆိုင်ဖို့ရန်အတွက် သတ္တိမရှိခဲ့ပါချေ။
ဤသည်ကို သဘောပေါက်သွားသည်နှင့် လီရှို့လီမှာ စုန့်ဝေ့ကို မသိစိတ်မှ လိုက်လံရှာဖွေခဲ့သည်။
သို့သော် စိတ်မကောင်းစရာကောင်းစွာနှင့် စုန့်ဝေ့က လီရှို့လီတို့အား လိုက်လံရှာဖွေနေဆဲဖြစ်ကာ မည်သည့်နေရာတွင်မှ ရှာမရဖြစ်နေခဲ့သည်။
လင်းရန် လီရှို့လီ၏ ကြောက်ရွံ့မှုကို သတိမထားမိချင်ယောင် ဟန်ဆောင်ကာ သူမကို စိတ်ရှုတ်ထွေးစွာ ကြည့်နေခဲ့သည်။
“အမေ၊ ဘာလို့ အထဲကိုမဝင်သေးတာလဲ၊ ညနေစောင်းနေပြီဆိုတော့ အန်ကယ်ရှုနှင့် တခြားလူတွေ အိမ်မှာ ရှိနေလောက်ပြီ၊ အတူတူ သွားပြီး တောင်းပန်ကြရအောင်လေ”
လီရှို့လီမှာ ထိုစကားကိုကြားသော်လည်း အိမ်ထဲသို့ မဝင်ရဲခဲ့ပေ။
သူမက လင်းရန်ကို လှမ်းကြည့်လိုက်ပြီး အဆုံးတွင် လင်းရန်တစ်ယောက်တည်းကို အထဲသို့ စေလွှတ်၍ တောင်းပန်ခိုင်းရန် စိတ်ကူးရလာခဲ့သည်။
အဆုံးတွင် လင်းရန်၏ကိုယ်ပိုင်တောင်းပန်မှုကသာ အကျိုးသက်ရောက်မှုအကြီးမားဆုံးဖြစ်စေမှာဖြစ်ပြီး သူမတစ်ယောက်တည်းဝင်သွားပါကလည်း ရလဒ်က ထပ်တူညီစွာ ရှိနေပေလိမ့်မည်။
ဤသို့စဥ်းစားလျှက် သူမက လင်းရန်အား ပြောလိုက်သည်။
“ဒီလိုဆိုရင်ရော၊ မင်းအထဲကို အရင်ဆုံးဝင်သွားပြီး မင်းရဲ့ အန်ကယ်စုန့်ကို အရင်တောင်းပန်လိုက်လေ၊ ငါ မင်းရဲ့အန်ကယ်စုန့်ကို သွားရှာလိုက်မယ်၊ ပြီးရင် ငါတို့နှစ်ယောက်လည်း အထဲကို လိုက်ဝင်ပြီး မင်းရဲ့ အန်ကယ်ရှုကို တောင်းပန်လိုက်မယ်၊ ဒါက ပိုပြီး လေးနက်မှုရှိစေလိမ့်မယ်!’
လီရှို့လီက ထိုစကားကိုပြောလေလေ သူမ၏ စိတ်ကူးက မှန်ကန်သည်ဟု ပို၍ခံစားရလေလေဖြစ်နေခဲ့သည်။
မည်သို့ပင်ဆိုစေ လင်းရန်မှာ ငယ်ရွယ်သေးပြီး သူမက ကြိမ်းမောင်းပြောဆိုခံရသည့် စကားများကို အလျှင်အမြန်မေ့သွားလိမ့်မည်။ သူမကသာ ပထမဆုံးသွားပါက ဒါရိုက်တာရှု၏ ဒေါသများကို အတော်များများစုပ်ယူလိုက်နိုင်လိမ့်မည်။
သို့ဆိုပါက သူမနဲ့ စုန့်ဝေ့တို့ အနောက်ဘက်မှ ထပ်ပြီး တောင်းပန်စကား ဆိုလာသည့်အချိန်တွင် ဒါရိုက်တာရှု၏ သဘောထားက ပိုမိုပြေလျော့သွားတော့မှာဖြစ်ပြီး စကားပြောရသည်ကလည်း ပိုမို လွယ်ကူလာလိမ့်မည်!
“ကောင်းပြီ၊ မြန်မြန်လေး အထဲကိုဝင်သွားပြီး တောင်းပန်လိုက်! မှတ်ထားနော် မှန်ကန်တဲ့သဘောထားတောင်းပန်ရမယ်၊ ရိုးသားပြီး လေးနက်မှုအပြည့်ရှိရမယ်၊ တောင်းပန်တဲ့စကားကလွဲလို့ တခြားဘာမှ မပြောနဲ့!”
ထိုစကားများကို ပြောပြီးသည့်နောက် လီရှို့လီက သူမ ပြောသင့်သမျှပြောပြီးသွားပြီဟု ခံစားလိုက်ရပြီး လင်းရန်အား ဒါရိုက်တာရှု၏အိမ်တံခါးဆီသို့ အလျှင်အမြန် တွန်းပို့လိုက်ပြီး တံခါးကို နှစ်ကြိမ်ခေါက်ခဲ့သည်။
ထို့နောက် ရှုမိသားစု၏အိမ်တံခါးမပွင့်မီတွင် အနောက်သို့လှည့်၍ လျှင်မြန်ထွက်ပြေးသွားခဲ့သည်။
လင်းရန်တစ်ယောက် သူမ ယုန်တစ်ကောင်ကဲ့သို့ ပြေးလွှားထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်တွင် အတော်လေး အံ့အားသင့်သွားရသည်။
သူမအနေဖြင့် လီရှို့လီမှာ သူမ၏သမီးအပေါ်တွင် ချစ်ခင်မှု နည်းပါးလှကြောင်းကို ခံစားခဲ့ရဖူးသည်။
သို့ရာတွင် ယခုပြန်ကြည့်လိုက်ချိန်၌ ထို”နည်းပါး”မှုကတောင် သူမ အတွေးလွန်သွားခြင်းသက်သက်သာ ဖြစ်နေသည့်ပုံပင်။
**