← Chapters

ရွှေလင်းယုန်တပ်ဖွဲ့

Vol. 28 Ch. 406

ရွှေလင်းယုန်တပ်ဖွဲ့

Vol. 28 Ch. 406

ဝမ်ကောချန်က သူ့ကို အကျဉ်းထောင်ထဲကနေ ထုတ်ပေးရန်အတွက် ပေကျင်းကနေ ဒီအထိ ရောက်လာခဲ့တာဖြစ်ပြီး ထိုအရာအားလုံးက သူ့ကို ခြိမ်းခြောက်ရန်သက်သက် လုပ်တာတော့ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူ့အရှေ့က အခြေအနေမှာ စမ်းသပ်မှုတစ်ခု ဖြစ်ရမည်။ ဤစမ်းသပ်မှုကို အောင်မြင်ပြီးမှသာလျှင် နှစ်ယောက်အတူထိုင်၍ စကားပြောဆိုနိုင်မှာ ဖြစ်၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့တန်ဖိုးကို သက်သေပြပြီးမှသာ သူနှင့်တန်းတူစကားပြောဆိုခွင့်ကို ရယူနိုင်မှာ ဖြစ်သည်။

ရွှီဖန်း ခဏတာမျှ အံ့သြသွားသော်လည်း အဓိကအချက်ကို ချက်ချင်းနားလည်သွားခဲ့၏။ သူပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် မကြာခင်မှာပင် စိတ်ငြိမ်သွားလေသည်။ သူ မည်သည့်အရာကိုမျှ အံ့သြမှင်သက်နေခြင်းမရှိဘဲ ကျပန်းလမ်းကြောင်းတစ်ခုဆီကို လျှောက်သွားလိုက်၏။

နားနေဆောင်လေး၏ပတ်ပတ်လည်တွင် ကျောက်

နှင့်ပြုလုပ်ထားသည့် ရှည်လျားသော ခုံတန်းလျားတစ်ခုရှိသည်။ ထိုအရာက အုတ်မြစ်တစ်ခုလိုမျိုး ဖြစ်နေကာ ခရီးသွားများ ထိုင်နားရန်အတွက် နားနေဆောင်လေးကို ဝန်းရံထားလေ၏။

ရွှီဖန်း၏ပစ်မှတ်က ထိုကျောက်ခုံများထဲက တစ်ခုပင်။ 

ကျောက်ခုံဆီသို့ လျှောက်သွားပြီးနောက် ရွှီဖန်း ရပ်လိုက်ကာ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ရွှီဖန်း၏လုပ်ရပ်ကိုကြည့်၍ ဝမ်ကောချန်၏မျက်လုံးများက တောက်ပလာ၏။ တစ်ချိန်တည်းမှာပင် လှံတံတစ်ခုကဲ့သို့ ဝမ်ကောချန်၏ဘေးမှာ ရပ်နေသည့် လူငယ်လေးကတော့ မထီမဲ့မြင်အမူအရာနှင့်သာ ရှိနေသည်။

ထိုလူငယ်လေး၏နာမည်က ဝမ်ကျိ ဖြစ်၏။ ဝမ်ကောချန်၏ဘေးမှာ ရပ်နေနိုင်ခြင်းက ဝမ်ကျိ၏နောက်ခံကလည်း လုံးဝကို မရိုးရှင်းကြောင်း ဖော်ပြနေသည်။ သူက နိုင်ငံ၏ထူးခြားဆန်းကြယ်သောအဖွဲ့များမှ တစ်ဖွဲ့ဖြစ်သည့် ဝမ်ကောချန်၏လုံခြုံရေးကို တာဝန်ယူရသော ရွှေလင်းယုန်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်၏။ 

ရွှေလင်းယုန်တပ်ဖွဲ့ဝင်များ၏အဆင့်အတန်းက မည်မျှ ကြောက်စရာကောင်းသနည်း။ 

ပြည်နယ်နှင့်တိုင်းဒေသကြီး၏အုပ်ချုပ်ရေးမှူးမှန်သမျှသည် ရွှေလင်းယုန်တပ်ဖွဲ့၏ ရိုးရိုးအဖွဲ့ဝင်တစ်ဦး၏အရှေ့မှာတောင် လေးစားစွာ ရပ်ကြရသည်။

ရွှေလင်းယုန်တပ်ဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးအနေဖြင့် ဝမ်ကျိက ရွှီဖန်း၏အမြော်အမြင်ရှိမှုနှင့် ယုံကြည်မှုအား သဘာဝကျစွာပင် အထင်သေးလေ၏။

သူ့အရှေ့က ကျောက်ခုံသည် တစ်ဆယ်စင်တီမီတာအထူရှိသည်။ လက်နက်မဲ့နေသောရွှီဖန်းကို မပြောနှင့်၊ ရွှေလင်းယုန်တပ်ဖွဲ့၏ခေါင်းဆောင်ကတောင် ထိုကျောက်ပြားကို ခွဲရန်အတွက် ယုံကြည်ချက်မရှိပေ။

ထို့အပြင် ဤအရာက အဆုံးသတ်မဟုတ်သေးပေ။ ကျောက်ပြားများကို ခွဲပြီးနောက်မှာ ခွေးခြေခုံတစ်ခု လုပ်ရဦးမည်။ ထိုကျောက်ခုံများ၏ခြေထောက်များက ဤနားနေဆောင်၏တိုင်များနှင့် ဆက်နေသည်ဆိုတာကို သိထားရမည်။

ရွှီဖန်း...မင်းက အဲ့ဒီကျောက်ပြားကို ခွဲနိုင်ခဲ့ရင်တောင်မှ ဘာအသုံးဝင်မှာလဲ။

ဝမ်ကျိ၏အထင်သေးမှုနှင့်နှိုင်းယှဉ်လျှင် ဝူထျန်းက ရွှီဖန်းကို ပို၍ယုံကြည်မှုရှိသေး၏။ မည်သို့ပင်ဆိုစေကာမူ ဝူထျန်းသည် ရွှီဖန်းက သူ့အရည်အချင်းများကို ပြသခြင်းအား အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးသည်။ သို့သော် ဒီအချိန်မှာတော့ ဝူထျန်းကလည်း အများကြီးမယုံကြည်ရဲနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ တစ်ဆယ်စင်တီမီတာအထူရှိသည့် ကျောက်ပြားတစ်ခု ဖြစ်နေ၏။

လူတိုင်း၏အကြည့်များက ရွှီဖန်းဆီမှာ စုဝေးနေကြသည်။ ရွှီဖန်းက နောက်ဆုံးမှာတော့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး သူ့ညာလက်အား ကျောက်ခုံဆီကို တည်ငြိမ်သောပုံစံဖြင့် ဆန့်တန်းလိုက်လေ၏။

ထိုအပြုအမူက ကျောက်ကိုရိုက်ခွဲမည့်ပုံစံနှင့် ဘယ်တူမည်နည်း။ ထိုအရာက ချစ်သူ၏မျက်နှာကို ထိတွေ့နေသကဲ့သို့ပင် ဖြစ်နေသည်။

တစ်စက္ကန့်...သုံးစက္ကန့် ကုန်ဆုံးသွားလေ၏။ ရွှီဖန်း၏လက်က ကျောက်ခုံပေါ်မှာ မလှုပ်မယှက် ရှိနေသော်လည်း ကျောက်ခုံကတော့ ငြိမ်သက်နေ၏။

ဝမ်ကောချန်၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်များက လက်ခနဲဖြစ်သွားခဲ့သည်။

ဒီနေ့ အကဲဖြတ်မှုက ရွှီဖန်း၏ခွန်အားကို စမ်းသပ်ခြင်းဖြစ်သော်လည်း ဝမ်ကောချန်သည် ရွှီဖန်းအား ကျောက်ပြားကို အတင်းအကျပ် ခွဲစေလိုခြင်းမဟုတ်ပေ။ သူ့အရည်အချင်းအနည်းငယ်ကို ပြသခဲ့လျှင်ပင် ဝမ်ကောချန်က ရွှီဖန်းကို အခွင့်အရေးပေးမည်ဖြစ်၏။

မည်သို့ပင်ဆိုစေ ဝမ်ကောချန် အာရုံစိုက်နေခြင်းက ရွှီဖန်း၏ကြောက်မက်ဖွယ်ရာခွန်အား သို့မဟုတ် တိုက်ခိုက်နိုင်သောအရည်အချင်းများမဟုတ်ဘဲ ရွှီဖန်း၏ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို ဖြစ်သည်။

ဒီတစ်ကြိမ်မှာ ဝမ်ကောချန်သည် လူကြီးတချို့ကို ကုသပေးရန်အတွက် ရွှီဖန်းကို စစ်တပ်ထဲသို့ ခေါ်သွားရန် ရောက်လာတာဖြစ်၏။ အလဲအထပ်အနေဖြင့် ဝမ်ကောချန်က လျိုမိသားစု၏ကလဲ့စားချေမှုကိစ္စများကို ရွှီဖန်းအတွက် ဖြေရှင်းပေးမှာ ဖြစ်သည်။

သို့သော် အခုချိန်မှာတော့ ဝမ်ကောချန်၏မျက်လုံးထဲတွင် နက်ရှိုင်းသောစိတ်ပျက်မှုများ ပေါ်လာခဲ့၏။ လူငယ်များအတွက် ပြင်းပြသည့်စိတ်ခံစားမှုတချို့ ရှိတာကောင်းသော်လည်း ထိုအရာက ရှင်းရှင်းလင်းလင်းကို မဖြစ်နိုင်ပေ။ သူတို့က ခေါင်းငုံ့မည့်အစား လူအုပ်၏အာရုံကို ဖမ်းစားချင်နေကြသည်။

ဝမ်ကျိ၏မျက်နှာပေါ်တွင် ဂုဏ်ယူမှုများဖြင့် ပြည့်နေ၏။ အရာရှိအိုကြီးက ဒီလူကို တွေ့ရန်အတွက် မိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့ရသည်။

ရွှီဖန်းက သူ့ထက်ငယ်ပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါ မရှိတာကို မြင်လိုက်ရသောအခါ သူပို၍ အထင်သေးသွားခဲ့၏။

အခု ရွှီဖန်း အရှက်ကွဲတော့မည်ကို မြင်လိုက်ရသောအခါ ဝမ်ကျိက လူကောင်းဖြစ်တာကြောင့် တစ်ခွန်းမှဝင်မပြောဘဲ မလှုပ်မယှက်ရှိနေသည်။ သို့သော် သူ့မျက်နှာပေါ်ရှိ ထိုအမူအရာကိုတော့ မထိန်းနိုင်ခဲ့ပေ။

အချိန်များက ကုန်လွန်သွား၏။ ရွှီဖန်းက ထိုနေရာတွင် စက္ကန့်သုံးဆယ်ကြာ ရပ်နေသော်လည်း သူက လှုပ်ရှားမှုမရှိသလို စကားတစ်ခွန်းမှလည်း မပြောသေးပေ။

ရွှီဖန်း၏နည်းလမ်းများကို မြင်ဖူးသည့် ဝူထျန်းတောင်မှ ယုံကြည်မှုအနည်းငယ် လျော့ပါးလာသည်။

ဝမ်ကောချန်က သက်ပြင်းချ၍ ထရန်ပြင်လိုက်စဥ်မှာပင် "ခရက်! ခရက်! ခရက်"ဟူသည့်အသံများက ရွှီဖန်းလက်အောက်ရှိ ကျောက်ခုံကနေ ထွက်ပေါ်လာလေ၏။

နောက်တစ်ခဏမှာတော့ ထူထဲလှသည့် ကျောက်မျက်နှာပေါ်တွင် ရေကူးခတ်နေသော နဂါးများကဲ့သို့အက်ကြောင်းများက စတင်ရွေ့လျားလာသည်။ ထိုအက်ကြောင်းများက အသက်ဝင်နေသလိုမျိုး ဖြစ်နေ၏။

"ဘုန်း! ဘုန်း! ဘုန်း!"

လေးလံသောအရာဝတ္ထုသုံးခု၏ မြေပြင်ပေါ်သို့ ကျရောက်လာသောအသံက အထူးသဖြင့် ကျယ်လောင်ပြတ်သားနေသည်။

လူတိုင်းက သူတို့၏မျက်လုံးများကို စူးစိုက်ကြည့်လိုက်ရပြီး အေးစက်သောလေကို ရှူသွင်းလိုက်ကြ၏။ ကျောက်ပြားသုံးပြားတွင် တစ်ပြားက ရှည်ပြီး နောက်နှစ်ပြားက တိုသည်။ ခုံတန်းလျားတစ်ခုကဲ့သို့ပင် ငြိမ်သက်စွာ ထောင်နေပြီး အတော်လေး ခိုင်ခံ့ပုံရ၏။

ရွှီဖန်းက သူ့ခန္ဓာကိုယ်ကို ပြန်ဖြောင့်၍ အံ့သြတုန်လှုပ်နေသေးသော ဝမ်ကောချန်ကို မျက်နှာပေါ်တွင် အပြုံးတစ်ခုတင်လျက် လှည့်ကြည့်လိုက်သည်။

သူ့ပုံစံမှာ လက်ရာမြောက်သောအနုပညာလက်ရာတစ်ခုကို ဖန်တီးခဲ့သော်လည်း ၎င်းက ပေါ့ပေါ့ပါးပါး လုပ်ခဲ့သည့် လုပ်ရပ်တစ်ခုသာဖြစ်ပြီး ပြောပလောက်စရာမဟုတ်သကဲ့သို့ ဖြစ်နေ၏။

ဝမ်ကောချန်က အနည်းငယ်တုန်ယင်သွားသည်။ သူ့လက်ထဲက လက်ဖက်ရည်အိုးကို ချကာ အေးအေးလူလူပင် မတ်တပ်ရပ်လိုက်၏။

သူက ရွှီဖန်းကို ပြုံးပြ၍ ပြောလာသည်။

"ရွှီဖန်း မဆိုးဘူး...လုံးဝမဆိုးဘူး၊ ဒီအဘိုးအိုကြီးနဲ့အတူ လမ်းလျှောက်ပေးချင်လား"

အရာရှိအိုကြီး၏စကားကိုကြားမှသာ ဝမ်ကျိလည်း ရွှီဖန်းကို အံ့အားသင့်နေရာကနေ နောက်ဆုံးမှာ ပြန်အသိဝင်လာ၏။

"အကြီးအကဲရဲ့လုံခြုံရေးက..."

ဝမ်ကောချန်က လက်ကို ဝှေ့ယမ်းလျက် ရယ်မောလာသည်။

"ညီလေးရွှီက ဒီမှာရှိနေတာ ဘာကိုစိတ်ပူရမှာလဲ၊ ညီလေးရွှီ မင်း ဒီအဘိုးကြီးနဲ့အတူ လမ်းလျှောက်ပေးဖို့ ဆန္ဒရှိရဲ့လား"

ဝမ်ကောချန်ထံမှ ညီလေးရွှီဟု ခေါ်လိုက်ခြင်းကိုကြားသောအခါ ဝူထျန်းနှင့်ဝမ်ကျိတို့နှစ်ယောက်စလုံး အံ့အားသင့်သွားလေ၏။ သူတို့ ရွှီဖန်းအား မဖုံးကွယ်ထားသော စိတ်အားထက်သန်မှုများဖြင့် ကြည့်လိုက်ကြသည်။

ဝမ်ကောချန်၏ညီလေးရွှီဟူသော စကားတစ်ခွန်းတည်းနှင့်ပင် ရွှီဖန်းက တရုတ်နိုင်ငံမှာ သူလုပ်ချင်တာလုပ်နိုင်သွားပြီဆိုတာကို သူတို့ ရှင်းရှင်းလင်းလင်း သိထားကြ၏။

ရွှီဖန်းက တည်ငြိမ်အေးဆေးစွာပင် ဝမ်ကောချန်ကို မာန်မာနမထားဘဲ အရိုအသေပေးလိုက်သည်။ သူ ခေါင်းပြန်မော့ပြီး ပြုံးလိုက်၏။

"ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ်၊ ခင်ဗျားပြောသလိုပဲ ကျွန်တော် လုပ်ပါ့မယ်"

ဝမ်ကောချန်က အသံကျယ်ကျယ်ဖြင့် ရယ်မောလာပြီး အရှေ့ကို လျှောက်သွားလေသည်။ ရွှီဖန်းကလည်း ရှေ့ကို နှစ်လှမ်းတိုးလိုက်ကာ ဝမ်ကောချန်နှင့်အမီလိုက်သွားခဲ့၏။

လေပြေတစ်ချက်က တိုက်ခတ်လာပြီး ကြောင်မြီးပန်းလေးများက ကောင်းကင်တစ်ခုလုံး ဝဲပျံသွားလေသည်။

တစ်ဦးကအဘိုးအို တစ်ဦးကလူငယ်။ သူတို့နှစ်ဦးက ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြ၏။

ခဏလောက် လမ်းလျှောက်ပြီးနောက်မှာ ဝမ်ကော

ချန်က ရုတ်တရက်ပြောလာသည်။

"ညီလေးရွှီ ငါ ဝမ်ကောချန်က တည့်တိုးသမားပဲ၊ ဟိုလိုဒီလိုတွေ ရစ်ပြီးပြောရတာ မကြိုက်ဘူး၊ ပြောစရာရှိရင် တည့်ပဲပြောလိုက်မယ်"

ရွှီဖန်း၏မျက်နှာအမူအရာက မပြောင်းလဲဘဲ ညင်သာစွာ ပြောလိုက်၏။

"နားထောင်နေပါတယ်"

ဝမ်ကောချန်က သူ့လက်များကို နောက်ပစ်လျက် ပန်းခြံထဲက လမ်းငယ်လေးအတိုင်း လျှောက်နေသည်။ သို့သော် သူ့မျက်လုံးများက လက်ခနဲဖြစ်သွားခဲ့၏။

"မင်းနဲ့လျိုမိသားစုကြားက ကလဲ့စားချေတဲ့ကိစ္စကို ငါ ဖြေရှင်းပေးနိုင်တယ်၊ လျိုမိသားစုလိုအုပ်စုတစ်စုကို ဖြေရှင်းရတာက ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး၊ ဒါပေမဲ့ အလဲအထပ်အနေနဲ့ မင်းကို ရွှေလင်းယုန်တပ်ဖွဲ့ထဲ ဝင်စေပြီး နိုင်ငံအတွက်အမှုထမ်းစေချင်တယ်"

ရွှီဖန်းသည် ဝမ်ကောချန်၏ထက်ရှသောမျက်လုံးများကို တည့်တည့်ကြည့်၍ ခေါင်းခါလိုက်သည်။

"အကြီးအကဲဝမ် ကျွန်တော်က လွတ်လပ်မှုနဲ့ ကျင့်သားရနေပါပြီ၊ တိုက်ခိုက်ရေးအသင်းအဖွဲ့တစ်ခုရဲ့ကန့်သတ်ချက်တွေကို ကျွန်တော် မခံနိုင်လောက်ဘူးထင်တယ်"

ဝမ်ကောချန်၏မျက်လုံးထဲမှ ချီးကျူးလိုမှုများက ပို၍ နက်ရှိုင်းလာ၏။ ရွှီဖန်း၏အဖြေက ဝမ်ကောချန် မျှော်လင့်ထားသောအတိုင်းပင် ဖြစ်သည်။ သို့သော်ငြား သူ ဝမ်ကောချန်သည် ယုန်ကို မတွေ့မချင်း လင်းယုန်ကို မလွှတ်ပေးသောသူမျိုး ဖြစ်၏။

ညင်သာသောလေပြေထဲတွင် အဘိုးအိုနှင့် လူငယ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားကြသည်။

********************

All Chapters