ညီလေးရွှီက ဘယ်မှာလဲ
Vol. 28 Ch. 415
*လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသာ ဒီလိုရူးမိုက်တဲ့သူနဲ့ တွေ့ခဲ့ရင် သူ့နဲ့အတူတူ ဘယ်နေရာကိုပဲဖြစ်ဖြစ် ထွက်ပြေးမိမှာ သေချာတယ်*
စွန်းဖေးဖေး၏နှလုံးသားထဲ၌ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
*ကံမကောင်းစွာနဲ့ အချိန်နှောင်းသွားခဲ့ပြီ*
စွန်းဖေးဖေးက သူမ၏ခေါင်းကို မော့ကာ မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် မျက်နှာပေါ်ရှိ အပြုံးတစ်ခုနှင့်အတူ သူမ ပွဲကျင်းပရာနေရာဘက်သို့ လျှောက်သွားခဲ့၏။
သူမသည် ခံစားချက်များက ဘယ်လိုဖြစ်လာသလဲဆိုတာကို မသိသလို ဘယ်နေရာမှာ အဆုံးသတ်သည်ဆိုတာကိုလည်း မသိပေ။
စွန်းဖေးဖေးအတွက်တော့ "အချစ်" ဆိုသည့် စကားလုံးက အတူတူပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွှီဖန်းကတော့ သူ့မျက်နှာပေါ်မှာ လုံးဝပင် မသိနားမလည်နေသောပုံစံမျိုးဖြင့် ရှိနေခဲ့၏။
နောက်ဆုံးတစ်ကြိမ်တုန်းက မင်း ငါ့ကို လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တာကတော့ အဆင်ပြေပါသေးတယ်... ဒါပေမဲ့ ဒီတစ်ခေါက်က ဘာအခြေအနေကြီးလဲ။
သူ့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည့်အတွက် စွန်းဖေးဖေးကို သူ ကျေးဇူးတင်မိသည်။
ကောင်းကင်ပြာဟိုတယ်၏အဝင်ဝမှာ သူမကို စကားတစ်ခွန်းမှတောင် မပြောခဲ့သည့် အကြောင်းအရင်းကတော့ စွန်းဖေးဖေးက သူ့နှင့် လျိုမိသားစုကြားက ရန်ပွဲထဲသို့ ပါဝင်လာမည်ကို စိုးရိမ်ခဲ့တာကြောင့်ပင်။
သို့သော်ငြား လျိုဟွားက စွန်းဖေးဖေးကို ခုနတုန်းက တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ စွန်းဖေးဖေးက သူ့ကြောင့် ဒီကီစ္စထဲ ပါဝင်လာခဲ့တာဖြစ်သောကြောင့် ရွှီဖန်းအနေဖြင့် ဒီအတိုင်းထိုင်
ကြည့်နေလို့ မရပေ။
သို့သော်ငြား ထိုအရာက စွန်းဖေးဖေးကို သူ ချစ်မိသွားသည်ဟု မဆိုလိုပေ။
"ဒီလိုမျိုးရူးနေတဲ့အမျိုးသမီးတစ်ယောက်က ငါ့ကိုတောင် ရူးမိုက်တယ်လို့ ပြန်ပြောနေသေးတယ်၊ ဒါက တကယ်ကို အကျိုးအကြောင်းမဲ့လွန်းတာပဲ..."
ရွှီဖန်း ခေါင်းခါယမ်းလိုက်ကာ ပွဲကျင်းပရာနေရာဘက်သို့ လျှောက်သွားခဲ့၏။
စွန်းဖေးဖေးက အနည်းငယ်ရူးမိုက်သော်လည်း သူမကိုတော့ သူ ကယ်တင်ရဦးမှာပင် ဖြစ်သည်။
ကျေးဇူးတရားနှင့် ရန်လိုမှုကြား ခွဲခြားသိမြင်နိုင်ရန်ဆိုတာက ရွှီဖန်း၏မူဝါဒပင်။
ပွဲကျင်းပရာနေရာမှာတော့ စားပွဲပေါင်းများစွာမှာ ထိုင်နေသည့် ဂုဏ်သရေရှိပုဂ္ဂိုလ်များအားလုံးက တစ်ဦးပြီးတစ်ဦး ထရပ်ကာ ဝမ်ကောချန်ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ကြ၏။ သူတို့၏ပုံစံမှာ ကြယ်ပွင့်နောက် အရူးအမူးလိုက်ကြသော ပရိသတ်များထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြပါသေးသည်။
ဝမ်ကောချန်နှင့် ဝမ်ကျိတို့ နှစ်ယောက်က အထဲ လျှောက်ဝင်လာကြ၏။ အလယ်လမ်းက ကျယ်ပြီး ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများကတော့ နှစ်ဖက်စလုံးမှာ မတ်တပ်ရပ်နေကြသည်။ လူများက ပူးကပ်နေကြသော်လည်း ဘယ်သူကမှ အလယ်လိုင်းကို ဖြတ်ကျော်ရန် မရဲကြပေ။
ထိုအရာက စည်းမျဉ်းပင်။
အနက်ရောင်ရှပ်အင်္ကျီ ဝတ်ထားသော လူတစ်ဦးကသာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာလေ၏။
သူကတော့ လျိုဟွားပင်။
သို့သော်ငြား လျိုဟွားသည် ဆူညံအောင် လုပ်ချင်
သည့်အတွက် ထိုသို့လုပ်ခဲ့ခြင်း မဟုတ်ပေ။
ဝမ်ကောချန်၏အရှေ့သို့ အနည်းငယ်လျှောက်ပြီးနောက် လျိုဟွားသည် သူ့ခန္ဓာကိုယ်ကို ကိုင်းကာ မျက်နှာမှာ အပြုံးအပြည့်ဖြင့် ဝမ်ကောချန်ကို ပြောလိုက်သည်။
"ကြိုဆိုပါတယ် အကြီးအကဲဝမ်၊ အကြီးအကဲ အသက်ရာကျော် ရှည်ပါစေ"
သူ့ကိုယ်ဟန်အနေအထားက အလွန်ကိုနိမ့်ကျနေသော်လည်း လူတိုင်းထံ၌ ထိုကဲ့သို့ဖြစ်သင့်သည်ဟူသော သဘောထားများ ရှိနေခဲ့၏။
လျိုဟွား အသာထား၊ လျိုမိသားစု၏ခေါင်းဆောင်ကတောင် အကြီးအကဲဝမ်ကို တွေ့သောအခါ မရိုမသေဖြင့် မလေးမစားလုပ်ရဲမှာ မဟုတ်ချေ။
သူတို့ထံ၌ ဝါရင့်မှုနှင့် အတွေ့အကြုံများ ရှိနေသည့်အတွက် လျိုဟွား၏အခုလို ကျိုးနွံသောပုံစံမှာ နှစ်ဖက်စလုံးမှာရပ်နေသည့် ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးထဲမှာတော့ ဂုဏ်ယူစရာတစ်ခုပင်။ သူတို့ကလည်း အကြီးအကဲဝမ်နှင့် စကားပြောရန် စိတ်အားထက်သန်နေကြသည်။ အကြီးအကဲဝမ်က သူတို့ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူတို့အတွက် ကြီးမားသောဂုဏ်ယူစရာတစ်ခု ဖြစ်လာလိမ့်မည်။
အကယ်၍ အကြီးအကဲဝမ်က သူတို့ကို အမှတ်မထင် နှစ်သက်သွားခဲ့လျှင် သူတို့က ရာထူးနေရာများ တိုးပြီး အနာဂတ်မှာ ထိပ်ဆုံးကို ရောက်ရှိသွားမည် မဟုတ်ပါလော။
ဝမ်ကောချန်၏မျက်နှာအမူအရာကတော့ မပြောင်းလဲသွားပေ။ သို့သော် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာပြီး ပြောလာ၏။
"ဪ လျိုဟွားလေးပဲ၊ မျက်စိတစ်မှိတ်စာအတွင်းမှာပဲ ဒီလောက်တောင် အရွယ်ရောက်လာပြီလား"
လျိုဟွား၏မျက်နှာပေါ်မှ အပြုံးက ပိုပြီးတော့တောင် နွေးထွေးလာခဲ့သည်။ ထိုနေရာတွင် ရပ်နေသူမှာ အပြစ်ကင်းစင်သော ကောင်လေးတစ်ယောက်အတိုင်း ဖြစ်နေ၏။
"အကြီးအကဲဝမ် ကျွန်တော် တွဲပေးပါ့မယ်"
လျိုဟွားသည် ရှေ့ကို ဆက်တိုးရန် အခွင့်အရေးယူလိုက်သော်လည်း သူ့လက်ကို မဆန့်ခင်မှာပင် ဝမ်ကောချန်က ဝင်ပြောလာသည်။
"မလိုပါဘူး၊ ဒီအဘိုးကြီးက လှုပ်ရှားနိုင်ပါသေးတယ်"
သူ့လေသံထဲ၌ အေးစက်မှုမရှိသလို အပြုံးတစ်ခုကလည်း ဆင်မြန်းထားဆဲပင်။ ဝမ်ကောချန်၏ဆိုလိုရင်းကတော့ သိပ်မရှင်းလင်းပေ။
လျိုဟွားသည် လွန်ခဲ့သောနှစ်အနည်းငယ်တုန်းက ဝမ်ကောချန်နှင့် တွေ့ခဲ့ဖူးပြီး ယခင်နှစ်တွေတုန်းက လျိုမိသားစုသည် ဝမ်ကောချန်နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့၏။
သူ့ကိုယ်ဟန်အနေအထားက ပြုလုပ်ပြီးသားဖြစ်သောကြောင့် လျိုဟွားသည် သူ့မျက်နှာအစစ်အမှန်ကို သဘာဝကျစွာ ပြသမည်မဟုတ်ပေ။ ချက်ချင်းဆိုသလိုပင် သူ ဘေးနားမှာ ယဉ်ကျေးစွာ ရပ်၍ အကြီးအကဲ ထွက်သွားတာကို လေးစားစွာဖြင့် ကြည့်နေခဲ့သည်။
လျိုဟွားကိုယ်တိုင်အပါအဝင် ဘယ်သူကမှ ထိုအရာကို ရှက်စရာကိစ္စဟု မခံစားရပေ။
"အဘိုးဝမ်"
တောက်ပပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။ စွန်းဖေးဖေးသည် သာယာနာပျော်ဖွယ်ကောင်းသော ဥဩငှက်တစ်ကောင်လိုမျိုး ဝမ်ကောချန်၏အရှေ့ကို ပျံသန်းလာလေသည်။
ဝမ်ကောချန်ကလည်း ခဏတာ ရပ်လိုက်၏။ သို့သော်ငြား သူ့မျက်နှာပေါ်မှ အပြုံးက အရင်ကထက် အနည်းငယ် ပိုများလာခဲ့ပြီး ပြောလာသည်။
"ဖေးဖေးပါလား ပိုပိုပြီးလှလာတယ်"
လက်ရှိအချိန်၌ စွန်းဖေးဖေးသည် သက်ကြီးရွယ်အိုတစ်ဦး၏ သားသမီးကဲ့သို့ ဖြစ်နေ၏။ သူမ ဝမ်ကောချန်အား ချိုသာသောအပြုံးကို ပြသ၍ ပြောလာသည်။
"ဖေးဖေးက မိသားစုထဲက အကြီးအကဲတွေရဲ့ကိုယ်စား အဘိုးဝမ်ကို နှုတ်ဆက်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ဖေးဖေးက အဘိုးဝမ်ရဲ့ကျန်းမာရေး ပိုပြီးကောင်းမွန်လာဖို့အတွက် ဆုတောင်းပေးပါတယ်"
ဝမ်ကောချန်၏မျက်လုံးများက သူ့မြေးမလေးကို ကြည့်နေသကဲ့သို့မျိုး ချစ်ခင်တွယ်တာမှုများ ပေါ်လွင်နေ၏။ သူ စွန်းဖေးဖေးကို ကြည့်ပြီး ပြောလာသည်။
"ဖေးဖေးက ဒီနှစ်တွေအတွင်း ပိုပိုပြီးစကားပြောကောင်းလာတာပဲ၊ ဒါကြောင့် စကားနည်းနည်းလောက်ပဲ ပြောရသေးတာကို အရမ်းပျော်နေပြီ၊ လာ...အဘိုးဝမ်နဲ့ အတူတူလာထိုင်"
စွန်းဖေးဖေးက ချိုသာစွာဖြင့် ပြန်ဖြေ၏။
"ဟုတ်ကဲ့"
သူမ အရှေ့ကို လျှောက်သွားကာ ဝမ်ကောချန်၏လက်ကို သဘာဝကျစွာပင် ကိုင်လျက် သူ့ကို ထောက်ကူပေးကာ လျှောက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူများက ထိုမြင်ကွင်းကို မြင်သောအခါ သူတို့အားလုံး လေအေးတစ်ချက်ကို ရှိုက်သွင်းမိကြ၏။
စွန်းဖေးဖေးက ပုံမှန်အတိုင်းပင် အနေအထိုင်ဆင်ခြင်ခဲ့သည်။ သူမထံ၌ ကောလာဟလများ မရှိခဲ့ရုံသာမက သူမက သူမ၏မိသားစုနောက်ခံကိုလည်း ဖုံးကွယ်ထားရာ ဘယ်သူကမှလည်း မသိခဲ့ကြပေ။
သို့သော်ငြား အခုတော့ စွန်းဖေးဖေးက ဝမ်ကောချန်၏ဘေးမှာ ရပ်နေနိုင်လေ၏။ ထို့အပြင် စွန်းဖေးဖေးနှင့် ဝမ်ကောချန်တို့၏အမူအရာများကို ကြည့်ပုံအရ သူတို့က မကြာခဏဆိုသလိုပင် ဒီလိုမျိုး ပြုမူတတ်ကြသည့်ပုံပင်။
ရှင်းလင်းစွာပင် စွန်းဖေးဖေး၏မိသားစုအကြီးအကဲများကလည်း အတော်လေး မြင့်မားသောဂုဏ်ပုဒ်များ ရှိနေခဲ့သည်။
လက်ရှိအချိန်မှာ လျိုဟွား၏မျက်လုံးများကတော့ မီးတောင်ကဲ့သို့ ပေါက်ထွက်တော့မလို ဖြစ်နေလေပြီ။
လျိုဟွားက စွန်းဖေးဖေး၏နောက်ခံအကြောင်းကို သဘာဝကျစွာပင် သိ၏။ သို့သော် စွန်းဖေးဖေးက ဝမ်ကောချန်နှင့် ဒီလောက်အထိ ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လျိုဟွားကို ပိုပြီးဒေါသထွက်စေသည်မှာ စွန်းဖေးဖေး၏ထောက်ကူပေးမှုက လျိုဟွား၏မျက်နှာကို ကျယ်လောင်စွာ ရိုက်လိုက်သကဲ့သို့ ဖြစ်နေခြင်းပင်။
လျိုဟွားသည် လေကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးစားနေသောအပြုံးကို ထပ်မံပြသထားလိုက်သော်လည်း သူ့မျက်လုံးများကတော့ အေးစက်နေခဲ့သည်။
စွန်းဖေးဖေးက ဝမ်ကောချန်ကို ဖြည်းဖြည်းချင်း သွားနိုင်ရန်အတွက် ထောက်ကူပေးနေလေ၏။ အပြုအမူကောင်းကာ လူချစ်လူခင်ပေါများသည့် သားသမီးများထဲမှ တစ်ယောက်ကဲ့သို့ပင်။
စွန်းဖေးဖေးသည် ပုံမှန်ဆို အနေအထိုင် ဆင်ခြင်တတ်သော်လည်း ဒီနေ့မှာတော့ ထိုစကားများကို လူအများရှေ့၌ပြောကာ အခုလိုမျိုးအပြုအမူမျိုးကို ပေါ်တင်လုပ်ခဲ့လေသည်။
အရာအားလုံးက ရွှီဖန်း၏အသက်ကို ကာကွယ်ရန် အတွက်ပင်။
စွန်းဖေးဖေး၏အမြင်မှာ သူမက လျိုဟွားနှင့် ဆက်ဆံရေးအားလုံးကို လုံးဝဖြတ်တောက်လိုက်ပြီးဖြစ်သည့်အတွက် ရွှီဖန်း၏အသက်က အန္တရာယ်ရှိနေလေပြီ။
လျိုမိသားစုက လက်သန်းလေးကို အသုံးပြုလိုက်ရုံနှင့် ရွှီဖန်းကို အလွယ်တကူ ချေမှုန်းနိုင်လေ၏။
ထို့ကြောင့် စွန်းဖေးဖေးသည် သူမက အလွယ်တကူ အနိုင်ကျင့်လို့ကောင်းသူ မဟုတ်မှန်း လျိုဟွားကို ကျယ်လောင်စွာ ကြေညာခဲ့ခြင်းပင်။ အကယ်၍ သူကရွှီဖန်းအပေါ် တစ်ခုခုလုပ်ချင်သည်ဆိုလျှင် သူမ၏ ကိုယ်ပိုင်နောက်ခံကို နှိမ်နင်းနိုင်မလားဆိုတာကို အရင်စဉ်းစားသင့်သည်။
ဤအရာမှာ စွန်းဖေးဖေးက ရွှီဖန်းကို ကယ်တင်ရန် စဉ်းစားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။
ဖော်ထုတ်ပြသခြင်းပင်။
ဝမ်ကောချန်၏ခြေလှမ်းက မမြန်ပေ။ စွန်းဖေးဖေးကလည်း တူညီစွာပင် သူမ၏ခြေလှမ်းကို နှေးလိုက်၏။ လမ်းက ရှည်လျားပြီး မကြာခင်မှာပင် သူတို့ အဆုံးကို ရောက်ရှိသွားခဲ့သည်။
ဝမ်ကောချန်က လမ်းလျှောက်တာကို ရပ်လိုက်ပြီး တစ်ဖက်ကို လှည့်လိုက်လေ၏။ သူ့မျက်လုံးများကပရိသတ်တစ်ခွင်ကို ကြည့်နေသည်။
ထိုအချိန်မှာတော့ ဂုဏ်သရေရှိပုဂ္ဂိုလ်များအားလုံးသည် သူတို့၏အသက်ရှူသံများကို ထိန်းလိုက်မိကြပြီး တိတ်ဆိတ်စွာပင် သူတို့၏ကျောကုန်းများကို မတ်လိုက်ကြ၏။
အကြီးအကဲဝမ်က သူတို့ကို ကြည့်လာလျှင် ကြီးမားသောဂုဏ်ယူစရာတစ်ခု ဖြစ်လာလိမ့်မည်။
ဝမ်ကောချန်၏မျက်လုံးများက ပရိသတ်များကို ဖြည်းဖြည်းချင်း ကြည့်နေကာ သူ့မျက်နှာပေါ်မှာတော့ စိတ်ပျက်သည့်အမူအရာတစ်ခု ပေါ်လွင်နေခဲ့သည်။
သူက တစ်နေရာသို့ လှည့်ကာ ဝူထျန်းနှင့် တခြားသူများကို မေးလိုက်၏။
"ညီလေးရွှီက ဘယ်မှာလဲ"
******************