ဝမ်ကောချန်၏ရွှီဖန်းအပေါ်သဘောထား
Vol. 28 Ch. 416
ပွဲထဲရှိ လူတိုင်းသည် ဝမ်ကောချန်၏ "ညီလေးရွှီ" ဟူသောစကားကြောင့် တုန်လှုပ်သွားကြ၏။
ညီလေးရွှီဆိုတာ... ရွှီဖန်းလား။
ရာထူးဂုဏ်ပုဒ်နှင့် အသက်ကွာခြားမှုက သိပ်ကြီးလွန်းသည်။ ဘာလို့များ အကြီးအကဲဝမ်က ရွှီဖန်းကို ညီလေးရွှီဟု ခေါ်နိုင်ရမည်နည်း။
သို့သော်ငြား ရွှီဖန်းကလွဲ၍ အကြီးအကဲနှင့် ရင်းနှီးသော ရွှီအမည်ရှိ တခြားလူက ဘယ်သူရှိနိုင်ဦးမည်နည်း။
လျိုဟွား၏မျက်လုံးများက အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အေးစက်နေ၏။
ခုနကတင် လျိုဟွားက ဝမ်ကောချန်ကို အဘိုးဝမ်ဟု ခေါ်ခဲ့သော်လည်း ဝမ်ကောချန်က သူ့ကို လျစ်လျူရှုခဲ့သည်။
အခုတော့ သာမန်လူဖြစ်သည့် ရွှီဖန်းကို ဝမ်ကောချန်က ညီလေးရွှီဟု ခေါ်ခဲ့၏။ ဒါက လျိုဟွား၏မျက်နှာကို ရိုက်လိုက်တာနှင့် တူတူပင်။
လျိုဟွားကို ပိုပြီးဒေါသထွက်စေသည်မှာ ရွှီဖန်းအပေါ် ဝမ်ကောချန်၏သဘောထားက ပုံမှန်မဟုတ်သလိုမျိုး ဖြစ်နေတာပင်။
"အဘိုးဝမ်!"
ရွှီဖန်းက စင်နောက်ကနေ အေးဆေးတည်ငြိမ်စွာ ထွက်လာပြီး ဝမ်ကောချန်ဆီကို လျှောက်လာခဲ့သည်။
ဝမ်ကောချန်၏မျက်နှာပေါ်မှာ ချက်ချင်းဆိုသလိုပင် နွေးထွေးသောအပြုံးတစ်ခု ပေါ်လွင်လာခဲ့ပြီး...
"ညီလေးရွှီ!"
နှစ်ပေါင်းများစွာ မတွေ့ခဲ့ရကြသော သူငယ်ချင်းဟောင်းများကဲ့သို့ ရွှီဖန်းသည် ဝမ်ကောချန်ကို ဖက်ကာ သူ့ပခုံးကို ပုတ်ခဲ့၏။ ထို့နောက်မှာတော့ ရွှီဖန်းသည် ဝမ်ကောချန်ကို ထောက်ကူပေးကာ စားပွဲ၏ထိပ်ဆုံးမှာ ထိုင်စေခဲ့သည်။
ထိုအချိန်မှာပင် အမှန်တရားက ပေါ်လွင်လာခဲ့၏။ လူတိုင်းက ရွှီဖန်းကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြသည်။
မတိုင်ခင်က လူတိုင်းသည် ဝမ်ကောချန်က ရွှီဖန်းကို အနည်းငယ်လေးသာ ချီးကျူးဂုဏ်ပြုထားသည်ဟု ထင်ခဲ့ကြ၏။ ရွှီဖန်းနှင့် လျိုဟွားတို့၏ ပဋိပက္ခထဲမှာ ဘယ်သူမှ ရွှီဖန်းကို အထင်ကြီးခြင်း မရှိခဲ့ပေ။
ယခင်အချိန်တုန်းက ရွှီဖန်းက မရှက်မကြောက်နှင့် ကြွားလုံးထုတ်လျက် လျိုဟွားကို ထပ်ခါထပ်ခါ ပစ်မှတ်ထားခဲ့သောအခါ လူတိုင်းက တွေးမိခဲ့ကြသည်။
"Sir မင်းက ဘာထူးခြားနေလို့လဲ၊ ဘာလို့ မိုင် ၉၀,၀၀၀ အထိ မြင့်မြင့်မတက်သွားတာလဲ"
တခြားနည်းဖြင့် ပြောရလျှင် မင်း ဘာလို့ နတ်ပြည်ကိုသာ မတက်သွားတာလဲဟူ၍ပင်။
သို့သော် အခုတော့ လက်တွေ့ဘဝက သူတို့၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုမျိုး ဖြစ်နေ၏။
ညီလေးရွှီဆိုတာ တကယ်တော့ ရွှီဖန်းပင်။
ရွှီဖန်းက ဝမ်ကောချန်နှင့် အဆင့်အတန်းတူတူ ဆက်ဆံခံရသည်။
ရွှီဖန်းက ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကံကြမ္မာပါလာသူဟု ထင်ရ၏။
ဝမ်ကောချန်နှင့် ရွှီဖန်းတို့ ထိုင်လိုက်သောအခါ ပွဲက တရားဝင် စတင်ခဲ့သည်။ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများ၏စားပွဲဝိုင်းများက ခြောက်ကပ်နေသော်လည်း သူတို့က အချိန်အခါအားလျော်စွာ ရွှီဖန်းဘက်ကို ကြည့်နေကြ၏။ သူတို့၏မျက်လုံးများမှာ မနာလိုမှုများ ပြည့်နှက်နေသည်။
စွန်းဖေးဖေးကလည်း ထိုစားပွဲဝိုင်းဆီကို ဆွဲခေါ်ခံလိုက်ရ၏။ ထိုနှစ်ဦး အချင်းချင်း စကားပြောနေကြတာကို ကြည့်နေရင်း သူမ၏နှလုံးသားထဲ၌ တုန်လှုပ်မှုလှိုင်းလုံးများက ထွက်ပေါ်လာခဲ့သည်။
ပွဲထဲမှာရှိသော ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်
လျှင် စွန်းဖေးဖေးသည် ငယ်စဥ်ကတည်းက ဝမ်ကောချန်၏စောင့်ရှောက်မှုအောက်မှာ ရှိခဲ့၏။ ထိုကြောင့် သူမက အဘိုးအိုကြီး၏ စိတ်နေစိတ်ထားကို သဘာဝကျစွာပင် နားလည်လေသည်။
သူ၏ကိုယ်ရည်ကိုယ်သွေးက အေးစက်ခက်ထန်ပြီး မြင့်မြတ်၏။ သူ့နှလုံးသားက မိမိကိုယ်ကို ဂုဏ်ယူမှုများဖြင့် ပြည့်နေပြီး ဘယ်သူ့အပေါ်ကိုမှ လေးစားကြည်ညိုမှု ပြသမှာ မဟုတ်ပေ။ သို့သော် အခုတော့ အကြီးအကဲဝမ်သည် ရွှီဖန်းနှင့် ဒီလိုရင်းနှီးသောဆက်ဆံရေးပင် ရှိနေပြီး ရွှီဖန်းကို ညီလေးရွှီ ဟူ၍တောင် ခေါ်နေလေသည်။
ဝမ်ကောချန်၏ဂုဏ်ပုဒ်နှင့် ကိုက်ညီအောင်နေထိုင်
ရန်အတွက်ဆိုလျှင် တရုတ်နိုင်ငံရှိ အမျိုးသားများအားလုံးသည် ကြီးမားသောအာဏာများကို ကိုင်စွဲထားရပြီး သတ်မှတ်ထားသော နယ်ပယ်တစ်ခုမှာ အစွမ်းထက်ရမည်ဟု ပြောကြသည်မှာ အလွန်အကျွံပြောခြင်း မဟုတ်ပေ။
ရွှီဖန်းအနေဖြင့် ဝမ်ကောချန်ဆီမှ ဒီလောက်တောင် အလေးထားခံရရန်အတွက် ဘာစွမ်းရည်ရှိနေသနည်း။
"ဖေးဖေး ညီလေးရွှီကို သမီး စိုက်ကြည့်နေတာ တွေ့တယ်၊ ဒီအဘိုးကြီးက ဆုံးဖြတ်ချက်ချပေးပြီး မင်းတို့နှစ်ယောက်ကို လက်ထပ်ပေးလိုက်ရင် ဘယ်လိုလဲ"
ဝမ်ကောချန်သည် စွန်းဖေးဖေးက ရွှီဖန်းအား တွေဝေစွာ ကြည့်နေတာကို မြင်သောအခါ ပြုံး၍ မေးလိုက်၏။
"ဟမ်"
စွန်းဖေးဖေးက သတိပြန်ဝင်လာပြီး ချက်ချင်းပင် မျက်နှာတစ်ခုလုံးနီရဲသွားကာ ငြင်းဆိုသည့်အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဘိုးဝမ် သမီးဘက်က အခြေအနေက နည်းနည်းတော့ ထူးခြားတယ်"
ဝမ်ကောချန်က ရယ်မောလိုက်၏။
"ငါ မှတ်မိပြီ၊ ဖေးဖေးက အဲ့ဒီမိသားစုနဲ့ စေ့စပ်ထားတာပဲ၊ ဒါပေမဲ့ သမီးနဲ့ ညီလေးရွှီကသာ အဆင်ပြေတယ်ဆိုရင် ဒီအဘိုးကြီးက အဲ့ဒီကအိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ ကူညီပေးပါ့မယ်၊ ဘယ်လိုလဲ"
စွန်းဖေးဖေးက စိတ်လှုပ်ရှားနေသော်လည်း သူမက ခေါင်းခါပြီး ငြင်းဆန်နေတုန်းပင်။
နောက်ခံဆိုသည်မှာ တစ်ခါတစ်ရံမှာ ပတ်သက်ငြိတွယ်မှုပုံစံ သို့မဟုတ် ချိန်းကွင်းတစ်ခု ဖြစ်နိုင်လေသည်။ ဘယ်အချိန်၊ ဘယ်နေရာမှာပင်မဆို စွန်းဖေးဖေးသည် သူမမိသားစု၏ အကျိုးစီးပွားနှင့် လိုအင်
ဆန္ဒကို ထည့်သွင်းစဉ်းစားပေးရမည်။ အမျိုးသမီးအများစုကတော့ မိသားစုရှေ့မှာဆိုလျှင် သားကောင်များသာ ဖြစ်ကြ၏။
ထိုအချိန်မှာ ရွှီဖန်းကလည်း ရယ်မောလာသည်။
"အကြီးအကဲ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အရမ်းကြီးမလုပ်ပါနဲ့၊ ကျွန်တော်တို့က အခု လွတ်လွတ်လပ်လပ်ပြောဆိုတဲ့ ဆက်ဆံရေးမှာပဲ ရှိနေပါတယ်၊ ဒါကြောင့် အိမ်ထောင်ပြုချင်ရင်လည်း ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်ပဲ လုပ်နိုင်ပါတယ်"
ဝမ်ကောချန်က ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
"ငါ့အမှားပါ သင့်လျော်တဲ့အရာတစ်ခုကို မြင်လိုက်တဲ့အခါ အရာအားလုံးကို ရချင်မိသွားတယ်၊ ညီလေးရွှီ...မင်းအတွက် Cheers!"
သူတို့နှစ်ဦးစလုံး ဝိုင်ခွက်များကို မြှောက်၍ ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်း အကုန်သောက်ချလိုက်ကြသည်။
ရွှီဖန်း၏တည်ငြိမ်နေသောအမူအရာကို မြင်သည့်အခါ စွန်းဖေးဖေးမှာ စိတ်ပျက်အားငယ်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူမ ခေါင်းခါယမ်းလိုက်ပြီး အတင်းအကြပ်ပြုံးလိုက်ကာ သူတို့နှစ်ဦးအတွက် ဝိုင်ကို လောင်းပေးလိုက်သည်။
ထိုအချိန် ဝူထျန်းကလည်း သူ၏စစ်ဖက်ရဲဘော်ဟောင်းများနှင့်အတူ လျှောက်လာခဲ့၏။ သူက တိုက်ရိုက်ဝင်ထိုင်ရဲခြင်းမရှိဘဲ ဝမ်ကောချန်ဆီသို့ လေးလေးစားစားဖြင့် လျှောက်သွားခဲ့သည်။
သူ့ကို အရင်ဂါရဝပြုကာ...
"အကြီးအကဲကို ဂါရဝပြုပါတယ်"
ဝမ်ကောချန်ကလည်း ဝူထျန်းနှင့် တခြားသူများကို တွေ့ရတာ ဝမ်းသာနေ၏။ သို့သော် သူ့မျက်နှာကတော့ ထိုပျော်ရွှင်မှုကို အနည်းငယ်လေးတောင် ပြသထားခြင်းမရှိပေ။ သူ၏ကျားကဲ့သို့မျက်လုံးများက စိုက်ကြည့်၍ ဆူပူလာသည်။
"မင်းတို့ကလေးစုတ်တွေ မင်းတို့က ငါ့ရဲ့စစ်သားတွေ ဖြစ်ခဲ့တယ်ဆိုတာရော မှတ်မိသေးရဲ့လား"
ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများက အားတင်းပြုံးလိုက်ကြ၏။
"အကြီးအကဲ ကျွန်တော်တို့က ဘယ်သူ့ကို မေ့ရမှာလဲ၊ အကြီးအကဲကို မေ့ပစ်ဖို့ ကျွန်တော်တို့ မရဲပါဘူး"
ဝမ်ကောချန်က နည်းနည်းလေးတောင် ကျေးဇူးတင်ခြင်း မရှိပေ။ သူက တုန့်ဝေနှင့် တခြားသူများ၏ အနည်းငယ်ဖောင်းနေသော ဘီယာဗိုက်များကို ကြည့်ကာ ချက်ချင်းပင် ဆူပူလိုက်သည်။
"မင်းတို့က ငါ အရင်တုန်းက ဦးဆောင်ခဲ့တဲ့ စစ်သားတွေဆိုတာကို ဝန်ခံဖို့ ငါလည်း မရဲပါဘူး"
ဝမ်ကောချန်က သူတို့ကို စိုက်ကြည့်နေတာကို မြင်သောအခါ ဝူထျန်းနှင့် တုန့်ဝေတို့အဖွဲ့သည် မူလတန်းကျောင်းသားလေးများကဲ့သို့ ခေါင်းငုံ့ကာ တုန်ယင်စွာဖြင့် ရပ်နေကြ၏။ သူတို့က အလွန်အကျွံ ပြုမူရဲခြင်း မရှိပေ။
ရွှီဖန်းကတော့ စိတ်ဝင်စားစရာကောင်းသည်ဟု မြင်နေသော်လည်း ဝူထျန်း၏အကူအညီတောင်းခံနေသော အချက်ပြမှုကို လက်ခံရရှိပြီးနောက်မှာ ဝင်ပြောလိုက်သည်။
"အကြီးအကဲ ဒီစစ်သားတွေက အငြိမ်းစားယူပြီးနောက်မှာ ယခင်က လေ့ကျင့်ခဲ့ရင်တောင် ကွန်ပြူတာရှေ့မှာထိုင်ပြီး နေ့တိုင်းအလုပ်လုပ်နေရရင် သူတို့ရဲ့ခန္ဓာကိုယ်က ဝလာမှာကို ရှောင်လွှဲလို့ မရပါဘူး"
ဝူထျန်းနှင့်တခြားသူများကို ကူညီရန်အတွက် ရွှီဖန်းက ဝင်ပြောလာတာကို မြင်သည့်အခါ ဝမ်ကောချန်၏မျက်နှာက အနည်းငယ် ပြေလျော့သွားသော်လည်း သူက ဆက်လက်ပြီး ဆူပူနေတုန်းပင်။
"ညီလေးရွှီက မင်းတို့အတွက် ကရုဏာရပ်ခံပေးနေမှတော့ ထိုင်လိုက်ကြ၊ မင်းတို့ ပြန်ရောက်တဲ့အခါ ငါ့အတွက် စကားလုံး ၅,၀၀၀ ပါတဲ့ အပြစ်ရှိစာတစ်စောင် ရေးပေးရမယ်!"
ဝူထျန်းနှင့် တခြားသူများက ခေါင်းများကို လျင်မြန်စွာ ညိတ်၍ သဘောတူလာကြ၏။ ထို့နောက်မှာတော့ သူတို့ နာခံစွာ ထိုင်ကာ ကျေးဇူးတင်သောမျက်လုံးများဖြင့် ရွှီဖန်းကို ကြည့်လာကြသည်။ တုန့်ဝေဆိုလျှင် ရွှီဖန်းကို ခိုးပြီးတော့တောင် လက်မထောင်ပြလိုက်သေး၏။
ဝမ်ကောချန်က သနားကြင်နာမှု မပြသခဲ့သော်လည်း ယခင်က သူ့စစ်သားများကို တွေ့ရသည့်အတွက် သူပျော်ရွှင်နေတုန်းပင်။ အရင်တုန်းက ဝမ်ကောချန်၏စစ်သားများသည် စစ်တပ်၏ထိပ်တန်းစစ်သားများဖြစ်ကြပြီး မစ်ရှင်များကို မကြာခဏပင် တိတ်တဆိတ်သွားရောက်လုပ်ဆောင်ရသည်။ နှစ်စဉ်သေဆုံးမှုနှုန်းကလည်း ၅၀% ကျော်၏။
မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံရတာက ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးအရာတစ်ခု ဖြစ်ပြီး ဝမ်ကောချန်ကလည်း ထိုကဲ့သို့ ခံစားနေရသည်။
ဝမ်ကောချန်၊ ရွှီဖန်းတို့နှင့်အတူတူ ဝိုင်သောက်ပြီးနောက်မှာ ဝူထျန်းနှင့် တခြားသူများက ထိုနှစ်တွေတုန်းက ဖြစ်ပျက်ခဲ့သောအရာများကို စတင်ပြောဆိုခဲ့ကြ၏။
ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများ၏စကားများကို ကြားပြီးမှသာ ရွှီဖန်းသည် သူတို့က ကောင်းကင်နှင့်မြေကြီး နှစ်ခုလုံးကို ထောက်ပံ့ပေးနိုင်ခဲ့သော စစ်သားများ ဖြစ်ခဲ့ကြောင်းကို သိနားလည်ခဲ့သည်။
တခြားနိုင်ငံများကိုသွားရောက်၍ စစ်သားများနှင့်အတူ သွေးထွက်သံယိုတိုက်ပွဲများ ဆင်နွှဲခဲ့ခြင်းက သူတို့အတွက် ပုံမှန်အလုပ်ပင်။
သူတို့က စကားပြောရတာကို အလွန်ပျော်ရွှင်နေကြပြီး ဝမ်ကောချန်၏မျက်နှာကလည်း အမှတ်ရမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ရွှီဖန်းက ဘာပြောရမှန်းမသိတာကြောင့် သူ့ဘေးမှာ ထိုင်နေသော စွန်းဖေးဖေးကိုသာ ကြည့်နေမိသည်။သူမက ဘာအကြောင်းရင်းမှမရှိဘဲ သူ့ကို လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပြီး ဘာအကြောင်းရင်းမှမရှိဘဲ သူ့ကို ရူးမိုက်သည်ဟု ပြောခဲ့သော အမျိုးသမီးပင် ဖြစ်၏။
ရွှီဖန်းက သူမကို စိုက်ကြည့်နေတာကို မြင်သောအခါ စွန်းဖေးဖေးက ထိတ်လန့်သွားလေသည်။ သူမ၏မျက်နှာက မှည့်နေသောပန်းသီးတစ်လုံးကဲ့သို့ နီရဲနေတာကြောင့် သူမအား တစ်ကိုက်လောက် ကိုက်စားချင်စိတ် ဖြစ်ပေါ်လာစေ၏။
ရုတ်တရက်ပင် စိတ်ပျက်ဖွယ်ရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အဘိုးဝမ်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးပါရစေ၊ အရှေ့ပင်လယ်လို ကံကောင်းခြင်းတွေရရှိပြီး နန်ရှန်းတောင်ထက် ပိုရှည်လျားတဲ့ အသက်ကို ပိုင်ဆိုင်ရပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်"
*****************************