ဝိုင်၆ပုလင်း
Vol. 28 Ch. 418
အရက်သောက်ရုံသာဖြစ်၍ ရွှီဖန်းအတွက် ကြောက်စရာမရှိပေ။ သူ့ခန္ဓာကိုယ်ထဲတွင် မိုးပျံအိုးသိုင်းကျမ်းက လည်ပတ်နေတာကြောင့် အရက်ပြင်းဖြစ်နေလျှင်တောင် သူဘယ်လိုမှ မူးလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ဝူထျန်း၏စိုးရိမ်မှု၊ စွန်းဖေးဖေး၏စိုးရိမ်ပူပန်မှုနှင့် ဝမ်ကောချန်၏စိတ်ပူမှုများကို ရင်ဆိုင်ရင်း ရွှီဖန်းသည် တောက်ပသောအပြုံးတစ်ခုကို ဖော်ပြလိုက်၏။
"လျိုမိသားစုသခင်လေး ဘယ်သူအရင်သောက်ချင်လဲ"
လက်ရှိအချိန်မှာ လျိုဟွားက ကုလားထိုင်ပေါ်မှာ ထိုင်နေပြီးသားပင်။ မစ္စတာရွှီ၏အကြံပြုချက်ကို ကြားလိုက်ရသောအခါ သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောလာသည်။
"ဒါက ကျွန်တော့်ရဲ့ အကြံပေးချက်ဖြစ်တာကြောင့် ကျွန်တော်ပဲအရင်စလိုက်မယ်၊ မစ္စတာရွှီ သေချာကြည့်ထားနော်"
ထိုသို့ပြောပြီးနောက် လျိုဟွားသည် စားပွဲပေါ်မှ ဝိုင်ပြင်းတစ်လုံးကို ဖွင့်၍ မတ်တပ်ရပ်ကာ ၆၀ရာခိုင်နှုန်းပြင်းအားရှိသည့် ဝိုင်ပြင်းတစ်ပုလင်းလုံးကို ပါးစပ်နှင့်တေ့ကာ သောက်ချလိုက်၏။
ဂလု! ဂလု! ဂလု!
ဝိုင်ပုလင်းက တစ်ပိဿာလောက်လေးသော်လည်း အခုအချိန်မှာတော့ တွင်းထွက်ရေကဲ့သို့ပင်။ လျိုဟွားက ခေါင်းကိုမော့ကာ တစ်ပုလင်းလုံးကို တစ်ခါတည်း သောက်ချခဲ့သည်။
သောက်ပြီးသောအခါ လျိုဟွားသည် ပုလင်းအလွတ်ကို ဇောက်ထိုးလှန်လိုက်၏။ ပုလင်းဝကနေ ဝိုင်တစ်စက်မှ မကျလာခဲ့ပေ။
လျိုဟွားအနေနှင့် သူ့မျက်နှာက မနီနေသလို နှလုံးခုန်နှုန်းလည်း မမြန်ခဲ့ပေ။ အသက်ရှူရန်တောင် အလျင်မလိုနေဘဲ အေးအေးဆေးဆေးရှိနေပုံရသည်။
စွန်းဖေးဖေးနှင့်ဝူထျန်း အပါအဝင် လူအုပ်ကြီးက အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့၏။
ထိုအရာက ၆၀ရာခိုင်နှုန်းကျော်ရှိသည့် ဝိုင်ပြင်းတစ်လုံးမှန်း သိထားရမည်။ သာမန်လူတစ်ယောက်အတွက်တော့ ပုလင်းသေးသေးလေးဆိုရင်တောင် ဝေးသေး၊ ခွက်သေးသေးလေးတစ်ခွက်သောက်ရုံနှင့်တင် သွေးများဆူပွက်နေလောက်ပြီ။ ခဏလောက် အသက်ရှူပြီးမှသာ နောက်တစ်ကြိမ် ထပ်သောက်နိုင်မှာဖြစ်သည်။
လျိုဟွားကတော့ ရေသောက်သကဲ့သို့ လွယ်လွယ်ကူကူပင် ဝိုင်တစ်ပုလင်းအား သောက်ချခဲ့၏။
လူတိုင်းက ရွှီဖန်းအား သနားသောမျက်လုံးများဖြင့် ကြည့်လာကြသည်။
ထိုလူက စွန်းဖေးဖေးနှင့် အကြီးအကဲ၏ အထင်ကြီးမှုကို ရရှိခဲ့၏။ အခုတော့ သူ့ဘဝ၏ကံကောင်းခြင်းအားလုံးက ကုန်ဆုံးသွားပုံရသည်။
"မစ္စတာရွှီ ကျေးဇူးပြုပြီး"
လျိုဟွားက သူ့ညာဘက်လက်ကို အနည်းငယ်မြှောက်လိုက်၏။ သူ့အပြုအမူမှာ အလွန်ယဉ်ကျေးပြီး အန္တရာယ်ကင်းပုံရသည်။
ရွှီဖန်းလည်း ဝိုင်းပြင်းတစ်လုံးကို ကောက်ကိုင်၍ အဖုံးကိုဖွင့်လိုက်၏။ ထို့နောက် သူ ခေါင်းကိုမော့ကာ အရက်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
တစ်ပိဿာလောက်ရှိသည့် ထိုဝိုင်ကလည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် သောက်ကုန်သွားလေ၏။ ပုလင်းအလွတ်ကို သူ ဇောက်ထိုးလှန်လိုက်သောအခါ အဝနေရာကနေ အရည်တစ်စက်မှ မကျလာခဲ့ပေ။ အလားတူပင် သောက်နေရင်းဖြင့်လည်း ဝိုင်တစ်စက်မှ မဖိတ်စင်ခဲ့ပေ။
သို့သော် ရွှီဖန်း၏မျက်နှာက အနည်းငယ်နီနေသည်။ အကြောင်းမှာ ထိုအရာက ၆၀ရာခိုင်နှုန်းကျော်ရှိသော ဝိုင်ပုလင်းဖြစ်နေ၍ပင်။ မိုးပျံအိုးသိုင်းကျမ်းက ၎င်းကို ချေဖျက်ပစ်လိုက်၍ ပြိုကွဲသွားသော်ငြား ရွှီဖန်း၏ပါးစပ်ထဲ ဝင်လာချိန်မှာတော့ အနည်းငယ်
စပ်ဖျဉ်းဖျဉ်းဖြစ်ခဲ့သည်။
ရွှီဖန်း၏လုပ်ဆောင်ချက်ကိုမြင်တော့ စွန်းဖေးဖေး၊ ဝူထျန်းနှင့် တခြားသူများလည်း သက်ပြင်းချလိုက်မိကြ၏။ သို့သော် ခန်းမထဲရှိ လူတိုင်းကတော့ သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ အလွန်အမင်းသနားနေသောအကြည့်များဖြင့် ရွှီဖန်းကို ဆက်ကြည့်နေကြတုန်းပင်။
အကြီးအကဲကလည်း စောင့်ကြည့်နေတာမလို့ လျိုမိသားစုက ရွှီဖန်းကို ပွင့်ပွင့်လင်းလင်း လုပ်ရဲမည်မဟုတ်ပေ။ သို့သော် သူတို့က ခိုးကြောင်ခိုးဝှက်အကြံများကိုတော့ ပြုလုပ်နိုင်သေးသည်။ အကြီးအကဲ ထွက်သွားပြီးနောက်မှာတော့ လျိုမိသားစုက ရွှီဖန်းကို ဘွင်းဘွင်းရှင်းရှင်း တိုက်ခိုက်နိုင်လိမ့်မည်။
ထိုကိစ္စကတော့ အကြီးအကဲ မထွက်သွားခင်အထိ ရွှီဖန်းက လျိုမိသားစု၏လျှို့ဝှက်တိုက်ခိုက်မှုများကြားထဲ အသက်ရှင်နိုင်၊ မနိုင်ဟူသည့် ယူဆချက်အပေါ်မှာသာ မူတည်နေလေသည်။
ဝိုင်းပြင်းတစ်ပုလင်း သောက်ပြီးနောက် ရွှီဖန်း၏ မျက်နှာက အနည်းငယ်သာနီနေတာကို မြင်သောအခါ လျိုဟွား၏စိတ်ထဲမှာ အနည်းငယ်အံ့ဩသွားခဲ့၏။ သို့သော် သူက ရွှီဖန်းကို မျက်စိထဲ လုံးဝမထည့်ထားခဲ့ပေ။
ဝိုင်တစ်ပုလင်းကို ထိန်းထားနိုင်ရုံနှင့် ဝိုင်နှစ်ပုလင်းကို ထိန်းနိုင်မည်ဟု မဆိုလိုပေ။ ရွှီဖန်းကို လုံးဝအနိုင်ယူပစ်ကာ အကြီးအကဲအရှေ့မှာ သူ့ကို အရူးလုပ်ပစ်ပြီးနောက် အကြီးအကဲမှ ထွက်ခွာသွားလျှင် ရွှီဖန်းက ဘာဆက်လုပ်နိုင်မည်နည်း။
လျိုဟွားသည် ပေါ့ပါးစွာပင် နောက်တစ်ပုလင်းကို ဖွင့်၍ သောက်ချလိုက်သည်။
ရှေးခေတ်သူရဲကောင်းတစ်ဦးကဲ့သို့ပင် လျိုဟွားက ဒုတိယပုလင်းကို သောက်ပြီးနောက်မှာတောင် သူ့မျက်နှာက အရင်လို ငြိမ်သက်နေတုန်းပင်။ သူက လက်ကို အနည်းငယ်မြှောက်၍ ရွှီဖန်းကို ဆက်သောက်ရန် အချက်ပြလိုက်၏။
လျိုဟွား၏လုပ်ဆောင်ချက်က ရွှီဖန်းကို သူ့စိတ်ထဲ၌ သံသယဖြစ်စေခဲ့သည်။ ရှေးခေတ်က လူများက အရက်များကို ပါးစပ်ထဲသို့ လောင်းထည့်နိုင်သည့် အကြောင်းရင်းက ရှေးခေတ်အရက်သေစာများ၏ အရည်အသွေးက အလွန်နိမ့်သောကြောင့်ပင်။
ထိုအရာများက ၂၀ရာခိုင်နှုန်းရှိသော ဆန်အရက်
နှင့်တောင် နှိုင်းယှဉ်၍မရပေ။
၆၀ရာခိုင်နှုန်းကျော်ရှိသောအရက်ပြင်းကို ဝိုင်နတ်ဘုရားများမှ နှစ်ပုလင်းလောက် သောက်ခဲ့မည်ဆိုလျှင်တောင် အနည်းဆုံးတော့ မျက်နှာများနီလာပြီး အသက်ရှူကြပ်ရလိမ့်မည်။ ထိုအချင်းအရာက လူ့သဘာဝတုံ့ပြန်မှုတစ်ခုပင်။
လျိုဟွား၏လုပ်ဆောင်ချက်က ပုံမှန်မဟုတ်ဘူးဆိုတာကို ပြသနေ၏။
ရွှီဖန်း ပြုံးလိုက်သည်။ သူ့စိတ်ထဲ၌ အတွေးတစ်ခုရှိနေ၏။ လျိုဟွား၏လှောင်ပြောင်မှုအောက်မှာ ရွှီဖန်းသည် ဝိုင်တစ်ပုလင်းကို ဖွင့်၍ ခေါင်းမော့သောက်လိုက်သည်။ ပုလင်းက ဗလာဖြစ်သွားပြီးနောက် သူ လျိုဟွားကို ဆက်မသောက်ခိုင်းတော့ဘဲ စကားဖြတ်ပြောလိုက်၏။
"သခင်လေးလျိုမှာ ထူးခြားတဲ့အရက်သောက်နိုင်စွမ်းရှိတာပဲ၊ တစ်ပုလင်းချင်းသောက်တာက အရမ်းနှေးတယ်၊ စားပွဲပေါ်မှာ ဝိုင်စုစုပေါင်း ၁၂ ပုလင်းရှိတယ်၊ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ၆ ပုလင်းစီသောက်ကြအောင် ဘယ်လိုလဲ"
ရွှီဖန်း၏စကားကြောင့် လူတိုင်းက အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
ဝိုင်၆ပုလင်းဆိုသည်မှာ ဝိုင်ပြင်း၆ ပိဿာနှင့် ညီမျှ၏။ ဝိုင်ပြင်း၆ ပိဿာဆိုတာကလည်း ၆၀ရာခိုင်နှုန်းကျော်ရှိသည့် အပြင်းစားဝိုင်များပင်။ ဒါက အရက်ပြိုင်ပွဲ မဟုတ်တော့ဘဲ အသက်ကို ရင်းနေတာပင်။
ဒီလိုသာ ဆက်သောက်နေပါက သူတို့ သေသည်အထိ သောက်ဖြစ်နေကြမည်ဆိုတာကို လူတိုင်းက သေချာသိကြလေသည်။
စွန်းဖေးဖေးနှင့် ဝူထျန်းတို့လည်း ကြောက်လန့်တကြားဖြင့် မျက်နှာဖြူလျော်ကြ၏။ စွန်းဖေးဖေးက မတ်တပ်ရပ်၍ စည်းရုံးရန်လုပ်နေတုန်း ရှိသေးသည်။ သို့သော်ငြား ရွှီဖန်း၏မျက်လုံးအကြည့်ကြောင့် သူမ၏စကားများက တန့်သွားရ၏။
စားပွဲရှိလူတိုင်းက ရွှီဖန်း၏အကြည့်အတိုင်း လျိုဟွားကို ကြည့်လိုက်ကြသည်။
လျိုဟွားလည်း အံ့အားသင့်သွားခဲ့သည်။
တစ်ဆက်တည်း ၆ ပုလင်း သောက်ရမှာလား။ ခုနကတင် သူ ၂ ပုလင်းသောက်ထားတာဖြစ်၏။ ဆိုလိုတာက သူ ၄ပုလင်းတောင် ထပ်သောက်ရမည်။
ဘယ်ကောင်က ဒီလောက်အထိ ခံနိုင်ရည်ရှိမည်နည်း။
ခုနက လျိုဟွားအနေဖြင့် ရဲတင်းနေရသည်မှာ အရက်ကို ထိန်းနိုင်သောဆေးတစ်မျိုးကို သောက်သုံးထားပြီးသားဖြစ်နေ၍ပင်။ ထိုဆေးက အသုံးဝင်သော်လည်း လျိုဟွားက ဇီဝဗေဒပညာရှင်ဖြစ်တာကြောင့် ထိုဆေးအနည်းငယ်က အရက်ပုလင်းအနည်းငယ်ကိုသာ ကူထိန်းပေးနိုင်သည်ဆိုတာကို ကောင်းကောင်းသိသည်။
တစ်ဆက်တည်း ၆ ပုလင်းသောက်ရန်ပင် ဝေးသေး၊ ထို၆ပုလင်းအား ဖြည်းဖြည်းချင်း သောက်ယူရန်တောင် မဖြစ်နိုင်ပေ။
လျိုဟွား၏အမြင်အရတော့ ရွှီဖန်းက အများဆုံး ၂ ပုလင်း၊ ၃ ပုလင်းလောက်သာ သောက်နိုင်တော့မည်။ သို့သော် အခုတော့ ရွှီဖန်းက ဒီလိုမျိုးအသက်စွန့်ရမည့် တောင်းဆိုမှုကို လုပ်လာ၏။
"သခင်လေးလျို ဘာတွေစဉ်းစားနေတာလဲ"
ရွှီဖန်း၏အသံက ထွက်ပေါ်လာသည်။
လျိုဟွားက သူ့သွားများကို ကြိတ်လျက် ရွှီဖန်းကို ကြည့်နေကာ မျက်နှာက အနည်းငယ်နီနေလေ၏။
ခဏလောက် ငြိမ်သွားပြီးနောက် လျိုဟွားက ပြောလာသည်။
"မစ္စတာရွှီရဲ့အကြံပြုချက်က ကောင်းပုံရပါတယ်၊ ဒီအကြံပြုချက်ကို မစ္စတာရွှီက တင်ပြခဲ့တာဆိုတော့ မစ္စတာရွှီ အရင်စသင့်တယ် မဟုတ်လား"
ထိုစည်းမျဥ်းဖြင့် လျိုဟွားသည် ရွှီဖန်းအား ချောက်စွန်းသို့ တွန်းပို့ခဲ့၏။
ရွှီဖန်းက ဝိုင်၆ပုလင်းကို တစ်ဆက်တည်း သောက်နိုင်မှာတဲ့လား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
လျိုဟွားက လက်ပိုက်ကာ မဲ့ပြုံးပြုံးလျက် ပေါ့ပါးစွာ ရွှီဖန်းကို ကြည့်နေသည်။
"ဟုတ်တာပေါ့"
ရွှီဖန်း ပြုံးလိုက်၏။ ပရိသတ်၏အံ့အားသင့်နေသော အကြည့်များအောက်မှာ သူ ဝိုင်ပုလင်းကို ကောက်ယူ၍ ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
ပုလင်းကို သောက်ပြီးနောက် သူ့မျက်နှာက နီရဲသွားလေ၏။
၂ ပုလင်းသောက်ပြီးသောအခါ သူ့မျက်နှာက ပို၍ နီရဲလာသည်။
၃ ပုလင်းပြီးနောက် သူ့မျက်နှာက နီရဲလာမည့်ပုံ မပေါ်တော့ပေ။
၄ ပုလင်းပြီးသည်အခါ သူ့မျက်နှာက တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။
သူ ပုလင်းအလွတ်ကို ချလိုက်သည်။ ယခင်က သောက်ထားသော ၂ ပုလင်းကို ပေါင်းလိုက်လျှင် ၆ ပုလင်းတိတိ ဖြစ်သွားလေပြီ။
လူအုပ်ကြီးက အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။
လူတစ်ယောက်က ဝိုင်ပြင်း၆ ပုလင်းအား မျက်နှာမနီဘဲ ဘယ်လိုလုပ်သောက်နိုင်မည်နည်း။
ဒါက မဖြစ်နိုင်ပေ။
ထိုအချိန် လျိုဟွားကလည်း ထိုကဲ့သို့ တွေးနေတာပင်။
ဓားတစ်ချောင်းကဲ့သို့ ထက်ရှနေသော ရွှီဖန်း၏အကြည့်နှင့် ရင်ဆိုင်ရသည့်အခါ လျိုဟွားမှာ မယုံနိုင်စရာကောင်းသလို ခံစားလိုက်ရသည်။ သူက ကသိကအောင့်ဖြစ်လာသလို ထို့ကောင့်မျက်နှာအား ဆုတ်ခွာပစ်ချင်စိတ်လည်း ဖြစ်ပေါ်လာခဲ့၏။
အကြောင်းမှာ ဝိုင်ပြင်း ၆ ပုလင်းဆိုသည်မှာ လူတစ်ယောက်ကို သတ်ပစ်ရန် လုံလောက်သောကြောင့်ပင်။
လျိုဟွားမှ ထွက်ပြေးရန် အကြောင်းပြချက်တစ်ခုခု ရှာနေတုန်းမှာပင် ရွှီဖန်းက ပြုံး၍ ပြောလာသည်။
"ကျွန်တော် ၆ ပုလင်းလုံး သောက်ပြီးသွားပြီဆိုတော့ လျိုမိသားစုသခင်လေးရဲ့အလှည့် မဟုတ်ဘူးလား"
ရွှီဖန်းက ထိုကဲ့သို့ပြောနေသော်လည်း သူ့မျက်လုံးများသည် မတိုင်ခင်က လျိုဟွား လုပ်ခဲ့သလိုပင် ဝမ်ကောချန်ကို လှည့်ကြည့်လိုက်လေ၏။
လျိုဟွားကတော့ ရွှီဖန်း ဆိုလိုချင်သည့်အဓိပ္ပာယ်ကို သဘာဝကျစွာ နားလည်သည်။ ဒီနေ့ ဝမ်ကောချန်ရှိနေတာကြောင့် လျိုဟွားက ထွက်ပြေးလို့မရတော့ချေ။
လျိုဟွားသည် အံတင်းတင်းကြိတ်ကာ ရက်စက်သောအမူအရာဖြင့် ဝိုင်တစ်ပုလင်းကို သောက်လိုက်၏။
*********************