စွန်းဖေးဖေး၏ပူပင်သောက
Vol. 28 Ch. 420
ထိုမေးခွန်းကို ကြားတော့ ရွှီဖန်းခဗျာ အံ့အားသင့်သွားရသည်။
ဒီအမျိုးသမီးက ဘာတွေဖြစ်နေတာလဲ။ အကြောင်းပြချက်မရှိဘဲ ငါ့ကို လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တယ်၊ ပြီးတော့ အကြောင်းပြချက်မရှိဘဲ ငတုံးငအအဖြစ် သတ်မှတ်ခဲ့သေးတယ်၊ အခုတော့
သူမကို ချစ်လားလို့ တကယ်ကြီး မေးလိုက်တာလား။
သူမအား ၂ ခါ၊ ၃ ခါလောက်သာ သူ မြင်ဖူးခဲ့ခြင်း ဖြစ်၏။
စွန်းဖေးဖေးက ကိုရီးယားဒရာမာတွေ အများကြီး ကြည့်နေတာများလား။
ရွှီဖန်းက အံ့အားသင့်နေပြီး ငြိမ်သက်စွာ ရပ်နေတာကို မြင်သည့်အခါ စွန်းဖေးဖေး၏မျက်ရည်များက ရေကာတာကျိုးသလိုမျိုး စီးကျလာသည်။
ရွှီဖန်းမှာ နောက်တစ်ခါ အံ့အားသင့်သွားပြန်၏။
မင်းနဲ့ငါနဲ့ကြားမှာ နက်နဲတဲ့ ဆက်ဆံရေးမျိုး ရှိနေလို့လား။ တခြားသူတွေ မင်းကို အထင်လွဲသွားမှာ မကြောက်ဘူးလား။
စွန်းဖေးဖေးက အငိုမရပ်သည်ကို ရွှီဖန်း မြင်သောအခါ သူ့အိတ်ကပ်ထဲကနေ တစ်ရှူးတစ်ရွက်ကို ထုတ်၍ သူမကို ပေးလိုက်သည်။ ထို့နောက် သူ နူးညံ့စွာ နှစ်သိမ့်ပေးလိုက်၏။
"တစ်ခုခု ဖြစ်ခဲ့တာလား"
စွန်းဖေးဖေးကလည်း သတိပြန်ဝင်လာပုံရသည်။ သူမက မျက်ရည်များကို သုတ်လိုက်သော်လည်း သူမတစ်ကိုယ်လုံးက မတိုင်ခင်လို တောက်ပမှု မရှိတော့ပေ။ သူမ၏မျက်လုံးများက မှိုင်းညို့နေသည်။
"ဘာမှမဖြစ်ပါဘူး ပြန်ကြရအောင်"
စွန်းဖေးဖေးက ထိုသို့ပြောပြီးနောက် ပွဲနေရာကို ပြန်သွားရန် လုပ်နေလေပြီ။ ရွှီဖန်းသည် သူ့လက်ကို လျင်မြန်စွာ ဆန့်ထုတ်၍ စွန်းဖေးဖေးကို ပြန်ဆွဲလိုက်ရ၏။
စွန်းဖေးဖေးကသာ ဒီလိုပုံစံမျိုးနှင့် ပွဲထဲကို ပြန်ဝင်သွားသောအခါ ရွှီဖန်းက သူမကို နှိပ်စက်ခဲ့သည်ဟု အများက အထင်လွဲကုန်တော့မည်။
ရွှီဖန်းလည်း အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။
"ဒီမှာ...ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်တော့်ကို အရင်ပြောပြဦး၊ အဲ့ဒီအခါကျမှ ကျွန်တော် မင်းကို ချစ်လား မချစ်လားဆိုတာ ပြောပြမယ်"
ရွှီဖန်းက စွန်းဖေးဖေးကို ချစ်လား။ ဒါပေါ့၊ မချစ်ပေ။
စကားအနည်းငယ်မျှတောင် မပြောရသေးခင်မှာ တခြားအမျိုးသမီးကို သူ ဘယ်လိုလုပ် ချစ်မိနိုင်မည်နည်း။
ပထမဆုံးတွေ့ဆုံခြင်းမှာ ချစ်မိတာမျိုးလား။ ကံမကောင်းစွာဖြင့် ရွှီဖန်းသည် စွန်းဖေးဖေးအား ပထမဆုံးတွေ့ခဲ့သောအချိန်မှာပင် ချစ်မိခဲ့ခြင်း မရှိပေ။
ဒါဟာ စွန်းဖေးဖေး၏ရုပ်ရည်ကြောင့်တော့ မဟုတ်ပေ။ နိုင်ငံ၏ထိပ်တန်းနာမည်ကြီးတစ်ဦးအနေဖြင့် စွန်းဖေးဖေးထံ၌ တခြားသူများကို ကျော်လွန်နိုင်သော စွမ်းရည်မျိုးရှိ၏။ လှပပြီး ရေကူးနေသောနဂါးလိုမျိုး ကြော့ရှင်းသည်။ ဆောင်းဦးကာလပေါက်ရောက်သော ခရမ်းစွယ်ပန်း၏ကျက်သေရေမျိုးနှင့် ထင်းရှူးပင်ကဲ့သို့ အရောင်အဆင်းမျိုးရှိ၏။
သူမ၏ပုံသဏ္ဌာန်၊ ရုပ်ရည်၊ စိတ်နေစိတ်ထား သို့မဟုတ် စကားပြောပုံများဖြစ်ဖြစ် စွန်းဖေးဖေးသည် အမြင့်ဆုံးအဆင့်မှာ ရှိနေလေသည်။
သို့သော်ငြား သူ့နှလုံးသားကတော့ ဘာမှမတတ်နိုင်ပေ။
ရွှီဖန်း၏မရေရာသောစကားများကို ကြားလိုက်ရသောအခါ စွန်းဖေးဖေးက ခဏလောက် တွန့်ဆုတ်နေသေး၏။ ထို့နောက် သူမ၏မျက်နှာက နီရဲသွားလေသည်။ နောက်ဆုံးမှာတော့ သူမက ပြောလာ၏။
"ဒီကိစ္စက ရှင်နဲ့ မဆိုင်ပါဘူး၊ ရှင် ကျွန်မကို ချစ်မှသာ ဒီကိစ္စကို ပြောပြလို့ရမယ်၊ ဒါပေမဲ့ ရှင်က ဒီလိုပြောပြီးပြီဆိုတော့..."
ခဏနားပြီးနောက် စွန်းဖေးဖေးက စိတ်တည်ငြိမ်သွားပြီး ခါးသီးစွာ ပြုံးရင်း ပြောလာသည်။
"လူတိုင်းက ကြီးမားတဲ့နောက်ခံရှိတဲ့ မင်းသမီးတွေကို မနာလိုဖြစ်ကြတယ်၊ လူအများစုက ကျွန်မကို နာမည်ကြီးတစ်ယောက်ဖြစ်နေလို့ မနာလိုသလိုမျိုးပေါ့၊ ဒါပေမဲ့ သူတို့ ကျွန်မကို မနာလိုသလို ကျွန်မကလည်း သူတို့ကို မနာလိုဘူးဆိုတာ မသိကြဘူး၊ မိသားစုအတွက် ကျွန်မ မလုပ်ချင်တဲ့အရာတွေကို အမြဲလုပ်ရတယ်၊ ဒီနှစ်တွေမှာ ကျွန်မ အစွမ်းကုန် လုပ်ခဲ့ရတယ်"
ရွှီဖန်းက ခေါင်းညိတ်ပြီး ပြော၏။
"ဒါဆို မင်းက မိသားစုကိစ္စတွေကြောင့် စိတ်ဆင်းရဲနေတာပေါ့"
စွန်းဖေးဖေးက ခေါင်းခါယမ်းကာ သူမမျက်နှာပေါ်မှ အပြုံးက ပို၍ခါးသီးလာသည်။
"အခုတော့ ကျွန်မမိသားစုအတွက် လုပ်နိုင်တာ အားလုံးကို လုပ်ပေးခဲ့ပြီးပြီ၊ ကျွန်မရဲ့ လွတ်လပ်ခွင့်အတွက် အသနားခံခဲ့တယ်၊ ဒါပေမဲ့ မိသားစုက ကျွန်မလုပ်ပေးရဦးမယ့် ကိစ္စတစ်ခု ကျန်သေးတယ်လို့ ပြောတယ်၊ ဒါက အရမ်းကို ခေတ်နောက်ကျနေတဲ့အရာတစ်ခု...လက်ထပ်ပွဲပဲ"
ရွှီဖန်းလည်း ခေါင်းခါယမ်းမိ၏။ သူ ဘယ်လောက်ပင် အရည်အချင်းရှိရှိ ဒီလိုကိစ္စမျိုးမှာ ကူညီနိုင်မည် မဟုတ်ပေ။
သို့သော် သူတို့ စကားစပြောနေပြီဖြစ်လို့ ရွှီဖန်း မေးလိုက်သည်။
"ဘာလဲ မင်း သူ့ကို မကြိုက်ဘူးလား"
စွန်းဖေးဖေးက စိတ်ပျက်အားငယ်စွာ ပြုံး၍ ခေါင်းညိတ်၏။
"အဲ့ဒီလူမှာ အမျိုးသမီးတွေက တပ်ခွဲတစ်ခုထက်တောင် ပိုများတယ်၊ ကျွန်မက သူ့ကို ဘယ်လိုလုပ်ကြိုက်နိုင်မှာလဲ"
စွန်းဖေးဖေးက အံကြိတ်ကာ ရွှီဖန်း၏မျက်လုံးများကို တစ်ခါပြန်မော့ကြည့်လိုက်သည်။
"ရွှီဖန်း ကျွန်မတို့ ထွက်သွားကြရင် ဘယ်လိုလဲ...ဘယ်သူမှမရှိတဲ့ ကမ္ဘာတစ်ခုမှာ ကျွန်မက လွတ်လပ်မှုအတွက် စိတ်ပူစရာမလိုတော့ဘူး၊ ရှင်
လည်း လျိုမိသားစုရဲ့ခြိမ်းခြောက်မှုအတွက် စိတ်ပူစရာ မလိုတော့ဘူး၊ ကျွန်မတို့ ဒီဘဝရဲ့အဆုံးထိ အေးအေးချမ်းချမ်းနဲ့ သာမန်ဘဝမှာ နေထိုင်နိုင်
တယ်"
ထိုမြင်ကွင်းက အလွန်လှပပြီး သူမ၏အသံကလည်း ပို၍ကြည်လင်နေ၏။
သို့သော် ရွှီဖန်းကတော့ လှပသောမိန်းကလေး၏ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပေ။
ရွှီဖန်း ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"မင်းဖော်ပြခဲ့တဲ့ မြင်ကွင်းက လှပပေမယ့် ကျွန်တော့်အတွက်တော့ တရုတ်ပြည်ကို ထားခဲ့ဖို့ လုံးဝမဖြစ်နိုင်ဘူး၊ ပြီးတော့ လျိုမိသားစုက ကျွန်တော့်အတွက် ဘာမှမဟုတ်ဘူး"
စွန်းဖေးဖေး၏မျက်လုံးထဲမှ မျှော်လင့်ချက်များ တဖြည်းဖြည်းမှေးမှိန်သွားတာကို မြင်သည့်အခါ ရွှီဖန်း အနည်းငယ် စိတ်ညစ်သွားပြီး ပြောလိုက်မိ၏။
"မင်းရဲ့လက်ထပ်ပွဲနဲ့ပတ်သက်လို့ ကျွန်တော် အကြီးအကဲဝမ်ကို အကူအညီတောင်းပြီး ဖျက်သိမ်းခိုင်းနိုင်ပါတယ်၊ ဒါပေမဲ့ အောင်မြင်လိမ့်မယ်လို့တော့ ကျွန်တော် အာမခံနိုင်မှာ မဟုတ်ဘူး"
စွန်းဖေးဖေးက စိတ်ပျက်အားငယ်စွာ ရယ်လာသည်။
"မိသားစုက လက်ထပ်စာချုပ်ကို လက်ခံပြီးသားဖြစ်နေပြီ၊ ဒါကို အလွယ်တကူ ဖျက်သိမ်းမှာ မဟုတ်ဘူး၊ နောက်ပြီးတော့ ဖျက်သိမ်းခဲ့ရင်တောင် ကျွန်မမိသားစုအတွက် အနစ်နာခံနေရဦးမှာပဲ... ချစ်ရမယ့်သူမရှိရင် ကျွန်မမိသားစုက ပေးထားတဲ့ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းဖို့ အကြောင်းပြချက်တောင် မရှိတော့ဘူး"
စွန်းဖေးဖေး၏စကားများကို ကြားတော့ ရွှီဖန်း အနည်းငယ် ဒေါသထွက်သွား၏။
မတိုင်ခင်ကတော့ ရွှီဖန်းသည် စွန်းဖေးဖေးက အကြီးအကဲဝမ်နှင့် သူ့၏ ဆက်ဆံရေးကို မြင်ပြီး သူ့ဆီက အကူအညီတောင်း၍ မိသားစုစေ့စပ်ပွဲကို ဖျက်ခိုင်းချင်နေသည်ဟု သူ ထင်ခဲ့သည်။
သို့သော် အခုတော့ စွန်းဖေးဖေးပြောလာသော စကားများ၏အဓိပ္ပာယ်ကို နားထောင်ပြီးနောက်မှာ စွန်းဖေးဖေးထံ၌ ခုခံနိုင်သောသတ္တိတောင် မရှိဘူးဆိုတာကို သူ သိလာရ၏။
လူတိုင်း မွေးဖွားလာကတည်းက ရခဲ့သော လွတ်လပ်မှုက စွန်းဖေးဖေးအတွက်တော့ ဇိမ်ခံပစ္စည်းတစ်ခုလိုမျိုး ဖြစ်လာသည်။ ထိုအရာက တောင်းတောင်းပန်ပန်ရယူသော်လည်း မရနိုင်သောအရာတစ်ခု ဖြစ်လာ၏။
ထိုအရာက စွန်းဖေးဖေးအတွက် ကြီးမားသော ဝမ်းနည်းဖွယ်ရာပင်။
သို့သော်ငြား သူမ သတ္တိမရှိပါက သာမန်မိသားစုတစ်ခုမှာတောင် ဒီကမ္ဘာကြီး၏ကြိုးများကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
စွန်းဖေးဖေးက ရွှီဖန်း၏မျက်လုံးများကို စိုက်ကြည့်ပြီး အားကိုးရာမဲ့စွာ မေးလာသည်။
"ကျွန်မရဲ့အကြောင်းတွေအားလုံး ရှင့်ကို ပြောပြပြီးပြီ၊ အခု ရှင့်ရဲ့အဖြေကို ကျွန်မကို ပြောပြပါ"
အဖြေ?
ဒါက ရွှီဖန်းအတွက် ခက်ခဲ၏။ မိသားစုတစ်ခုက တည်ဆောက်ရန် မလွယ်ပေ။ ထို့အပြင် ရွှီဖန်းက စွန်းဖေးဖေး၏လူတစ်ယောက် မဟုတ်ပေ။ သူက စွန်းဖေးဖေး၏မိသားစုကို သွားပြီး ရန်ပွဲတစ်ခုဖန်တီးနိုင်မှာတဲ့လား။
သို့သော်ငြား သူ မချစ်ဘူးဟု ပြောလိုက်လျှင်လည်း အလကားပင် ဖြစ်လိမ့်မည်။ စွန်းဖေးဖေး၏လက်ရှိ စိတ်အခြေအနေအရဆိုရင် သူမက ဤနေရာမှာသာ စိတ်ပျက်သွားနိုင်သည်။ ထိုသေးငယ်လှသောသတ္တိလေးမှာ လေထဲတွင် မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားပြီး နောက်ဆုံးမှာ မိသားစု၏အနစ်နာခံရသူ ဖြစ်လာလိမ့်မည်။
စွန်းဖေးဖေးသည် သူ့အပေါ်မှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်သာ။ ရွှီဖန်းက ထိုကောင်းမှုများကို သူ၏ရန်လိုမှုနှင့် ဘယ်လိုလုပ် ပြန်ဆပ်နိုင်မည်နည်း။
ခဏတာမျှ စဉ်းစားပြီးနောက် ရွှီဖန်း သူ့ပခုံးကို တွန့်ကာ လက်ဖဝါးကို ဖွင့်လိုက်သည်။
"ကျွန်တော် ဝန်ခံပါတယ် ခုနက မင်းနဲ့ စင်မြင့်တစ်ခုတည်းမှာ သီချင်းဆိုနေတုန်း ကျွန်တော် နည်းနည်းလေး စိတ်လှုပ်ရှားခဲ့တယ်၊ ကျွန်တော့်ကို မင်းက လျိုမိသားစုကို သတိထားဖို့လည်း ခဏခဏ စိုးရိမ်ပေးခဲ့တယ်၊ ဒါပေမယ့် မင်းပြောတဲ့ကိစ္စက အရမ်းကြီးမားပြီး အတည်ပြုဖို့ အချိန်လိုတယ်"
ရွှီဖန်း ထိုသို့ပြောရသည့် အကြောင်းရင်းမှာ အနာဂတ်မှာ စွန်းဖေးဖေးအား ကူညီနိုင်မလားဆိုတာကို ကြည့်ရန် ဖြစ်၏။
သို့သော် စွန်းဖေးဖေး၏မျက်နှာကတော့ မှုန်မှိုင်းနေသည်။
"ဒါပေမဲ့ ကျွန်မတို့ အခုချက်ချင်းမထွက်သွားရင် လျိုမိသားစုနဲ့ စွန်းမိသားစုတို့ အသိဝင်လာတဲ့အခါကျ ကျွန်မတို့ မထွက်သွားနိုင်တော့မှာကို ကြောက်တယ်၊ ကြီးမားတဲ့မျိုးနွယ်စုတစ်ခုရဲ့ကြောက်စရာကောင်းမှုက ရှင် ထင်သလောက် မရိုးရှင်းဘူး၊ လျိုဟွား ပြန်ရောက်လာမှာကို စောင့်လိုက်ပါ၊ အကြီးအကဲဝမ်ရှိနေတုန်းမှာ လျိုမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် စကားပြောပြီး ဝိုင်သောက်တာကို ကျွန်မ အကြံပြုတယ်"
ရွှီဖန်းက စွန်းဖေးဖေး၏စကားအတိုင်း မလုပ်ခဲ့ပေ။ ထိုအစား သူ့လက်ကို ညင်သာစွာ ဆန့်ထုတ်၍ စွန်းဖေးဖေး၏နဖူးပေါ်မှ ဆံပင်ရှည်များကို ဖယ်ရှားပေးလိုက်၏။ ထို့နောက် စွန်းဖေးဖေး၏အလွန်လှပသော မျက်နှာလေးကို ကိုင်လိုက်သည်။ သူ့လက်မကို သူမ၏ပါးစပ်ထောင့်မှာ ထားပြီး အနည်းငယ် ပွတ်ဆွဲလိုက်၏။
"ဒီလိုထူးဆန်းတဲ့ကမ္ဘာမှာ နေထိုင်နေရင်း ဘာလို့ သတ္တိရှိရှိ မပြုံးနေနိုင်ရတာလဲ"
*************************