တိုးပွားလာသော သတ်ဖြတ်လိုစိတ်များ
Vol. 28 Ch. 413
စွန်းဖေးဖေးက သူမ၏လှပသော ခန္ဓာကိုယ်အချိုးအဆစ်များကို ပေါ်လွင်စေသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ထောင်မတ်နေသောကော်လာအင်္ကျီမှာ ကြယ်စင်များက လဝန်းကြီးကို ဝန်းရံထားသကဲ့သို့ သူမ၏နှင်းလိုဖြူစွတ်နေသောလည်ပင်းနှင့် နူးညံ့သိမ်မွေ့သောမျက်နှာလေးကို ပိုပြီးပေါ်လွင်စေ၏။ မီးရောင်အောက်၌ သူမက အင်မတန် လှပနေလေသည်။
နာမည်ကြီးစွန်းဖေးဖေးအား ဘယ်သူက မသိဘဲ နေမည်နည်း။
သို့သော်ငြား သဘာဝကျစွာပင် သူမအား ရူးသွပ်စွာအားပေးသောပရိတ်သတ်များလည်း ယခု မရှိသလို အော်ဟစ်အားပေးသံများလည်း မရှိပေ။ စွန်းဖေးဖေးက စင်နောက်ကနေ ဖြည်းဖြည်းချင်း ထွက်လာတာကို မြင်သည့်အခါ လူတိုင်းက နွေးထွေးသောလက်ခုပ်သံများပေးလာကြ၏။
စွန်းဖေးဖေးက စင်ပေါ်မှာရပ်၍ ပရိသတ်များကို ချိုသာစွာ ပြုံးပြနေသည်။ သူမက မိုက်ခရိုဖုန်းကို ကောက်ကိုင်လျက် ပြောလာ၏။
"အားလုံးပဲ မင်္ဂလာပါရှင့်၊ ကျွန်မကတော့ စွန်းဖေးဖေးပါ၊ ဒီနေ့လိုပွဲမျိုးကို တက်ရောက်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်ရှင်၊ အကြီးအကဲက အသက်ကြီးနေပြီဆိုတော့သွားရလာရတာ သိပ်ပြီးမလွယ်ကူတော့တဲ့အတွက် နည်းနည်းနောက်ကျမှပဲ ရောက်လာမှာဖြစ်ပါတယ်၊ အားလုံး ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
အကြီးအကဲဝမ်၏ဂုဏ်ပုဒ်က ရှိနေပြီးသားပင်။ ပွဲတက်ရောက်ခွင့်ရတာကပင် ပရိသတ်များအားလုံးအတွက် အင်မတန်ကို ဂုဏ်ယူစရာကောင်းနေလေပြီ။ ဘယ်လိုလုပ် အပြစ်တင်ရဲမည်နည်း။
ကောင်းမွန်သောရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသောရယ်မောသံများကြားမှာ စွန်းဖေးဖေးကလည်း သာသာယာယာလေး ရယ်မောလာသည်။
"အားလုံးကို တောင်းပန်တဲ့အနေနဲ့ ကျွန်မ သီချင်းတစ်ပုဒ်ဆိုပြပါရစေ"
စွန်းဖေးဖေး၏စကားဆုံးသည်နှင့် ပရိသတ်အားလုံးက ထရပ်ကာ လက်ခုပ်တီးခဲ့ကြ၏။
ဟုတ်ပါသည်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်က သူတို့ဆီကနေ ဒီလိုဆက်ဆံခံရရန် ထိုက်တန်သည် မဟုတ်ပေ။ သို့သော် စွန်းဖေးဖေး၏စကားအရ သူမနှင့် အကြီးအကဲတို့ကြားမှာ ရင်းနှီးသောဆက်ဆံရေးရှိနေတာ သိသာပေသည်။ စွန်းဖေးဖေးကို ကျေနပ်အောင် ပြုမူခြင်းက မှားယွင်းမှုတစ်ခု မဟုတ်ပေ။
စွန်းဖေးဖေးနှင့် အကြီးအကဲ၏ဆက်ဆံရေးက ပုံမှန်ပဲဆိုလျှင်တောင် ဂုဏ်သရေရှိလူကြီးများအတွက် လက်ခုပ်တီးခြင်းနှင့် ပြုံးပြခြင်းက ဘာမှဆုံးရှုံးသွားမှာ မဟုတ်ပေ။
ဒီလိုအရေးကြီးပုဂ္ဂိုလ်များအတွက် လက်ခုပ်တီးခြင်းနှင့် ပြုံးပြနေသောမျက်နှာများမှာ အပေါဆုံးအရာများပင်။
မီးရောင်များက ရုတ်တရက် မှေးမှိန်သွားပြီး သာယာသောသံစဉ်များ ထွက်ပေါ်လာ၏။ စူပါစတားစွန်းဖေးဖေးက မိုက်ခရိုဖုန်းကို သူမ၏နှုတ်ခမ်းနားသို့ ပြုံးရယ်လျက် ကိုင်ဆောင်ထားသည်။ သူမ သီချင်းစဆိုရန် ပြင်လိုက်ချိန်မှာပင် အသံတစ်ခုက ကြားဝင်
ဖြတ်တောက်လာ၏။
"ခဏလေး!"
သူ့အသံက အခုလိုအခြေအနေ၌ မသင့်တော်သလို အလွန်လည်း ရိုင်းစိုင်းပေသည်။ နောက်ခံသံစဉ်များက တိတ်သွားပြီး မီးအားလုံးကို ပြန်ဖွင့်လိုက်ရ၏။ ဂုဏ်သရေရှိလူကြီးများမှာ ထိုအသံလာရာ အရင်းအမြစ်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။
ဒီလိုမျိုး ခမ်းနားလေးစားဖွယ်ကောင်းတဲ့ အခမ်းအနားမျိုးမှာ ဘယ်သူက ဒီလောက် ရိုင်းစိုင်းရဲတာလဲ။
ဂုဏ်သရေရှိလူကြီးများအားလုံးသည် ဒေါသများပြည့်နှက်နေပြီး ထိုရိုင်းစိုင်းသောလူအား ကောင်းကောင်းသင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်
ချိန်မှာပင် အောက်ဘက်ရှိ ထိုင်ခုံပေါ်မှာ ထိုင်နေသည့် လျိုဟွားက ရုတ်တရက် ထရပ်လိုက်၏။
စကားဖြတ်ပြောသူက လျိုဟွားဖြစ်နေတာကို မြင်လိုက်ရသောအခါ လူတွေအားလုံးသည် သူတို့အတွေးများကို ရပ်လိုက်ပြီး ရယ်မောပြုံးလိုက်ကြသည်။ သူတို့၏နှလုံးသားထဲမှာတော့ လျိုဟွားက နာမည်ကြီးအနုပညာရှင်စွန်းဖေးဖေးထက် အများကြီးပိုမြင့်မားသော ရာထူးနေရာမှာ ရှိ၏။
လျိုဟွားက ရုတ်တရက် ထရပ်လာတာကို မြင်သောအခါ စွန်းဖေးဖေးလည်းမျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဒါက လျိုမိသားစုရဲ့သခင်လေးပါလား၊ ဘာကိစ္စရှိလို့ပါလဲရှင့်"
လျိုဟွားက အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး တောက်ပနေသောသူ့ဆံပင်ကလည်း အင်အားကြီးမားခြင်းကို ပေးစွမ်းနေ၏။ လက်ရှိအချိန်မှာတော့ သူ ပြုံးလျက် မတ်တပ်ရပ်နေသည်မှာ ယုံကြည်မှုရှိသောဟန်ပန်တစ်ခုကို ပေးနေလေသည်။
စွန်းဖေးဖေး၏မေးခွန်းကို ရင်ဆိုင်ရသောအခါ လျိုဟွားက ပြုံး၍ တည်တည်ငြိမ်ငြိမ်ပင် မေးလာ၏။
"မိန်းကလေးစွန်း ကျွန်တော် မမှားဘူးဆိုရင် မင်းဆိုချင်တဲ့သီချင်းက မင်းရဲ့လက်ရာမြောက်လှတဲ့ 'ကြော့ရှင်းသောမိုး'ဖြစ်မယ် ထင်တယ်၊ ဟုတ်တယ်မလား"
လျိုဟွား၏အပြုံးကို ကြည့်ရင်း စွန်းဖေးဖေးမှာ တစ်ခုခုတော့ မူမမှန်သလို ခံစားလိုက်ရသည်။ သို့သော် စူပါစတားတစ်ဦးအနေဖြင့် ဒီလိုအခြေအနေမျိုးက စွန်းဖေးဖေးကို ထိတ်လန့်တုန်လှုပ်စေမည် မဟုတ်ပေ။
စွန်းဖေးဖေးက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။ သူမ ယဉ်ကျေးစွာပြုမူနေသေးသော်လည်း သူမ၏အသံကတော့ စိတ်မရှည်သော အရိပ်အယောင်များ ရှိနေခဲ့သည်။
"အကယ်၍ လျိုမိသားစုသခင်လေးက ဘာပြောစရာမှမရှိတော့ဘူးဆိုရင် ပွဲကို ဆက်လုပ်ပါရစေရှင့်"
"အလျင်မလိုပါနဲ့ မိန်းကလေးစွန်း၊ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ကျွန်တော် မမှားဘူးဆိုရင် ဒီသီချင်းကို အမျိုးသားအသံနဲ့လည်း ဆိုထားသေးလားလို့၊ မိန်းကလေးစွန်းအနေနဲ့ ပွဲထဲက အမျိုးသားတစ်ယောက်ကို ရွေးပြီး သူ့နဲ့အတူ သီချင်းဆိုကြည့်ပါလား"
လျိုဟွားက စွန်းဖေးဖေးကို သေချာသိ၏။ စွန်းဖေးဖေး၏နောက်ကွယ်က စွန်းမိသားစုမှာ ကြီးမားသော်လည်း လျိုဟွားကတော့ စွန်းဖေးဖေးကို အထင်မကြီးပေ။ အများဆုံးမှ သူ စွန်းဖေးဖေးကို မထိဘဲနေရုံသာ။ သူလုပ်ချင်သည့်အရာကိုတော့ စွန်းဖေးဖေးက တားဆီးနိုင်မှာ မဟုတ်ပေ။
လျိုဟွားက ဘာလုပ်တော့မည်နည်း။
ဒီနေ့ အကြီးအကဲဝမ်၏ ရောက်ရှိလာမှုကြောင့် ချန်ဟိုင်းပြည်နယ်ရှိ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများစွာသည် သူတို့၏စိတ်ကို တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲခဲ့ကြသည်။ ထိုအရာက လျိုဟွားကို အလွန်အမင်း မပျော်ရွှင်စေပေ။
ထို့ကြောင့် လျိုဟွားသည် စင်ပေါ်မှာ ရပ်လျက် အကြီးအကဲ၏ပွဲဖြစ်နေလျှင်တောင် သူ လျိုဟွားကသာ အဓိကဇာတ်ကောင်ဆိုတာကို လူတိုင်းကို ပြောပြချင်တာဖြစ်၏။
ရန်လိုနေသော လျိုဟွားနှင့် ရင်ဆိုင်ရသောအခါ စွန်းဖေးဖေးမှာလည်း လမ်းနှစ်ခွကြားမှာ ရပ်နေရသလို ဖြစ်နေခဲ့သည်။
စွန်းဖေးဖေးက လျိုဟွား၏အကြံပြုချက်ကို ငြင်းပယ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမက လျိုဟွား၏မျက်နှာကို ရိုက်လိုက်တာနှင့် သေချာပေါက် တူသွားလိမ့်မည်။ ထိုအရာက ကောင်းမွန်သောအရာမဟုတ်တာတော့ သိသာပေ၏။
သို့သော်ငြား သူမ လက်ခံလိုက်သည်နှင့် လျိုဟွား၏မျက်နှာပေါ်မှ အပြုံးအရ အရာအားလုံးက ပို၍ ဆိုးရွားလာနိုင်ချေရှိသည်။
စွန်းဖေးဖေး တွေဝေနေတုန်းမှာ ပရိသတ်ကလှောင်ပြောင်ရန် စတင်ခဲ့၏။ စွန်းဖေးဖေးနှင့် လျိုဟွားကြားမှာ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများက လျိုဟွားဘက်ကနေ ရပ်တည်ရန်သာ မဆိုင်းမတွ ရွေးချယ်ခဲ့
ကြသည်။
ရယ်မောသံများကြားထဲ လျိုဟွား၏မျက်နှာပေါ်မှအပြုံးက ပို၍ကြီးမားလာခဲ့၏။ သို့သော် ရုတ်တရက် ထွက်ပေါ်လာသော ရယ်မောသံတစ်ခုကြောင့် လျိုဟွား၏အပြုံးက အေးခဲသွားခဲ့သည်။
"လျိုမိသားစုသခင်လေးက ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြံပြုချက်ကို ပေးခဲ့တဲ့အတွက် ကျွန်တော် မိန်းကလေးစွန်းနဲ့အတူ စင်ပေါ်မှာ သီချင်းဆိုခွင့်ရမလားလို့ သိချင်ပါတယ်"
ပရိသတ်၏ဆူညံသံများကြားထဲမှာ ရွှီဖန်းက ဖြည်းဖြည်းချင်း ထရပ်လာ၏။
ရွှီဖန်းက စွန်းဖေးဖေးနှင့် ပတ်သက်သည့်စကားကို ပြောနေသော်လည်း သူ့မျက်လုံးများကတော့ လျိုဟွား၏မျက်နှာကိုသာ အာရုံစိုက်နေခဲ့သည်။ သူ့စကားလုံးထဲ၌ ရန်လိုမှုအပြည့် ပါဝင်နေလေ၏။
ရွှီဖန်း၏အမြင်မှာ စွန်းဖေးဖေးက လျိုမိသားစုကို အပြစ်မပြုရဲပေ။ အခု လျိုဟွားက သူမကို လူအများရှေ့ ခြိမ်းခြောက်နေသည်မှာ စွန်းဖေးဖေးက သူ့ကို လျိုမိသားစုအကြောင်း ထပ်ခါထပ်ခါ သတိပေးခဲ့သောကြောင့် ဖြစ်နိုင်သည်။
သူ့ကြောင့် စွန်းဖေးဖေးက လျိုဟွား၏ခြိမ်းခြောက်မှုကို ခံခဲ့ရသည့်အတွက် ရွှီဖန်း သူမဘက်ကနေ ရပ်တည်ပေးရမှာ ဖြစ်၏။
ရွှီဖန်း ရှေ့ထွက်လာတာကို မြင်သောအခါ ပရိတ်သတ်က လက်ခုပ်တီးခြင်း အားပေးခြင်းများ မပြုလုပ်ခဲ့ပေ။
သူတို့အားလုံးက လျိုဟွားနှင့် ရန်ဖြစ်ရန် ထရပ်လာသည့် ရွှီဖန်းကို ကြည့်နေကြသည်။ သူတို့အားလုံး လေအေးတစ်ချက်ကို ရှူသွင်းမိကြ၏။
ပရိသတ်၏မျက်လုံးထဲမှာတော့ စင်ပေါ်မှာ စွန်းဖေးဖေးနှင့် သီချင်းဆိုခွင့်ရရန်အတွက် ရွှီဖန်းက လျိုမိသားစုသခင်လေးကို ရန်စရန် သတ္တိရှိခဲ့သည်။ ဒါဟာ ရဲရင့်မှုမဟုတ်ဘဲ ရူးမိုက်မှုသာ ဖြစ်၏။
ရွှီဖန်းကို အကြီးအကဲက အလွန်တန်ဖိုးထားပြီး လေးစားနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့သော်လည်း ထိုအရာက ရွှီဖန်းထံ၌ အလားအလာအချို့ရှိသည်ဟုသာ ဆိုလိုခြင်းဖြစ်သည်။
သူ့အလားအလာက တကယ့်ခွန်အားတစ်ခု မဖြစ်လာခင်မှာ လျိုမိသားစုထံ၌ ရွှီဖန်းကို သတ်ရန် နည်းလမ်းပေါင််းသောင်းနှင့်ချီ၍ ရှိ၏။
"ကောင်းလိုက်တဲ့စိတ်ဓာတ်!"
"ဒါမှ ငါ့ရဲ့ညီလေး!"
ရွှီဖန်းက ဖြောင့်တန်းစွာ ရပ်နေပြီး လျိုဟွားကို ရင်ဆိုင်နေသည်ကို မြင်သောအခါ ဝူထျန်းက ချက်ချင်းပင် စားပွဲကို လက်နှင့်ရိုက်၍ ရယ်မောကာ ရွှီဖန်းအတွက် အားပေးလာသည်။
တုန့်ဝေနှင့် တခြားသူများကလည်း ရယ်မောကာ ရွှီဖန်းအတွက် လက်ခုပ်တီးနေ၏။
လျိုဟွားက ဘယ်လောက် အင်အားကြီးသည် သို့မဟုတ် လျိုမိသားစုက ဘယ်လောက် အင်အားကြီးသည်ကို သူတို့ဂရုမစိုက်ကြပေ။ သူတို့ကို ဘာမှလုပ်ရဲကြမှာ မဟုတ်ပေ။
ထို့အပြင် သူတို့အားလုံးက ခွန်အားအပြည့်ရှိသည့် ယောက်ျားသားများဖြစ်သည်။ အန္တရာယ်ကို ရင်ဆိုင်ရမည်ဆိုလျှင်တောင် အပြစ်ပြုမိမည်ဆိုလျှင်တောင် သူတို့ ရွှီဖန်းအတွက် ထရပ်ပြီး အားပေးကြမှာပင်။
သို့သော်ငြား ဝူထျန်းနှင့် တုန့်ဝေတို့၏ အားပေးသံများက တိတ်ဆိတ်နေသော ပွဲနေရာမှာတော့ အနည်းငယ် အထီးကျန်နေခဲ့၏။
ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများ၏ အားပေးသံများကို ကြားသောအခါ လျိုဟွား၏အပြုံးက နောက်ဆုံးမှာ အေးစက်သွားခဲ့သည်။ သူက ရွှီဖန်းကို လှည့်ကြည့်လာ၏။
၎င်းက ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုပင်။
သူတို့၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေခဲ့ကြသည်။
********************