← Chapters

အလှည့်အပြောင်းသုံးခု

Vol. 28 Ch. 410

အလှည့်အပြောင်းသုံးခု

Vol. 28 Ch. 410

လျှပ်စစ်တုတ်များကို ကိုင်ဆောင်ထားသည့် လုံခြုံရေးအဖွဲ့တစ်ဖွဲ့က ခန်းမထဲကို ပြေးဝင်လာပြီး ကျောက်ရှန်း၏ညွှန်ကြားမှုနှင့်အတူ ရွှီဖန်းကို ဝိုင်းလိုက်ကြသည်။

"လူကြီးမင်း ကျေးဇူးပြုပြီး ထွက်သွားပေးပါ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ပြာဟိုတယ်က ခင်ဗျားကို မကြိုဆိုပါဘူး"

ကျောက်ရှန်းက သူတို့အရှေ့ကနေ ရပ်တည်ပေးနေတာကြောင့် လုံခြုံရေးများသည် ကြောက်ရွံ့ခြင်းမရှိဘဲ ထိုစကားများကို ပြောဆိုခဲ့ကြ၏။

ရွှီဖန်း၏မျက်လုံးများက ကစားလိုစိတ်များဖြင့် ပြည့်နှက်လာပြီး လူအုပ်ကြီးအား အေးစက်စက် လှမ်းကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ့အကြည့်များက ထောင်လွှားနေသော ကျောက်ရှန်းဆီမှာ ရပ်တန့်သွားခဲ့၏။

"မထွက်သွားချင်ရင်ရော"

ရွှီဖန်းက အလွန်အလေးအနက်ထားကာ ပြောခဲ့ခြင်းဖြစ်ပြီး နောက်ပြောင်နေခြင်းမဟုတ်ပေ။

လုံခြုံရေးအဖွဲ့နှင့် ကျောက်ရှန်းတို့လည်း အံ့အားသင့်သွားခဲ့ကြသည်။ လျှပ်စစ်တုတ်များကို ကိုင်ဆောင်ထားသည့် လုံခြုံရေးအဖွဲ့ရှေ့မှာတောင် ရွှီဖန်းက အလျှော့မပေးဘဲ ဆက်လက်ငြင်းဆန်နေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ ဒါက ဇွဲကြီးတာမဟုတ်တော့ဘဲ ဘယ်အချိန်မှာ ဆုတ်ခွာရမလဲဆိုတာကို မသိသောလူတစ်ယောက် ဖြစ်နေလေပြီ။

လူအုပ်ကြီးက ခေါင်းခါရင်း သက်ပြင်းချနေကြ၏။

"ဒီလူက အရမ်းကိုရမ်းကားလွန်းတယ်! ဘာပဲဖြစ်ဖြစ် ဒုက္ခရောက်မှာပဲ!"

"အဓိကအချက်ကတော့ ဒီလိုသာဆက်သွားမယ်ဆိုရင် သူ့မျက်နှာက ပိုပျက်တော့မှာပဲ၊ နောက်ဆုံးမှာ သူက အရမ်းငယ်ပါသေးတယ်လေ"

"ဒါက ငယ်ရွယ်တာနဲ့ ဘာဆိုင်လို့လဲ၊ လျိုမိသားစုက သခင်လေးလည်း အရမ်းငယ်တာပဲ မဟုတ်ဘူးလား”

"ငါ့အမြင်အရတော့ ဒါက အဆင့်အတန်းကိစ္စပဲ၊ ဒီလောကရဲ့အထက်အသိုင်းအဝိုင်းထဲကို တဇွတ်ထိုးဝင်ရောက်ဖို့ဆိုရင်တော့ သူတို့က ကိုယ့်ကိုယ်ကိုယ် ရယ်စရာဖြစ်အောင် လုပ်နေတာပဲ"

လူအုပ်ကြီးက ဆွေးနွေးနေကြစဉ် ကျောက်ရှန်း၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း အေးစက်လာခဲ့သည်။ ဝင်ပေါက်မှာ ဖျော်ဖြေပွဲတစ်ခု ရှိနေတာက တကယ်တော့ ကောင်းသည့်ကိစ္စတစ်ခုပင်။ သို့သော်ငြား ထိန်းချုပ်နိုင်ခြင်းမရှိတော့လျှင်တော့ ဆိုးရွားသည့်ကိစ္စတစ်ခု ဖြစ်သွားလေပြီ။

ကျောက်ရှန်းက ချက်ချင်းပင် သူ့လက်ကိုဝှေ့ယမ်းပြီး လုံခြုံရေးခြောက်ယောက်၊ ခုနစ်ယောက်လောက်အား အမိန့်ပေးခဲ့၏။

"သူ့ကို ဒီကနေ မောင်းထုတ်လိုက်! ကောင်းကင်ပြာဟိုတယ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတာ မင်းမှာ *ဝက်ဝံနှလုံး ဒါမှမဟုတ် ကျားသစ်အူ ရှိနေတာပဲဖြစ်ရမယ်!"

လုံခြုံရေးခြောက်ယောက်၊ ခုနစ်ယောက်လောက်က သူ့အမိန့်ကိုကြားသောအခါ လျှပ်စစ်တုတ်များကို ဝှေ့ယမ်းလျက် ရွှီဖန်းကို ဝိုင်းရန် ပြေးဝင်လာကြသည်။

ထိုအချိန်မှာ ယှဉ်သာ၍မရလောက်အောင် ပြတ်သားသော အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့၏။

"ခဏလေး!"

အားလုံးက ခဏတာမျှ အံ့အားသင့်သွားခဲ့ကြသည်။ သူတို့ ဟိုတယ်ဝင်ပေါက်ကို လှည့်ကြည့်လိုက်သောအခါ ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးက သူတို့ဆီသို့ အမြန်ပြေးလာနေတာကို တွေ့လိုက်ရ၏။

"ရွှီဖန်း!"

ထိုအသံကိုကြားတော့ ရွှီဖန်းလည်း လှည့်ကြည့်လိုက်သည်။ သူကတော့ နာမည်ကြီးအနုပညာရှင် စွန်းဖေးဖေးဖြစ်ပြီး ပြည်နယ်ဟိုတယ်မှာ ရွှီဖန်းနှင့် နှစ်ကြိမ်တွေ့ခဲ့ဖူး၏။

စွန်းဖေးဖေးက အပြေးအလွှား ရောက်လာပြီး ရွှီဖန်း၏လက်ရှိအခြေအနေကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

စွန်းဖေးဖေးသည် ရွှီဖန်းအပေါ်၌ မရှင်းပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိခဲ့လေ၏။ ထိုအရာက ကောင်းမွန်သည့် ထင်မြင်ချက်တော့မဟုတ်ပေ။ သို့သော်ငြားလည်း ရွှီဖန်း ဒုက္ခရောက်နေတာကိုတော့ သူမ မကြည့်နိုင်ပေ။

ထို့ကြောင့် ရွှီဖန်းကို မြင်လိုက်ရသောအချိန်မှာ စွန်းဖေးဖေးသည် သူ့ကို ကူညီရန်အတွက် အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်သည်။

"အားလုံးကို အားနာပါတယ်၊ သူက ကျွန်မရဲ့သူငယ်ချင်းပါ၊ နားလည်လွဲမှားမှုတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး၊ အားလုံးကို ဒုက္ခပေးမိတဲ့အတွက် ခွင့်လွှတ်ပေးကြပါနော်"

နိုင်ငံ၏ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်ရာ ပွဲကိုရောက်လာသောလူအများစုသည် စွန်းဖေးဖေးကို သိကြပြီး သူမကို မျက်နှာသာပေးရန် ဆန္ဒရှိခဲ့ကြ၏။ သူတို့က ပြုံးပြလာပြီး နေရာမှာပင် နှုတ်ဆက်စကားပြောဆိုခဲ့ကြသည်။

ထိုကိစ္စ ရှင်းလင်းတော့မည်ကို မြင်သောအခါ ကျောက်ရှန်းလည်း ပြန်ဝင်ပြောခဲ့၏။

"မိန်းကလေးစွန်း မင်းရဲ့ဒီသူငယ်ချင်းက ဖိတ်စာမယူလာခဲ့လို့ စည်းမျဉ်းအရတော့ ဒီပွဲကို တက်ရောက်ခွင့်မရှိပါဘူး၊ ကျေးဇူးပြုပြီး နားလည်ပေးပါခင်ဗျ"

ကျောက်ရှန်းအတွက်တော့ ဤအရာမှာ ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ ရွှီဖန်းကို ပေးဝင်လိုက်ပြီဆိုတာနှင့် ကိစ္စက ရှင်းသွားမည်ဖြစ်

သော်လည်း ကျောက်ရှန်း၏ ယခင်လုပ်ဆောင်ချက်များကတော့ အပိုများ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ကျောက်ရှန်းက ရွှီဖန်းကို တစ်ဖန်ပစ်မှတ်ထားခဲ့၏။

သူက ပိုက်ဆံအနည်းငယ်ရှိသည့် နယ်ခံတစ်ယောက်ပင် ဖြစ်ရမည်။ သို့သော် သူ့နာမည်ကို ချန်ဟိုင်းပြည်နယ်၌ တစ်ခါမှ မကြားခဲ့ဖူးပေ။ စွန်းဖေးဖေးနှင့် သိကျွမ်းလျှင်တောင်မှ ဘာအကျိုးရှိမည်နည်း။ ကောင်းကင်ပြာဟိုတယ်မှာ လာပြီးမာနကြီးနေလို့မရပေ။

ရွှီဖန်း၏ကစားလိုစိတ်ပြင်းပြသော အမူအရာကိုမြင်သည့်အခါ ကျောက်ရှန်းက အကြောင်းမဲ့ ပို၍ဒေါသထွက်လာခဲ့သည်။ သို့သော် စွန်းဖေးဖေးက ဒီမှာရှိနေတာကြောင့် ကျောက်ရှန်းက ရွှီဖန်းကို ပြတ်ပြတ်သားသား နှင်ထုတ်လို့မရပေ။ သူက ယဉ်ကျေးစွာပြုမူရမှာဖြစ်ပြီး သူမ၏စကားကို စောင့်ရမှာဖြစ်၏။

ကျောက်ရှန်းက နာမည်ကြီး စွန်းဖေးဖေးကိုတောင် မျက်နှာမပေးခဲ့ပေ။ စိတ်ထားကောင်းမွန်သည့် စွန်းဖေးဖေးတောင်မှ ဒီလိုအချိန်မှာ အနည်းငယ် ဒေါသထွက်ခဲ့ရသည်။

သို့သော်ငြား စွန်းဖေးဖေးမှ ထိုအကြောင်းကိုစဉ်းစားလိုက်မိသောအခါ သူမ ချွေးအေးများ ပျံသွားခဲ့၏။

ဤညစာစားပွဲကို ချန်ဟိုင်းမှ အရေးပါသောပုဂ္ဂိုလ်များက ကျင်းပခဲ့တာဖြစ်ပြီး ပေကျင်း၏အကြီးအကဲကို ကြိုဆိုရန်အတွက် ဖြစ်သည်။ လျိုမိသားစု၏ သခင်လေးကိုတောင် ဤညစာစားပွဲကို တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ပြောဆိုခဲ့ကြ၏။

ရွှီဖန်းကိုသာ လျိုမိသားစုက သခင်လေး ရိုက်ချလိုက်မယ်ဆိုရင် သူ သေဆုံးသွားမှာ မဟုတ်ဘူးလား။

စွန်းဖေးဖေးမှာ ထိုအရာကို စဉ်းစားမိ၍ ရွှီဖန်းကို သူမနှင့်အတူ ညစာစားပွဲထဲကို ခေါ်သွားချင်သည့်စိတ်ကူးကို ပြောင်းလိုက်သည်။ ထိုအစား သူမ ကျောက်ရှန်း၏စကားနောက် လိုက်၍ ပြောလိုက်၏။

"ကျွန်မရဲ့သူငယ်ချင်းက တစ်ကယ်ကို ဖိတ်စာယူလာဖို့ မေ့သွားပြီး ရောက်လာတာပါ၊ နည်းနည်းတော့ စည်းကမ်းမလိုက်နာရာ ရောက်သွားပါတယ်"

ထိုသို့ပြောပြီးနောက် စွန်းဖေးဖေးက ရွှီဖန်းကို လှည့်ကြည့်ကာ မျက်စိမှိတ်ပြလိုက်သည်။

"ရွှီဖန်း အခု ညစာစားပွဲက ဆက်ပြီးကျင်းပနေတုန်းပဲ၊ လျိုမိသားစုရဲ့သခင်လေးလည်း မရောက်သေးဘူး၊ ရှင် ပြန်သွားပြီး ဖိတ်စာယူလာမယ်ဆိုရင် အချိန်မီသေးတယ်"

စွန်းဖေးဖေး စကားများ၏ အဓိပ္ပာယ်ကတော့ လျိုမိသားစုကလည်း ဒီပွဲကို တက်ရောက်မည်ဖြစ်ကြောင်းကို ရွှီဖန်းအား သတိပေးနေခြင်း ဖြစ်၏။

တတ်နိုင်သမျှ အဝေးဆုံးကို ပြေးပါတော့!

သို့သော် ရွှီဖန်း၏စကားများကြောင့် စွန်းဖေးဖေးမှာ ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ရွှီဖန်း၏မထီမဲ့မြင်အကြည့်များက လူတိုင်း၏မျက်နှာများဆီ ဖြည်းဖြည်းချင်း ဖြတ်သန်းသွားခဲ့၏။ သူက မောက်မာသောလေသံကိုသုံး၍ ပြောလာသည်။

"ငါ့မှာ တစ်ကယ်ကို ဖိတ်စာမရှိဘူး၊ ဒါပေမဲ့ ငါ ဒီပွဲကိုတော့ သေချာပေါက် တက်ကိုတက်ရမယ်၊ ငါက စည်းကမ်းနားမထောင်ဘူးလို့ မင်းတို့ထဲ တစ်ယောက်ယောက်က ထင်နေတယ်ဆိုရင် ငါ့ဆီလာပြီး မင်းတို့ရဲ့စည်းမျဥ်းတွေကို သေချာရှင်းပြလို့ရတယ်"

ရွှီဖန်း၏သဘောထားက မာနကြီးကာ အာဏာရှိသောလူတစ်ယောက်၏ပုံစံပေါက်နေခဲ့၏။

တစ်နည်းအားဖြင့် ဤညစာစားပွဲမှာ အကြီးအကဲဝမ်က ရွှီဖန်းအတွက် အထူးကျင်းပပေးခဲ့တာ ဖြစ်သည်။ သူနှင့် လျိုမိသားစုကသာ မပါဝင်ခဲ့ဘူးဆိုလျှင် အကြီးအကဲဝမ်၏ဂုဏ်ပုဒ်အရ ဒီအဆင့်သာရှိသော ညစာစားပွဲကို သွားရောက်ရန် ဘယ်လိုလုပ်သဘောတူမည်နည်း။

ရွှီဖန်းက စွန်းဖေးဖေး၏ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်၏။ သို့သော်ငြား သူတို့နှစ်ဦးက မတူညီသောအဆင့်အတန်းမှ လူတွေဖြစ်တာကြောင့် ရွှီဖန်းသည် သူနှင့် လျိုမိသားစုကြားက အငြိုးအတေးကြားထဲသို့ စွန်းဖေးဖေးကို မဆွဲထည့်ချင်ပေ။ ထို့ကြောင့် သူ စွန်းဖေးဖေး၏ကောင်းမွန်သောရည်ရွယ်ချက်ကို တိုက်ရိုက်ငြင်းပယ်လိုက်တာ ဖြစ်သည်။

လူအုပ်ကြီးအတွက်ကတော့ ရွှီဖန်း သူတို့ကို မျက်စိထဲပင် မထည့်ခဲ့ပေ။

ရွှီဖန်းမှ ထိုလိုပြောလိုက်သည့်အချိန် လူအုပ်ကြီးက ချက်ချင်းပင် ဆူညံသွားခဲ့၏။

"ဒီကောင်လေးက အရမ်းကို မာနကြီးလွန်းနေတာ မဟုတ်ဘူးလား"

"စွန်းဖေးဖေးက သူ့အတွက် ကြင်ကြင်နာနာနဲ့ ဝင်ပြောပေးတာတောင်မှ သူက လုံးဝကျေးဇူးမတင်ဘူး!"

"ဆင်းရဲသားတွေမှာ မုန်းချင်စရာကောင်းတဲ့အရာတစ်ခုခုတော့ ရှိကိုရှိတယ်!"

ကျောက်ရှန်းနှင့် ကျန်လူများ၏မျက်နှာများက လုံးဝကို မည်းမှောင်သွားခဲ့သည်။ ရွှီဖန်း၏သဘောထားက ကောင်းကင်ပြာဟိုတယ်၏မျက်နှာကို လူသိရှင်ကြားရိုက်ချိုးလိုက်ခြင်း ဖြစ်၏။

အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ကျောက်ရှန်းက ရွှီဖန်း၏ဘေးမှာ ရပ်နေသော စွန်းဖေးဖေးကို ကြည့်ကာ ပြောလာသည်။

"မိန်းကလေးစွန်း ကျွန်တော်တို့ရဲ့အလုပ်ကို ကျေးဇူးပြုပြီး နားလည်ပေးပါ"

စွန်းဖေးဖေးက သွားများကျိန်းသည်အထိ အံကြိတ်နေ၏။ ရွှီဖန်းက အရင်လိုပင် လျစ်လျူရှုနေဆဲဖြစ်သည်ကို မြင်သောအခါ သူမ ဒေါသတကြီး ခြေဆောင့်၍ ဟိုတယ်ထဲကို ဝင်သွားခဲ့သည်။

အစကတည်းက ရွှီဖန်းနှင့် ရင်းနှီးအောင်လုပ်ခြင်းကပင် အန္တရာယ်များသောလုပ်ရပ်တစ်ခု ဖြစ်၏။ စွန်းဖေးဖေး၏နောက်ကွယ်၌ နောက်ခံကြီးကြီးရှိသော်လည်း ရွှီဖန်းတစ်ယောက်တည်းအတွက် လျိုမိသားစုကို ရန်မတိုက်သင့်ပေ။

ရွှီဖန်းက သူမ၏ကြင်နာသောစကားများကိုပင် လုံးဝကျေးဇူးမတင်ခဲ့သည့်အတွက် သူမ ဆက်နေရန် မလိုအပ်တော့ပေ။

စွန်းဖေးဖေး ထွက်သွားတာကို ကြည့်နေရင်း ကျောက်ရှန်းက ရက်စက်စွာ ရယ်မော၍ အော်လိုက်သည်။

"တိုက်ခိုက်ကြ!"

လုံခြုံရေးများ တိုက်ခိုက်ရန် ပြင်နေချိန်မှာ ဒေါသတကြီးဟိန်းဟောက်သံတစ်ခုက တံခါးအပြင်ဘက်ကနေ

ထွက်ပေါ်လာခဲ့၏။

"မင်းတို့မှာ ဝက်ဝံနှလုံးတွေ ကျားသစ်အူတွေ ရှိနေလား၊ မစ္စတာရွှီကို ဘယ်သူကများ ထိရဲလဲဆိုတာ ငါကြည့်ချင်သေးတယ်!"

( Jue - *ဝက်ဝံနှလုံး ဒါမှမဟုတ် ကျားသစ်အူ ရှိနေတာပဲဖြစ်ရမယ်ဆိုတဲ့ slangက တော်တော်သတ္တိရဲနေတာပဲဖြစ်ရမယ်/ အကြောက်တရားမရှိဘူးလို့ ဆိုလိုတာပါ )

All Chapters