ရှောင်းချောင်၏စိတ်
Vol. 28 Ch. 408
ဝမ်ကျိက ကားကိုမောင်းကာ အရာရှိအိုကြီးနှင့်အတူ ထွက်ခွာသွားသည်။ ရွှီဖန်းနှင့် ဝူထျန်းတို့လည်း အဖိုးအိုကို နှုတ်ဆက်ပြီးနောက် စစ်သုံးဂျစ်ကားပေါ်သို့ ပြန်တက်လိုက်ကြ၏။
ကားပေါ်ရောက်သည်နှင့် ဝူထျန်းက သူ့လက်သီးဖြင့် ရွှီဖန်း၏ရင်ဘတ်ကို ထိုးကာ ကျယ်လောင်စွာဖြင့် ရယ်မောလာသည်။
"ကောင်းတယ် ရွှီဖန်း! ခုနက အဖိုးကြီးထွက်သွားတာ ငါ့ကိုတောင် မကြည့်ဘူး၊ သူ့မျက်လုံးတွေက မင်းအပေါ်မှာချည်းပဲ!"
သို့သော် ရွှီဖန်းကတော့ ဝူထျန်းအား လေးနက်သောအမူအရာဖြင့် အထူးပင်ကျေးဇူးတင်စကား ပြောခဲ့၏။ ဝူထျန်းက ဒီရက်ပိုင်းအတွင်း ရွှီဖန်းကို များစွာကူညီခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း အရာရှိအိုကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ပေးခဲ့ခြင်းဖြစ်၏။ထို့ကြောင့် ရွှီဖန်း၏ကျေးဇူးတင်စကားမှာ စိတ်ရင်းမှန်ဖြင့် ဖြစ်ပေသည်။
ဝူထျန်းကတော့ ရွှီဖန်း၏ပခုံးကို ပေါ့ပါးစွာဖက်လာပြီး ကျယ်လောင်စွာ ရယ်မောနေ၏။
"ဘာကိုကျေးဇူးတင်နေတာလဲ၊ ငါ့ကို သူစိမ်းတစ်ယောက်လို သဘောထားနေတာလား၊ တစ်ခုတော့ရှိတယ် ရွှီဖန်း...အဖိုးကြီးနဲ့ပတ်သက်ပြီး မင်းနည်းနည်းတော့ ဂရုစိုက်ရမယ်၊ ဘာလို့လဲဆိုတော့ မင်းက ဟိုဟိုဒီဒီတွေ လုပ်မှာမဟုတ်ဘူးလို့ ငါ ဝူထျန်းက အသက်နဲ့လဲပြီး အာမခံထားတာလေ!"
ထိုစကားကိုကြားသောအခါ ရွှီဖန်း၏ရင်ထဲတွင် နွေးထွေးမှုတစ်မျိုးကို ခံစားလိုက်ရသည်။
"မင်းမိသားစုက မိန်းကလေးတွေ မင်းပြန်ရောက်လာမယ့်အရေးကို စိတ်ပူပန်နေလောက်ပြီဆိုတော့ ငါမနှောင့်ယှက်တော့ဘူး"
ဝူထျန်းက ရွှီဖန်း၏ပခုံးကို ပုတ်လိုက်၏။
"ဒီညလည်း ကောင်းကောင်းလုပ်ပြပါဦး၊ ငါ့ရဲဘော်တွေဆီ ခဏသွားလည်လိုက်ဦးမယ်၊ ညကျမှ ပြန်တွေ့တာပေါ့"
ဂျစ်ကားက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏အပေါက်ဝတွင် ရပ်ပေးလာသည်။ ရွှီဖန်းသည် ဂျစ်ကားပေါ်မှ ဆင်းကာ ဝူထျန်းကို နှုတ်ဆက်၍ ကုမ္ပဏီအတွင်းပိုင်းသို့ လျှောက်ဝင်သွားလိုက်၏။
သူ့ဖုန်းထဲမှာ ရှယန်ယွိထံမှ စာတိုတစ်စောင် ရောက်နေသော်လည်း သူမက ဖုန်းတော့မခေါ်ထားပေ။ ဖြစ်နိုင်သည်မှာ ဖုန်းခေါ်ခြင်းက ရွှီဖန်းအား အနှောင့်အယှက် ဖြစ်စေမှာစိုး၍ ဖြစ်နိုင်သည်။
ရှယန်ယွိနှင့် ရွှီဖန်းတို့၏ နားလည်မှုကို အရာရာတိုင်းမှာ မြင်တွေ့နိုင်၏။
ရုံးခန်းထဲသို့ လျှောက်ဝင်သွားလိုက်သောအခါ ရှယန်ယွိနှင့်ပိုင်ပင်းတို့၏ မျက်လုံးများက နီရဲနေသည်ကို တွေ့လိုက်ရသည်။ ထိုနှစ်ယောက်က အတူတူထိုင်ကာ မျက်ရည်များသုတ်နေကြ၏။
ရွှီဖန်း ဝင်လာသည်ကို မြင်သောအခါ ရှယန်ယွိက ချက်ချင်းထရပ်၍ ရွှီဖန်းဆီသို့ ပြေးလာသည်။
ရွှီဖန်း၏ရင်ခွင်ထဲတွင် ရှယန်ယွိ၏မျက်ရည်များက ရေလွှမ်းမိုးသကဲ့သို့ စီးကျလာ၏။
"ကျွန်မ ရှင်နဲ့ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ"
ရှယန်ယွိသည် သူမ၏အလုပ်တွင် သန်မာသောလူတစ်ဦးဖြစ်သော်လည်း နောက်ဆုံးမှာတော့ သူမက အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ ရွှီဖန်း ထောင်ထဲရောက်သွားပြီဟု ကြားခဲ့ရသောအခါ သူမ ချက်ချင်းပင် ထိတ်လန့်သွားခဲ့၏။ ယခု ရွှီဖန်းက ဘေးကင်းစွာ ပြန်ရောက်လာပြီဖြစ်ရာ သူမမျက်ဝန်းထဲမှ မျက်ရည်များကို မထိန်းနိုင်တော့ပေ။
ရွှီဖန်းက ရှယန်ယွိ၏ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်ပေးနေသည်။ သူ ပိုင်ပင်းကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်လုံးများကလည်း မျက်ရည်များဖြင့် နီရဲနေသည်ကို တွေ့လိုက်ရ၏။
ရွှီဖန်းကမူ ထောင်ထဲတွင် တစ်ညလုံး အိပ်ခဲ့ရသော်လည်း ရှယန်ယွိနှင့် ပိုင်ပင်းတို့ကမူ လုံးဝမအိပ်စက်ခဲ့ရပေ။
ရွှီဖန်း၏နှစ်သိမ့်စကားများကြောင့် ရှယန်ယွိက နောက်ဆုံးမှာ ငိုနေတာ ရပ်သွားခဲ့သည်။ သို့သော် သူမက ရွှီဖန်းကို ပြန်လွှတ်ပေးရန် ဆန္ဒမရှိခဲ့ပေ။
ရှယန်ယွိ၏ပုံစံကိုကြည့်ရသည်မှာ သူမသာ ရွှီဖန်းကို လွှတ်ပေးလိုက်ပါက သူမဘဝ၏အဖိုးတန်ဆုံးအရာကို ဆုံးရှုံးသွားတော့မည့်အလားပင်။
ရွှီဖန်းမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသော်လည်း သူ့နှလုံးသားကမူ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။ လက်ရှိအချိန်မှာပင် ဤကဲ့သို့သော အခြေအနေမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရဟု တိတ်တဆိတ် သစ္စာဆိုမိသည်။
ပိုင်ပင်းက ရွှီဖန်း၏ကိုးရိုးကားယားဖြစ်နေသောပုံစံကို မြင်သည့်အခါ အခြေအနေကို တင်ပြလာ၏။
"ဥက္ကဌ ကုမ္ပဏီမှာ အကုန်လုံးက ပုံမှန်အတိုင်းပါပဲ၊ စားသောက်ဆိုင်ဝယ်ယူမှုက ပြီးစီးသွားပါပြီ၊ အခု ပြန်လည်မွမ်းမံနေပြီး ဝန်ထမ်းခေါ်ယူတဲ့ကိစ္စလည်း ချောချောမွေ့မွေ့ရှိပါတယ်"
ရှယန်ယွိ၏ကျောပြင်ကို ရွှီဖန်း ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထိုအခါမှသာ ရှယန်ယွိက သူမလက်ကို မလွှတ်ချင်ဘဲလွှတ်ပေးခဲ့၏။
ရှယန်ယွိကို နေရာချပေးပြီးနောက် ရွှီဖန်း တစ်ဖက်ကိုလှည့်ကာ မေးလိုက်သည်။
"ဟုတ်သားပဲ ရှောင်းချောင်က မင်းတို့ကို ကာကွယ်ပေးဖို့ လူမလွှတ်လိုက်ဘူးလား"
ပိုင်ပင်းက မျက်ရည်များကိုသုတ်၍ ဖြေလာ၏။
"အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူအနည်းငယ် ရောက်လာပါတယ်၊ ဒါပေမဲ့ ကျွန်မတို့က ကုမ္ပဏီထဲမှာဆိုတော့ ဘယ်သူက ဘာလုပ်နိုင်မှာလဲ၊ သူတို့ နည်းနည်းလောက်ပတ်ကြည့်ပြီး အပြင်မှာ စောင့်ကြည့်နေမယ်ဆိုပြီး ထွက်သွားကြတယ်"
သူတို့ စကားပြောနေစဉ် ရွှီဖန်း၏ဖုန်းက မြည်လာသည်။ ရွှီဖန်း ဖုန်းကိုကြည့်လိုက်ရာ ရှောင်းချောင်၏ နံပါတ်ဖြစ်နေ၏။
သူ ဖုန်းကို ပွတ်ဆွဲကာ ကိုင်လိုက်သည်။ ရှောင်းချောင်၏အသံက အနည်းငယ် တုန်ယင်နေပြီး ငိုချင်တာကို အသည်းအသန် ထိန်းချုပ်နေပုံရ၏။
"ရွှီဖန်း အဆင်ပြေရဲ့လား၊ ကိစ္စတွေပြီးသွားပြီလား"
ရှောင်းချောင်၏အသံကို နားထောင်ရင်း ရွှီဖန်းသည် ဖုန်းကိုကိုင်ထားကာ မျက်ရည်များသုတ်နေသည့် ရှောင်းချောင်၏ပုံရိပ်ကို စိတ်ကူးဖြင့် မြင်ယောင်
ကြည့်နိုင်သည်။ သူ ချက်ချင်းပင် နူးညံ့စွာ နှစ်သိမ့်လိုက်၏။
"အခု အဆင်ပြေသွားပါပြီ၊ ဒါပေမဲ့ ထပ်လုပ်စရာ တစ်ခုတော့ ကျန်နေသေးတယ်၊ မင်းတို့ရော ဘယ်လိုနေလဲ"
ဖုန်းထဲမှအသံကို နားထောင်ကြည့်လျှင် ထိုနေရာ၌ ရှုချိုးယာ၊ ဝူယွီရွှမ်းနှင့် အခြားလူအနည်းငယ် ရှိပုံရသည်။
ရှောင်းချောင်၏မကျေမနပ်ဖြစ်နေသောအသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏။
"ဟဲ့ ကြားရဲ့လား ရှင့်အတွက် ဘာလုပ်ပေးရဦးမလဲလို့၊ ကဲ ကဲ ရှင့်ချစ်သူလေးတွေနဲ့ စကားပြောလိုက်ဦး"
ရွှီဖန်း စကားပြန်ပြောရန်ပင် မစောင့်တော့ဘဲ ရှောင်းချောင်က သူမကို ဝိုင်းရံထားကြသော ရှုချိုးယာနှင့် တခြားသူများဆီ ဖုန်းကိုလှမ်းပေးလိုက်လေသည်။
ရွှီဖန်းမှာ ခါးသက်စွာ ပြုံးရုံပင် တတ်နိုင်ခဲ့ပြီး ရှုချိုးယာကို ထပ်မံနှစ်သိမ့်ပေးလိုက်ရ၏။ နောက်ဆုံးမှာ ရှုချိုးယာ ငိုနေတာရပ်သွားအောင် ချော့မော့နိုင်ခဲ့သည်။ ထို့နောက် ဝူယွီရွှမ်းကလည်း မျက်ရည်များဖြင့် ဖုန်းကို
ယူလိုက်၏။
နောက်ဆုံးမှာတော့ ရွှီဖန်းသည် ဒုက္ခများစွာဖြင့် ရှုချိုးယာ၊ ဝူယွီရွှမ်းနှင့် ချိုးဆုအာတို့ကို အငိုရပ်အောင် လုပ်ပေးနိုင်ခဲ့ပြီး ရှောင်းချောင်ကလည်း ဖုန်းကို ပြန်ယူသွားသည်။
"ရှင် အားတဲ့အချိန်က ဘယ်တော့လဲ၊ ကျွန်မ ရှင်နဲ့ ကောင်းကောင်းမွန်မွန် စကားပြောချင်တယ်"
ရှောင်းချောင်၏စိတ်ထဲ၌ တစ်ခုခုရှိနေပုံရ၏။ သူမ စကားပြောသောအခါတွင် အစောပိုင်းကလို အာဏာပြနေသည့်လေသံက ပျောက်ကွယ်သွားပြီး စကားများ ထစ်နေလေသည်။
ရွှီဖန်းကလည်း ရှောင်းချောင်ကို မြေအောက်လောကကိစ္စများမှ စောစောစီးစီး လွတ်မြောက်စေချင်သောကြောင့် သဘောတူလိုက်၏။
"ဒီညတော့ ငါ အလုပ်များနေတယ်၊ မနက်ဖြန်မနက်ပိုင်းဆိုရင် ဘယ်လိုလဲ၊ ငါ့ကားနဲ့ လာခေါ်လိုက်မယ်"
ရွှီဖန်း သဘောတူလိုက်သည်ကို ကြားသောအခါ ရှောင်းချောင်က စိတ်သက်သာရာရသွားပုံရသည်။ သူမက ပြောလာ၏။
"တခြားကိစ္စမရှိတော့ဘူးဆိုရင် ရှင့်ချစ်သူလေးတွေကို ကျွန်မ အိမ်ပြန်ပို့လိုက်မယ်"
ရွှီဖန်း ခဏတာမျှစဉ်းစားကာ သဘောတူလိုက်သည်။ ဖုန်းချလိုက်သောအခါ ညနေပင်စောင်းနေပြီဖြစ်၏။ ရှယန်ယွိ၊ ပိုင်ပင်းတို့နှင့် ခဏတာ စကားပြောပြီးနောက် ရွှီဖန်း ထရပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဝမ်ကောချန်၏ရည်ရွယ်ချက်က ရှင်း၏။ ဤညစာစားပွဲတွင် လျိုဟွားနှင့်တွေ့ဆုံကာ စကားစမြည်ပြောကြမည်ဖြစ်သည်။
ဝမ်ကောချန်၏ အတင်းအကြပ်ဝင်ရောက်စွက်ဖက်မှုကြောင့် လျိုမိသားစုကလည်း အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ရပြီး စားပွဲခုံကို လက်ဝါးဖြင့်ရိုက်ကာ တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း စသောစကားများ ပြောရန် မဖြစ်နိုင်တော့ချေ။
ရွှီဖန်းအနေဖြင့် ထိုညှိနှိုင်းမှုကို ကြည့်ရှုရန် ဆန္ဒရှိ၏။
လျိုမိသားစုသည် သူတို့၏အာဏာကို အသုံးပြု၍ တခြားသူများကို ဖိနှိပ်မည်ဆိုလျှင်ပင် ရွှီဖန်းကတော့ လုံးဝမကြောက်ပေ။ အကယ်၍ တကယ် တိုက်ပွဲဖြစ်လာလျှင်လည်း ရွှီဖန်းသည် လျိုမိသားစုတစ်ခုလုံးအား တစ်ကိုယ်တည်းရှင်းပစ်နိုင်မည်ဟု အပြည့်အဝယုံကြည်မှုရှိပေသည်။
သို့သော် လျိုမိသားစုက အလင်းရောင်အောက်တွင် မဖော်ပြနိုင်သော ကိစ္စငယ်များကို ပြုလုပ်ခဲ့၏။ ရွှီဖန်းက မကြောက်သော်လည်း စိတ်အနှောင့်အယှက်တော့ ဖြစ်ရသေးကာ မိန်းကလေးတချို့ကို လိုက်ဂရုစိုက်ပြီး စောင့်ရှောက်နေရသည်။
ညှိနှိုင်းခြင်းဆိုသည်မှာ ရွှီဖန်းက လျိုမိသားစုကို လွှတ်ပေးလိုက်ခြင်းမဟုတ်သလို၊ လျိုမိသားစုကလည်း အနာဂတ်တွင် ရွှီဖန်းကို ဒုက္ခမပေးတော့ဟု ဆိုလိုခြင်းမဟုတ်ပေ။
ယခုတစ်ကြိမ် ညှိနှိုင်းမှုက တရားဝင်ညှိနှိုင်းမှုတစ်ခုဖြစ်သည်။ ဝမ်ကောချန်က စည်းတစ်ခု သတ်မှတ်လိုက်မှာဖြစ်ပြီး ထိုစည်းကို လျိုမိသားစုကလည်း မကျော်ရသလို ရွှီဖန်းကလည်း မကျော်ရပေ။
ထိုစည်းသည် လက်ရှိအခြေအနေအရ ရွှီဖန်းအတွက် သိသာစွာ အကျိုးရှိ၏။
ကားပေါ်သို့ ရောက်သည်နှင့် ရွှီဖန်းက အရှိန်မြှင့်တင်လိုက်ရာ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကားက ကျယ်လောင်စွာ အသံမြည်ဟိန်း၍ ကောင်းကင်ပြာဟိုတယ်ဘက်ကို မောင်းနှင်သွားခဲ့သည်။
ချန်ဟိုင်းပြည်နယ်အတွင်းရှိ ရှားပါးသော ကြယ်ငါးပွင့်ဟိုတယ်များထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်ပြာဟိုတယ်၏အတွင်းဘက်တွင် ယခုတစ်ကြိမ် ညစာစားပွဲကို ကျင်းပမှာဖြစ်၏။
မကြာခင်မှာပင် ကားက ကောင်းကင်ပြာဟိုတယ်၏ဝင်ပေါက်သို့ ရောက်ရှိလာသည်။
ကားပေါ်မှ ခုန်ဆင်းပြီးနောက် ရွှီဖန်းသည် မိုးကောင်းကင်ထိ လင်းထိန်နေသော နီယွန်မီးရောင်စုံများဖြင့် တောက်ပနေသည့်ဟိုတယ်ကို မော့ကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်လေးက အနည်းငယ်ကွေးညွတ်သွားကာ ရှေ့သို့ ခြေလှမ်းကျဲများဖြင့် လျှောက်ဝင်သွားလိုက်သည်။
*******************