သစ္စာကတိ
Vol. 28 Ch. 407
အေးမြသောလေက တိုက်ခတ်လာလိုက်၊ ပျောက်
ကွယ်သွားလိုက် ဖြစ်နေလေ၏။
ရွှီဖန်းနှင့်ဝမ်ကောချန်တို့က ဝေးရာကို လမ်းလျှောက်သွားကြတာကြောင့် ဝူထျန်းနှင့် ဝမ်ကျိတို့၏မျက်စိအောက်ကနေ တဖြည်းဖြည်း ပျောက်
ကွယ်သွားခဲ့သည်။
နားနေဆောင်ထဲတွင် ဝမ်ကျိ၏မျက်နှာက ဖုန်အနည်းငယ် ဖုံးလွှမ်းခံထားရသလိုဖြစ်နေ၏။ ဗိုလ်မှူးဝူကို ကြည့်နေသော သူ၏အကြည့်များက ပို၍မဖော်ရွေတော့ပေ။
"ဝူထျန်း ဒီညီလေးရွှီက ဘယ်သူလဲ၊ မင်း သူ့ရဲ့နောက်ခံအချက်အလက်တွေကို သေချာစုံစမ်းစစ်ဆေးထားလား"
ဝူထျန်းက သူ့ရာထူးဖြင့်ဆိုလျှင် ချန်ဟိုင်းရှိ ထိပ်တန်းပုဂ္ဂိုလ်များထဲက တစ်ဦးဖြစ်သော်လည်း ဝမ်ကျိက ရွှေလင်းယုန်တပ်ဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အထူးပင်အဆင့်အတန်းရှိသည်။ ဒီလိုအထောက်အထားမျိုးဖြင့် အခုလိုမေးခွန်းမျိုးကို သူမေးပိုင်ခွင့်ရှိ၏။
ဝူထျန်းက ခြောက်ကပ်စွာ ရယ်မောလာပြီး သူ့ရင်ဘတ်ကို ပုတ်ကာ ဝမ်ကျိကို အာမခံလိုက်သည်။
"ဝမ်ကျိ စိတ်မပူပါနဲ့၊ ရွှီဖန်းက နိုင်ငံအကျိုးကို ထိခိုက်စေမယ့်အရာ ဘာပဲလုပ်လုပ် ငါ ဝူထျန်းက သူ့ကို ရင်ဆိုင်မှာပါ"
ရွှီဖန်းက ဘယ်လိုလူမျိုးလဲဆိုတာကို ဝူထျန်းက သဘာဝကျစွာပင် သိ၏။ သူ ဘယ်လောက်ထိမျိုးချစ်စိတ်ရှိသလဲဆိုတာကို မသိနိုင်သော်လည်း အနည်းဆုံးတော့ နိုင်ငံက လိုအပ်လာသည့်အခါ ရွှီဖန်းက နိုင်ငံဘက်ကနေ ရပ်တည်ပေးမှာ ဖြစ်သည်။
အလားတူပင် ဝူထျန်းက ဝမ်ကျိ၏လက်ရှိစိတ်ခံစားချက်ကိုလည်း နားလည်နိုင်၏။ ရွှေလင်းယုန်တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူက အမြဲတမ်းဂုဏ်ယူဝင့်ကြွားကာ မာနကြီးသည်။ ရွှီဖန်းက သူ့ထက် သာနေသောအခါ ရုတ်တရက် မနာလိုစိတ်ဝင်လာတာက သဘာဝကျ၏။ သို့သော် ထိုအချက်က ဝမ်ကျိဟာ လူကောင်းမဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ထို့ကြောင့် ဝူထျန်းက ရွှီဖန်းအတွက် အာမခံရန်အတွက် ချက်ချင်းပင် သူ့ရင်ဘတ်ကို ပုတ်ပြခဲ့သည်။
ဝမ်ကျိက ဝူထျန်း၏ယုံကြည်မှုရှိသောမျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာအမူအရာလည်း အနည်းငယ် ပြေလျော့သွားလေ၏။
ဝမ်ကျိက မာနကြီးသော်လည်း သူ မြင်ခဲ့ရသည်က အမှန်တရားဖြစ်သည်။ ခုနတုန်းက သူ ရွှီဖန်း၏အံ့ဩဖွယ်ရာကျွမ်းကျင်မှုကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ချီးကျူးစိတ် မဖြစ်လာဘဲ မနေနိုင်ခဲ့ချေ။
ခွန်အားရှိသူများက ခွန်အားရှိသူအချင်းချင်းကိုသာ လေးစားကြလိမ့်မည်။
ဝမ်ကျိ စိတ်သက်သာရာရသွားခဲ့၏။ ထို့နောက်မှာတော့ သူ ရွှီဖန်း၏အတိတ်အကြောင်းကို ဝူထျန်းနှင့် စပြောတော့သည်။
တစ်ဖက်မှာတော့ ထိပ်တိုက်ရင်ဆိုင်ခြင်းက စတင်နေလေပြီ။
ဝမ်ကောချန်သည် ပင်ပန်းသွားသည့်အလား သူ့ခြေလှမ်းများကို နှေးလိုက်ကာ သစ်သားကုလားထိုင်တစ်ခုဆီသို့ လျှောက်သွားလေ၏။ သူက ကုလားထိုင်ကို ပုတ်ကာ ထိုအပေါ်၌ ထိုင်လိုက်သည်။
လူတစ်ဦး၏သေးငယ်သောလှုပ်ရှားမှုများကနေတဆင့် လူတစ်ဦး၏စရိုက်လက္ခဏာကို သိနိုင်၏။ ဝမ်ကောချန်၏စရိုက်ကတော့ နှလုံးသားထဲတွင် ကျားတစ်ကောင်ရှိနေသကဲ့သို့ ရဲရင့်ကာ ထိန်းချုပ်၍မရသောစရိုက်ပင်။
သစ်သားကုလားထိုင်မှာ အလွန်ရှည်ပြီး လူနှစ်ဦး သို့မဟုတ် သုံးဦးခန့် ထိုင်နိုင်သည်။ ရွှီဖန်းက ဘေးမှာ ရပ်နေတာကို မြင်လျှင် ဝမ်ကောချန်က အားပါးတရရယ်မောလာပြီး ပြော၏။
"ညီလေးရွှီ ထိုင်ပါ"
ရွှီဖန်းသည် မလေးမစားပြုခြင်းမရှိ၊ ကြောက်ရွံ့ခြင်းလည်းမရှိဘဲ ဝမ်ကောချန်ကို ကျေးဇူးတင်စကားပြောကာ သူ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။
ဝမ်ကျိသာ ဤနေရာ၌ ရပ်နေမည်ဆိုလျှင် သူ့နှလုံးသားက လုံးဝကို ငြိမ်နေနိုင်တော့မည်မဟုတ်ချေ။
ဝမ်ကောချန်နှင့် တန်းတူအဆင့်အတန်းရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အခုလိုမျိုးပင်။
ထိုအရာက ရွှီဖန်းအပေါ်၌ ထားရှိသော ဝမ်ကောချန်၏ ရိုးရှင်းသည့် တန်ဖိုးထားမှုနှင့် နှစ်သက်မှုပင် မဟုတ်တော့ချေ။ ဤအရာမှာ ဝမ်ကောချန်သည် ရွှီဖန်းအား သူ့လိုပင် တန်းတူထား၍ သူ့ခေတ်ကလူကြီးတစ်ဦးကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်၏။
ပေကျင်းတစ်ခုလုံးမှာတောင်၊ တရုတ်နိုင်ငံတစ်ခုလုံးမှာတောင် ဝမ်ကောချန်၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်သော လူငယ်အရေအတွက်က လက်တစ်ဖက်စာ မပြည့်နိုင်ပေ။
ဝမ်ကောချန်သည် ဘေးအိမ်က အဘိုးကြီးတစ်ဦးကဲ့သို့ ရွှီဖန်းနှင့် သာမန်ကိစ္စများအကြောင်း ပေါ့ပါးစွာပင် စကားပြောနေလေသည်။ ရွှီဖန်းက ဝမ်ကောချန်၏ဘေးမှာ ထိုင်နေပြီး အလေးအမြတ်ထားခံရသည့် အရာရှိအိုကြီးနှင့် စကားပြောနေရတာတောင် အနည်းငယ်မျှ စိတ်လှုပ်ရှားကြောက်ရွံ့နေခြင်းမရှိပေ။
သူတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြစဥ် ဝမ်ကောချန်၏မျက်လုံးများက အလင်းရောင်လက်ခနဲ ဖြစ်သွားခဲ့၏။ သူ စကားလမ်းကြောင်းကို ပြောင်း၍ စိတ်ဝိညာဥ်မွမ်းမံခြင်းနှင့် သက်ဆိုင်သော ကိစ္စကို မေးလိုက်သည်။
ရွှီဖန်းကတော့ မည်သည့်အရာကိုမျှ မထိမ်ချန်ထားဘဲ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ဝမ်ကောချန်အား ပြောပြခဲ့လေ၏။
ဝမ်ကောချန်က ခဏတာမျှ စဉ်းစား၍ လေးနက်သောလေသံဖြင့် ပြောလာသည်။
"ညီလေးရွှီ ငါ ဒါကို ဖော်ထုတ်ခဲ့ရင်တောင် ဒီကိစ္စက လွတ်သွားမှာပါ၊ မင်းရဲ့ဉာဏ်ပညာနဲ့သာဆိုရင် ဒီကိစ္စပေါ်သွားရုံနဲ့ လျိုမိသားစုက ပျက်စီးသွားမှာမဟုတ်ဘူးဆိုတာကို မင်း နားလည်နိုင်မှာပဲ၊ ဒါကြောင့်..."
ရွှီဖန်းက ထိုကိစ္စကို အသုံးချ၍ လျိုမိသားစုကို ဖြုတ်ချရန် ဘယ်တုန်းကမှ မစီစဉ်ထားခဲ့ပေ။ သူက အာဏာပိုင်များသိအောင် ဝူထျန်းအား ထိုကိစ္စကို ပြောပြခဲ့ခြင်းဖြစ်ပြီး လျိုမိသားစုက ဒီလိုရက်စက်သောလုပ်ရပ်မျိုး ဆက်မလုပ်အောင် တားဆီးနိုင်ရန်သာ မျှော်လင့်ခဲ့၏။
လျိုမိသားစုက ရွှီဖန်း၏အောက်စည်းကို အကြိမ်ပေါင်းများစွာ ထိခဲ့တာကြောင့် သူ ပြင်ပကိစ္စကိုအသုံးချပြီး ထိုမိသားစုအား ဖျက်ဆီးပစ်မှာမဟုတ်ဘဲ လျိုမိသားစုဝင်များကို သတ်ပစ်မှာပင်။
ဝမ်ကောချန်က ရွှီဖန်း၏အတွေးများကို မြင်သွားသကဲ့သို့ သူ့လေသံက တစ်ဖန်ပြန်ပြောင်းသွားသည်။
"လျိုမိသားစုကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဖို့တော့ ငါ ယာယီမလုပ်နိုင်သေးပေမယ့် ဒီလိုရက်စက်တဲ့လုပ်ရပ်မျိုးကို သူတို့ ဘယ်တော့မှထပ်မလုပ်စေရတော့ဘူးဆိုတာကိုတော့ ငါ အာမခံနိုင်ပါတယ်၊ မကြာခင်အချိန်အတွင်းမှာ လျိုမိသားစုက သူတို့ရဲ့လုပ်ရပ်တွေအတွက် တန်ဖိုးပေးချေရမှာပဲ"
တရားမျှတမှုက နောက်ကျကောင်း နောက်ကျနိုင်သော်လည်း ပျောက်ပျယ်သွားမည်တော့မဟုတ်ပေ။
ထိုစကားက ဝမ်ကောချန်မှ ရွှီဖန်းကို ပေးခဲ့သော ကတိတစ်ခုဖြစ်ရုံသာမက အရာရှိအိုကြီး၏ ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်လည်း ဖြစ်၏။
လျိုမိသားစုက အင်အားကြီးပြီး ပေါ့ပါးစွာ ဖယ်ရှား၍မရနိုင်သော်လည်း ဝမ်ကောချန်သည် နောက်ဆုံးမှာတော့ လျိုမိသားစုအား သူတို့နှင့် ထိုက်တန်သောတန်ဖိုးကို ပေးဆပ်စေမှာဖြစ်သည်။
ရွှီဖန်းက ဝမ်ကောချန်၏စကားကိုကြားလိုက်ရသောအခါ ဒီလိုသူရဲကောင်းဆန်သော အရာရှိအိုကြီးအပေါ်၌ လေးစားစိတ်များစွာဖြစ်ပေါ်လာခဲ့၏။
"အကြီးအကဲဝမ်ရဲ့စကားတွေက အရမ်းလေးနက်ပါတယ်၊ ဒီနေ့ ကျွန်တော် ရွှီဖန်းကလည်း အကြီးအကဲဝမ်ကို ကတိပေးပါတယ်၊ ဒီနေ့ကစပြီး နိုင်ငံက ကျွန်တော့်ကို အသုံးလိုသရွေ့ ကျွန်တော် ရွှီဖန်းက ငြင်းဆိုမှာ မဟုတ်ပါဘူး"
*မက်မွန်သီးအောက်ပြုတ်ကျသွားပါက မက်မန်းသီးကို အစားထိုးပြန်ရသည်။
ဝမ်ကောချန်က ထိုကဲ့သို့ပြောလာပြီဖြစ်ရာ ရွှီဖန်းကလည်း သူ၏သဘောထားကို ပြသရမည်။
ရွှီဖန်းက နိုင်ငံအတွက် အလုပ်လုပ်ပေးရမည်ကို ဆန့်ကျင်နေခြင်းမဟုတ်ပေ။ နိုင်ငံမရှိလျှင် သူ ဘယ်အိမ်မှာ နေရမည်နည်း။ ရွှီဖန်းသည် ဤရိုးရှင်းသောအမှန်တရားကို သဘာဝကျစွာ နားလည်ပေသည်။
စည်းမျဥ်းများနှင့် ကန့်သတ်ချက်များမရှိသရွေ့ သူတို့က လူကောင်းများမဟုတ်လျှင်တောင် သူတို့၏ဘဝများကို နိုင်ငံအတွက် ပေးဆပ်ရခြင်းက ကိစ္စကြီးမဟုတ်ပေ။ မသေဘဲ သွေးများ ယိုစီးကျလာရင်ရော ဘာဖြစ်လဲ။ ပြောရလျှင် သူက ကုသပေးနိုင်သူတစ်ဦးသာ။
ရွှီဖန်း၏ကတိစကားကို ကြားလိုက်ရသောအခါ ဝမ်ကောချန်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာ၏။
"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!"
ဝမ်ကောချန်က 'ကောင်းတယ်'ဟူသောစကားလုံးအား ဆက်တိုက်ပင် ပြောလာကာ သူ့နှလုံးသားထဲရှိ ပျော်ရွှင်မှုများက သူ့မျက်နှာပေါ်တွင်ပင် ပွင့်လင်းစွာ စိမ့်ထွက်နေခဲ့သည်။
ဒီတစ်ကြိမ်မှာ ဝမ်ကောချန်က ချန်ဟိုင်းကို ဘာကြောင့် လာရသနည်း။ ရွှီဖန်း၏အခုစကားကို လိုချင်သောကြောင့်ပင် မဟုတ်ပေလော။
ရွှီဖန်းကဲ့သို့ နတ်ဆရာဝန်၏အာမခံချက်နှင့်သာဆိုလျှင် သူတို့နိုင်ငံရှိ အရာရှိအိုကြီးများက အနည်းဆုံးတော့ နောက်ထပ်နှစ်အနည်းငယ် အသက်ရှင်နိုင်လိမ့်မည်ဖြစ်၏။ဝမ်ကောချန်ကို ထိုအရာထက်ပိုပြီး မည်သည့်အရာက ပိုပျော်စေနိုင်မည်နည်း။
တစ်ဦးနှင့်တစ်ဦး ရင်တွင်းစကားများ ပြောပြီးနောက်မှာ နှစ်ဦးသားက ပို၍ရင်းနှီးလာကြသည်။
လက်ရှိအချိန်တွင် ဝမ်ကောချန်က ရွှီဖန်း၏ပခုံးကို ပုတ်၍ သူ ထူးချွန်ခဲ့သည့်နှစ်များအကြောင်းကို ပြောပြနေ၏။
ထိုအရာက ရုပ်ရှင်တစ်ခုကဲ့သို့ လူအများ၏မျက်စိရှေ့တွင် မြင်ကွင်းကို တိုက်ရိုက်ပြသတာမျိုး မဟုတ်သော်လည်း အရာရှိအိုကြီး၏အတိုချုံးစကား
များမှတဆင့် ရွှီဖန်းက အတိတ်မှာဖြစ်ခဲ့သော အခက်အခဲများနှင့် ဒုက္ခများကို စိတ်ကူးဖြင့် မြင်ယောင်ကြည့်နေနိုင်တုန်းပင်။ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲ၌ အရာရှိအိုကြီးအား ပို၍လေးစားလာသည်။
စကားများစွာပြောပြီးနောက်မှာ ဝမ်ကောချန်၏ခွန်အားက လေနှင့်အတူ လွင့်ပါသွားတော့၏။ မည်သို့ပင်ဆိုစေကာမူ သူက အသက်ကြီးနေပြီဖြစ်သော လူကြီးတစ်ယောက်ဖြစ်ပြီး ထိုမျှအများကြီး စကားပြောပြီးနောက်မှာ ပင်ပန်းလာသည်။
"သွားကြစို့...ဝမ်ကျိနဲ့ဝူထျန်းတို့တွေ ဒီလောက်ကြာအောင် စောင့်နေကြတာ၊ အခုမှ မပြန်ရင် သူတို့ ငါတို့ကို စိတ်ပူနေကြလိမ့်မယ်"
ဝမ်ကောချန်က သက်ပြင်းရှည်ကြီးချလိုက်လေ၏။ ရွှီဖန်း၏အကူအညီဖြင့် သူ ထရပ်ကာ ညင်သာစွာ တိုက်ခတ်နေသော လေပြေအောက်ကနေ လမ်းလျှောက်နေသည်။
"ဒီည ချန်ဟိုင်းမြို့က အိမ်ရှင်တွေစီစဉ်ထားတဲ့ ညစာစားပွဲတစ်ခု ရှိတယ်၊ သူတို့က ငါ့ကိုရော အဲ့ဒီလျိုမိသားစုကကောင်စုတ်လေးကိုပါ ဖိတ်ထားတယ်"
ဝမ်ကောချန်က ရွှီဖန်းဘက်ကို လှည့်ကာ ပြောလာ၏။
ရွှီဖန်း၏မျက်နှာအမူအရာက မပြောင်းလဲသွားဘဲ ဝမ်ကောချန်၏ နောက်ထပ်စကားများကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ဝမ်ကောချန်သည် ရွှီဖန်း၏တည်ငြိမ်နေသော အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ ရွှီဖန်းကို ပို၍ အထင်ကြီးသွားခဲ့၏။ သူ့လေသံကလည်း ပို၍ပို၍သဘောကောင်းလာသည်။
"ဒီည မင်းလည်း ပါဝင်သင့်တယ်၊ နောင်တစ်ချိန်မှာ ဒီလိုသေးငယ်တဲ့လှည့်ကွက်တွေကို မင်းအပေါ်မှာ ဘယ်သူကမှ လာလုပ်ရဲတော့မှာ မဟုတ်ဘူး"
ရွှီဖန်း၏နှလုံးသားက နွေးထွေးသွားရ၏။ သူ အရာရှိအိုကြီးအား တစ်ဖန်ပြန်၍အရိုအသေပေးကာ ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။
အဘိုးနှင့်လူငယ်၏နှုတ်ခမ်းထောင့်များက ညင်သာစွာ တိုက်ခတ်နေသောလေပြေထဲတွင် တစ်ဖန်ပြန်၍ အနည်းငယ်မျှ ကွေးညွတ်သွားကြပြန်၏။
( Jue - *မက်မွန်သီးအောက်ပြုတ်ကျသွားပါက မက်မန်းသီးကို အစားထိုးပြန်ရသည်။
ဒီတရုတ်ကျေးလက်စကားပုံက ဘယ်လိုပေါ်လာတာလဲဆိုရင် စစ်ပွဲတစ်ခုမှာ ရန်သူက ဗိုလ်ချုပ်ကို သတ်တော့မယ့်အချိန် စစ်သားတစ်ဦးက ဝင်ခံပြီး သူ့ကိုယ်သူ အစားထိုးလိုက်ပါတယ်တဲ့။ ဒီစကားပုံကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကတိသစ္စာထားမှုနဲ့ အချင်းချင်းတာဝန်ယူကြတာမျိုးကို ဖော်ပြချင်တဲ့အခါ သုံးပါတယ် )
**********************