Woman’s Happiness (2)
Vol. 9 Ch. 131
“Idol Boy” ပြီးဆုံးပြီးနောက် variety shows အများအပြားမှ လုလီအား ကမ်းလှမ်းလာခဲ့ပေမယ့် သူမ ငြင်းဆန်ခဲ့သည်။
ချီချန်းရန်သည် ထင်ရှားလိုသူ မဟုတ်သည့်အပြင်၊ သူမသည်လည်း နှိမ့်ချစွာနေထိုင်သင့်သော်ငြား ကြာပန်းဖြူမအား ထိုးနှက်ခြင်းကဲ့သို့ မဖြစ်မနေလုပ်ဆောင်ရမည့် အခြေအနေကြောင့် ဇာတ်လမ်းအဆုံးတွင် သူ့နာမည်ကို စာတန်းများတွင် ဖော်ပြခဲ့သည်။
သို့ရာတွင် ပိုင်ရှန့်ယင်သည် ဖျော်ဖြေရေးလောကထဲ၌ အခြေ ချနေပြီဖြစ်ကြောင်းဖော်ပြနေသကဲ့သို့ အသစ်ထွက်ရှိသည့် Variety Show အစီအစဉ် အများအပြားတွင် ဆက်တိုက်ပါဝင်လာခဲ့သည်။ ဤသည်မှာ မှားယွင်းနေသည့် အချက်တော့ မဟုတ်ဟု လုလီထင်သည်။ ပိုင်ရှန့်ယင် အနေဖြင့် တရုတ်နိုင်ငံတွင် မိမိ၏ YING အမှတ်တံဆိပ်ကို ဈေးကွက်တင်ရန်အချိန် ဖြုန်းနေမည့်အစား မိမိကိုယ်ကို ဈေးကွက်တင်ခြင်းကပိုကောင်းသည်။ ထိုနည်းလမ်းဖြင့် မကြာမီ ‘YING’ ထုတ်ကုန်များသည် ဈေးကွက်ထဲသို့ ထိုးဖောက်နိုင်ခဲ့ပြီး နာမည်ကြီးလာခဲ့သည်။ ပြည်တွင်းကြယ်ပွင့်အားလုံးသည် ပွဲအခမ်းအနားများတွင် ‘YING’ ထုတ်ကုန်များသာ ဝတ်ဆင်ခဲ့ကြသည်။
ချောင်ကျာယိ ‘YING’ စတိုးဆိုင်တစ်ခု အရှေ့မှ ဖြတ်သွားစဉ် နိုင်ငံခြားဇိမ်ခံ အမှတ်တံဆိပ်များထက် ဈေးပိုကြီးသော ‘YING’ ထုတ်ကုန်များကို ကြည့်ပြီး ရွဲ့စောင်းကာပြောလိုက်သည်။
"ဒါတွေ ဘယ်နားလှနေလို့လဲ ? ဒီဇိုင်းကလည်း ပုံတုံးပြီးတော့ ဈေးကလည်းကြီးလိုက်တာဆိုတာ... ဦးနှောက်မရှိတဲ့သူတွေပဲ ဝယ်လိမ့်မယ်” လုလီသည် ထိုကြာပန်းဖြူမနှင့်ဆက်စပ်သည့် အရာများကို မမြင်ချင်သဖြင့် “အွန်း” ဟု ပြောကာ ချောင်ကျာယိအား ဆွဲခေါ်သွားခဲ့သည်။
အဖွားချီအတွက် လက်ဆောင်ဝယ်ပေးရန် လုလီ ချောင်ကျာယိအားခေါ်ကာ အပြင်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဒီတပတ်တွင် သူနှင့်ချီချန်းရန်တို့ ချီမိသားစုအိမ်တော်ကြီးသို့သွား ရောက်ကာ အဖွားချီနှင့် တွေ့ဆုံမည်ဖြစ်သည်။
ချောင်ကျာယိသည် အထဲကိုအကြည့်ထပ်ရောက်သွားပြီး ရုတ်တရက်ပြောလိုက်သည်။
"လုလီ…ဟိုအိတ်ကို ကြည့်စမ်း၊ နင့်မှာလည်း အဲ့လိုမျိုး တစ် လုံးရှိတယ် မဟုတ်လား ?” လုလီ အံ့ဩနေသော မျက်နှာအမူအရာဖြင့် တုံ့ပြန်လိုက်သည်။
“အမ်၊ မဟုတ်တာ...နင် နေရောကောင်းရဲ့လား?”
"ငါက ရူးနေလို့ ဒီကြာပန်းဖြူမရဲ့ပစ္စည်းတွေကို ဝယ်ထားရမှာလား ? သူ့ပစ္စည်းတွေမြင်တာနဲ့ အိမ်ပြန်ပြီး ငါ့မျက်လုံးတွေကို ဆေးကြောပစ်ချင်စိတ်ပေါက်နေတာကို…”
ချောင်ကျာယိ ခေါင်းညိတ်လိုက်ပြီး "ဟုတ်သားပဲ"
…
ပိတ်ရက်သို့ရောက်သောအခါ လုလီနှင့်ချီချန်းရန်တို့ လက်ချင်းချိတ်လျက် ချီမိသားစုအိမ်ကြီးထဲဝင်လာခဲ့သည်။ လုလီ အဖွားချီကို မြင်သည်နှင့်အပြုံးဖြင့် ပြေးသွားပြီး "အဖွားချီ!" ဟု အော်ခေါ်လိုက်သည်။ နံဘေးသို့ခွေးတစ်ကောင်ရောက်လာပြီး အမြီးကိုနှံ့ကာ သူမတို့ကြားလှည့်ပတ်သွားလာနေသည်။
ချီချန်းရန်လည်း ပြုံးပြလိုက်သည်။ အဖွားချီသည် လုလီလက်ကို ဆုပ်ကိုင်ရင်း ချီချန်းရန်ဘက်သို့ အကြည့်ပေးလိုက်သည်။ အဖွားချီသည် လုလီ ယခင်က ကားမတော်တဆမှုနှင့် စိတ်ရှုပ်ထွေးနေခဲ့သည်ကို သိထားသလို ယခု ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်းကိုလည်း သိသည်။
ထိုကာလအပိုင်းအခြားတွင် မြေးဖြစ်သူနှင့် မြေးချွေးမကြား ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာသော ကြောင့် အဖွားချီ အလွန်ဝမ်းသာနေသည်။ ချီချန်းရန် သည် လုလီနှင့်အတူ အဖွားချီဘေးတွင် ထိုင်လိုက်ပြီး အဖွားချီအား ရှန့်ကျင်၏ လတ်တလော အခြေအနေကို အစီရင်ခံလိုက်သည်။ အဖွားချီသည် မျက်မှန်ကိုတပ်လိုက်ပြီး ချီချန်းရန် တင်ပြလာသော Tablet ထဲမှာ အကြောင်းအရာများကို သေချာစစ်ဆေး ကြည့်ရှုနေခဲ့သည်။
ထို့နောက် အဖွားချီသည် ဥက္ကဋ္ဌရာထူးမှ အနားယူပြီး ကုမ္ပဏီကို သူ့လက်ထဲသို့ လုံးဝလွှဲပြောင်းပေးလိုကြောင်းပြောလာသည်။ လုလီသည် ၎င်းတို့ ဆွေးနွေးနေသည့် အကြောင်းအရာများကို နားမလည်သဖြင့် ခွေးဘက်သို့ အာရုံပြောင်းကာအစာ ကျွေးနေလိုက်သည်။ လုလီ ခွေးစာကိုယူပြီး တစ်ခုပြီး တစ်ခုကျွေးနေရင်း ခွေးခေါင်းကိုလည်း ရံဖန်ရံခါ ပွတ်သပ်ပေးနေခဲ့သည်။
အဖွားချီနှင့် ချီချန်းရန်သည် အလုပ်အကြောင်း မရပ်မနားဆွေးနွေးနေကြသည်။ အဖွားချီသည် ခွေးစာကျွေးနေသော လုလီကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် အိမ်ထောင်ပြုတာ သုံးနှစ်နီးပါးရှိနေပြီ၊ ကလေးယူဖို့ အစီစဉ်မရှိသေးဘူးလား ?”
ထိုမေးခွန်းမှာ သူမအား ဦးတည်နေကြောင်း လုလီ သိလိုက်ပြီး ခွေးကိုင်နေသော လက်မှာ ရပ်တန့်သွားကာ အဖွားချီဘက် ခေါင်းလှည့်ကြည့်လိုက်သည်။ အဖွားချီသည် သူမတို့အား မျက်လုံးအကြည့်ဖြင့် မေးခွန်းထုတ်လိုက်၏။ လုလီ ချီချန်းရန်အားကြည့်ရင်းတွေဝေသွားပြီးအနည်းငယ်တုံ့ဆိုင်းသွားသည်။
ဒီ မေးခွန်းကို သူ ဘယ်လိုပြန်ဖြေရလဲ?
ချီချန်းရန်လည်း သူ့ကိုကြည့်ကာမျက်လုံးဖြင့် တုံ့ပြန်လိုက်သည်။ ‘အင်း၊ မင်း ဖြစ်ချင်တဲ့အတိုင်း ပြောလိုက်လေ’
အဖွားချီသည် ယခင်က ၎င်းတို့အား ကလေးယူရန် တိုက်တွန်းခဲ့ဖူးခြင်းမရှိချေ။ အကြောင်းမှာ ၎င်းတို့အတွက် အချစ်မရှိသော အိမ်ထောင်ရေးဖြစ်သလို ကလေး မယူချင်မှန်း သိထားသောကြောင့်ဖြစ်သည်။ ယခု ၎င်းတို့ကြား အပြောင်းအလဲကို မြင်သောအခါ သဘာဝအတိုင်း တွန်းအားပေးလာသည်။
ချီချန်းရန် လုလီ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးရင်း အဖွားချီအား တုံ့ပြန်လိုက်သည်။
“ကျွန်တော်ကတော့ သဘာဝအတိုင်းပဲ ရလာမှပဲ ယူဖို့စဉ်းစားထားတယ် အဖွား”
လုလီ မျက်နှာနီရဲသွားသည်။
ဘာကို သဘာဝအတိုင်း ရမှလဲ ? ငါ ကလေးမလိုချင်သေးဘူး..
ချီချန်းရန်ရဲ့အချစ်တွေကို ငါ မွေးလာမယ့်ကလေးနဲ့ ပြိုင်ပြီး လုခိုင်းနေတာလား?
ပြီးတော့ ငါတို့ရဲ့ဗီဇကောင်းတွေကို မဆက်ခံဘဲ ရုပ်ဆိုးတဲ့ ကလေးလေး မွေးလာခဲ့ရင်ရော?
ချို့ယွင်းချက် ပါလာတဲ့ ကလေး မွေးလာရင်ရော ဘယ်လိုလုပ်မလဲ ?
အတွေးများနှင့်အတူ ကလေးမွေးဖွားခြင်း၏ နောက်ဆက်တွဲအရာများမှာ စိုးရိမ်ဖွယ်အကြောင်းအရာ အများအပြားတွဲပါလာကြောင်း သူ ရုတ်တရက်တွေ့ရှိခဲ့သည်။
အဖွားချီ လုလီကို ထပ်ကြည့်လာပြီး “လုလီ သမီးရော ဘယ်လိုထင်လဲ?”
လုလီ ချီချန်းရန်၏လက်ဖဝါးကို တိတ်တဆိတ် ဆွဲညှစ်လိုက်ပြီး "ဟို…သူ ပြောသလို သဘာဝအတိုင်းပဲ ကောင်းမယ်ထင်တယ် အဖွား”
အဖွားချီ ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း “ ဟုတ်ပါတယ်လေ..မင်းတို့ ငယ်သေးတာပဲ၊ ပြဿနာမရှိဘူး"
လုလီ မျက်နှာ ပိုလို့ပင် နီရဲလာသည်။ နေ့လည်ခင်းတွင် ချီမိသားစု၏နေ့လည်စာစားချိန်သို့ ရောက်ရှိလာသည်။ လုလီနှင့်ချီချန်းရန်တို့ စားသောက်ပြီးနောက် အနားယူရန် အခန်းထဲသို့ ဝင်လာပြီး တံခါးကိုပိတ်ကာ နှစ်ယောက်တည်းရှိနေစဉ် ထိုလေးနက်သောကိစ္စကို စတင်ဆွေးနွေးခဲ့သည်။
"ကျွန်မ ဒီကို ထပ်မလာတော့ဘူး"
လုလီ တံခါးဝတွင်ရပ်လျက် ချီချန်းရန်ကို လှမ်းပြောလိုက်သည်။
ချီချန်းရန် : "မင်း ကလေး မွေးရမှာကြောက်နေတာလား?"
လုလီက သူ့အား “အော်...ရှင် သိသားပဲ” ဟူသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ချီချန်းရန် သူ့အနောက်ကနေပွေ့ဖက်လိုက်ပြီး
"ဘာမှကြောက်စရာမလိုဘူး၊ တစ်ယောက်လောက်ရရင်ကိုလုံ လောက်ပါပြီ”
"ကျွန်မ ကလေးမလိုချင်ဘူး” လုလီ ညည်းညူရင်း သူ့ကိုဖက်ထားလိုက်သည်။
နှစ်ယောက်သားအနားယူနေရင်း လုလီ ချီချန်းရန်၏ကလေးဘဝက ဓာတ်ပုံအယ်လ်ဘမ်ကို ပြန်ယူလာပြီး လှန်လောကြည့်လိုက်သည်။ ချီချန်းရန် ကုတင်ခေါင်းရင်းကို မှီလျက် ထိုင်နေကာ လုလီ၏ဆံပင်ရှည်များကို လက်ဖြင့်ပွတ်သပ်ပေးရင်း သူ့အကြံပြုချက်ကို ဖြည်းဖြည်းချင်း လက်ခံလာနိုင်အောင် စောင့်ဆိုင်းနေခဲ့သည်။
လုလီ ဓာတ်ပုံများကို အာရုံစိုက်ကာ ကြည့်ရှုပြီးနောက် အယ်လ်ဘမ်ကို ပိတ်လိုက်ပြီး ချီချန်းရန် ရင်ခွင်ထဲတွင် လဲလျောင်းလိုက်သည်။ ချီချန်းရန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒီကိစ္စကို ကိုယ် ဝင်ပြီးဆုံးဖြတ်လို့ မရဘူး”
"ကလေးမွေးရမယ့်သူက မင်းဖြစ်လို့ အရာရာတိုင်းက မင်းအပေါ်မှာပဲ မူတည်တယ်"
"မင်း ကလေးလိုချင်ရင် မွေးလိုက်၊ မလိုချင်ရင် ကိုယ်တို့ အချိန်နည်းနည်း ထပ်ယူကြမယ်၊ အဖွားကို မလောဖို့ ကိုယ်ပြောထားလိုက်မယ်”
ဤသည်ကို ကြားသောအခါ လုလီ နှာခေါင်းပူစပ်ပူလောင် ဖြစ်လာပြီး သူ့ရင်ခွင်ထဲတွင် တိုးဝင်ကာ “ကျွန်မ ကလေးမလိုချင်ဘူးလို့ မပြောပါဘူး” ချီချန်းရန် ပြုံးလိုက်သည်။
နေ့လယ်အနားယူချိန်သည် အလွန်သက်တောင့်သက်သာရှိခဲ့သည်။ အနားယူရာမှ နိုးလာပြီးနောက် လုလီ မျက်လုံးများကို ပွတ်သပ်ကာ ဘီးယူ၍ ချီချန်းရန်ကို ဆံပင်ဖြီးခိုင်းလိုက်သည်။ ချီချန်းရန်သည် သူမ၏ဆံပင်ရှည်များကို ဂရုတစိုက်ဖြီးပေးနေပြီး လုလီက သမ်းဝေရင်း ဖုန်းကိုငုံ့ကြည့်နေသည်။
ချောင်ကျာယိ ပို့ထားသော မက်ဆေ့ချ်နှစ်စောင်ရောက်နေ သဖြင့် လုလီ ဖွင့်ကြည့်လိုက်သည်။
မက်ဆေ့ထဲတွင် ချောင်ကျာယိ ဒေါသတကြီးပြောဆိုထား သည်ကို တွေ့လိုက်ရသည်။
[အဲ့ကောင်မ အရှက်ကို မရှိဘူး]
[ဒီ ကြာပန်းဖြူမကို ဒီတိုင်း လွှတ်ထားကြတော့မှာလား?]
[ သူ့ကို အာဖရိကဘက်ကို မြန်မြန်ပို့ပေးစမ်းပါဟာ]
[အော့….(အီမိုဂျီ)]
လုလီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် မဂ္ဂဇင်းတစ်ခုကာဗာပေါ်တွင် ပိုင်ရှန့်ယင်ဓာတ်ပုံနှင့်အတူ အင်တာဗျူးထားသော အကြောင်းအရာများကိုပါတွေ့လိုက်ရသည်။