Leaking of Learning Materials is Strictly Prohibited (3)
Vol. 9 Ch. 138
လုလီ ပူနွေးလာသော ပါးပြင်များကို လက်ဖဝါးဖြင့် ဖိကပ်၍ ငြိမ်သက်အောင်လုပ်လိုက်ကာ ဆက်ပြီး စူးစမ်းချင်သည့်စိတ်ကြောင့် ကွန်ပျူတာထိုင်ခုံရှေ့တွင် ပြန်ထိုင်ကာ ဆက်ကြည့်ရန် ဖိုင်ကိုဖွင့်လိုက်သည်။
ဗီဒီယိုကြာချိန်သည် ဆယ်မိနစ်ခန့်ရှိသည်။ လုလီ အဆုံးထိကြည့်ရှုပြီးနောက် ထိုင်ခုံနောက်သို့ ခြေပစ်လက်ပစ် လဲချလိုက်သည်။ သူမ ရရှိခဲ့သော အတွေ့အကြုံသည် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။ ဤဗီဒီယိုနှင့် နှိုင်းယှဉ်ပါက ဖတ်ခဲ့ဖူးသည့် အဝါရောင်စာအုပ်များသည် ပမွှားအဆင့်သာ ရှိသည်ဟု ဆိုနိုင်သည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ?! ဒီလိုနည်းလမ်းတွေလည်း ရှိနေတာပဲလား?!
ဒါတွေကို လေ့လာရတာ အရမ်းခက်ခဲတာပဲ..
ဒီလောက်ကြောက်စရာကောင်းတဲ့ အရာတွေကို ငါ မလေ့လာချင်ဘူး...
လုလီ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်ပြီး ခေါင်းကို ခပ်ပြင်းပြင်းခါလိုက်သည်။ ထို့နောက် ဤအရာအားလုံးကို ခေါင်းထဲမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သူမ စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ် သို့ ပျင်းရိစွာလှဲလျောင်းလိုက်ပြီး မေးစေ့ကို လက်မောင်းပေါ် တင်ထားလိုက်၏။
တော်ပြီ ငါ ဒါကို မေ့လိုက်တော့မယ် ....
လုလီ ဗီဒီယိုကို ပိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ လိုက်ကာများကို ပြန်ဖွင့်လိုက်သည်။
သူမ စွမ်းဆောင်နိုင်သည်ထက် ကျော်လွန်သော အရာများကို အချည်းနှီး ကြိုးစားမနေတော့ဘဲ အေပရွန်ကိုဝတ်ကာ မီးဖို ချောင်ထဲဝင်ပြီး ချက်ပြုတ်ရန်ဆုံးဖြတ်လိုက်သည်။
လှုံ့ဆော်မှုတစ်ခုကို တွေ့ကြုံပြီးနောက် လူတစ်ယောက်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားနိုင်ကြောင်း သူ နားလည်လာသည်။ ပြန်တွေးကြည့်ပါက သူ့အနေနှင့် ထူးခြားပြီးဈေးကြီး သောလက်ဆောင်များထက် ဤကဲ့သို့ ချစ်စရာကောင်းသည့်အပြုအမူမျိုး ဖန်တီးပေးနိုင်ရင်ရော မကောင်းဘူးလာ? ဒါကို ချီချန်းရန်က မကြိုက်ဘူးလို့ပြောမှာလား ?
ဘဲလေးနှင့် စန္ဒယားတီးခတ်ခြင်းကဲ့သို့ ချက်ပြုတ်ခြင်းအတတ် ပညာသည်လည်း သူ့လို အိမ်ထောင်ရှင်မ တစ်ယောက်အနေနှင့် မဖြစ်မနေ သင်ယူရမည့် ဘာသာရပ်တစ်ခုဖြစ်သည်။ လုလီသည် အချက်အပြုတ် အပိုင်း၌ ထူးချွန်သူ မဟုတ်သော် လည်း ခေါက်ဆွဲကြော်အပြင် ဟင်းလျာအတော်များများကို ချက်ပြုတ်တတ်ပေသည်။
ချီချန်းရန် အလုပ်မှပြန်ရောက်ချိန်တွင် လုလီ၏ ချက်ပြုတ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးလုနီးပါးဖြစ်နေပြီး အိုးထဲရှိ ငါးဟင်း ရည်သည် တပွက်ပွက်နှင့် ဆူနေပြီဖြစ်သည်။
လုလီသည် ချီချန်းရန်ကို စားပွဲဆီသို့ ဆွဲခေါ်လာပြီး ထိုင်ခိုင်း လိုက်ကာ နှစ်ယောက်စာ ပန်းကန်နှင့်တူများကို ပြင်ဆင်လိုက်သည်။ ချီချန်းရန် အံ့ဩနေသောမျက်နှာဖြင့် လုလီကို ကြည့်လာ၏။
လုလီ : "ကျွန်မ ရှင့်လက်ဆောင်အတွက် ပြန်တုံ့ပြန်ပေးတာ"
"ကျွန်မကို လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးပါနော်”
ချီချန်းရန် ရယ်ချင်စိတ်ကိုထိန်းချုပ်ပြီး
"လက်ဆောင်ပေးထားတာဖြင့် ကြာနေပြီ၊ အခုမှ ဘာလို့...”
လုလီ၏အေးခဲသော အကြည့်တစ်ချက်ကြောင့် သူ ပါးစပ်ပိတ်သွားသည်။ လုလီ အသက်ပြင်းပြင်းတစ်ချက် ရူထုတ်လိုက် ကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး နောက်ဆုံး ဆူပွက်နေသည့် ဟင်းရည်အိုးကို မီးဖိုပေါ်မှ ချလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့အား တန်ဖိုးကြီးပြီးလေး နက်သော လက်ဆောင်တစ်ခုပေးရန် ပြင်ဆင်ထားခဲ့သော် လည်း ယနေ့တွင်တော့ သူမစိတ်ကူးများထဲမှ အရိုးရှင်းဆုံးဗားရှင်းကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။ ချီချန်းရန်သည် လုလီ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရန်အတွက် အားလုံးကို ကုန်စင်အောင်စားလိုက်သည်။
လုလီ ပန်းကန်အလွတ်များကိုကြည့်ပြီး နောက်ဆုံး စိတ်သက် သာရာရသွားကာ ငါ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီဟုတွေးလိုက်သည်။
သို့သော် လုလီ အကြောင်းကောင်းကောင်းသိနေသော ချီချန်းရန် အနေဖြင့် သူ့ အမူအရာကိုကြည့်ပြီး ထိုမျှရိုးရှင်းလောက်မည်မဟုတ်ကြောင်း သူ သတိထားလိုက်မိသည်။
ညနေပိုင်း၌ လုလီ အားကစားခန်းထဲတွင် ပုံမှန်ယောဂလေ့ကျင့် ခန်းလုပ်နေခဲ့သည်။ ချီချန်းရန်သည် လုလီ၏တနေ့တာလှုပ် ရှားမှုကို အိမ်အကူအားမေးမြန်းခဲ့ရာ နေ့လည်ခင်း၌ စာကြည့်ခန်းထဲတွင် တစ်ယောက်တည်းရှိနေခဲ့သည်ဟုဆိုသည်။
ထိုအပြုအမူမျိုးသည် သူ့ကိုယ်ရေးကိုယ်တာကို အနည်းငယ်ချိုးဖောက်သကဲ့သို့ ဖြစ်နိုင်သည်ကို သိသော်လည်း ချီချန်းရန် စူးစမ်းလိုစိတ်ဖြင့် မျက်နှာပြောင်တိုက်ကာ လုလီ ကွန်ပျူတာကိုဖွင့်ကြည့်လိုက်သည်။
Browser ထဲရှိ ရှာဖွေမှုမှတ်တမ်းတွင် အထွေအထူးမတွေ့ရပေ။ "လောင်ကုန်းဖြစ်သူအတွက် လက်ဆောင်ကောင်းတစ်ခု" ”ချမ်းသာတဲ့ လောင်ကုန်းအတွက် ကိုယ့်နှလုံးသားကို ဖော်ပြဖို့ ဘာလက်ဆောင်ပေးရမလဲ” "ရေငုပ်သင်္ဘော ဝယ်ယူနိုင်မည့် နေရာ" စသည့် ရှာဖွေမှုများသာရှိနေသည်။
ချီချန်းရန် "ရေငုပ်သင်္ဘော" ကိုမြင်သောအခါ မရယ်ပဲမနေနိုင်တော့ပေ။
"ငါက ကောင်းကင်ပေါ်က ဂြိုလ်တစ်လုံးကို လက်ဆောင်ပေးလို့ သူ ငါ့ကို ရေငုပ်သင်္ဘောလက်ဆောင်ပေးပြီး ပင်လယ်ထဲသွားဖို့စဉ်းစားနေတာလား ?"
သူ Browser ကို ပိတ်လိုက်ပြီး desktop သို့ ပြန်သွားလိုက်ကာ ကွန်ပျူတာပိုင်ရှင် ပိတ်ရန် မေ့သွားသော ဒေါင်းလုဒ်ဖိုင်တွဲကို တွေ့ရှိသွားသည်။ နောက်ဆုံးတွင် သူ "ထိပ်တန်းလျှို့ဝှက်ချက်- သင်ကြားရေးပစ္စည်းများ မပေါက်ကြားစေရ" ဖိုင်ကို တွေ့သွား၏။
ချီချန်းရန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ကလစ်နှစ်ချက်နှိပ်ကာ ဖိုင်ကိုဖွင့်လိုက်သည်။
ထိုအချိန်တွင် လုလီ ယောဂကျင့်ပြီးနောက် ရေချိုးကာဆံပင်အခြောက်ခံကာ ညအိပ်ဝတ်စုံကို ဝတ်ဆင်လျက်ပြန်ထွက်လာသည်။ လုလီထွက်လာသည်နှင့် ရေချိုးခန်းတံခါးဘောင်တွင် မှီလျက် သူ့အား ထူးဆန်းစွာစိုက်ကြည့်နေသော ချီချန်းရန်ကို မြင်လိုက်ရသည်။
လုလီ : "ရှင် ဘာလို့ဒီမှာရပ်နေတာလဲ ?"
ချီချန်းရန်သည် သူ့အား ဆရာမှ တပည့်ကို စစ်ဆေးသကဲ့သို့ ကြည့်ရင်းပြောလိုက်သည်။
"ပထမဆုံးအနေနဲ့ ကိုယ်ဝန်ခံချင်တယ် ၊ မင်းရဲ့မပေါက်ကြားစေဖို့တင်းကြပ်စွာ တားမြစ်ထားတဲ့ သင်ခန်းစာတွေကိုကိုယ် ကြည့်မိသွားတယ်"
"ဒါပေမယ့် လောင်ကုန်းတစ်ယောက်အနေနဲ့ မင်းဒီလို စိတ်ဝင် စားဖို့ကောင်းတဲ့ သင်ခန်းစာတွေကိုလေ့လာချင်စိတ်ရှိတာ ကိုယ်ဝမ်းသာတယ်၊ ဒီလောက် ခက်ခဲတဲ့အရာကို လွယ်လွယ်နဲ့ သင်ယူတတ်မြောက်နိုင်တဲ့အတွက်လည်း ကိုယ် အံ့ဩမိတယ်”
သူ အနည်းငယ် ပြုံးလိုက်ပြီး "ဒါနဲ့ မင်း ဘာတွေ သင်ယူပြီးပြီလဲဆိုတာ ကိုယ့်ကို ဒီည လက်တွေ့သရုပ်ပြပေးလို့ရမလား ?"
လုလီ : ..…
ထိုအမျိုးသား၏ပေါက်ထွက်လုမတတ် ကြည့်နေသောမျက် လုံးများနှင့် စကားများကိုကြားလိုက်ရချိန်တွင် သူ တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်ရင်း ရေချိုးခန်းတံခါးနှင့် ကျောထိကပ်သွားရသည်။
လုလီ ရပ်တန့်သွားပြီး သူ့အားကြောက်လန့်တကြားစိုက်ကြည့်ကာ တံတွေးကိုမြိုချလိုက်သည်။
ယခုချိန် သူ့ခေါင်းထဲထွက်လာသော စကားမှာ တစ်ခွန်းသာရှိသည်။
လုလီရေ ပြေးပေတော့!