Lu Yiyuan
Vol. 10 Ch. 146
လုလီ ချီချန်းရန်ထံ အသံစာတို ပေးပို့ခဲ့သော်လည်း သူ့ဘက်မှ အသံမက်ဆေ့ပြန်ပို့ရန် အခက်တွေ့နေသဖြင့် စာသာ ပြန်ပို့လာခဲ့သည်။
[လုယီယွမ်က ပိုကောင်းမယ်ထင်တယ်။]
လုလီသည် ချီချန်းရန် ပေးပို့သော 'လုယီယွမ်' မြင်လိုက်ရသောအခါ
"...?"
သူ တစ်ယွမ်ကို ပြောချင်နေတာလား ?
(ယီ-တစ်၊ ယွမ်-တရုတ်ငွေကြေး)
ဘာလဲ ?!
ချီချန်းရန်သည် မိမိယူဆထားသကဲ့သို့ ခေတ်နောက်ကျသူ မဟုတ်နိုင်ကြောင်း လုလီ စိတ်ထဲတွင် ရုတ်တရက် သံသယဝင်လာခဲ့သည်။ အင်တာနက်ကို မသုံးဟု ငြင်းဆိုထားသော်လည်း 'တစ်ယွမ်ရှာပြီး အိမ်မှာပဲ နေမယ်” ဟူသော အွန်လိုင်းပြက်လုံးများကို သိထားပုံရပြီး 'လုယီယွမ်' ဟု သုံးကာ သူ့အား ကျီစယ်နေသည်။
လုလီ စာထပ်ပို့လိုက်သည်။
[ကျေးဇူးပဲ လောင်ကုန်း။ ယဥ်ကျေးသော အီမိုဂျီ]
မည်သို့ပင်ဆိုစေ လူ့သဘာဝကို မဆန့်ကျင်ရဟူသော သဘော တရားနှင့်အညီ သူမ အလောင်းအစားလုပ်ကာ WeChat အမည်ကို 'လုယီယွမ်' သို့ အမှန်တကယ် ပြောင်းလဲခဲ့သည်။
ချီချန်းရန် - [Welcome…]
ချီချန်းရန်၏ ပြန်စာကြောင့် လုလီ ဒေါသထွက်လာပြီး ငါးပူ တင်းကဲ့သို့ ပါးပြင်များကို ဖောင်းထားလိုက်သည်။ သူမ WeChat နာမည်ကို ပြောင်းလဲပြီးနောက်၊ Moments တွင်လည်း ထိုနာမည်သစ်ကို ပေးပို့ရန် မမေ့ခဲ့ပေ။
ဥက္ကဌကြီးက သူ့မိန်းမကို နေ့တိုင်း 'တစ်ယွမ်' ဆိုတဲ့ နာမည်နဲ့ စျေးထဲသွားခွင့်ပြုဖို့ စဉ်းစားနေတဲ့ပုံပဲ၊ အိမ်မှာနေတဲ့ သူ့မိန်းမရဲ့အသုံးစရိတ်ကို ဖြတ်တောက်ထားတဲ့ပုံပဲ…ဟီး…
လုလီ Moments တွင် ပို့စ်တင်ပြီးနောက် အားလုံး သဘောကျကာ မှတ်ချက်ဝင်ပေးခဲ့ကြသည်။
လုလီ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး မှတ်ချက်များကို ကြည့်ရှုရန် နှိပ်လိုက်သည်။
[အား...လီလီနဲ့ မစ္စတာတို့အတွဲက ချိုလိုက်တာ]
[အိုကေ...ငါတော့ ဒီနာမည်ကြိုက်တယ်!]
[ငါမြင်ဖူးသမျှထဲမှာ ဒီစုံတွဲနာမည်က အလှဆုံးပဲ]
[ဥက္ကဌကြီးက လီလီကို အရမ်းချစ်တာပဲနော်]
…
လုလီ : "???"
ဘယ်မှာ အချိုပါနေလို့လဲ? ပြီးတော့ ဒီစုံတွဲနာမည်က အလှဆုံးဆိုတာ ဘာကိုပြောတာလဲ?
လုလီ စူးစမ်းလိုစိတ်ဖြင့် ချီချန်းရန်၏ WeChat ကိုဖွင့်ကြည့်လိုက်ရာ ၎င်း၏ WeChat နာမည်မှာ 'ချီ ဖူယွမ်" သို့ ပြောင်းလဲထားကြောင်း တွေ့လိုက်ရသည်။
(ဖူ-ချမ်းသာခြင်း)
'ချမ်းသာခြင်း ယွမ်' နှင့် 'တစ်ယွမ်'။
ထိုမှတော့ မည်သူက မပြောပဲနေမည်နည်း? လုလီ ရှုံးနိမ့်ခဲ့ပြီး ဤပွဲ၌ နောက်ဆုံးတွင် ချီချန်းရန် အနိုင်ရခဲ့ကြောင်း ဝန်ခံလိုက်ရသည်။ သူမ၏ 'လုယီယွမ်' ဟူသော နာမည်နှင့်လိုက်ဖက်ရန် ချီချန်းရန်သည် သူ့နာမည်ကို 'ချီဖူယွမ်'သို့ ပြောင်းလဲခဲ့သည်။
လုလီသည် ဤနာမည်နှစ်ခု၏ကွာဟချက်ကို စဉ်းစားလိုက်သည်။
သူသိပ်သဘောမကျသော်လည်း ထပ်မပြောင်းတော့ပဲ 'လုယီယွမ်' ဟူသော နာမည်ကိုသာ ဆက်လက်သုံးစွဲရန် ရွေးချယ်လိုက်တော့သည်။
…
ရှန့်ကျင်၊ ဥက္ကဌရုံးခန်း
ချီချန်းရန်သည် လုလီ၏ Moment အောက်ရှိ မှတ်ချက်များကို ဝင်ဖတ်ရင်း လုလီအကြောင်းမတွေးပဲမနေနိုင်တော့ပေ။ သူမ အရမ်းချစ်စရာကောင်းသည်။ သူမနှင့်အတူ ကြည်နူးစရာအခိုက်အတန့်ကိုဖန်တီးရင်း မည်သို့မည်ပုံဖြစ်နေမည်ကို သူ မတွေးပဲ မနေနိုင်တော့ချေ။
အတွင်းရေးမှူးကျောက်သည် တံခါးခေါက်ကာ စာရွက်စာတမ်း များကိုင်ပြီးဝင်လာသည်။
သူ ရုံးခန်းသို့ မလာခင် မဒမ်၏ Moment ကို ဝင်ကြည့်ပြီးဖြစ်ရာ ဥက္ကဋ္ဌနှင့်ဇနီးဖြစ်သူတို့ We chat တွင်အပြန်အလှန် စည်းချက်ကိုက်နေကြသည်ကို တွေ့ခဲ့ရသည်။ သို့ဖြစ်ရာ သူ့ မျက်စိရှေ့တွင် ရှိနေသော ဥက္ကဋ္ဌ၏ မျက်နှာအသွင်အပြင်သည် ပုံမှန်တင်းမာနေသော မျက်နှာထားနှင့် လုံးဝကွာခြားလျက်နှုတ် ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးနေ၏။
သို့သော် သူ့အားမြင်သည်နှင့် ချက်ချင်းပင် မျက်နှာပြန်တည်သွားသည်။ အတွင်းရေးမှူးကျောက်သည် ချီချန်းရန်၏ စားပွဲနားသို့ လျှောက်သွားကာ စာရွက်စာတမ်းများကို ခုံပေါ် တင်လိုက်သည်။
"ဥက္ကဌ၊ ဥပဒေရေးရာဌာနက သဘောတူညီချက် စာချုပ်ကို ပြင်ဆင်ပြီးပါပြီ၊ အရင်ဆုံးစိစစ်ပေးပါ"
ချီချန်းရန် ခေါင်းညိတ်ပြပြီး စာချုပ်ကို ယူလိုက်ကာ သေချာအာရုံစိုက်၍ ဖတ်ရှုနေသည်။
မင်္ဂလာဆောင် သဘောတူညီချက်...
သူ သိပ်မကြာခင်က လုလီကိုထိုအကြောင်းပြောဆိုခဲ့ပြီးနောက် ဤကိစ္စကို ကိုင်တွယ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ယခင်လက်မထပ်ခင် သဘောတူညီချက်စာချုပ်ကို ပယ်ဖျက်တော့မည်ဖြစ်သည်။
အတွင်းရေးမှူးကျောက်သည် ချီချန်းရန်၏ ဂရုတစိုက်စစ်ဆေးနေမှုကို ကြည့်ရင်း စာချုပ်ပါအချက်များကို သတိရမိကာ ရုတ်တရက် ငေးငိုင်သွားခဲ့သည်။ ချီချန်းရန်လို သူဌေးတစ်ယောက်မှ ဤစာချုပ်ကို ထုတ်ပြန်ပါက လူတိုင်း သူ့ကို ရူးသွပ်နေသည်ဟု ထင်မှတ်သွားမှာ သေချာသည်။
ကုမ္ပဏီပိုင်ရှင် သူဌေးကြီးသည် ဇနီးဖြစ်သူကို ဆယ်မီလီယံ တန်းဖိုးရှိ လက်ဝတ်ရတနာများနှင့် ဘီလျံချီတန်သော အိမ်ကြီးများကို လွှဲပြောင်းပေးအပ်ခြင်းဖြင့် သူမအား မည်မျှချစ်မြတ် နိုးကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ ယခုစာချုပ်အရ ချီချန်းရန်၏ ပိုင်ဆိုင်မှုအားလုံးသည် နှစ်ယောက်အချိုးကျ ပိုင်ဆိုင်သွားမည်ဖြစ်ပြီး သူ့စည်းစိမ်အားလုံး၏တစ်ဝက်မှာ လုလီအပိုင် ဖြစ်သွားမည်ဖြစ်သည်။
လင်မယား အတုအယောင်သည် ယခုအခြေအနေသို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူထင်ခဲ့ကြမည်နည်း?
တဖက်တွင် ချီချန်းရန်သည် လက်ထဲရှိစာချုပ်ကို စိတ်တိုင်းမကျဟန် မတွေ့ရပဲ ဂရုတစိုက်ဖတ်ရှုနေသည်။ ယနေ့ သူ အိမ်ပြန်ရောက်လျှင် လုလီအား လတ်မှတ်ထိုးခိုင်းမည်ဟု တွေးထားသည်။ ထိုစာချုပ်အား ပြင်ဆင်ရသည့် အကြောင်းရင်းမှာ သူကိုယ်တိုင် လုလီအတွက် ထိုသို့ လုပ်ရန်ဆန္ဒရှိနေခဲ့ပြီး ဤနည်းဖြင့် သူမအား လုံခြုံစိတ်ချမှု ရှိစေရန်လည်း ရည်ရွယ်သည်။
ကလေးယူရန် ပြောဆိုစဉ်က လုလီ ငြင်းပယ်ခြင်း မရှိသော် လည်း ထူးထူးခြားခြား စိတ်အားထက်သန်မှု ပြသခဲ့ခြင်းလည်း မရှိခဲ့ပေ။ ဤစာချုပ်ဖြင့် သူမအား ပိုမိုလုံခြုံစိတ်ချရသော ခံစားချက်ကိုပေးကာ ကလေးမွေးရန် စိတ်အားထက်သန်လာဖို့ကို သူ မျှော်လင့်မိသည်။
ချီချန်းရန်သည် အံဆွဲကို ဖွင့်ကာ သဘောတူညီချက် စာချုပ်ကိုထည့်လိုက်ပြီး အထဲတွင် ကွာရှင်းစာချုပ်ရှိနေဆဲဖြစ်သည်ကို ရုတ်တရက် တွေ့လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်လိုက်၏။
ရုံးတွင်ရှိနေသော စက္ကူဖြတ်စက်များကို အစားထိုးပြီး အသစ်များကို မနက်ဖြန် တပ်ဆင်မည်ဖြစ်သည်။
ချီချန်းရန် ထိုသဘောတူညီချက် စာချုပ်ကို အံဆွဲထဲထည့်လိုက်သည်။