Unexpected News (1)
Vol. 10 Ch. 147
မွန်းလွဲပိုင်းတွင် လုလီ ပုံမှန်ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ သွားရောက်ခဲ့သည်။ သူမ ထိုသို့ စစ်ဆေးမှုကို ခြောက်လတစ်ကြိမ်ပြုလုပ်လေ့ရှိသည်။
ဆေးထိုးအပ်နှစ်ချောင်းဖြင့် သူမသွေးကြောကို ဖောက်ကာ သွေးယူခဲ့သည်။ လုလီ တံတောင်ဆစ်နေရာ၌ ဂွမ်းကို လက်ဖြင့်ဖိထားရင်း ဝမ်းနည်လာသည်။ သူမ ဂွမ်းလုံးကို ဖယ်လိုက်သည်နှင့်တပြိုင်နက် ချီချန်းရန်ထံ WeChat မှတစ်ဆင့် ဓာတ်ပုံတစ်ပုံကို ပေးပို့ကာ သူမနာကျင်မှုအား ဖော်ပြခဲ့သည်။
[လောင်ကုန်း ကျွန်မ လက်နာနေတယ်]
[ကျွန်မသွေးကြောတွေက အရမ်းပါးလွန်းတော့ သူနာပြုဆရာမက ကလေးတွေအတွက် သုံးတဲ့ အပ်နဲ့ ထိုးပေးလိုက်တယ်]
[ဒီနေ့ သွေးတွေ အများကြီး ဆုံးရှုံးလိုက်ရတော့ အိမ်ပြန်ရောက်ရင် လောင်ကုန်းချက်ပေးတဲ့ အသားလုံးတွေ စားပြီး ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်ရမယ်]
ချီချန်းရန်သည် လုလီ၏ ကလေးဆန်သော အပြုအမူကို မြင်သောအခါ
[ကိုယ်ပြန်ရောက်ရင် လုပ်ပေးမယ်နော်]
လုလီ : [ဒါနဲ့ မစ္စတာချီဖုယွမ်ကို သေချာရှင်းပြရဦးမယ်...]
[အသားလုံးချက်ပေးရုံပဲနော်၊ တခြားဘာမှမပါဘူး။]
[ကျွန်မ ဒီနေ့ သွေးတွေဆုံးရှုံးထားတော့ အားနည်းနေတယ်။ လှုပ်လှုပ်ရှားရှား မလုပ်ရဘူးလို့ ဆရာဝန်က ပြောထားတယ်။]
ချီချန်းရန်သည် ဇနီးဖြစ်သူ၏ဉာဏ်ကောင်းပုံနှင့် သူမ၏အကြောင်းပြချက်များ တိကျပြတ်သားသည်ကို တွေ့ရှိခဲ့ရသည်။ ချီချန်းရန် သူ့ကံကြမ္မာကို လက်ခံဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။
[အင်းပါ၊ ကိုယ် ညနေပြန်ရောက်ရင် မင်းအတွက် အသားလုံးပဲ ချက်ကျွေးပါ့မယ်နော်။]
လုလီ ပျော်ရွှင်မှုအပြည့်ဖြင့် ဖုန်းကို ရင်ဘတ်ပေါ် တင်လိုက်သည်။
ချီချန်းရန်သည် လုလီအား အသားလုံးပြုလုပ်ပေးရန် အိမ်ပြန်ချိန်ကို စောင့်ဆိုင်းနေခဲ့ပေမယ့် အလုပ်ဆင်းခါနီးမှ ဂျပန်သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ရမည့် သတင်းကို ရရှိခဲ့သည်။
ကုမ္ပဏီတစ်ခု၏ ဥက္ကဌအဖြစ် အုပ်ချုပ်ရသည်မှာ လွယ်ကူသည့်အလုပ်တော့ မဟုတ်ပေ။ အလုပ်များလာလျှင် 24နာရီ တစ်ပတ်လုံးလုံး အချိန်ပြည့် လုပ်ကိုင်ရတတ်သည်။ ယခင်က ချီချန်းရန်၏ဘဝတွင် အလုပ်သည်သာဦးစားပေးဖြစ်ခဲ့သော်လည်း ချစ်စဖွယ်ကောင်းပြီး သူ့နံဘေး တွယ်ကပ်နေတတ်သည့် လုလီဟူသော ဇနီးချောလေး ပေါ်လာပြီးနောက် မလိုအပ်ပဲ ခရီးထွက်ခြင်းကို တဖြည်းဖြည်း ရှောင်တိမ်းလာခဲ့သည်။ သို့သော် ယခုခရီးမှာ မဖြစ်မနေသွားရောက် ရမည်ဖြစ်သည်။ ဂျပန်ရှိ စီမံကိန်းတစ်ခုအတွက် ရက်ပေါင်းများစွာ ညှိနှိုင်းခဲ့ရပြီး ယခုအခါ ဂျပန်ရုံးခွဲမှ ရုတ်တရက် သတင်းပို့လာသည်မှာ
"ဖန့်မိသားစုက နောက်ဆုံး လက်လျှော့လိုက်ပြီ၊ ဥက္ကဋ္ဌကြီး ကိုယ်တိုင် လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်" ချီချန်းရန် ထိုသတင်းကြားလျှင် နဖူးကို လက်ဖြင့်ပွတ်သပ်ရင်း စဉ်းစားနေသည်။
အတွင်းရေးမှူးကျောက်သည် သွားရောက်ရန်အတွက် ကိုယ် ပိုင်ဂျက်လေယာဉ်ပင် ပြင်ဆင်ပြီးဖြစ်သည်။
ချီချန်းရန် လုလီ သဘောထားကိုမေးရန် သူမထံ WeChat မက်ဆေ့ခ်ျပို့ရန်မှ လွဲ၍ရွေးချယ်စရာမရှိတော့ပေ။ သူ့ဇနီး မသွားစေချင်လျှင် ဤခရီးကိုရွှေ့ဆိုင်းကာ ဂျပန်ရုံးခွဲဒါရိုက်တာအား စီမံခန့်ခွဲခိုင်းမည်ဟု တွေးလိုက်သည်။
လုလီ : [ဘာလို့ ရွှေ့ဆိုင်းရမှာလဲ?]
[ငွေရှာတာနဲ့ အသားလုံးလုပ်ပေးတာ ဘယ်ဟာပို အရေးကြီးလဲ]
[ရှင် အလုပ်ကြိုးစားမလုပ်ရင် အသားလုံးဝယ်ဖို့ ပိုက်ဆံဘယ် လိုရမှာလဲ? ရှင် ကျွန်မကို ခေါ်ပြီးစားသောက်ဆိုင်ဖွင့်ဖို့ စဥ်းစားထားတာလား?]
[ရှေ့တစ်ခေါက်က ဒီတိုင်း ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့တာနော်၊ ကျွန်မ ပန်းကန်တွေ မဆေးချင်ဘူး]
[ဒါပေမယ့် ခရီးဘယ်လောက်ကြာမှာလဲ ?]
ချီချန်းရန် နှလုံးသားပူနွေးသွားသည်- [သိပ်မကြာဘူး၊ ကိုယ် မြန်မြန်ပြန်လာခဲ့မယ်။]
လုလီ : [ဒါဆို သွားတော့လေ၊ ရက်ပိုင်းလောက်ပဲ မဟုတ်လား ? သိပ်လည်းကြာတာ မဟုတ်ဘူး]
ချီချန်းရန် မျက်နှာပေါ်တွင် ပြုံးရိပ်ပေါ်လာသည်။ လေယာဉ် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း အတွင်းရေးမှူးကျောက်မှ သတင်းပို့လာသည်။ ဤတစ်ကြိမ်တွင် အတွင်းရေးမှူးကျောက်သည် ချီချန်းရန်နှင့်အတူ လိုက်ပါမည်မဟုတ်ပဲ အခြားအတွင်းဘရေးမှူးနှင့် လက်ထောက်များသာ လိုက်မည်ဖြစ်သည်။ အတွင်းရေးမှူးကျောက်သည် အခြားပရောဂျက်များကို ကိုင် တွယ်ရန် တရုတ်ပြည်တွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။
ချီချန်းရန်သည် ရှန့်ကျင်ဌာနချုပ်မှ လေဆိပ်သို့ ထွက်ခွာလာစဥ် လမ်းခုလတ်၌ တစ်စုံတစ်ခုကို သတိရသွားသည်။ ပြင်ဆင်ထားသော သဘောတူစာချုပ် သူ့ရုံးခန်းတွင်ကျန်နေခဲ့သည်။
လုလီ လက်ထဲသို့ ထိုစာချုပ်ရောက်လျှင် သူမ ချက်ချင်းလက် မှတ်ထိုးပေးမည် မဟုတ်ပဲ ရှေ့နေများနှင့် ထပ်မံကန့်ကွက်နေမည်ဖြစ်သည်။ ချီချန်းရန်သည် အတွင်းရေးမှူးကျောက်အား စာချုပ်ကို လုလီထံ အရင်ပို့ပေးရန် အမိန့်ပေးလိုက်သည်။ မိမိ ခရီးထွက်နေစဉ် ရက်အနည်းငယ်အတွင်း သူမရှေနေ့နှင့် ဦးစွာတိုင်ပင်ပြီး ပြန်လည်သုံးသပ်နိုင်မည်ဖြစ်သည်။
အတွင်းရေးမှူးကျောက် နာခံစွာဖြင့် လုပ်ဆောင်မည်ဖြစ် ကြောင်းတုံ့ပြန်ခဲ့သည်။
ယနေ့ Hot Searchပေါ် ရောက်နေသောသတင်းကြောင့်အတွင်းရေးမှူးကျောက်အတွက် ပုံမှန်နေ့ တစ်နေ့ ဖြစ်မနေခဲ့ပေ။
Hot Search ပေါ်တွင် ကိုယ်ဝန်ဆောင်ထားသော ဓာတ်ပုံကို ရိုက်တင်ထားသည့် နာမည်ကြီးအဆိုတော် လျန့်ယန် နှင့်မင်း သားလုလင်းချန်တို့ ကလေးရနေပြီဖြစ်ကြောင်းကြေငြာထားဘသည်။ ထို့နောက် ထိုသတင်းသည် Hot Search စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ CP ပရိသတ်များမှာ ဝမ်းသာပြီး ဂဏာမငြိမ်ဖြစ်နေကြသည်။ လျန့်ယန်၏ ပရိသတ်များထဲမှ အချို့မှာ ဝမ်းနည်းပူဆွေးနေကြသည်။ ၎င်းတို့ Idol လျန့်ယန်သည် လုလင်းချန်နှင့် လက်ထပ်ခဲ့ရုံသာမက ယခုတွင် လုံးဝချုပ်နှောင်ခံလိုက်ရပြီဟု ခံစားနေကြသည်။ လျန့်ယန်၏ Fan Group များထဲမှ လူသိများသော 'Little Fan of Yan Yan' ၏ပဲ့ကိုင်ရှင် အတွင်းရေး မှူးကျောက်မှာမူ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
အများအမြင်တွင် ထက်မြက်သော အတွင်းရေးမှုးချုပ်ဖြစ်ပြီး သူ၏အေးစက်သော မျက်နှာကြောင့် ခံစားချက်ကင်းမဲ့သူဟု လက်အောက်ငယ်သားများမှ နောက်ကွယ်တွင် မကြာခဏ တီးတိုးပြောလေ့ရှိသည်။ သို့သော် မည်သူမှ မရိပ်မိခဲ့ကြသည်မှာ ထိုအတွင်းရေးမှူးချုပ်သည် အဆိုတော်ကြယ်ပွင့် လျန်ယန်အား အရူးအမူးစွဲလမ်းနေသော အမာခံ Fan တစ်ယောက် ဖြစ်နေသည်ဆိုတာကိုပင်။
သူမအား ထောက်ပံ့ရန် တစ်ညလုံးမအိပ်ပဲ ပရောဂျက်များလုပ်ခဲ့ရသော ကာလများ၊ လျန်ယန်၏ ဓာတ်ပုံများကို မြင်လျှင် နှလုံးခုန်မြန်ပြီး အသက်ရှူမဝတော့ရသည့်အချိန်များ၊ အခြားပရိသတ်များနှင့်အတူ လိုက်ပါကာ အလင်းတုတ်များ ကိုင်ဆောင်လျက် "ရန်ရန် မင်းကိုငါချစ်တယ်" ဟု အော်ဟစ်ခဲ့ဖူးသော ကာလများကို သူအမှတ်ရနေမိသည်။ ယခုမူ လျန့်ယန်ကိုယ်ဝန်ဆောင်နေစဥ် လုလင်းချန်၏ပရိသတ်များသည် သူမအား ရန်သူတစ်ယောက်အဖြစ် သတ်မှတ်နေကြသည်ကို သူတွေ့မြင်နေရသည်။
အတွင်းရေးမှူးကျောက်၏မျက်လုံးများ မှောင်မည်းနေပြီး သူ့လှုပ်ရှားမှုများမှာ တောင့်တင်းနေသည်။
ဒီနေ့က သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးနေ့တစ်နေ့ပဲ...
သူစိတ်လွတ်ကိုယ်လွတ် ငိုချလိုက်ချင်ပြီး ယခုချိန်တွင် သူတတ်နိုင်သည်မှာ နှစ်နှစ်တာလုံး အရူးအမူးအားပေးခဲ့ရသည့် အချိန်များကို နှုတ်ဆက်ကာ တစ်ချိန်တည်းမှာပဲ လျန့်ယင် ဗိုက်ထဲရှိ လုလင်းချန်၏ရင်သွေးလေးကို ကောင်းချီးပေးရန်သာဖြစ်သည်။
သူ ချီချန်းရန်၏အံဆွဲအတွင်းမှ စာရွက်စာတမ်းများကိုထုတ် ယူကာ စက္ကူအိတ်ထဲထည့်ပြီး လုလီထံသို့ ပို့ပေးလိုက်သည်။
"မဒမ်...ဒါက မဒမ်လက်ထဲ လွှဲပေးဖို့ ဥက္ကဌ သေချာမှာသွားတဲ့ စာရွက်စာတမ်းပါ။ အရင်ဆုံး မဒမ်ရဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဒါကို အရင်စစ်ဆေးထားလို့ရတဲ့ အကြောင်းလဲ ဥက္ကဌကမှာ လိုက်ပါတယ်"
“ဟင်...”
လုလီ လွှဲပြောင်းယူလိုက်ပြီး အတွင်းရေးမှူးကျောက်ကို ပြန်လွှတ်လိုက်သည်။
လုလီ အတွင်းရေးမှူးကျောက်၏ နောက်ကျောကို ကြည့်ရင်း ယနေ့ ပုံမှန်မဟုတ်ကြောင်း လုလီ သတိထားမိသည်။ သူသည် အထီးကျန်နေပုံရပြီး ဝမ်းနည်းနေဟန်တူသည်။
ထိုအမူအရာမှာ မိမိအားပေးသော ကြယ်ပွင့်အိမ်ပြိုကျချိန်က ခံစားခဲ့ရသော နာကျင်မှုနှင့် အလားတူဆင်တူသည်။ လုလီ စက္ကူအိတ်ထဲရှိ စာရွက်ကိုထုတ်ယူလိုက်ပြီး ခေါင်းစဉ်ကိုဖတ်ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။