Hang Around the Neck (2)
Vol. 10 Ch. 150
လုလီသည် ချီချန်းရန် ဟောင်ကောင်သို့ ရောက်ရှိနေပြီး သူမ မိဘများအတွက် လက်ဆောင်ပစ္စည်းများ ယူဆောင်လာပေးသည်ကို မြင်ရသောအခါ ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသော ဖခင်ဖြစ်သူဆီ အတွေးရောက်သွားပြီး သူမခေါင်းထဲ မူးဝေနောက်ကျိသွားသည်။
“သူတို့ ဒီမှာ မရှိဘူး”
"ကျွန်မ ကွာရှင်းစာချုပ်ကို မြင်ပြီး မိဘအိမ် ပြန်ပြေးလာတယ်လို့ ရှင်ထင်နေတာလား? ကျွန်မ ရှင့်ကို လွယ်လွယ်နဲ့ အလျော့ပေးမှာ မဟုတ်ဘူး၊ ရှင် ပြန်လာမှ ထိပ်တိုက်ဖြေရှင်းဖို့ စဥ်းစားထားတာ၊ အခု ကျွန်မ ဟောင်ကောင်ကို ပြန်လာတာ ဒယ်ဒီ ကျန်းမာရေး မကောင်းလို့"
ချီချန်းရန် မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်သော အမူအရာနှင့် မေးလိုက်သည်။
"ဘာဖြစ်တာလဲ?"
လုလီ : "သူ့နှလုံးမှာ စတန့်ထည့်လိုက်ရတယ်"
"ကိုယ် ဒီရက်ပိုင်း အလုပ်အရမ်းရှုပ်နေတော့ မင်းကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး"
ချီချန်းရန် - "ကိုယ့်ကို ဘာလို့ ဖြစ်ကတည်းက မပြောတာလဲ?" လုလီ ပခုံးတွန့်ကာ ပြောလိုက်သည်။
"ရှင့်ကိုပြောလည်း အကျိုးမရှိဘူးလေ၊ ရှင်က ကျွန်မဘေးမှာ ရှိနေတာမှ မဟုတ်တာ၊ ပြီးတော့ ကွာရှင်းစာချုပ်ကိစ္စလည်းရှိသေးတယ်" ချီချန်းရန် ကွာရှင်းစာချုပ်ကိစ္စကို သတိရသွားကာ ယခုချိန်တွင် City S ၌ ကျန်ရစ်ခဲ့သော အတွင်းရေးမှူးကျောက် မည်မျှစိုးရိမ်နေမည်ကို သူ မတွေးပဲ မနေနိုင်တော့ပေ။
ချီချန်းရန် - "ဘယ်ဆေးရုံလဲ? ကိုယ် ဒီညပဲ သွားကြည့်မယ်"
လုလီ - "မာမီတောင် ကျွန်မကို ဆေးရုံမှာ မနေခိုင်းပဲ အိမ်ပြန်ခိုင်းလိုက်တာ၊ ဒယ်ဒီလည်း သက်သာပြီး သီးသန့်လူနာခန်းထဲ ပြောင်းလိုက်ပြီ၊ ဒီနေ့တော့ မသွားနဲ့တော့၊ သူတို့ အနှောင့်အ ယှက်ဖြစ်နေဦးမယ်၊ မနက်ဖြန်မှ သွားရင်သွားလိုက်" ချီချန်းရန် နာခံစွာ ခေါင်းငြိမ့်လိုက်သည်။
သူမတို့ အိမ်ထဲဝင်လာပြီးနောက် ချီချန်းရန် လုလီကို ကြည့်ကာ သူမ ဘက်လျှောက်လာပြီး သူ့ရင်ခွင်ထဲ ညင်သာစွာ ဆွဲသွင်းလိုက်သည်။ အထိအတွေ့မှတဆင့် ချီချန်းရန်၏ စိတ်နှလုံးထဲတွင် ကျေနပ်သော ခံစားချက်ကို ရသွားခဲ့သည်။
"ကိုယ် မင်းကိုအရမ်းလွမ်းနေခဲ့တာ" လုလီ ချီချန်းရန် ရင်ဘတ်ထဲ မျက်နှာကို ဝှက်ထားရင်း သူ့နောက်ကျောကို လက်ဖြင့် ရိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ကျွန်မကို အရမ်းချစ်နေသလို ဟန်ဆောင်မနေပါနဲ့၊ ရှင် ကျွန်မကို ကွာရှင်းချင်နေတာ မဟုတ်လား? ကွာရှင်းစာချုပ်တောင် ပြင်ထားခဲ့တာလေ"
"ဒါပေမယ့် ကျွန်မ ဘယ်လိုမှ မနေပါဘူး၊ ကျွန်မလည်း ရှင့်ကို အရင်က ကွာရှင်းချင်ခဲ့တာပဲလေ"
'ကွာရှင်း' ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ချီချန်းရန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ကိုယ့်ဘေးနားက ထွက်မသွားပါနဲ့နော်၊ ကိုယ်ပြန်ရောက်တာနဲ့ အဲ့ကွာရှင်းစာချုပ်ကို ဆုတ်ဖြဲပစ်မယ်"
လုလီ : "မဖြဲနဲ့"
လုလီ ချီချန်းရန်၏ရင်ဘတ်ကို သူ့လက်ညှိုးထိပ်ဖြင့် ဖိလိုက်ပြီး "ကျွန်မ အဲ့စာချုပ်ကို ဘောင်သွင်းပြီး လည်ပင်းမှာချိတ်ထားမလို့၊ တနေ့ ကျွန်မကို စိတ်ညစ်အောင်လုပ်ရင် လက်မှတ် ထိုးပြီး ကွာရှင်းပစ်မယ်"
ကွာရှင်းစာချုပ်အား လည်ပင်းတွင် ဆွဲထားပြီး နေ့တိုင်း သူ့ရှေ့တွင် လှုပ်ယမ်းပြနေမည့် လုလီ ပုံစံကို ချီချန်းရန် စိတ်ကူးထဲတွင် မြင်ယောင်နေမိသည်။
“...”
ငါ ဒါကို အစဖျောက်ပစ်ရမယ်၊ မဖြစ်မနေ အစဖျောက်ရမယ်။ ပြန်ရောက်တဲ့အထိ စောင့်နေစရာမလိုပါဘူး၊ အိမ်အကူကို ဖုန်းဆက်ပြီး ဖျက်ဆီးခိုင်းလိုက်လို့ရတာပဲ
လုလီ : "ရှင် ညစာစားပြီးပြီလား ?" လုလီ မေးပြီးသည်နှင့် သူ့အကြည်မှ ရှောင်ထွက်လိုက်သည်။
'ဒီခွေးကောင်က ငါ့ကို ကွာရှင်းစာချုပ်တောင် ပို့လိုက်တာ ငါက သူ ထမင်းစားပြီး ၊ မပြီး ဘာလို့စိတ်ပူနေတာလဲ?"
လုလီ၏စိုးရိမ်နေသော အပြုအမူကြောင့် ချီချန်းရန် ကျေနပ်သွားပြီး ချက်ချင်းဖြေလိုက်သည်။
"ဟင့်အင်း...မစားရသေးဘူး"
လုလီ - "ကျွန်မ ဒီတိုင်း ဝတ္တရားအရ မေးလိုက်တာ၊ ရှင့်ကို ညစာကျွေးဖို့ မရည်ရွယ်ထားဘူး" ချီချန်းရန် သဘောကျစွာ ပြုံးရင်း သူမအား နမ်းလိုက်သည်။
လုလီ ရှောင်လိုက်ပြီး : "ရှင် ဘယ်သူ ခွင့်ပြုချက်နဲ့ လာနမ်းနေတာလဲ?!"
နောက်ဆုံးတွင် နှစ်ယောက်သား ထမင်းစားပွဲတွင် ထိုင်လိုက်ကြသည်။ လုလီသည် စားဖိုမှူးအား ဟောင်ကောင်ရိုးရာအစား အသောက်များပြင်ဆင်ပေးရန် အထူးတောင်းဆိုခဲ့ပြီး ယင်းအနက်မှ ကြက်ဥမုန့်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ယခင်က လုလီ ဟောင်ကောင်အိမ်တွင် စားဖိုမှူးလုပ်ပေးခဲ့သောကြက်ဥမုန့်ကို အလွန်ကြိုက်ခဲ့သည်။ သို့သော်ငြား ယနေ့တွင်မူ အဘယ်ကြောင့် အစာစားချင်စိတ်ပျောက်ဆုံးနေမှန်း မသိချေ။ သူ မုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ပန်းကန်ကို ချီချန်းရန်ဘက်သို့ တွန်းပို့လိုက်သည်။
"ရော့...ဒါ ရှင်ပဲ စားလိုက်တော့၊ အစားသောက်တွေ မဖြုန်းတီးစေနဲ့၊ ကုန်အောင်စား"
လုလီ အစားအသောက်အပေါ် စိတ်ဝင်စားခြင်းမရှိသည်ကို တွေ့ရသောအခါ ဆေးစစ်ဌာနမှ အကြောင်း ကြားလာသော ကိုယ်ဝန်ကိစ္စကို ချီချန်းရန် ပြန်သတိရသွားပြီး စိတ်လှုပ်ရှားကာ နေမထိထိုင်မသာဖြစ်သွားသည်။
"စားချင်စိတ် မရှိလို့လား?"
လုလီ သွေးတွင် HCG ပမာဏ (ကိုယ်ဝန်ဟော်မုန်းဓာတ်) သည် ပုံမှန်ထက် မြင့်မားနေပြီး ထိုပမာဏသည် ကိုယ်ဝန်ပထမ သုံးလပတ်အတွင်း တွေ့ရလေ့ရှိကာ အသေးစိတ် ထပ်မံစစ်ဆေးရန် ဆရာဝန်မှ အကြံပြုထားသည်။
ချီချန်းရန် လုလီ၏ Period အချိန်ကို တွက်ကြည့်လိုက်သည်။ ပုံမှန်စက်ဝန်း အတိုင်းသာဆိုလျှင် ရှေ့နှစ်ရက်ကတည်းကပင် လာသင့်နေပြီဖြစ်သည်။
လုလီ ခေါင်းခါလိုက်ပြီး
"အင်း၊ ဒီရက်ပိုင်း အလုပ်အရမ်းများပြီး ပင်ပန်းနေလို့နေမယ်"
"ဒယ်ဒီက အသက်ကြီးလာပြီ၊ မာမီက ကျွန်မကို အိမ်ပြန်လာဖို့ ဖုန်းခဏခဏ ဆက်နေတာ၊ မာမီကို ပြန်လာပါ့မယ်လို့ ကတိပေးထားပေမယ့် ဒယ်ဒီ လဲမှပဲ ပြန်လာရတော့တယ်"
"ဒါကြောင့် ဒီတခေါက်တော့ တစ်လက်စတည်း အိမ်မှာရက် ပိုင်းလောက် ထပ်နေချင်တယ်"
"ရှင် သဘောတူလား ?" ခေါင်းမော့ကာ ချီချန်းရန်ကိုမေးလိုက် ၏။
ချီချန်းရန်သည် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။
“အင်းပါ...မင်း သဘော”
လုလီ ဒေါသကို ချီချန်းရန် ခံစားမိပြီး ယခုအချိန်တွင် သူမအား အခြားမည်သည့်အရာကိုမျှ မေးမြန်းရန် မသင့်လျော်ကြောင်း သူ သဘောပေါက်သည်။ ချီချန်းရန် နှစ်ရက်ကြာ သည်းခံထိန်းချုပ်ပြီးနောက် လုလီ နှင့်အတူ ဆေးရုံသို့ လိုက်သွားခဲ့သည်။
လုဟမ်ရုန်သည် ခွဲစိတ်မှုအပြီး တစ်ပတ်အကြာတွင် ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်သည်။ ယနေ့ သူ့ပုံစံသည် လန်းဆန်းတက်ကြွနေဟန် ရှိသည်။ သူတို့ လူနာအခန်းထဲ ဝင်လာတော့ သူ မျက်မှန်တပ်ပြီး ကုတင်ပေါ်ထိုင်ကာ သတင်းကြည့်နေသည်။
ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေ တိုးတက်လာသည်ကို ကြည့်ပြီး လုလီ၏ စိုးရိမ်စိတ်တို့သည်လည်း သိသိသာသာ ပြေလျော့လာခဲ့သည်။ နှစ်ယောက်သား လူနာခန်းထဲမှ ထွက်လာပြီးနောက် လုလီ၏တက်ကြွနေသော စိတ်အခြေအနေကို ချီချန်းရန်ကြည့်ပြီး သူမအား ကြံပေးလိုက်သည်။
"တလက်စတည်း မင်းပါ တစ်ခါတည်းဆေးစစ်လိုက်ပါလား?" လုလီ မျက်မှောင်ကြုံလိုက်ပြီး - "ဆေးစစ်ရမယ် ? ကျွန်မကလား ?"
ချီချန်းရန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ လုလီခါးကို သိုင်းဖက်လိုက်ပြီး သူမ၏နုနယ်သော မျက်နှာလေးကို ကြည့်ကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"ကိုယ်ဝန် ရှိ ၊ မရှိစစ်ဆေးဖို့" လုလီ ထိတ်လန့်သွားသည်။ ချီချန်းရန်က အားပေးသော မျက်လုံးများဖြင့် ပြန်ကြည့်လာသည်။ နောက်ဆုံးတော့ လုလီ သဘောပေါက်သွားခဲ့သည်။ ယခုရက် ပိုင်းအတွင်း အစားသောက်များပျက်ပြီး ခန္ဓာကိုယ်မှ ထူးဆန်း သော တုံ့ပြန်မှုကို ရရှိနေသည့်အပြင် ရာသီစက်ဝန်းမှာလည်း နောက်ကျနေသည်။
လုလီ သူ့ဝမ်းဗိုက်အောက်ပိုင်းကို အလျင်အမြန် ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းပြန်မော့လာသောအခါ ချီချန်းရန်၏ နူးညံ့သိမ်မွေ့ပြီး ကျေနပ်နေသော မျက်နှာနှင့် ပက်ပင်းတိုးသွားသည်။ ဤအဖြစ်မှန်ကို လက်ခံရမည် ဖြစ်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေသော အရာတစ်ခုကို တွေးမိပြီးရုတ်တရက် ရှော့ ရသွားသည်။
ထို့နောက် လုလီ ချီချန်းရန်ကို မေးခွန်းထုတ်လိုက်သည်။
"အိုး..ကျွန်မ ဒါကို မစဥ်းစားရသေးဘူးပဲ၊ ကွာရှင်းစာချုပ်မှာ ကလေးကို ဘယ်သူ့ဆီ ပေးမယ်ဆိုတာရော ရှင် သေချာပြင် ဆင်ထားရဲ့လား ?"