Kindergarten Students (2)
Vol. 10 Ch. 152
လုလီ ချိန်းဆိုထားသောနေရာကို သွားရောက်ခဲ့သည်။ နေရာမှာ နာမည်ကြီး စားသောက်ဆိုင်တစ်ခုတွင် ဖြစ်သည်။ ဟောင်ကောင်အမျိုးသမီးများသည် ဈေးကြီးသောအသုံးအဆောင်များ သူ့ထက်ငါ ယှဉ်ပြိုင်ကာ သုံးစွဲပြနိုင်သည့် ခေတ်ရေစီး ကြောင်းကို ကျော်ဖြတ်လာပြီး ယခုချိန်တွင် ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးနှင့် ထူးချွန်မှုများနောက်ကိုသာ လိုက်နေကြသည်။ ဤစားသောက် ဆိုင်၏စျေးနှုန်းသည် ဈေးအကြီးဆုံးမဟုတ်ပေမယ့် အရည်အသွေးက ထိပ်တန်းဖြစ်ပြီး နာမည်ကြီးတော်တော်များများ ဤဆိုင်သို့လာရောက်ကြသည်။
လုလီရောက်ချိန်တွင် လူတိုင်းနီးပါးရောက်ရှိနေကြပြီး သူ့ကိုမြင်သည်နှင့် စကားစမြည် ပြောလာကြသည်။
"အို လီလီ မတွေ့တာ ကြာပြီနော်"
"လီလီက အိမ်ထောင်မပြုခင်ကထက်တောင် ပိုလှလာတာပဲ။ ဒါနဲ့ နင် H Brand ရဲ့ပက်ကေ့ခ်ျအသစ်ရလိုက်သေးလား? ရှင်က တခြားနိုင်ငံရောက်နေတာဆိုတော့ မရလောက်ဘူး ထင်တယ်"
"ဒီမှာ လာထိုင်၊ ကျွန်မတို့ ရှင့်ကို အရမ်းသတိရနေတာ" လုလီ ပြုံးရယ်ပြကာ ခေါင်းညိတ်ပြီး ထိုင်လိုက်သည်။ သူ ဤကဲ့သို့အခြေအနေမျိုးကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ ထို့နေ ာက် ၎င်းတို့၏ ချီးကျူးစကားများကို တုံ့ပြန်ခဲ့ပြီးခဏအကြာတွင် သူ့အဖြစ်သည် ရေထဲက ငါးတစ်ကောင်ကဲ့သို့ဖြစ်နေခဲ့သည်။
"ရှင်လောင်ကုန်း ဟောင်ကောင်မှာရှိနေတယ်ဆို? သတင်းကြားထားတယ်"
"လီလီရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်ကားက သန်းရာချီအမြတ်ထွက်တယ်လို့ ကြားတယ်၊ ဟုတ်လား ?"
"လီလီအတွက် နို့လက်ဖက်ရည်မှာထားတယ်၊ တခြား ဘာစားချင်သေးလဲ ?"
ထိုဟောင်ကောင်အမျိုးသမီးများတွင် မျက်နှာနှစ်မျိုးရှိသည်ဟု ဆိုနိုင်သော်လည်း၊ ၎င်းတို့နှင့် အချိန်ကြာမြင့်စွာမတွေ့ရသဖြင့် လုလီ စိတ်ထဲတွင် ရင်းနှီးသော နွေးထွေးမှုရှိနေသေးသည်ကိုတော့ဝန်ခံရမည်။ လုလီ မေးခွန်းများကို ပြန်ဖြေပေးလိုက်သည်။ ထို့နောက် ခဏအကြာတွင် သန့်စင်ခန်းသွားပြီးပြန်ရောက်လာသော အမျိုးသမီးငယ်တစ်ဦး လျှို့ဝှက်ဟန်ဖြင့် ပြောလာသည်
"ငါ အိမ်သာမှာ ဘယ်သူနဲ့ တွေခဲ့လဲ သိလား?"
"ဘယ်သူလဲ ?" အားလုံး တပြိုင်နက်မေးလိုက်ကြသည်။
လုလီ နို့လက်ဖက်ရည် သောက်ရင်း ထိုအမျိုးသမီးငယ်လေးကို ကြည့်လိုက်သည်။
အမျိုးသမီးငယ်- "ဖူစုန့်!"
ထိုနာမည်ကိုကြားသောအခါ အမျိုးသမီးငယ်များ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
“အမ်၊ တကယ်ကြီး ဖူစုန့်လား?”
"သူ US မှာ နေတာမဟုတ်ဘူးလား?"
“သူ ဒီဆိုင်ကို ရောက်နေတယ် ဟုတ်လား? ဘယ်မှာတွေ့ခဲ့တာလဲ ? ဒီဝိုင်းမှာ လာထိုင်ခိုင်းလိုက်လေ"
"သွား...သူ့ကို သွားခေါ်လိုက်"
လုလီသည် ဖူစုန့်ဟူသော အမည်ကို ကြားသောအခါ နို့လက် ဖက်ရည်ခွက်ထဲရှိ ပိုက်ကို ပါးစပ်ဖြင့် ဖိကိုက်လိုက်သည်။
၎င်းတို့ ကျောင်းတက်စဉ်ကာလက မိန်းကလေးသူငယ်ချင်းများလည်း ရှိခဲ့သလို၊ ယောင်္ကျားလေး သူငယ်ချင်းများလည်း ရှိခဲ့သည်။ ဟောင်ကောင်သည် နယ်နိမိတ် သိပ်မကျယ်ဝန်းလှသဖြင့် လူတိုင်းနှင့် သိနေကြပြီး၊ အများစုမှာ အတန်းဖော်များ ဖြစ်ကြသည်။ အားလုံးထဲမှာမှ ဖူစုန့်သည် ရေပန်းအစားဆုံးဖြစ်သည်။ သူ ငယ်စဉ်က မိန်းကလေးများ၏နတ်ဘုရားတစ် ပါးဖြစ်ခဲ့ဖူးပြီး မိဘများနှင့်အတူ အမေရိကသို့လိုက်သွားခဲ့ရပြီး ထိုနိုင်ငံတွင်ပညာသင်ကြားနေစဉ်လည်း လူတိုင်းနှင့် လုံးဝ အဆက်သွယ်ပျက်သွားခြင်းမျိုး မရှိခဲ့ပေ။
လုလီ မေ့လျောနေပြီဖြစ်သော ထိုအမျိုးသားကိုပြန်သတိရသွားသည်။ ဖူစုန့်သည် သူ့မိဘများနှင့် အမေရိကားသို့ မပါ သွားစဉ်က မျက်မှန်ဝိုင်းတပ်လျက် အတန်းတွင် အမြဲထိပ်ဆုံးနေရာ၌ ရှိနေခဲ့ကြောင်း လုလီ မှတ်မိသည်။ လုလီနှင့်ဖူစုန့်တို့ သည် သူငယ်တန်းမှ မူလတန်းထိ အတန်းဖော်များဖြစ်ကြသည်။ ၎င်းတို့ ငယ်စဉ်က မိသားစုလုပ်တိုင်း ကစားခဲ့ကြဖူးပြီး ဖူစုန့်က အဖေနေရာ၊ လုလီက အမေနေရာ အသီးသီးတာဝန်ခွဲယူခဲ့ကြဖူးသည်။
ခဏအကြာတွင် အမျိုးသမီးငယ်နှစ်ယောက်က ဖူစုန့်အား ဆွဲခေါ်လာကြသည်။ လုလီ ထိုအမျိုးသားကိုမြင်သောအခါ အံ့သြသွားသည်။ သူ့မျက်နှာအသွင်အပြင်မှာ ယခင်အတိုင်းရှိသော် လည်း၊ ဝိုင်းစက်သောမျက်မှန်အစား ယခုအခါ ရွှေရောင်မျက် မှန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အင်္ကျီလက်ကို တံတောင်ဆစ်အထိ လိပ်တင်ထားသည်မှာ ရုပ်ပြကာတွန်းများတွင် မြင်ရလေ့ရှိသော အမြှောက်စာဇာတ်ကောင်နှင့် တူနေ သည်။
ဖူစုန့် ၎င်းတို့ဝိုင်းထဲ ဝင်ထိုင်လိုက်ပြီး အမျိုးသမီးအတန်းဖော်များကို နှုတ်ဆက်လိုက်၏။ ထို့နောက် သူဟောင်ကောင်သို့ရောက်ရှိနေသည်မှာ သူ့ဘိုးဘေးများကို ပူဇော်ရန်ဖြစ်ကြောင်း ရှင်းပြသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများ လုလီအပေါ် အာရုံစိုက်လာပြီး ပြုံးရယ်လျက်မေးလိုက်သည်။
"လီလီပါလား ? မတွေ့တာတောင် ကြာပြီနော်"
လုလီ ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ နံဘေးရှိအမျိုးသ မီးငယ်က မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။
"မတွေ့ဖြစ်ကြတာ အားလုံးပါပဲနော်၊ ဘာလို့ လုလီကိုပဲ ဦးစား ပေးပြီး မေးနေတာလဲ?" သို့မှသာ ဖူစုန့် ချက်ချင်း ထိုအမျိုးသ မီးငယ်၏နာမည်ကို ထည့်လိုက်ပြီး တူညီသောမေးခွန်းကို မေးလိုက်သည်။ ထို့နောက် အားလုံးအတိတ်အကြောင်းအရာများ ပြန်ပြောရင်း ရယ်မောပျော်ရွှင်နေကြသည်။
ဖူစုန့် သူ့မွေးနေ့တွင် ကိတ်မုန့်ဖြင့်မျက်နှာကို အသုတ်ခံရပုံ၊ ကျောင်းပွဲတော်တွင် ဖူစုန့်၏လက်တွဲဖော်ဖြစ်ခွင့်ရရန်ယှဉ်ပြိုင် ခဲ့ရပုံ၊ ဖူစုန့်လုပ်လာသည့် အိမ်စာများကို ကူးချခဲ့ကြပုံစသည့်အမှတ်တရများကို ပြန်လည်ပြောဆိုနေခဲ့ကြသည်။ လုလီသည် အားလုံး၏စကားဝိုင်းထဲသို့ ရောနှောဝင်ရောက်လာသည်။ ဖူစုန်လည်း အားလုံးနှင့်အတူ အတိတ်ကိုပြန်လည်သတိရနေခဲ့သည်။ အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွား၏။
လူတိုင်း ညစာစားရန်အတွက် နေရာပြောင်းရန်တိုင်ပင်လိုက်ကြသည်။ လုလီ ကိုယ်ဝန်ရှိနေသည့်အတွက် မိုးချုပ်သည်အထိ မနေချင်သဖြင့် ငြင်းပယ်လိုက်သည်။
"လီလီ မပြန်ပါနဲဦး"
အမျိုးသမီးငယ်သည် အလွန်စိတ်မကောင်းဖြစ်သွားပုံရသည်။
လုလီ : "နောက်မှ ထပ်တွေ့ကြမယ်လေ" ဖူစုန့်သည်လည်း မူလက အခြားလုပ်စရာများ ရှိနေပြီး သူ့အား ဆွဲခေါ်လာသဖြင့် အားနာပြီး ၎င်းတို့ ဝိုင်းသို့လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ နောက်တစ်ပွဲကို ဆက်မလိုက်တော့ပဲ သူနှင့်လုလီ နှုတ်ဆက်ကာဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ နှစ်ယောက်သား ဓာတ်လှေ ကားထဲ အတူတူဝင်လာကြသည်။ ဖူစုန့်သည် လုလီ လက်ထပ်သည့်သတင်းကိုသိပြီး မင်္ဂလာပွဲသို့ မတက်ရောက်ဖြစ်ခဲ့သည့် အတွက် အားနာရကြောင်းပြောလာသည်။
လုလီ : "ကိစ္စမရှိပါဘူး၊ ရှင် ကျွန်မကို စာအိတ်နီပေးလည်းရတယ်နော်" နှစ်ယောက်သား အတူတူရယ်မောလိုက်ကြသည်။
ဓာတ်လှေကား အောက်ကို တစ်ထပ်ပြီး တစ်ထပ် ဆင်းလာသည်။ လုလီသည် အစောပိုင်းက ချီချန်းရန်ထံသို့ မက်ဆေ့ချ်ပေးပို့ခဲ့ပြီး သူမအား လာခေါ်မည်ဟုပြောသည်။ ဓာတ်လှေ ကားတံခါးပွင့်ချိန်တွင် လုလီ ချီချန်းရန်ကိုတွေ့လိုက်ရသည်။ လုလီ ဓာတ်လှေကားထဲမှ အရင်ထွက်လာပြီး သူ့နောက်တွင် ရွှေရောင်မျက်မှန် တပ်ထားသော အမျိုးသားတစ်ယောက် လိုက်ထွက်လာသည်ကို ချီချန်းရန်မြင်လိုက်ပြီး ထိုသူအား စူးစိုက်ကြည့်လိုက်သည်။
လုလီ ချီချန်းရန်ထံ အမြန်လျှောက်လာပြီး ဖူစုန့်နှင့် မိတ်ဆက်ပေးလိုက်သည်။
“သူက ကျွန်မ သူငယ်တန်းကနေ မူလတန်းကျောင်းအထိ တစ်တန်းတည်း တက်ခဲ့တဲ့အတန်းဖော် ဖူစုန့်လေ”
"နိဟောင်"
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ၎င်းတို့၏ Business Card များကို ဖလှယ်လိုက်ကြသည်။ ထို့နောက် လုလီနှင့်ချီချန်းရန်တို့ ကားဆီသို့ထွက်လာခဲ့ကြသည်။ ပြီးနောက် လုလီ ဖုန်းဖွင့်ပြီးဂိမ်းကစားနေလိုက်သည်။ ချီချန်းရန် မကျေမနပ်ဖြင့် မေးလိုက်သည်။
"မင်းပြောတော့ မိန်းကလေးတွေချည်းပဲဆို၊ ဘယ်လိုလုပ်ပြီး ယောက်ျားလေး အတန်းဖော်ရှိနေတာလဲ ?"
လုလီ - "မဟုတ်ဘူး၊ အစက ကျွန်မတို့ချိန်းတဲ့အထဲမှာ သူ မပါဘူး၊ ဆိုင်ရောက်မှတွေ့ပြီး ကျွန်မဝိုင်းဘက်ရောက်လာတာ”
ချီချန်းရန် : 'အော်' သူ ပေါ့ပေါ့ပါးပါး ထပ်မေးလိုက်သည်။
"သူက မင်းရဲ့ သူငယ်တန်းအတန်းဖော်လား?"
“အွန်း…သူငယ်တန်းနဲ့ မူလတန်းတုန်းက တစ်တန်းတည်းပဲ” လုလီ ဖုန်းထဲ အာရုံစိုက်နေဆဲဖြစ်သည်။
ချီချန်းရန် : "မင်းတို့ ဆက်ဆံရေးက ဘယ်လိုလဲ ?" လုလီ ဂိမ်းတွင် စိတ်ရောက်နေရင်း ပြန်ဖြေလိုက်သည်။
"မဆိုးပါဘူး၊ သူက စိတ်ကောင်းရှိတယ်၊ ကျွန်မတို့ မူလတန်းကျောင်းတက်တုန်းက စားပွဲတစ်ခုတည်း အတူတူထိုင်ခဲ့ကြပြီး သူလုပ်လာတဲ့ အိမ်စာတွေကိုလည်း အမြဲတမ်းကူးချခဲ့တာ"လုလီ ဉာဏ်ကောင်းသည်။ ဖူစုန့်အကြောင်း ပြောဆိုရာတွင် သူ့ကောင်းကြောင်းကိုသာ ထုတ်ပြောခဲ့သည်။
“တစ်ခါတုန်းက ကျွန်မ ပြေးရင်းချော်လဲပြီး ဒဏ်ရာရသွားလို့ သူ ကျွန်မကို ချီပြီးကျောင်းကဆေးပေးခန်းကို ခေါ်သွားပေးခဲ့သေးတယ်”
"ပြန်တွေးကြည့်ရင် သူငယ်တန်းတုန်းက အချိန်တွေက အမှတ် တရကောင်းအဖြစ် ရှိနေခဲ့တယ်၊ ကစားတိုင်း သူနဲ့ကျွန်မ အမြဲညတမ်းတစ်ဖွဲ့တည်းကျတယ်" ချီချန်းရန် ဤစကားများကို နားထောင်လေလေ စိတ်မသက်မသာလေဖြစ်သည်။ ထိုမျက် မှန်တပ်ထားသည့် လူအကြောင်းကို တွေးလိုက်တိုင်း သူ့စိတ်ထဲတွင် မကျေနပ်သော ခံစားချက်များရောယှက်လာသည်။ ချီချန်းရန်သည် ရှေ့ကိုမျက်နှာမူကာ သူ့ကိုယ်ဟန်အနေအထားမှာ ယခင်အတိုင်းဖြစ်သော်လည်း သူ သတိမထားမိသည်မှာ သူ့လေသံပြောင်းလဲနေခြင်းကိုပင်။
"ဒီလူက မင်းရဲ့အတန်းဖော်ဖြစ်ခဲ့တာပေါ့လေ"
လုလီသည် ရန်သူကို ဂရုတစိုက် ချိန်ရွယ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အွန်း"
ချီချန်းရန်၏ စိတ်ဆိုးနေသော လေသံသည် ပိုသိသာလာပြီး၊ သူ၏အကြီးကဲဆန်သောရာထူးနှင့် မလိုက်ဖက်စွာ ပေါ့ပျက်ပျက် လေသံဖြင့်ပြောလိုက်သည်။
"မင်းပြောတဲ့ အဖေနေရာက သရုပ်ဆောင်ခဲ့တဲ့ကောင်လေးက သူပေါ့ ?”
"သူက မင်းလက်ကို နမ်းခဲ့တာလား ?"
လုလီ ရုတ်တရက် ခေါင်းမော့လာသည်။