Top Fan (2)
Vol. 10 Ch. 156
လုလီ Weibo ပေါ်သို့ ရောက်ရှိပြီးနောက် ‘သစ်တော်သီးစုံတွဲ’ ၏ Super Talk သို့ ဝင်ရောက်ကြည့်ရှုရန် တိုက်တွန်းနေကြသော ပရိသတ်များကို တွေ့လိုက်ရသည်။
ယခုချိန်တွင် ရှေ့က သူရရှိခဲ့သော နာကျင်မှုများ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း သူနှင့် ဆက်နွှယ်နေသည့် အကြောင်းအရာများကို စူးစမ်းမိနေဆဲဖြစ်သည်။ Weibo ပေါ်တွင် သူနှင့်ပတ်သတ်သော အမုန်းစကားများ မရှိတော့ဘဲ ကောင်းသတင်းများသာ ကျန်ရှိတော့သည်ကို လုလီ သတိထားမိသည်။ မကြာခင်တွင် စုံတွဲ variety shows များ ထွက်ရှိလာမည်ဖြစ်ပြီး ထို shows များတွင် ချန်းရန်နှင့်လုလီတို့ ပါဝင်လာမည်ဟူသော သတင်းကို အဓိက အတင်းအဖျင်း ဖိုရမ်များမှ ဖြန့်ဝေနေကြသည်။ လုလီ စိတ်ရှုပ်ထွေးသွားသည်။
ဟမ်? ငါ ဘာလို့ ဒီအကြောင်းကို မသိရတာလဲ? နှစ်ပေါင်းများစွာ ကြယ်ပွင့်နောက်လိုက်ခဲ့သည့် သူ့အတွေ့အကြုံအရ ဤသတင်းများသည် ‘random fans (ကောလဟာလသတင်း)’ များသာ ဖြစ်ကြောင်း သူသိလိုက်သည်။ ဤသည်မှာ ကြယ်ပွင့်နောက်လိုက်ရာတွင် fandom များ အသုံးများသော နည်းတစ်ခုဖြစ်သည်။ မည်သည့်အစီအစဉ် သို့မဟုတ် ရိုက်ကူးရေးမစတင်မီ မည်သူပါဝင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လေ့ရှိပြီး များသောအားဖြင့် ထိုလောကတွင် နာမည်ကြီးနေသော ကြယ်ပွင့်များနှင့် ပတ်သတ်နေပြီး ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်သည်။ အစောပိုင်းအဆင့်၌ပင် ပရိသတ်များ၏ စိတ်ဝင်စားမှုများနှင့် မီဒီယာများ၏ သတင်းဖြန့်မှုများကြောင့် ရလဒ်ထွက်ပေါ်လာသောအခါ ပိုပြီး ထင်ရှားလာသည်။
လုလီသည် ‘random fans’ များ သတင်းဖြန့်နေကြသော Weibo မှတ်ချက်ပေးသည့် နေရာများကို လှန်ကြည့်လိုက်သည်။ ဤချမ်းသာသောစုံတွဲသည် ဤသို့သော Variety Show တွင် ပါဝင်ခြင်းမှာ မဖြစ်နိုင်ဟု အောက်တွင် ပြောဆိုနေကြသော်လည်း တစ်ဖက်တွင် အားလုံး မျှော်လင့်နေကြသည်။
‘သစ်တော်သီးစုံတွဲ’ ၏ CP ပရိတ်သတ်အနည်းငယ် ရှိနေသေးသည်ကို လုလီ တွေ့လိုက်ရသည်။ ထိုပရိသတ်များသည် ယုံကြည်မှု မပျက်သွားကြသည့်အပြင် ပိုသစ္စာရှိလာကြသည်။
လုလီ ‘သစ်တော်သီးစုံတွဲ’ Super Talk ကို စတင်ခဲ့စဉ်က အခြေအနေမှာ ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ထိုနောက် ပိုင်းတွင် ‘I Love Pears’ အမည်ရှိ အသုံးပြုသူတစ်ဦးသည် 'သစ်တော်သီးစုံတွဲ’ နှင့်ပတ်သတ်သည့် ကိစ္စအဝဝကို လွှဲယူလိုက်ပြီး ပရိသတ်များအား လက်ဆောင်များပေးကမ်းခြင်းများအပြင် ကျန်ကိစ္စများကို တင်းကြပ်စွာစီမံခန့်ခွဲလျက်ရှိသည်။
လုလီသည် 'I Love Pears' ၏ ပင်မစာမျက်နှာကို နှိပ်ကြည့်လိုက်ရာ ထိုအသုံးပြုသူသည် သူ့ အလှဓာတ်ပုံအားလုံးကိုပြန်တင်ထားသည်ကိုတွေ့လိုက်ရပြီး ရေးသားထားသော စာတန်းများမှာ ‘lovely’, ‘good-looking’, ‘fairy’, ‘little princess’ စသဖြင့် ဖော်ပြထားသည်။ ဤသည်ကိုကြည့်ပြီး လုလီအပေါ် ထိုအသုံးပြုသူ၏ ရူးသွပ်သော အားပေးမှုကိုခံစားနိုင်သည်။ ထိုအကောင့်သည် အစပိုင်းတွင် CP ပရိသတ်အကောင့်တစ်ခုဖြစ်သော်လည်း၊ ယခု ပင်မ စာမျက်နှာကိုကြည့်ပါက လုလီ၏ တစ်ကိုယ်တော် ပရိသတ်အကောင့်ဟုပင် ထင်ကောင်းထင်နိုင် သည်။
သို့သော် ဤအချက်မှာ ထူးဆန်းနေသည်တော့ မဟုတ်ပေ။ လုလီကိုယ်တိုင် ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ပြသခဲ့ပြီး သူ့မျက်နှာကို လူသိရှင်ကြား ထုတ်ပြခဲ့သဖြင့် ထိုမှတဆင့် ပရိသတ်အများအပြား ရရှိခဲ့ရာ ၎င်းတို့အတွက် အထောက်အ ထားများ အလုံအလောက်ရှိနေသည်။ ချီချန်းရန်မှာမူ နှစ်စဉ် TV အင်တာဗျူးများတွင် ပေါ်လာတတ်သည်မှလွဲ၍ အမြဲတမ်း လျှို့ဝှက်စွာနေထိုင်တတ်သူဖြစ်သည်။ သို့သော် အခြားပရိသတ်များသည် ဤသို့မထင်ကြဟန်တူသည်။ 'I Love Pears' အသုံးပြုသူထံ ချဉ်းကပ်ရာတွင် အခက်အခဲကြုံတွေ့နေပုံရသည်။
'I Love Pears' အသုံးပြုသူသည် မကြာသေးမီက 'I Love Pears' ဇာတ်ကား၏ အောင်မြင်မှုအကြောင်း ဖြန့်ဝေထားသည့် စျေးကွက်ရှာဖွေရေးအကောင့်မှ Weibo ပို့စ်ကို 'ကြီး မြတ်သော’ ဟု ရေးကာ ပြန်တင်ထားသည်ကိုတွေ့ရသည်။
'ကြီးမြတ်သော’ ဟူသော စာသားကို မြင်သောအခါ လုလီ စိတ်ထဲတွင် ထိုအသုံးပြုသည် ပရိသတ်မဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်နေသော ခေါင်းဆောင်တစ်ဦးကဲ့သို့ပင် ရုတ်တရက် ခံစားလိုက်ရသည်။ → _ →
ထို Weibo ပို့စ်အောက်တွင် မှတ်ချက်များတွင် မကျေနပ်သံများ ရောစွက်နေသည်ကို တွေ့ရသည်။
[လီကျဲတော်တာကို အသိအမှတ်ပြုတယ်၊ ဒါပေမယ့် ဒီ ဘလော့ဂါက အရမ်းကြီးလွန်လွန်းမနေဘူးလား၊ သူ ခုနောက်ပိုင်း လုလီအကြောင်းတွေပဲ တင်နေသလိုပဲနော်]
[အမှန်ပဲ၊ သူသာ CP Fan အစစ်အမှန်ဆိုရင် ဒီလို ဘက်မလိုက်သင့်ဘူး၊ နှစ်ဖက်လုံးကို မျှမျှတတ Support ပေးရမှာ၊ အခုဟာက လုလီရဲ့ တစ်ကိုယ်တော် Fan ဖြစ်နေသလိုပဲ]
[သူ ဥက္ကဌချီအကြောင်းကို လုံးဝကို မတင်တာနော်၊ ဥက္ကဌချီက လျို့ဝှက်နေတတ်ပေမယ့် လုံးဝလှုပ်ရှားမှုမရှိတာတော့မဟုတ်ဘူး၊ ဒီနှစ်တွေ့ဆုံမေးမြန်းခန်းမှာလည်း သူ့ဓာတ်ပုံတွေအများကြီးထွက်ထားသေးတယ်]
['I Love Pears' ရေ ကျေးဇူးပြုပြီး နှစ်ယောက်လုံးကို မျှမျှတတ အားပေးပေးပါ၊ မင်းကိုယ်မင်း တစ်ကိုယ်တော် Fan မဟုတ်ပဲ CP Fan ဆိုတာ သတိရပေးပါဦး၊ အဲ့လိုလုပ်ပေးရင်တော့ ငါတို့လည်း အရမ်းကျေးဇူးတင်မိမှာပဲ]
[အရင်က မင်းဆီက Giveaway တွေ ရခဲ့ဖူးလို့ မင်းကို ကျေးဇူး တင်ပါတယ်၊ ဒါပေမယ့် မင်း လုလီကိုပဲ တစ်ဖက်သတ်အား ပေးနေသလိုပဲ၊ ဒီတိုင်းသာဆို အဆင်ပြေမနေဘူးနော်]
['I Love Pears' ရေ၊ ကျေးဇူးပြုပြီး နှစ်ဖက်လုံးကိုညီညီမျှမျှ ရပ်တည်ပေးပါ၊ CP Fan တွေက တစ်ကိုယ်တော် အားပေးသူတွေကို လက်မခံဘူး]
…
CP Fan အသိုင်းအဝန်းတွင် ၎င်းတို့ အလေးထားသော အရာမှာ နှစ်ဦးနှစ်ဖက်လုံးကို ဘက်လိုက်မှုမရှိပဲ ညီတူညီမျှ ချစ်ခင်ပေးစေချင်သည်ကို လုလီသိသည်။ 'I Love Pears' အကောင့်သည် အမှန်တကယ်ပင် လုလီ၏ တစ်ကိုယ်တော် အမာခံ ပရိသတ်တစ်ဦးကဲ့သို့ ပြုမူနေသဖြင့် CP ပရိသတ်များ ဤသည်ကို လက်မခံကြသည်မှာ အံ့ဩစရာတော့မရှိပေ။
လုလီ ထိုကိစ္စကို စိတ်မဝင်စားတော့ပဲ သူ Weibo သို့ ရောက်ရှိလာခြင်း၏ အဓိကအချက်ကို စတင်လိုက်သည်။ သူ ဤကာ လအတွင်း အွန်လိုင်းပေါ်တွင် ပျောက်နေသည်မှာ ကြာလှပြီဖြစ်၍ ယနေ့ check-in လုပ်ပြီး ကျန်းကျန်းမာမာနှင့် ရှိနေကြောင်းပြသခဲ့ပြီး 'အိမ်လုပ် ကွတ်ကီး' စာတန်းဖြင့် ဓာတ်ပုံတစ်ပုံတင်လိုက်သည်။
နေ့စဉ် check in လုပ်နေကြသည့် ပရိသတ်များသည် နောက် ဆုံး လုလီ လိုင်းပေါ်တက်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့ဩသွားကြပြီး repost များ Like များ ပြုလုပ်ခြင်း မှတ်ချက်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ မှတ်ချက်များတွင် ချီးကျူးစကားများဖြင့် ပြည့်နှက်နေပြီး မိနစ်အနည်းငယ်အကြာတွင် 'I Love Pears'အကောင့်မှ 'တော်လိုက်တဲ့ အိမ်ရှင်မကောင်းနဲ့မိ ခင်ကောင်း၊ like. အီမိုဂျီ' ဟူသော စာတန်းဖြင့် လုလီ၏ပို့စ်ကို ပြန်တင်ထားသည်။
လုလီ : “…”
ချီးကျူးပြောဆိုမှုများဖြင့် ပြည့်နှက်နေသောမှတ်ချက်များအတွင်း ဤရိုးရှင်းသော ချီးကျူးစကားတစ်ခုသည် ထင်ရှား ပေါ်လွင်လို့နေသည်။ သူ မှတ်မိသေးသည်။ ယခင်က လုလီ ကြယ်ပွင့်နောက်လိုက်ရာတွင် ‘ချစ်စရာလေး၊ အရမ်းလှတာပဲ၊ နတ်သားလေး” အစရှိသည့် ချဲ့ကားထားသော အသုံးအနှုန်းများကို အသုံးပြုခဲ့ပြီး ယခုပရိသတ်သည် ချီးကျူးပြောဆိုရာတွင် မကျွမ်းကျင်ဟန်ရှိသည်။
မကျွမ်းကျင်ပါက ရိုးရှင်းသောစကားလုံးများကိုလည်း အသုံး ပြုနိုင်သည်မဟုတ်ပါလား ?
Weibo တွင် 'I Love Pears' ပို့စ် အသစ် ထွက်လာသည်နှင့် တပြိုင်နက် CP Fan များသည် ၎င်း၏ မှတ်ချက်များအောက်တွင် မျှမျှတတဖြစ်ရန်တောင်းဆိုနေကြသည်။ သို့သော် ထိုပရိသတ်က ၎င်းတို့၏မှတ်ချက်များကို မမြင်ဟန်တူပြီး ပုံမှန်အတိုင်းဆက်တင်နေသည်။
CP ပရိသတ်အများအပြားသည် ချက်ချင်းဒေါသထွက်လာကြကာ ပိုလို့ပင်ဂယက်ထလာကြသည်။
[တဆိတ်လောက်... မင်း ငါတို့ ပြောနေတာကို မြင်ရဲ့လား ? အဖတ်မလုပ်တာလား ? မင်းက CP Fan တစ်ယောက်နော်၊ solo fan မဟုတ်ဘူး!]
[CP fan ပါဆိုမှ နှစ်ယောက်လုံးကို မျှမျှတတဖြစ်နေရမှာပေါ့]
[မင်းမျက်လုံးထဲမှာ မစ္စတာချီက အဲ့လောက်တောင် ဆွဲဆောင်မှုရှိမနေတာလား? အေးတိအေးစက်နေတက်တဲ့ သူ့ပုံစံကို မကြိုက်လို့လား?]
[မစ္စတာချီအတွက် တကယ်စိတ်မကောင်းဘူး၊ မစ္စတာချီကို လက်မခံနိုင်ဘူးဆိုရင် မင်းကိုယ်မင်း CP fan ခေါင်းစဉ် မတပ်နဲ့]
[ဒီလောက် မောက်မာတဲ့ Fan မျိုး မတွေ့ဖူးဘူး၊ ပိုက်ဆံရှိပြီး giveaway အလျှံအပယ် လုပ်ပေးနိုင်တာနဲ့ပဲ ဒီလိုမျိုး ယပြုမူလိုက်ရောလား?]
[နှစ်ယောက်လုံးကို တန်းတူမဆက်ဆံနိုင်ဘူးဆိုရင် မင်းကိုယ်မင်း နံပါတ်တစ် CP Fan လို့ မသတ်မှတ်ပါနဲ့၊ မင်းနဲ့မထိုက် တန်ဘူး]
…
အခြေအနေများသည် တင်းမာလာပြီး 'I Love Pears'အသုံးပြု သူသည် CP Fan များ၏အကြံပြုချက်များကို လျစ်လျူရှုကာ လုလီကိုသာ ဆက်လက်ပံ့ပိုးနေသည်ဟု စွပ်စွဲခံနေရသည်။ မျှမျှတတမရှိပဲ လုလီ၏ တစ်ကိုယ်တော် Fan အဖြစ်သာ ရှိနေ သည်ဟု ယူဆနေကြသည်။ ရလဒ်အနေဖြင့် 'I Love Pears' သည် CP Fan များ၏အပြင်းအထန်တိုက်ခိုက်ခြင်းကို ခံလိုက် ရသည်။
Super Talk တွင် ပရိသတ်များ အလွန်တုန်လှုပ်သွားကာ 'I Love Pears' အကောင့်ကို နံပါတ်တစ် CP Fan နေရာမှနှုတ် ထွက်ပေးရန် အော်ဟစ်တောင်းဆိုနေကြသည်။ ဤတစ်ကြိမ်တွင် လက်ဆောင်ပေးသည့် နည်းလမ်းအသုံးပြုကာ ချော့သိပ်လာမည်ဆိုလျှင်တောင် ပရိသတ်တိုင်းသည် သစ္စာရှိစွာဖြင့် လက်ခံကြမည်မဟုတ်သည်ကိုတွေ့ရသည်။
လုလီသည် သူ့ ပို့စ်တစ်ခုကြောင့် ဤမျှပြင်းထန်သော လှိုင်းလုံးများ ဖြစ်ပေါ်လာမည်ကိုမမျှော်လင့်ခဲ့ပေ။ ထို့နောက် 'I Love Pears' အသုံးပြုသူသည် အနည်းငယ် ချမ်းသာပုံရပြီး မည်သူ့ကိုမှ ဂရုမစိုက်ပုံပေါ်သည်ဟု လုလီ ထင်မြင်ယူဆခဲ့သည်။ 'I Love Pears' အသုံးပြုသူသည် ချီချန်းရန်အကြောင်း ထောက် ခံစကား အနည်းငယ်ပြောလိုက်ရုံဖြင့် CP ပရိသတ်များ၏ ဒေါသကိုငြိမ်းသတ်နိုင်ပြီး ဘက်မလိုက်သည့် အခြေအနေကို ပြသကာ လုလိ၏ ပို့စ်များကိုလည်း ဆက်တင်နိုင်မည်ဟု လုလီထင်သည်။
'I Love Pears' အောက်တွင် ရေးသားထားသော မှတ်ချက်တစ်ခုသည် ထိပ်ဆုံးနေရာတွင် ရောက်ရှိနေသည်ကို လုလီမြင်လိုက်ရသည်။
[ထိပ်တန်း CP Fan ဆိုတဲ့ ဂုဏ်ပုဒ်က စစ်မှန်တဲ့ ပရိသတ်တွေအတွက်ပဲ ဖြစ်နေရမှာ၊ ဟေ့ မင်း လုလီကို အဲ့လောက်တောင် ချစ်ပြနေတာ မင်းကိုယ် မင်း ချီချန်းရန်လို့များ ထင်နေတာလား? ]