အခန်း (၁၀၅)
Vol. 11 Ch. 105
"ငါပြောနိုင်တာက စွင်းမိုတို့အဖွဲ့ ရဲ့ ဒီလှုပ်ရှားမှုကဖေးမင်ရွမ် သူ့ ကိုယ်သူစတေးဖို့ဆန္ဒရှိမှပဲ အလုပ်ဖြစ်မှာ" ဟု ချင်ကျောက်သည် ချင်မိသားစုအတွက် ခွဲခြမ်းစိတ်ဖြာ ပေးခဲ့သည်။
ကျီဖေးက “တကယ်လို့ ဖေးကျဲသာဆိုရင် မန်နေဂျာတစ်ယောက်အနေနဲ့ သူ့အနုပညာရှင်ကို အပြစ်ပုံချတာက ကိစ္စကြီးမဟုတ်ဘူး။ ပြီးတော့ အနုပညာရှင်တွေနဲ့ မန်နေ ဂျာတွေက အတူတူပဲလေ။ အနုပညာရှင်တွေက လူတွေရဲ့ထောက်ခံမှုကို မဆုံးရှုံးသေးသရွေ့ သူတို့ ပိုက်ဆံရှာနိုင်သေးတယ်။ ကိုယ့်ရဲ့ငွေထုတ်စက်ကြီးကိုတော့ ပြဿနာတက်အောင်လုပ်လို့မရဘူး။ ဒါပေမဲ့ အခုက.."
ချင်ရုန် သက်ပြင်းချရင်း "ဖေးကျဲနဲ့ ဆက်ဆံရေး အရမ်းတင်းမာလာပြီးနောက် စွင်းမို ဒီလိုလုပ်ရက်တာမယုံနိုင်စရာပဲ”
မားမားချင်က “ဒီကောင်ကမကြောက်တတ်ဘူး၊ ဖေးအာက သူ့ကို မထိခိုက်စေလောက်ဘူးလို့ထင်နေတာလေ"
ချင်ရန်က အံ့အားသင့်ပြီး “သူက လုံးဝကို ယုံကြည်မှုရှိနေတာ မဟုတ်ဖူးလား? ဖေးမင်ရွမ် သူ့ကိုကြိုက်နေတယ်လို့တော့ မတွေးလောက်တော့ပါဘူးနော် ဟုတ်တယ်မလား?”
ပါးပါးချင်နှင့် ချင်ကျောက်သည် စွင်းမိုမှ ထိုမျှထိမမိုက်မဲနိုင်လောက်ဟူသောအကြည့်မျိုးဖြင့် အချင်းချင်း ကြည့်နေကြသည်။
ကောင်းဟောင်ပြန်ရောက်လာပြီး အားလုံးမှ သူ့အား စူးစူးရဲရဲကြည့်လာကြသည်။
ကောင်းဟောင် ပြုံးပြီး “ငါတို့ စိတ်ပူစရာမလိုတော့ဘူး"
"သက်သေအဖြစ် အွန်လိုင်းပေါ်ကိုတင်နိုင်တဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း ဒါမှမဟုတ် message အချို့ရှိတာလား?" ချင်ရုန်စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကောင်းဟောင် ရယ်လျက် "ငါတို့ ဒီနည်းကိုဘယ်လိုသုံးရမှာလဲ ? ဒါက ရှစ်ရာလောက်ဆုံးရှုံးပြီးမှ ရန်သူတစ်ထောင်ကိုနာကျင်စေမယ့်ဗျူဟာကြီး၊ ဖေးမင်ရွမ် အဲ့လောက် မဆုံးရှုံးသင့်ဘူး။”
အတင်းအဖျင်းနှစ်သက်သူ ချင်မိသားစုဝင်အများသည် ကောင်းဟောင်အား နားမလည်နိုင်ဘဲ ရှုပ်ထွေးစွာကြည့်နေကြသည်။
ကောင်းဟောင်က “စဉ်းစားကြည့်လိုက်၊ ဒီကောလဟာလတွေအကုန်လုံးက တခြားသူတွေဆီကပေါက်ကြားမှုကြောင့်ပဲ။ ယောက်ျားလေးနတ်ဘုရားအဖွဲ့က လူသိရှင် ကြားဘာမှမပြောရသေးဘူး။ ဖေးမင်ရွမ်ကသာ အချက် အလက်တွေကိုထုတ်ဖော်ပြီး သက်သေပြဖို့အတွက် ယောက်ျားလေးနတ်ဘုရားအဖွဲ့ အပေါ်ကို တာဝန်ယူမှုတာဝန်ခံမှု အား လုံးလွှဲချလိုက်မယ်ဆိုရင် သူ့လုပ်ငန်းရှင်တွေကို သစ္စာဖောက်တယ်လို့ထင်ခံရလိမ့်မယ်။ ဆင်ခြင် တုံတရားရှိတဲ့ ပရိသတ်တွေက အမှန်တရားကိုမြင်နိုင်လောက်ပေမယ့် သိပ်အလုပ်မဖြစ်ဘူး "
လူတိုင်းသည် ချက်ချင်းနားလည်သဘောပေါက်သွားပြီး ခံစားချက်များလေးနက်သွားသည်။
ဆင်ခြင်တုံတရားရှိသော ပရိသတ်များသည် ဇာတ်ညွှန်းအား မည်သူမှရွေးချယ်ခဲ့သည်၊ အဘယ်ကြောင့် ဖေးမင်ရွမ်အားဓားစာခံအဖြစ် ထုတ်ဖော်ခဲ့သည်ကို မှတ်မိနေသေးသည်။
သို့သော် အသုံးမကျသော ပရိသတ်များကမူ ၎င်းအား နောက်တစ်ဆင့်သို့ရောက်သွားစေလိမ့်မည်။
သူတို့၏ idol များသည် ဤလှုံ့ ဆော်မှုနောက်ကွယ်တွင် ရှိနေလိမ့်မည်ဟု သူတို့ မတွေးမိကြပေ။ သူတို့၏ idol များသည် မည်သည့်အမှားမှမလုပ်ပဲ၊ အခြားသူများက သဘောထားကွဲလွဲနေကြသည်ဟုသာ ခံစားကြရမည်ဖြစ်ပြီး၊ မန်နေဂျာမှ သူ့အလုပ်ရှင်များအား ကာကွယ်ပေးရမည့်အစား ၎င်းတို့၏ယုံကြည်မှုကို သစ္စာဖောက်သည်ဟု စွပ်စွဲပြီး သူတို့၏ယုံကြည်မှုအား မည်သို့သစ္စာဖောက်နိုင်ကြောင်းသာတွေးနေကြမည်ဖြစ်သည်။
ဒီလူတွေ ဘာပြောမလဲဆိုတာကို လူတိုင်းစိတ်ကူးကြည့်နိုင်သည်။
"အရေးကြီးဆုံးကတော့လုပ်ငန်းနယ်ပယ်မှာ သူ့နာမည်ဂုဏ်သတင်း ထိခိုက်ပြီး ဘယ်သူမှ သူ့ကိုအသုံးပြုရဲတော့မှာ မဟုတ်ဘူး။ သူ လုပ်ငန်းကနေထွက်ပြီး သူ့ကိုယ်သူအတွက် တိုက်ခိုက်ချင်ပေမယ့် အဲဒီလောက်ထိမဆင်မခြင် မလုပ်နိုင်ဘူး"
သူ့အား စိုက်ကြည့်နေသည့် လူတိုင်း၏ စူးစမ်းလိုစိတ်ရှိသော အမူအရာများအားမြင်လိုက်ရသည့်အခါ သူ့၏ မန်နေဂျာဆန်ဆန်ရှင်းပြမှုနှင့် ပတ်သတ်၍ရုတ်တရက် ကျေနပ်သွားသည်။
သူ့အုပ်ချုပ်မှုအောက်မှ အနုပညာရှင်များသာ သူပြောသည့်အခါဂရုတစိုက် နားထောင်ကြလိမ့်မည်ဆိုလျှင်။
ချင်ကျောက်သည် အမြဲတမ်းဂရုမစိုက်စွာနားထောင်တတ်ပြီး ကျီဖေးသည်လည်း နားထောင်နေရင်း စိတ်ကူးထဲလွှင့်မျောနေသည်။ တကယ်ကို ပူးပေါင်းဆောင်ရွက်မှုမရှိကြချေ။
ကောင်းဟောင်သည် ဖေးမင်ရွမ် ရှေ့ဆက်လုပ်ဆောင်မည့်အရာများအား ကြီးကျယ်ခမ်းနားစွာခွဲခြမ်းစိတ်ဖြာရန်ပြင်ဆင်နေသကဲ့သို့၊ လူတိုင်း၏အမူအရာများလျင် မြန်စွာပြောင်းလဲသွားသည်ကို သူမြင်လိုက်ပြီးနောက် သူတို့ ရုတ်တရက်နားလည်သွားပုံရပြီး ချက်ချင်းပင် သူပြောမည့်စကားအား စိတ်မဝင်စားကြတော့ချေ။
ကောင်းဟောင်: ????
အတင်းအဖျင်းစနစ် မှတဆင့် ဖေးမင်ရွမ်၏လှုပ်ရှားမှုများအားမြင်ဖူးပြီးသား ကျီဖေးသည် ပို့စ်များမှတဆင့် ကြည်နူးစွာလှိမ့်ဆင်းလာခဲ့ သည်။
အတွင်းစိတ်အတွေးများအားကြားပြီးသည့် အခြားသူ များသည်လည်း ဖေးမင်ရွမ်အား ဗုံးကြဲနေသော ပရိသတ်များမျက်နှာဖြတ်ရိုက်ခံရတော့မည်ကို သေချာလာကြသည်။
အမှန်မှာ လုပ်ဆောင်ချက်သည် အရမ်းရိုးရှင်းသည်။ ယခင်က စွင်းမိုနှင့် ရှုမုန် နမ်းနေသည့် ဓာတ်ပုံများပေါက်ကြားခဲ့ဖူးသည်။
၎င်းတို့သည် လျင်မြန်စွာပျံ့နှံ့ခဲ့သော်လည်း၊ အခြားအ သွားအလာများသော အချက်အလက်လှိုင်းများကြောင့် ၎င်းတို့သည် အွန်လိုင်းပေါ်တွင် အာရုံစိုက်မှုမရရှိခဲ့ပေ။ မရှင်းလင်းသောပုံများကြောင့် ၎င်းတို့အား Photoshop ပြုလုပ်ထားသည့် အတုများအဖြစ် မြင်သူများကပယ်ချခဲ့ကြသည်။
ဖေးမင်ရွမ်မှ သူတို့အတွက်အသွားအလာအချို့ တိတ်တ ဆိတ်ဝယ် ကာ ပေါက်ကွဲစေတတ်သည့် ခေါင်းစဉ်တစ်ခုပေး၍ အရာအားလုံးဖြစ်ပျက်သွားခဲ့သည်။
#စွင်းမိုက အတင်းအကြပ်မခိုင်းခဲ့ဘူးထင်တယ်၊ ကြည့်၊ သူလည်း စင်ပေါ်မှာ အပြင်းအထန်လေ့ကျင့်နေတာ#
[Pfft၊ ဖေးကျဲက ဘယ်လိုပြောရမလဲသိတယ်၊ များများပြောပေးပါ၊ ငါ ဖေးကျဲကို အထေ့အငေါ့အရှင်သခင်အဖြစ် သရဖူဆောင်းပေးမယ်။ နေဦး.. ဒီဓာတ်ပုံကို တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ သူတို့ကသီးသန့်နေရာတွေမှာလည်း အရမ်းဆာနေကြတာလား ? ဒါက ဘာလဲ ? ကုမ္ပဏီရဲ့ခေါင်မိုးလား ?]
[ငါ အရမ်းသိချင်နေပြီ၊ ဒီတစ်ကြိမ်တော့ ယန်ဟုန့်ဘက်ကတုန့် ပြန်လာမှာလား?]
ချင်မိသားစုသည် ယခင်ကထိုဓာတ်ပုံများအား အမှန်တကယ်မြင်ဖူးသည်၊ သို့သော် ဤခေါင်းစဉ်ဖြင့် မရယ်မိရန်အသည်းအသန်ကြိုးစားခဲ့ကြရသည်။
သေချာသည်မှာ စူးရှသည့်အမြင်အာရုံရှိသော မားကတ်တင်းအကောင့်အချို့မှာ ၎င်းအား အမြန်ရှာဖွေတွေ့ ရှိပြီး ချက်ချင်းပြန်တင်ခဲ့သည်။
သူတို့ပေါက်ကွဲဖို့စောင့်နေပေမယ့် နောက်ဆုံးအပိုင်း အတွက်စင်ပေါ်သို့ဖိတ်ခေါ်ခံခဲ့ရသည်။
ဖေးမင်ရွမ်အား ရင်ဆိုင်ရန်သတ္တိမရှိသော စွင်းမိုနှင့် သူ့အဖွဲ့ သည် အခြားနေရာမှ စင်မြင့်ပေါ်သို့ရောက်လာကြသည်။
ချင်ကျောက်နှင့် ကျီဖေးတက်လာပြီးနောက်တွင် ၎င်းတို့ ၏အမူအရာ များ ပြန်လည်ကောင်းမွန်လာပြီဖြစ် ကြောင်း၊ သူတို့၏အန္တရာယ်ရှိသော နည်းလမ်းသည် ၎င်းတို့၏ဘေးဒုက္ခများမှ ရုန်းထွက်နိုင်ပြီဖြစ်ကြောင်း သိသာထင်ရှားစွာခံစားလာရသည်။
ချင်ကျောက်နှင့် ကျီဖေးတို့သည် ၎င်းတို့၏အပြောအဆိုများအား ထိန်းထားပြီး အင်တာဗျူးကိုလက်ခံကာ သရုပ် ဆောင်စွမ်းရည်မှ ဇာတ်ညွှန်းအထိအရာအားလုံးကို တစ် ဆင့်ပြီးတစ်ဆင့်ဆွေးနွေးခဲ့ကြသည်။
စွင်းမိုနှင့် သူ့အဖွဲ့သည် သူတို့ သရုပ်ဆောင်သည့် ဇာတ် ညွှန်းနှင့် ပတ်သက်ပြီး သူတို့၏ အကူအညီမဲ့မှုကိုတောင် ပြောင်ပြောင်တင်းတင်းဖော်ပြခဲ့ပြီး ထိပ်တန်း Idol အဖွဲ့ ၏ဇာတ်ညွှန်းအယူအဆအား သဘောတူခဲ့ကြသည်။
ထိုအချိန်တွင် ကျီဖေးနှင့် ချင်ကျောက် စတင်ချောင်းဆိုးတော့သည်။ သူတို့၏မျက်နှာများ နီရဲနေသည်ကို ထိန်းမရချေ။
ယောက်ျားလေးနတ်ဘုရားအဖွဲ့ မှ ထိပ်တန်း Idol အဖွဲ့ အား အံ့အားသင့်စေသည့် ၎င်းတို့၏ကြီးကျယ်ခမ်းနားမှုဟုထင်ကောင်းထင်နိုင်သည်။
တကယ်တော့ နှစ်ယောက်သားမှာရယ်မောချင်နေကြတာဖြစ်သည်။
ဒီတစ်ကြိမ်တွင်တော့ အပျက်အစီးများမရှိခဲ့ဘဲ စင်ပေါ်ကနေ ချောချောမောမောထွက်သွားကြသည်။ သို့သော် မထွက်ခွာမီတွင် ကင်မရာနောက်ကွယ်မှ ဒါရိုက်တာများနှင့် ထုတ်လုပ်သူများအားမမြင်ခဲ့ရဘဲ commentများမှာ ကန့်လန့်ကာကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားသည်ကို အံသြစွာကြုံတွေ့ခဲ့ရသည်။
ထို့နောက် သူတို့ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းအား အမြန်ပိတ်လိုက်ကြသည်။
သူတို့ ပွဲပြီးသွားသည်နှင့်၊ နောက်ဆက်တွဲမုန်တိုင်းများမှာ သူတို့နှင့် ဘာမှမဆိုင်ပေ၊ ဘာမှ !!!
သိပ်မကြာခင်ကပင် အင်တာနက်အသုံးပြုသူများသည် လုပ်ကြံမှု သီအိုရီအမျိုးမျိုးဖြင့် အမျိုးသားနတ်ဘုရားနှစ်ပါးလုံး၏ပရိသတ်များအား စိတ်လှုပ်ရှားစွာ အတင်း အဖျင်းပြောနေကြသည်ကို မြင်တွေ့ခဲ့ရသော်လည်း ၎င်းတို့အား ပြန်ကြည့်သောအခါ အားလုံးမှာတုန်လှုပ်သွားကြရသည်။
"ဒါကဘာလဲ ? အပြင်လူတစ်ယောက်အနေနဲ့ ငါ နားတော့မလည်ပါဘူး၊ သရုပ်ဆောင်တွေက အစမ်းလေ့ကျင့်ချိန်မှာ ဒီလိုအနမ်းခန်းတွေ လုပ်ဖို့လိုလို့လား?”
"ငါ့ ဖင်ကြီးကိုပဲ အစမ်းလေ့ကျင့်၊ ဒါက အစမ်းလေ့ကျင့်တဲ့အခန်းတောင်မဟုတ်ဘူး၊ သူတို့က အပြင်မှာ လုပ်နေကြတာ၊ အတင်းကြီး အစမ်းလေ့ကျင့်တယ်လို့မပြောနဲ့၊ ဒီဘက်ခေတ် အင်တာနက်ပေါ်ကလူတွေကို လွယ်လွယ်နဲ့ အရူးလုပ်လို့မရဘူး"
"အဲဒီ အနေအထားကို ကြည့်လိုက်၊ အားရပါးရကိုနမ်းနေကြတာ၊ အဲ့မှာတင် အတိအကျဖမ်းမိသွားပြီ၊ ဒါကသာ ဖိအားပေးခံရလို့ဆိုရင် ငါ ကင်းမှီးကောက်ထောင်ပြီး ခေါင်းလျှော်ပြမယ်။”
"ဒီပုံထဲက အဝတ်အစားတွေက.. ငါ့စိတ်ထင် သူတို့ရဲ့ ပရိတ်သတ်တွေတင်ထားတဲ့ ဓါတ်ပုံတွေထဲမှာမြင်ဖူးသလိုပဲ၊ ဒါပေမယ့် ဒါ သာမန်ကာလျှံကာလေးပါပဲ၊ အလုပ်မဖြစ်ဘူး။ ဒါ သေချာပေါက်ကိစ္စတစ်ခုပဲ။"
"သောက်ချီး၊ မန်နေဂျာက သူတို့ကို အတင်းအကြပ်ဖိအားပေးပြီး ဒီလို ဇာတ်ညွှန်းကိုဖျော်ဖြေခိုင်း၊ အနမ်းဇာတ်ကွက်တွေ ရိုက်ခိုင်းတယ်လို့ပြောတာပဲ..."
"ငါပြောတာက သူတို့ရဲ့ပရိတ်သတ်တွေက ဦးနှောက်မသုံးကြဘူးလား? မန်နေဂျာက စွင်းမိုရဲ့ဆုံးဖြတ်ချက်တွေကိုထိန်းချုပ်နိုင်ခဲ့ရင်တောင်မှ ယန်ဟုန်နဲ့ ရှုမုန့် ကို ထိန်း ချုပ်နိုင်ပါ့မလား ? ဟာသပဲ !"
"စွင်းမိုရဲ့ အဆင့်အတန်းနဲ့တောင်မှ သူ့မန်နေဂျာကို ဘာမှမပြောနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ နစ်နာသူလိုဟန် ဆောင်ပြီး ဒီကျရှုံးမှုအတွက်အပြစ်လွှဲချချင်နေတာ ဟုတ်တယ် ဟုတ် ? ယောက်ျားတစ်ယောက်အနေနဲ့ အရမ်းတာဝန်မဲ့လွန်းတယ်။ ငါကတော့ သူ့ပရိသတ် မဟုတ်တော့ဘူးလို့ ကြေငြာလိုက်မယ်။"
"အားလုံးပဲ၊ ကောက်ချက်ချမစောကြပါနဲ့၊ ငါတို့ လမ်းလွဲသွားနိုင်တယ်။ ငါတို့ကောကို အပုပ်ချဖို့ တမင်တကာ ဓာတ်ပုံအတုတွေသုံးပြီး ဆန့်ကျင်တာဆိုရင် ဘယ်လိုလုပ်မလဲ? အဲ့တာက အခြားဓာတ်ပုံတွေကိုဖြတ်ညှပ်ကပ်လုပ်ထားတာ ဖြစ်နိုင်တယ်...."
စွင်းမို၏ပရိသတ်များမှ သူတို့ကိုယ်သူတို့ နှစ်သိမ့်ဖို့ အကြောင်းပြချက်များ မရှာခင်မှာပင် ယန်ဟုန်၏ ပရိ သတ်များက အရင်ဒေါသထွက်ခဲ့သည်။ သူတို့ တွန့်ဆုတ်စွာနဲ့ လက်ခံခဲ့ရတဲ့ ခယ်မက လာလှည့်စားနေတာလား?!
ယခင်က စွင်းမိုမှ ယန်ဟုန်၏ဇာတ်ကောင်အား ခိုးယူခဲ့သည်ဆိုသည်ကပင် လုံလုံလောက်လောက် ဆိုးရွားနေခဲ့ပြီဖြစ်သည်။ ထိုသည်အားခွင့်လွှတ်ပေးနိုင်သော်လည်း ယခုမူ ချစ်သူကောင်မလေးအား ခိုးသွားခြင်းလား ? မဖြစ်နိုင်ဘူး၊ ငါတို့ ဒီကိစ္စကို အောက်ခြေအထိ သိကိုသိရမှဖြစ်မယ်။
ထိုအချိန်တိုက်ရိုက်ထုတ်လွှင့်မှုသည် နောက်ဆုံးအပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ commentများသည် ဒီရေအလား ပြည့်လျှံနေသည်။ သို့သော် သရုပ်ဆောင်များမှာ လှည့်ထွက်သွားကြပြီဖြစ်ပြီး၊ ကြီးမားသည့်ဖန်သားပြင်ကြီးမှာ ဆက်မပြတော့သဖြင့် ထို commentများအား မည်သူမှ မမြင်လိုက်ကြချေ။
ယန်ဟုန်၏ပရိသတ်များဟာ သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ထုတ်လွှတ်လိုက်သည်နှင့် ပရော်ဖက်ရှင်နယ် စိစစ်မှုများအပြီးတွင်၊ လျှို့ဝှက်စွာနမ်းနေစဉ် တစ် စုံတစ်ယောက်၏ဒရုန်းဖြင့် မတော်တဆ ရိုက်ကူးထားမိခဲ့သောဓာတ်ပုံများသည် 100% အစစ်အမှန်ဖြစ်နေသည်။
ဒါက တိုက်ရိုက်ထိချက်တစ်ခုပဲ၊ ယန်ဟုန်၏ပရိသတ်များပေါက်ကွဲသွားခဲ့သည်။ စွင်းမို၏ပရိသတ်များနှင့် ချက်ချင်းဆိုသလို အပြင်းအထန်အငြင်းအခုံဖြစ်ခဲ့ကြပြီး အချင်းချင်းအညစ်အကြေးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
ရှုမုန့်သည်လည်း ပရိသတ်အချို့နှင့် တတိယအဆင့် မင်းသမီးတစ်ဦးဖြစ်သည်။ သူ့ပရိသတ်များသည် ရွေး ချယ်စရာမရှိ ဘဲ သူတို့ကျဲသည် အရှက်မရှိသည့်လိမ် လည်လှည့်ဖြားသူဖြစ်ကြောင်းဝန်မခံချင်သဖြင့် ၎င်းတို့ထဲမှတစ်ဝက်ဟာ ရှုမုန့်အားထွက်လာပြီး ရှင်းပြရန် တောင်းဆိုခဲ့ပြီး ကျန်တစ်ဝက်မှာတော့ ရှုမုန့် မှဖိအားပေးခဲ့သည်ဟု စတင်သံသယရှိလာကြသည်။
အတိုချုံးပြောရလျှင်၊ ထိပ်တန်းချင်အဖွဲ့၏တိုက်ပွဲဝင်ပရိသတ်များနှင့် ကျီဖေး၏အပျော်တမ်း အတင်းအဖျင်းပရိသတ်များအပါအဝင် တိုက်ပွဲသုံးခုရှိပြီး weibo ၏ server များအား အချိန်အတော်ကြာပျက်စီးသွားစေခဲ့သည်။
ပြန်လည်ကောင်းမွန်လာသည့်အခါတွင် အချို့အရာများမှာနိဂုံးချုပ်သွားခဲ့ပြီ။
"ရယ်စရာကောင်းလိုက်တာ၊ ဒါ ယန်ဟုန့်ချစ်သူကိုလုဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုဇာတ်ညွှန်းမျိုးစီစဉ်ခဲ့တာက စွင်းမိုပဲလို့ပဲ ငါ ထင်တယ်၊ သူတို့ တိတ်တိတ်ပုန်းတွဲနေတာကြာလှပြီ။ ယန်ဟုန်ရဲ့ခေါင်းကတော့ မြက်စိမ်းစိမ်းတွေနဲ့ ဖုံးနေပြီ၊ သူ့မယားအခိုးယူခံလိုက်ရတာတောင် တခြားယောက်ျားတစ်ယောက်ရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းအတွက် မိုက်မိုက်မဲမဲကူညီပေးနေတုန်းပဲ။"
"သောက်ကျိုးနည်း ၊ ဒါက ပေါက်ကွဲမှုပဲ။ အစောတုန်းက ယန်ဟုန်ရဲ့ပရိသတ်တွေက ဒီ Show အတွက် အများကြီး စတေးပြီး သူ့ရည်းစားကို လှူခဲ့တာလို့ပြောနေတာ။ ငါက ဒါကိုအနုပညာသပ်သပ်ပဲလို့ ထင်ခဲ့တာ၊ ဦးထုပ်စိမ်းဆောင်းချင်တဲ့ တစ်စုံတစ်ယောက်ပေါ်လာတယ်လား!"
"နင် အခုပြောလိုက်တော့၊ ငါ ရုတ်တရက်ကြီး ကောင်း ကင်မင်းကြီးနဲ့ နတ်ဘုရားမတို့ နမ်းနေတဲ့ မြင်ကွင်းက အရမ်းရွံဖို့ကောင်းတယ်လို့ ခံစားလိုက်လာရပြီ၊ ဒါက လုံးဝကိုဖျော်ဖြေမှုမဟုတ်ဘူး၊ ဒါက ကိုယ်ရေးကိုယ်တာဆန္ဒသပ်သပ်ပဲ။ သူတို့က ရှင်းရှင်းလင်းလင်းကြီး ပရိသတ်တွေကို အရူးတွေလိုဆက်ဆံနေကြတာ။"
“ငါတို့ကမှ တော်သေးတယ်၊ သူတို့ ပရိသတ်တွေကတကယ့်ကို အရူးတွေပဲ၊ ဟားဟားဟား၊ ငါ သူတို့အတွက် စိတ်တောင်မကောင်းဘူး။"
"Unfollow လုပ်လိုက်၊ Unfollow လုပ်လိုက်၊ စွင်းမိုကို တစ်သက်လုံး နာမည်ပျက်စာရင်းသွင်းထား၊"
"ဖေးကျဲက နင့်ဘေးနားမှာကြိုးကြိုးစားစားလုပ်လာခဲ့တာကြာပြီ။ နင်က ကျေးဇူးမဆပ်တဲ့အပြင်ကိုမှ နင်နဲ့ နင့်ချစ်သူလေး ဒုက္ခကြုံလာတဲ့အခါကာကွယ်ဖို့ သူ့ကို ဘတ်စ်ကားအောက်ပစ်ချလိုက်တာက မဆိုးရွားလွန်းဘူးလား ? ငါ နင့်အပေါ် ထင်မြင်ချက်တွေ လွဲမှားခဲ့တာပဲ၊"
“စွင်းမို၊ နင့်မှာ အသိတရားရောရှိရဲ့လား? ငါတို့ အမျိုး သမီးတွေက နင့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက် နှလုံးသားနဲ့ စိတ်ဝိညာဉ်တွေလောင်းထည့်ခဲ့တယ် ပြီးတော့ နင်ကတခြားသူရဲ့ရည်းစားကို ခိုးယူဖို့သပ်သပ်နဲ့ အရေးကြီးတဲ့ Show ကိုသုံးပြီး သောက်အရှုပ်ထုပ်တွေလုပ်နေတာလား? နင် လုံးဝကို အရှက်မရှိတဲ့ကောင်၊"
"နင့်ရဲ့ပြောင်းလဲမှုက အဆင်ပြေပြေဖြစ်နေတဲ့အချိန်မှာ ရုတ်တရက်ကြီး ဘာလို့ အရမ်းခေတ်နောက်ကျနေတဲ့ဟာကိုဖျော်ဖြေတာပါလိမ့်လို့ ငါ အံ့ဩနေခဲ့တာ။ ဒီတော့ ဒါက အကြောင်းပြချက်ပေါ့။ စွင်းမို၊ နင် ချိန်းတွေ့ တာကို ငါ မတားပါဘူး ဒါပေမဲ့ နင့်အချစ်အတွက်နဲ့ နင့်အသက် မွေးဝမ်းကြောင်းလုပ်ငန်းကို ဖျက်စီးနေရင်းနဲ့ ရည်မှန်း ချက်ကြီးသလို ငါတို့ရဲ့အားထုတ်မှုတွေထဲပျော်ရွှင်နေသလိုတော့ ဟန်ဆောင်နေလို့မရဘူးလေ။ ငါ တကယ်ကန်းနေတာပဲ။“
ဒရာမာအားနှစ်သက်နေကြသော ကြည့်ရှုသူများသည် ၎င်းတို့၏ထင်မြင်ချက်များကို မမျှဝေပဲ မနေနိုင်ကျချေ။
“ဒီကို လာပြီးစဉ်းစားကြည့်၊ နတ်ဘုရားနဲ့ သူတို့ရဲ့ နောက် လိုက်တွေကြားက ဆက်ဆံရေးက ဒီလိုအရသာမျိုးပဲနေမယ်။ အချစ်အတွက် သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုဖျက်စီးနေတဲ့ Idolတစ်ယောက်က အချစ်အတွက်နဲ့ သူတို့ရဲ့တာဝန်တွေကို လစ်လျူရှုထားတဲ့နတ်ဘုရားတစ်ပါး နဲ့ မတူဘူးလား? နှစ်ယောက်လုံးက သူတို့ကိုဝိညာဉ်မဏ္ဍိုင်အဖြစ်နဲ့ ယုံကြည်၊ ထောက်ပံ့၊ ကိုးကွယ်နေတဲ့သူတွေကို သစ္စာဖောက်နေကြတာ။"
"ငါ့ကောင်ရေ၊ မင်းက ကွယ်နေတဲ့ ရှုထောင့်ကိုမြင်လိုက်တာပဲ၊”
ဒါပေါ့၊ ခေါင်းမာမာနှင့် ခံနိုင်ရည်ရှိသည့် ပရိသတ်များလည်းရှိနေတုန်းပင်။
"ဒါတွေက စွင်းမိုပြောတာမဟုတ်ဘဲ မားကက်တင်းအကောင့်တွေကနေ ပျံ့ နှံ့နေတဲ့ ကောလဟာလတွေချည်းပဲ။ သူ ဘယ်သူ့ကိုမှ ဘတ်စ်ကားအောက်တွန်းမချဘူး။ လှည့်ကွက်တွေကို သတိထား၊"
"ဒါကိုသာ ဖြေလိုက်စမ်းပါ၊ သူက တခြားသူရဲ့ ရည်းစားနဲ့ ရှုပ်ခဲ့လား၊ မရှုပ်ခဲ့ဘူးလား?
"......"
"မဟုတ်ဘူး၊ ဒါတွေအားလုံးက ကျီဖေးနဲ့ ချင်ကျောက်ရဲ့ အမှားပဲ၊ သူတို့က ငါတို့ရဲ့ကောကိုအန္တရာယ်ပြုဖို့ ကြံစည်နေကြတာ။ သူတို့နဲ့ မတွေ့ ခင်တုန်းက ငါတို့ကော အဆင် ပြေပြေပဲ၊ ကောက ငါ့ရဲ့ထာဝရယုံကြည်မှုပဲ၊ ငါ သူ့ကိုယုံတယ်၊ ငါ အခုပဲ သူတို့ကို vote သွားပေးမယ်၊"
စွင်းမိုအား အလွန်အမင်းအားပေးသူ အနည်းစုကသာ မျက်စိစုံမှိတ်ထောက်ခံနေကြသော်လည်း တကယ့်လှိုင်းလုံးများကိုတော့ မလှုပ်ခတ်နိုင်ကြပေ။
ထိုအချိန်တွင် အဖွဲ့ နှစ်ဖွဲ့သည် စင်မြင့်ပေါ်သို့ နောက်တစ်ကြိမ်ပြန်ရောက်လာပြီး ယခင်ကထက် ဝန်ထမ်းများပိုမိုများပြားနေပုံရသည်ကို ထူးထူးခြားခြားသတိပြုမိလိုက်သည်။
ကျီဖေးနှင့် ချင်ကျောက်တို့သည် အမှန်တရားကိုသိကြသည်- သူတို့အားလုံး ဒရာမာကြည့်ဖို့ရောက်လာကြတဲ့ အတင်းအဖျင်းဝါသနာရှင်တွေပဲ!