အခန်း (၂၄၉၁-၂၄၉၃)
Vol. 103 Ch. 1491-1493
အပိုင်း (၂၄၉၁)
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ငါ သူ့ကို မေပယ်မြို့မှာ တွေ့ခဲ့ဖူးတာ… ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ငါးရောင်ခြယ်ရတနာဘုရား ပွင့်တုန်းကပေါ့… အဲ့တုန်းက ဘုံကိုးသွယ် အသက်အားဖြည့်ဆေးလုံးတွေကို သူလိုက်ရောင်းနေတာ… သူပြောတာတော့ အဲ့ဆေးလုံးက လူတစ်ဦးကို သေရာကနေတောင် ပြန်ဆွဲခေါ်နိုင်တယ်ဆိုပဲ… ပြီးတော့ ရှောင်ချီရဲ့ အရင်းအမြစ်ကျောက်တွေကိုလည်း သူလိမ်ယူသွားသေးတယ်…”
“အဲ့လိုမျိုးဖြစ်သွားတာလား…” အကုန်လုံး အံ့ဩသွားကြသည်။
လန်ရွှင်း၏မျက်နှာ မည်းမှောင်သွားခဲ့လေသည်။ “ဒါဆို သူက လူလိမ်ပေါ့…”
လန်ရွှင်းဘဝတွင် ဘုံကိုးသွယ် အသက်အားဖြည့်ဆေးလုံးများအကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။ လူတစ်ဦးအား သေရာမှ ပြန်လည်ဆွဲခေါ်နိုင်သော အာနိသင်အား ပိုင်ဆိုင်ထားသည့် ဆေးလုံးဆိုလျှင်တော့ ဝေလာဝေးပင်။ ထိုကဲ့သို့သော ဆေးလုံးမျိုးအား ပိုင်ဆိုင်ထားသည့်လူသည် ထိုဆေးလုံးအား သူတို့အတွက်သာ သိမ်းထားကြပေလိမ့်မည်။ အခြားသူများအား လိုက်ရောင်းကြလိမ့်မည် မဟုတ်ချေ။
အစကတော့ လူအိုကြီးပြောသည့် စကားကို ကြားပြီးသည့်နောက် လန်ရွှင်းစိတ်ထဲ မျှော်လင့်ချက်တို့ ရိပ်တက်လာခဲ့ပါသော်ငြား ရန်ကိုင်ပြောပြသည်ကို နားထောင်ပြီးသည့်နောက်တွင် ထိုမျှော်လင့်ချက်အားလုံး ကွဲကြေပျက်စီးသွားခဲ့ရလေသည်။
ရန်ကိုင်ပြောနေသည့်လူသာ ဤလူအိုကြီးဖြစ်နေမည်ဆိုပါက သူဝင်ပါလိုက်ခြင်းသည် ပိုမကောင်းသွားသည့်အပြင် မိုရှောင်ချီ၏ အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေနိုင်ပေသည်။
လန်ချိုက ပြစ်တင်ပြောဆိုလိုက်လေ၏။ “သက်ကြားအိုကြီး… ဒီသခင်လေးရဲ့ မြင်ကွင်းထဲကနေ မြန်မြန်ထွက်သွားလိုက်စမ်း…”
လက်ရှိအခြေအနေမှာ သူ့အပြစ်ကြောင့်ချည်း ဖြစ်သည်ဟု ပြော၍မရသော်ငြား မိုရှောင်ချီ ဤကဲ့သို့ဖြစ်သွားသည်မှာ သူနှင့် အနည်းငယ် သက်ဆိုင်ပေသေးသည်။ မိုရှောင်ချီသာ တစ်ခုခုဖြစ်သွားမည်ဆိုပါက သူ့အနေဖြင့် သားရဲသခင်မဟာဧကရာဇ်အား မည်သို့မှ သွားရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် လူလိမ်အိုကြီးမှ မိုရှောင်ချီနားသို့ လျှောက်သွားနေသည်ကိုမြင်သော် လန်ချိုမှာ သူ့လှံဖြင့် အလျင်စလို ထိုးချလိုက်လေသည်။
လက်ရှိ မိုရှောင်ချီမှာ အသိစိတ်လွတ်သွားရုံသာ ဖြစ်ပြီး အသက်အန္တရာယ် မရှိသေးချေ။ သို့သော်ငြား လူအိုကြီးဆီ အကူအညီတောင်းလိုက်၍ လူအိုကြီးကြောင့် မိုရှောင်ချီ ဒုက္ခရောက်သွားပါက တစ်ပူပေါ် နောက်တစ်ပူ ထပ်ဆင့်သွားရပေလိမ့်မည်။
လှံရှည်သည် အံ့အားသင့်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်လျက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရင်း လူအိုကြီးရှေ့သို့ တမုဟုတ်ချည်း ရောက်လာခဲ့သည်။
လန်ချို၏ တိုက်ကွက်မှာ အားကောင်းလှပါသော်ငြား သူ့တိုက်ကွက်ထဲ မည်သည့်သတ်ဖြတ်လိုစိတ်မှ ကိန်းအောင်းနေခြင်း မရှိခဲ့ချေ။ လန်ချိုသည် လူလိမ်အိုကြီးအား ဤနေရာမှ မောင်းထုတ်လိုခြင်းသာ ဖြစ်ပေသည်။
သို့သော်ငြား ထိုကဲ့သို့သော တိုက်ကွက်ကို ရင်ဆိုင်နေရသည့်တိုင် လူလိမ်အိုကြီးမှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသည်။ မည်သည့်အန္တရာယ်အငွေ့အသက်ကိုမှ မခံစားမိသည့်အလား။ လှံရှည် သူ့အနားသို့ ချည်းကပ်လာသည်ကိုမြင်သော် လူလိမ်အိုကြီးသည် သူ့လက်ကို အသာအယာ ဝှေ့ယမ်းချလိုက်လေသည်။
သို့သော်ငြား ဖြစ်ပေါ်လာသည့် မြင်ကွင်းမှာတော့ ကြည့်နေသူအားလုံးအတွက် အလွန်ကိုမှ ထိတ်လန့်အံ့ဩဖွယ်ရာ ကောင်းနေခဲ့လေသည်။ လူအိုကြီးမှာ သူ့လက်အား သာမန်ကာလျှံကာသာ ဝှေ့ယမ်းလိုက်ပါသော်ငြား လန်ချို၏ လှံရှည်တိုက်ကွက်ထဲတွင် ကိန်းအောင်းနေသော စွမ်းအင်အလုံးစုံမှာတော့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရလေသည်။
လက်ရှိပုံစံကို ကြည့်ရသလောက် လန်ချိုသည် တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးအား သွားတိုက်ခိုက်နေသည်နှင့်ပင် တူပေသေးသည်။ လူအိုကြီးမှ သူ့လက်အား ဝှေ့ရမ်းလိုက်သည့်ပုံသည် စီနီယာပညာရှင်ကြီးတစ်ဦးမှ သူထက်အားနည်းသည့် ဂျူနီယာ တစ်ဦး၏ တိုက်ကွက်ကို အမှုမထားဟန်ဖြင့် ချေဖျက်လိုက်သည့် ပုံစံနှင့်ပင် တူနေပေသည်။
ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် အကုန်လုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့လေသည်။
လန်ချိုမှာလည်း သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။
လှံရှည်၏ တိုက်ခိုက်မှုကို ချေဖျက်ပြီးသည့်နောက် လူလိမ်အိုကြီးသည် အနည်းငယ်မျှပင်လျှင် ထိခိုက်သွားခြင်းမရှိဘဲ အကောင်းအတိုင်း ရပ်နေခဲ့လေသည်။ သူ့အဝတ်အစားများပင်လျှင် တွန့်ကြေသွားခြင်းမရှိ။
“ဘယ်လိုကြီးလဲ…” လန်ချို၏ မာနတရားတို့မှာလည်း ဤအဖြစ်အပျက်ကြောင့် တစ်စစီ ကွဲကြေပျက်စီးကုန်ရလေပြီ။
ယခုအဖြစ်အပျက်မတိုင်ခင် သူ၏ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းကို အားကိုးလျက် ရန်ကိုင့်အား သင်ခန်းစာပေးရန် ကြိုးစားခဲ့ပါသော်ငြား ရန်ကိုင်သည် သူ့တိုက်ကွက်အား လက်ဗလာသက်သက်ဖြင့် ခုခံပြသွားခဲ့သည်။ ထို့နောက် ဘယ်ကမှန်း မသိသော တာတိုသခင်တတိယအဆင့်သာ ရှိသေးသည့် လူအိုကြီးတစ်ဦးကို သွားရောက် တိုက်ခိုက်ရာတွင်လည်း လူအိုကြီး၏ သူ့တိုက်ကွက်အား လက်တစ်ချက် ဝှေ့ရမ်းလျက် ချေပျက်ပြသွားပြန်သည်။
ထိုအဖြစ်အပျက်အားလုံးကို သူကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမှ ဧကရာဇ်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုအား လက်ဗလာဖြင့် ခုခံနိုင်သည်ဟူသော အချက်ကို လန်ချို လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
ယနေ့ခေတ် တာအိုသခင်အဆင့် ကျင့်ကြံသူများသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ကွက်ကို လက်ဗလာဖြင့်ပင် ခုခံနိုင်သည်အထိ အားကောင်းလာကြလေကုန်သလော။ ထိုသို့သာဖြစ်မည်ဆိုပါက သူတို့အနြေငဖ့် ဘာကြောင့်များ ဧကရာဇ်အဆင့်သို့ ရောက်ရန်အတွက် အားတက်သရော ကြိုးစားနေကြပါဦးမည်နည်း။ တာအိုသခင်အဆင့်တွင်သာ နေလိုက်ပေတော့မည်။
ထိုသို့မဟုတ်ဘဲ လန်ချိုကိုယ်တိုင်ကကို ဧကရာဇ်အဆင့်သို့ မရောက်သေးခြင်းပေလော။ ဧကရာဇ်အဆင့်သို့ ရောက်နေပြီဟူ၍ သူ့ဘာသာ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား။
လန်ချိုစိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။
ရန်ကိုင်ကိုယ်တိုင်မှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။
လန်ချို၏တိုက်ကွက်ကို သူ့အနေဖြင့် လက်ချည်းသက်သက်သုံး၍ ခုခံနိုင်ခဲ့ပါသော်ငြား လန်ချို အားကောင်းသည့် အချက်ကိုတော့ အသိအမှတ်ပြုပေသည်။ လန်ချိုနှင့်သာ သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုပါက ရန်ကိုင့်အဖို့ လန်ချိုအား အနိုင်ယူရန် မလွယ်ကူပေ။ တကယ်တော့ လန်ချိုသည် လက်ရွေးစင်များအနက်မှ ပါရမီရှင်လက်ရွေးစင်တစ်ဦးပင် မဟုတ်ပေလော။
ထိုလှံတိုက်ကွက် မည်မျှအားကောင်းသလဲ ဆိုသည်ကို ရန်ကိုင် သေသေချာချာ သိပေသည်။ သူ့အတွက်ပင်လျှင် ထိုလှံတိုက်ကွက်ကို ချေဖျက်ရန်အတွက် အတော်လေးကိုမှ ခက်ခဲခဲ့လေရာ လူလိမ်အိုကြီးသည် မည်ကဲ့သို့များ အလွယ်တကူ လုပ်ပြသွားရလေသနည်း။
ဤလူအိုကြီး မည်သူဖြစ်သနည်း။ သူသည် ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသော ပညာရှင်တစ်ဦးဦးများ ဖြစ်နေလေမလား။
သို့သော်ငြား သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက်တွင် ထိုကဲ့သို့မဖြစ်နိုင်ဟု ခံစားလာရပြန်လေသည်။ ငါးရောင်ခြယ်ရတနာဘုရား ပွင့်စဉ်က တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည်သာ ထိုထဲသို့ ဝင်ခွင့်ရခဲ့ပေသည်။ လူလိမ်အိုကြီးသည် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်နိုင်ခဲ့သည့် အတွက်ကြောင့် သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်အဆင့်သာ ဖြစ်ရပေလိမ့်မည်။
နှစ်အနည်းငယ်အတွင်း တန်ခိုးရှင်ဘုရင်အဆင့်မှ တာအိုသခင်တတိယအဆင့်သို့ ရောက်အောင် တက်ရောက်လာနိုင်သည်မှာ အလွန်ကိုမှ အံ့အားသင့်ဖွယ်ကောင်းနေလေပြီ။ ထို့အတွက်ကြောင့် လူလိမ်အိုကြီးမှ သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်ထားသည်မှာ ယေဘုယျအားဖြင့် လုံးဝ မဖြစ်နိုင်ပေ။
သို့သော်ငြား လူလိမ်အိုကြီးမှ လန်ချို၏တိုက်ကွက်အား မည်ကဲ့သို့ ချေဖျက်သွားသလဲ ဆိုသည်ကိုလည်း ရန်ကိုင် လုံးဝ နားမလည်နိုင်ချေ။
ရန်ကိုင်သာလျှင်မဟုတ် လူတိုင်း နားမလည်နိုင် ဖြစ်နေခြင်း ဖြစ်လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံးမှာ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင် ဖြစ်နေကြရလေ၏။
သို့သော်ငြား ထိုအဖြစ်အပျက်ကြောင့် မည်သူမျှ လူလိမ်အိုကြီးအား အထင်မသေးရဲကြတော့ချေ။
လူလိမ်အိုကြီးသည် လူလိမ်ကြီးဖြစ်နေမည်ဆိုလျှင်ပင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ တိုက်ကွက်အား လွယ်လင့်တကူ ချေဖျက်သွားသည်ကိုကြည့်ပါက သူသည် အလွန်တရာကိုမှ အားကောင်းလှသည့် လူလိမ်ကြီးတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှသည်။
“လူငယ်လေး… သိပ်ပြီးတော့ ကမူးရှူးထိုး မလုပ်နဲ့ကွ… ငါက မင်းတို့ လူငယ်တွေလို တက်တက်ကြွကြွ မဟုတ်တော့ဘူး… အရမ်းတိုက်ခိုက်လွန်းရင် ငါ့ခန္ဓာကိုယ် ထိခိုက်သွားရလိမ့်မယ်…” လန်ချို၏တိုက်ကွက်ကို ချေဖျက်ပြီးသည့်နောက် လူအိုကြီးက ပြန်ပြောလိုက်လေသည်။
“စီနီယာ…” လန်ရွှင်းသည် လူအိုကြီးကိုကြည့်လျက် ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။ “စီနီယာ ညီမရှောင်ချီရဲ့ပြဿနာကို တကယ်ကြီး ဖြေရှင်းပေးနိုင်တာလား…”
လူလိမ်အိုကြီးထုတ်ပြသွားသည့် စွမ်းရည်ကို မြင်ပြီးသည့်နောက် လန်ရွှင်းစိတ်ထဲ လူလိမ်အိုကြီးအပေါ် ပြန်၍ ယုံကြည်ချက် ရှိလာခဲ့လေသည်။ ဤလောကကြီးထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် လူကြားထဲ မသိမသာ မထင်မရှား နေထိုင်နေကြသည့် ပညာရှင်ပေါင်းများစွာ ရှိနေကြပေသည်။ သို့သော်ငြား တကယ် အရေးကြုံလာပါက ထိုပညာရှင်များသည် ဆက်၍ ပုန်းကွယ်မနေကြတော့ဘဲ ဝင်ရောက်ကူညီပေးလေ့ရှိကြသည်။
လက်ရှိ ရန်ကိုင်မှ လူလိမ်အိုကြီးဟု ပြောသွားသော လူအိုကြီးသည်လည်း ထိုကဲ့သို့သော ပညာရှင်တစ်ဦး ဖြစ်နေလောက်ပေသည်။
ထို့အတွက်ကြောင့် လန်ရွှင်းသည် လူလိမ်အိုကြီးအား ခေါ်ဝေါ်ပုံကိုပင်လျှင် ပြောင်းလဲပစ်လိုက်ပေသည်။ သူတို့နှစ်ဦးစလုံးမှာ တာအိုသခင်အဆင့် ပညာရှင်များသာ ဖြစ်ကြသော်ငြား လူလိမ်အိုကြီးကို စီနီယာဟု ခေါ်ဝေါ်ခဲ့ပေသည်။
လူလိမ်အိုကြီးကလည်း လန်ရွှင်း၏ ပြောပုံဆိုပုံနှင့် ပတ်သက်၍ ဘာမှပြောမနေဘဲ ယဲ့ယဲ့လေးပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “ကြိုးစားကြည့်ပေးလို့တော့ရတယ်…”
ထိုစကားကို ကြားသည့်အခါ လန်ရွှင်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ချက်ချင်း ပြန်၍မေးလိုက်လေသည်။ “စီနီယာ… ဟို လောင်ကျွမ်းနေသော လသက်တန့်ပန်း စည်းတံဆိပ်ကိုသိလား… ကျွန်မအဖေပြောတာတော့ လူကြီးမင်းသားရဲသခင်က ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာကို ချိတ်ပိတ်ဖို့အတွက် လောင်ကျွမ်းနေသော လသက်တန့်ပန်းစည်းတံဆိပ်ကို သုံးခဲ့တာတဲ့… အဲ့စည်းတံဆိပ်က အရမ်းကို နက်နဲဆန်းကြယ်ပြီး ရှုပ်ထွေးလွန်းပေမဲ့ နတ်သားရဲတစ်ကောင်ရဲ့ ဝိဉာဉ်ကို ချိတ်ပိတ်နိုင်တာဆိုလို့လည်း အဲ့စည်းတံဆိပ်တစ်ခုပဲ ရှိတယ်တဲ့…”
လူအိုကြီးက ခေါင်းခါလျက် ပြန်ပြောလိုက်၏။ “လောင်ကျွမ်းနေသော လသက်တန့်ပန်းစည်းတံဆိပ်က သားရဲသခင် မဟာဧကရာဇ်ရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ… ဒီလူအိုကြီး အဲ့ပညာရပ်ကို တစ်ခါမှ မလေ့လာဖူးဘူး…”
လန်ရွှင်းမျက်နှာပျက်သွားလေ၏။ “ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ…”
အစကတော့ ဤစီနီယာသည် ချိတ်စည်းတံဆိပ်ပညာရပ်များတွင် ကျွမ်းကျင်သည်ဟု ထင်မှတ်ခဲ့ပါသော်ငြား ယခု သူပြောသွားသည်ကို နားထောင်ပြီးသည့်နောက် သူမစိတ်ထဲ နောက်တစ်ကြိမ် စိတ်ပျက်သွားရပြန်လေသည်။
နတ်သားရဲတစ်ကောင်၏ ဝိဉာဉ်အား ချိတ်ပိတ်လိုပါက လောင်ကျွမ်းနေသော လသက်တန့်ပန်းစည်းတံဆိပ်ဖြင့်သာ ချိတ်ပိတ်နိုင်သည်ဟု လမင်းမဟာဧကရာဇ်မှ သူမအား ပြောပြခဲ့ပေသည်။ ထိုသို့ဖြစ်လေရာ ထိုစည်းတံဆိပ်အကြောင်းကို မသိဘဲ ဤစီနီယာကြီးသည် နတ်သားရဲတစ်ကောင်၏ ဝိဉာဉ်ကို မည်ကဲ့သို့များ ပြန်လည်ချိတ်ပိတ်မည်နည်း။
သို့ရာတွင် လောင်ကျွမ်းနေသော လသက်တန့်ပန်းစည်းတံဆိပ်မှာ သားရဲသခင်မဟာဧကရာဇ်၏ အဖိုးတန်ဖန်တီးမှုတစ်ခု ဖြစ်သည့်အတွက်ကြောင့် သူမအဖေမှ ထိုအကြောင်းကို မေးမြန်းခဲ့သည့်တိုင် သားရဲသခင်မဟာဧကရာဇ်မှာမူ ပြောမပြခဲ့ချင်ဘဲ ခေါင်းစဉ်သာ ပြောင်းခဲ့လေသည်။
“အဲ့ သားရဲသခင် သက်ကြားအိုကြီးက အရမ်းကပ်စေးနည်းလွန်းတယ်…” သူမသည် လမင်းမဟာဧကရာဇ် ပြောခဲ့သည်ကို လန်ရွှင်း ယခုအချိန်ထိတိုင် မှတ်မိနေဆဲပင်။
“အဲ့သားရဲသခင်သက်ကြားအိုကြီးက သူ့ရတနာတွေနဲ့ ပတ်သက်လာရင် အမြဲတမ်းကပ်စေးနည်းလွန်းတယ်… ဘာမှ ဒီလောက်အဖိုးမတန်တဲ့ ဝိုင်လေးတွေကိုတောင် သူ့မိတ်ဆွေတွေကို ပေးမသောက်ချင်တာ… လောင်ကျွမ်းနေသော လသက်တန့်ပန်းစည်းတံဆိပ်ရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး…” လူလိမ်အိုကြီးမှာ တိုးတိုးလေးသာ ရေရွတ်လိုက်သော်ငြား အနီးအနားတွင်ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး သူပြောသည်ကို အတိုင်းသား ကြားလိုက်ရလေသည်။
လူအိုကြီးပြောသည်ကို နားထောင်ပြီးသည့်နောက် အကုန်လုံး ဆွံ့အသွားကုန်ကြလေသည်။
သားရဲသခင်မဟာဧကရာဇ်သည် မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်လေသည်။ သူ့ကျင့်ကြံခြင်းမှာ မည်သူမျှ မယှဉ်နိုင်သည့် အဆင့်ထိသို့ ရောက်နေခဲ့လေပြီ။ ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် သားရဲသခင်မဟာဧကရာဇ်သည် နတ်ဘုရားတစ်ပါးနှင့်အလား ဆင်တူပေသည်။ သူ့နာမည် ထွက်ပေါ်လာတိုင်း မည်သူမဆို လေးစားအားကျရပေလိမ့်မည်။ သားရဲသခင်မဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေး၏ အထွဋ်အထိပ်ခွန်အားကို ကိုယ်စားပြုနေသည့် အမှတ်သင်္ကေဖြစ်ပေသည်။ သို့သော်ငြား ဤလူအိုကြီးကမူ သားရဲသခင်မဟာဧကရာဇ်အား သက်ကြားအိုကြီးဟု ခေါ်ဆိုခဲ့သည်။
ဤသည်မှာ မဟာဧကရာဇ်တစ်ပါးအား ရိုင်းပျခြင်းသာ ဖြစ်လေသည်။
သို့သော်ငြား လန်ရွှင်းကမူ အတွေးနက်သွားလေ၏။
အကြောင်းမှာ ဤလူအိုကြီးပြောပုံနှင့် သူမအဖေပြောပုံမှာ လုံးဝကို တူနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
လူအိုကြီးမှာ သူ့စကားမှားသွားသည်ကို သတိပြုမိလိုက်သော် အလျင်စလို အာရုံပြောင်းရန် ကြိုးစားတော့လေသည်။ “ဒီလူအိုကြီးက အဲ့နတ်သားရဲရဲ့ ဝိဉာဉ်ကို ပြန်ပြီး ချိတ်မပေးနိုင်ဘူး…”
“ဘယ်လို…” ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ခင်ဗျား ချိတ်မပိတ်နိုင်ဘူးဆိုရင် ဘာဖြစ်လို့ ကူညီပေးမယ်လို့ လာပြောနေသေးတာလဲ… ဒီသခင်လေးကို စနောက်ရတာကို ခင်ဗျား အဲ့လောက်တောင် ကြိုက်နေတယ်ပေါ့…”
လူအိုကြီးက ပြုံးဖြီးလျက် “ဒီလူအိုကြီးမလုပ်နိုင်ပေမဲ့ အခြားတစ်ယောက်ကတော့ လုပ်နိုင်တယ်…”
“အို…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ချက်ချင်းပဲ သူ့အကြည့်သည် ယောင်စီဆီသို့ ရောက်သွားလေ၏။
ဤနေရာတွင် နတ်သားရဲ၏ဝိဉာဉ်ကို ပြန်လည်ချိတ်ပိတ်နိုင်သည့်လူ ရှိမည်ဆိုပါက မဟာဧကရာဇ်တစ်ပါး၏ မျိုးဆက်သာ ဖြစ်ပေလိမ့်မည်။ လန်ရွှင်းက ကျိန်းသေလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ယောင်စီသာ ရှိတော့သည်။
ရန်ကိုင် သူ့အား စိုက်ကြည့်နေသည်ကိုမြင်သော် ယောင်စီက ပြန်ပြောလိုက်လေသည်။ “လူတွေကိုကယ်တာ ငါ အားသာတဲ့အရာမဟုတ်ဘူး… ငါလုပ်နိုင်တာက လူတွေသတ်တာပဲ… မင်း စမ်းကြည့်ချင်လား…”
ရန်ကိုင်သည် ယောင်စီအား တစ်ချက်မျှ စိုက်ကြည့်နေပြီးသည့်နောက် လူအိုကြီးဘက်သို့ ပြန်လှည့်၍ မေးလိုက်လေသည်။ “ကျုပ်တို့ကို လည်ပင်းရှည်အောင် လုပ်မနေစမ်းနဲ့ဗျာ… ကူညီပေးနိုင်တဲ့လူက ဘယ်သူလဲ… မြန်မြန်ပြောစမ်းပါ…”
လူအိုကြီးက ဖွဖွလေးရယ်မောလျက် ပြန်ပြောလိုက်လေ။ “လူငယ်တွေက တကယ်ကို စိတ်မရှည်တာပဲ… အဲ့လောက်ကြီး စိတ်ပူမနေစမ်းပါနဲ့… ဒီစည်း အပြည့်အဝ ပြေသွားဖို့ အချိန်လိုဦးမှာ… ဒီကောင်မလေးက ဒီချိတ်စည်းကို အခုမှ ပထမဦးဆုံးအကြိမ် စဖြေလိုက်တာဆိုတော့ နတ်သားရဲရဲ့ ဝိဉာဉ်က သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖို့ နည်းနည်း အချိန်လိုဦးမှာ…”
သုန်မှုန်နေသည့် ရန်ကိုင့်၏မျက်နှာကိုမြင်သော် လူအိုကြီးလည်း လေကြောရှည်မနေတော့ဘဲ တစ်ယောက်သောသူဆီသို့ လှည့်၍ လှမ်းခေါ်လိုက်လေ၏။ “ကောင်မလေး… ဒီလူအိုကြီးကို လာကူညီပေးပါဦး…”
လူအိုကြီး ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အရင်းအမြစ်ချီများ မတည်မငြိမ်ဖြစ်လျက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ရပ်နေသော ကောင်မလေးတစ်ဦးကို လူတိုင်း မြင်လိုက်ရလေသည်။
ကျန်းရို့ရှီပင်။
လူအိုကြီးခေါ်လိုက်သည့်လူမှာ ကျန်းရို့ရှီမှန်း သိသွားပြီးနောက် ရန်ကိုင် မှင်တက်သွားခဲ့လေသည်။
ယခု လူအိုကြီးခေါ်လိုက်၍ လှမ်းကြည့်မိလိုက်သည့်အခါ ကျန်းရို့ရှီ ပုံစံမှာ ပုံမှန်မဟုတ်နေကြောင်း တွေ့ရှိသွားရသည်။ ကြည့်ရသလောက် မိုရှောင်ချီ၏ ချိတ်စည်း ပြေသွားသည့်အချိန်မှစ၍ ကျန်းရို့ရှီ၏ အခြေအနေမှာ တစ်မျိုးတစ်မည် ထူးခြားသွားသည့်ပုံပင်။ သို့သော်ငြား နတ်ဝိဉာဉ်စည်းတံဆိပ်ပေါ်တွင်သာ အာရုံရောက်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း ကျန်းရို့ရှီအား အာရုံမစိုက်မိခဲ့ချေ။ လျို့ယန်ကိုသာ ကျန်းရို့ရှီအား ဂရုစိုက်ထားရန် တိတ်တဆိတ် အမိန့်ပေးထားခဲ့လေ၏။
လက်ရှိအချိန်တွင် လူအိုကြီးသည် ကျန်းရို့ရှီအား လာရောက်ကူညီပေးရန် လက်ယက်ခေါ်နေခဲ့လေသည်။
(ဒီလူအိုကြီး ဘာလုပ်ချင်နေတာလဲ…) ရန်ကိုင် လုံးဝကို နားမလည်နိုင်တော့ချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၉၂)
လူအိုကြီး ခေါ်နေသည့်လူမှာ သူမမှန်း နားလည်သွားပြီးသည့်နောက်တွင် ကျန်းရို့ရှီ ကြောင်သွားခဲ့သည်။ ထို့နောက်တွင် လူအိုကြီး၏အကြည့်ကြောင့် ကျန်းရို့ရှီမှာ ကြောက်ကြောက်လန့်လန့်ဖြစ်လာကာ သူမ၏မျက်နှာမှာ ဖြူလျော်သည်ထက် ဖြူလျော်လာခဲ့ပြီး သူမဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများမှာလည်း ပိုပို၍ မတည်မငြိမ် ဖြစ်လာတော့လေသည်။
ထို့နောက်တွင် မေးမြန်းလိုသည့်အကြည့်ဖြင့် ရန်ကိုင့်အား လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “လူအိုကြီး… ခင်ဗျား ကျုပ်ကို လာနောက်နေတာလား…”
လူလိမ်အိုကြီးက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ငါမင်းကို ဘာဖြစ်လို့ နောက်ရမှာလဲ…”
“အဲ့ဒါဆိုလို့ရှိရင် ရို့ရှီက ဒီနတ်သားရဲရဲ့ဝိဉာဉ်ကို ဘယ်လိုပြန်ပြီးတော့ ချိတ်ပိတ်ပေးနိုင်တာလဲ ဆိုတာကို သေချာရှင်းပြလေ…”
ရန်ကိုင်သည်သာလျှင် သံသယဝင်နေခြင်းမဟုတ်။ အကုန်လုံးသည်လည်း ထို့နည်းတူပင်။ ကျန်းရို့ရှီသည် သူမ၏ တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် ဘာမျှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤနေရာတွင် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရှိနေပေသည်။ ထိုသို့ဖြစ်လေရာ လူလိမ်အိုကြီးသည် ဘာကြောင့်များ သူမကိုမှ ရွေးခေါ်နေရလေသနည်း။
သို့ရာတွင် လူလိမ်အိုကြီးက ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “ငါမင်းကိုပြောပြလို့မရဘူး… မင်း ငါ့ကို ယုံတယ်ဆိုရင် သူ့ကို လာခိုင်းလိုက်… မဟုတ်ရင်တော့ ငါမင်းကို ကူညီပေးနိုင်တော့မှာမဟုတ်ဘူး…”
ရန်ကိုင်က ဒေါသူပုန်ထသွားခဲ့လေ၏။ “ခင်ဗျားမပြောဘဲနဲ့ ကျုပ်က ခင်ဗျားကို ဘယ်လိုယုံရမှာလဲ…”
လူလိမ်အိုကြီးက ပုခုံးတွန့်ပြလျက် “အဲ့ဒါဆိုရင်တော့ ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူးပေါ့… ဒီနတ်သားရဲရဲ့ဝိဉာဉ် ချိတ်ပိတ်ထားတဲ့ချိတ်စည်း ပြေသွားမဲ့အချိန်ကို ထိုင်စောင့်နေရုံပဲ ရှိတော့မှာပေါ့… ကံကောင်းရင်တော့ ဒီကြယ်ပျက်ပင်လယ်တစ်ခုလုံး သွေးချောင်းစီးပြီးသွားတာနဲ့ ဒီနတ်သားရဲရဲ့ဝိဉာဉ်က ပြန်အိပ်ရင် အိပ်သွားမှာ… မင်းတို့အားလုံး ကံကောင်းပါစေကွာ…”
ရန်ကိုင့်၏မျက်နှာ သုန်မှုန်နေခဲ့လေသည်။ လူအိုကြီးသည် ဤမျှ ရိုးရှင်းသည့် ကိစ္စလေးကို လူနားမလည်အောင် လုပ်ချင်နေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။
ထိုအခိုက်အတန့်တွင် ကျန်းရို့ရှီက ရုတ်တရက် ပြောလိုက်လေသည်။ “ဆရာ… ရို့ရှီ တစ်ချက် ကြိုးစားကြည့်ချင်တယ်… ဖြစ်နိုင်ရင် ညီမရှောင်ချီရဲ့ အခြေအနေ ပြန်ပြီး တည်ငြိမ်သွားအောင် ရို့ရှီကူညီပေးချင်တယ်…”
“နင့်အခြေအနေကို နင် အရင်ပြန်စဉ်းစားဦးနော်…” ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့လေသည်။
ကျန်းရို့ရှီနှင့်ပတ်သက်၍ ဘာဖြစ်လို့ဖြစ်နေမှန်းကို သူနားမလည်သော်ငြား ကျန်းရို့ရှီ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော ထူးဆန်းသည့် အရှိန်အဝါနှင့် ပတ်သက်၍ ရန်ကိုင့်စိတ်ထင့်နေခဲ့ရသည်။ သူမ၏အခြေအနေမှာ မိုရှောင်ချီလောက် ဆိုးရွားခြင်း မရှိသော်ငြား ရန်ကိုင်ကမူ ကျန်းရို့ရှီအတွက် စိတ်ပူနေမိပေသေးသည်။
“ကျွန်မအဆင်ပြေတယ်…” ကျန်းရို့ရှီက သူမ၏နှုတ်ခမ်းကိုကိုက်လျက် “ရို့ရှီကို တစ်ချက် ကြိုးစားခွင့်ပေးပါဆရာ…”
“မင်း ဆက်ပြီး တုံ့ဆိုင်းနေလို့ ချိတ်စည်း လုံးဝ ပြေသွားပြီဆိုရင် ဘာမှလုပ်လို့ ရတော့မှာမဟုတ်ဘူးနော်… ပြီးတော့ မင်းကို ပြောပြလိုက်လို့တော့လည်း ကိစ္စမရှိပါဘူးလေ… ရှင်းရှင်းပြောရရင် ဒီမိန်းကလေးနှစ်ယောက်ရဲ့ အခြေအနေက တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်… ဒီနတ်သားရဲရဲ့ ဝိဥာဉ်ကိုသာ ပြန်ပြီးချိတ်ပိတ်လိုက်မယ်ဆိုရင် အဲ့ကောင်မလေးလည်း ပြန်ပြီး အဆင်ပြေသွားလိမ့်မယ်”
ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေ၏။ သို့သော်ငြား သူ့စိတ်ထဲ လူလိမ်အိုကြီးအား ဘာကြောင့်မှန်းမသိ ယုံကြည်နေမိလေသည်။ ထို့ကြောင့် ပြန်၍မေးလိုက်လေ၏။ “ခင်ဗျားရဲ့ အစီအစဉ်ထဲမှာ ရို့ရှီထိခိုက်ရတာမျိုးရော ပါလား…”
“မပါဘူး။ ငါက သူ့ရဲ့ သွေးအဆီအနှစ်တစ်စက်ကိုပဲ လိုတာ”
“သွေးအဆီအနှစ်…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ လူအိုကြီး ဗရမ်းဗတာ လျှောက်ပြောနေခြင်းမဟုတ်ဟုလည်း ယုံကြည်လာမိပေသည်။
ကျန်းရို့ရှီ၏ သွေးမျိုးဆက်မှာ အလွန်ကိုမှ ထူးခြားသည့် အတွက်ကြောင့်ပင်လျှင်။ ယခုအချိန်ထိတိုင် ရန်ကိုင်သည် ကျန်းရို့ရှီ၏ သွေးမျိုးဆက်နှင့် ပတ်သက်၍ အပြည့်အဝ နားမလည်သေးပေ။ ကျန်းရို့ရှီ၏ သွေးအဆီအနှစ်ကို တောင်းဆိုလာမှဖြင့် ကျန်းရို့ရှီ၏ သွေးမျိုးဆက်သည် ပုံမှန်မဟုတ်မှန်း လူအိုကြီး သိထားရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူမ၏သွေးမျိုးဆက်သည် နတ်သားရဲ၏ဝိဉာဉ်ကို ပြန်လည်ချိတ်ပိတ်ရာတွင် ကူညီပေးနိုင်ကြောင်းကို နားလည်ထားခြင်း ဖြစ်လောက်သည်။
သို့သော်ငြား သူမည်ကဲ့သို့များ သတိပြုမိသွားလေသနည်း။
“ကောင်းပြီလေ…” ရန်ကိုင်က သဘောတူလိုက်ပြီးသည့်နောက် ကျန်းရို့ရှီကိုခေါ်၍ လူအိုကြီးရှေ့သို့ လျှောက်သွားလေ၏။
လူအိုကြီးသည် ကျန်းရို့ရှီအား ယဲ့ယဲ့လေးပြုံးပြရင်း သိမ်မွေ့သည့်လေသံဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။ “စိတ်မပူနဲ့နော် ကလေး… ဒါဘာမှမနာဘူး…”
ကျန်းရို့ရှီက ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် သူမ၏စိတ်အခြေအနေကို ပြင်ဆင်ထားလိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် လူအိုကြီးသည် ကျန်းရို့ရှီအား စိုက်ကြည့်၍ အံ့အားသင့်နေဟန်ဖြင့် မေးလိုက်လေသည်။ “နင့်အဝတ်အစားတွေက ကောင်းလှချည်လား… ဒါတွေကို ဘယ်ကနေရလာတာလဲ…”
ထိုမေးခွန်းကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
အကြောင်းမှာ ကျန်းရို့ရှီ၏ဝတ်ရုံသည် ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံသာ ဖြစ်နေသည့်အတွက်ကြောင့်ပင်လျှင်။ ထိုဝတ်ရုံသည် ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်မျိုး ဖြစ်ပေသည်။
ဤဧကရာဇ်အဆင့် မှော်ရတနာ၏တန်ဖိုးမှာ အလွန်ကိုမှ မြင့်မားလှသည်။ ကျန်းရို့ရှီသည် ၎င်းကို ရရှိလိုက်သည့် အချိန်မှစ၍ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။
လူလိမ်အိုကြီးမှ ကျန်းရို့ရှီ၏အဝတ်အစား ကောင်းလှသည်ဟု ချီးကျူးလိုက်ခြင်းမှာ သူမ၏အဝတ်အစားကို ပြောနေခြင်းမဟုတ်ဘဲ သူမ မည်သူမှ မမြင်အောင် ဝတ်ဆင်ထားသည့် ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံကို ရည်ညွှန်းနေခြင်းသာ ဖြစ်ပေသည်။
(ဒီလူအိုကြီးက ဘယ်သူလဲ… သူ ဘယ်လိုလုပ်ပြီး အဲ့ဒါကို သတိထားမိသွားတာလဲ…) ရန်ကိုင့်စိတ်ထဲ နိုးနိုးကြားကြား ဖြစ်သွားတော့လေ၏။
ရန်ကိုင်နှင့်မတူညီစွာပင် ကျန်းရို့ရှီကမူ ဘာကိုမှ သတိထားမနေခဲ့ပဲ ပြန်၍သာ ပြောလိုက်လေ၏။ “မိတ်ဆွေတစ်ယောက်က ပေးခဲ့တာပါ…”
“မိတ်ဆွေ… အင်း…” လူအိုကြီး၏နှုတ်ခမ်း မဲ့သွားခဲ့လေသည်။ ထို့နောက် ယဲ့ယဲ့လေးရယ်မောလျက် “နင့်ရဲ့မိတ်ဆွေနဲ့ နောက်တစ်ကြိမ်ပြန်တွေ့လို့ရှိရင် ဒီလူအိုကြီးလည်း သူ့ကို လွမ်းနေပါတယ်လို့ ပြောပေးပါဦး...”
ကျန်းရို့ရှီက အံ့အားသင့်နေဟန်ဖြင့် “စီနီယာ သူ့ကို သိတာလား…”
“ငါတို့မတွေ့ဖြစ်တာ အရမ်းကြာနေပြီ…” လူအိုကြီးက ပြန်ပြောပြလိုက်လေသည်။
လူအိုကြီးနှင့် ကျန်းရို့ရှီမှာ သာမန်ကာလျှံကာ စကားပြောနေခြင်းဖြစ်သော်ငြား သူတို့ပြောနေသည်ကို နားထောင်ပြီးသည့်နောက် ရန်ကိုင့်ရင်ထဲ မုန်တိုင်းထန်သွားခဲ့လေသည်။ ထို့နောက် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား လူအိုကြီးအား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့လေသည်။
ကျန်းရို့ရှီသည် ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံအား ဥတုလေးမျိုးနယ်မြေထဲမှ ရရှိခဲ့ခြင်းဖြစ်ပေသည်။ ထိုဝတ်ရုံကို ရှေးဟောင်းနတ်သားရဲတစ်ကောင်ဖြစ်သော ချုန်းချီမှ သူမအား ပေးခဲ့ခြင်း ဖြစ်လေသည်။
ချုန်းချီသည် အချိန်မြစ်မဟာဧကရာဇ်၏ စီးတော်သားရဲဖြစ်ခဲ့ကာ အချိန်မြစ်မဟာဧကရာဇ် မရှိတော့သည့်နောက်ပိုင်း ချုန်းချီသည် ဥတုလေးမျိုးနယ်မြေထဲတွင်သာ တောက်လျှောက် အိပ်စက်နေခဲ့လေသည်။ နောက်ဆုံး အချိန်မြစ်ကျောင်းတော် ပြန်ပေါ်လာသည့် နောက်မှသာလျှင် ချုန်းချီသည် ဥတုလေးမျိုးနယ်မြေထဲမှ ထွက်ခွာသွားခဲ့လေ၏။
ချုန်းချီသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်ပြီး သတ်ဖြတ်ခြင်းသည် သူ၏သဘာဝဖြစ်ပေသည်။ ချုန်းချီ ဥတုလေးမျိုးနယ်မြေထဲမှ ထွက်လာစဉ်က ဥတုလေးမျိုးနယ်မြေ၏ ထွက်ပေါက်ကို စောင့်ကြပ်နေကြသော ကောင်းရွှယ်ထင်းနှင့်တကွ အခြားသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး အံ့အားသင့်သွားခဲ့ကြရလေသည်။ ကံကောင်းစွာဖြင့် လမင်းမဟာဧကရာဇ်၏ ကျေးဇူးကြောင့် ကောင်းရွှယ်ထင်းတို့တစ်ဖွဲ့လုံး ချုန်းချီလက်မှ သက်သာရာ ရသွားခဲ့ရလေ၏။
လက်ရှိအချိန်တွင် လူအိုကြီးသည် ချုန်းချီအား သိသည်ဟု ပြောနေခဲ့လေသည်။
(ဒီလူအိုကြီးက တကယ်ကြီး ဘယ်သူလဲ…) အစကမူ လူအိုကြီးမှာ ထူးဆန်းသည်ဟု ခံစားရပါသော်ငြား ယခုတွင်မူ လူအိုကြီးမှာ အလွန်ကိုမှ ဆန်းကြယ်လွန်းနေသည်ဟုပင် ခံစားလာရတော့လေသည်။
(သူ့လိုပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး တာအိုသခင်တတိယအဆင့်ကိုပဲ ရောက်သေးတာလဲ…)
“စီနီယာကို ကျွန်မ ဘယ်လိုခေါ်ရမလဲ…” လူအိုကြီး၏ ဖော်ရွေရင်းနှီးပုံစံကြောင့် ကျန်းရို့ရှီမှာ ယခင်ကကဲ့သို့ စိုးရိမ်ပူပန်နေခြင်း မရှိတော့ချေ။
ရန်ကိုင်သည် အသေအချာကို နားစွင့်ထားလိုက်လေ၏။
လူအိုကြီးသည် သူ့ပါးစပ်ကိုဟလျက် စကားအချို့ပြောလိုက်လေသည်။
သို့သော်ငြား ရန်ကိုင့်မျက်နှာကြီးမှာတော့ မှုန်ကုပ်နေလေ၏။ အကြောင်းမှာ လူအိုကြီးပြောသွားသည့် စကားများကို သူ မကြားရသည့် အတွက်ကြောင့်ပင်။
ကျန်းရို့ရှီက ခေါင်းညိတ်လျက် “ဂျူနီယာနားလည်ပါပြီ… အဲ့မိတ်ဆွေနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ဖြစ်ခဲ့ရင် စီနီယာပြောပြခိုင်းတာကို ကျိန်းသေ ပြောပြပေးလိုက်ပါမယ်… ဒါပေမဲ့ သူ အခု ဘယ်မှာလဲမသိဘူး… သူက ကျွန်မကို ဒီလက်ဆောင်ပေးပြီးတာနဲ့ ထွက်သွားတာ…”
စကားပြောနေစဉ်အတောအတွင်း ကျန်းရို့ရှီ၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး အရုပ်ကြိုးပြတ် လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်မှ သူမအား အချိန်မီ လှမ်းကူမထားပေးနိုင်လေ၏။
“ကဲ… သွေးအဆီအနှစ်ရပြီဆိုတော့ နင်နားလို့ရသွားပြီ…” လူအိုကြီးက ပြုံးလျက် ပြောလိုက်လေသည်။
ထိုအခါမှသာလျှင် လူအိုကြီး၏လက်ချောင်းထိပ်၌ အနီရောင်သွေးစက် လွင့်မျောနေကြောင်းကို ရန်ကိုင် သတိပြုမိသွားခဲ့သည်။ သွေးစက်ဆီမှ ရှင်းပြမရအောင် နက်နဲသော အရှိန်အဝါတစ်ရပ် ဖြာထွက်နေပြီး သွေးစက်ကိုယ်တိုင်မှာ အသက်ရှိနေသည့် အလား လူအိုကြီး၏ လက်ချောင်းထိပ်၌ လူးလွန့်နေခဲ့လေသည်။
လူအိုကြီး မည်သည့်အချိန်ကတည်းက ကျန်းရို့ရှီ၏ သွေးအဆီအနှစ်အား ထုတ်ယူလို့ထုတ်ယူလိုက်မှန်းကို ရန်ကိုင်ပင် မသိချေ။
ကျန်းရို့ရှီ ရုတ်တရက် ပြိုလဲသွားရခြင်းမှာ သူမ၏ သွေးအဆီအနှစ်တစ်စက် ထုတ်ယူခံလိုက်ရသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား အနားယူလိုက်မည်ဆိုလျှင် ဆုံးသွားသွားသော သွေးအဆီအနှစ် ပြန်လည် ပြည့်တင်းလာမည် ဖြစ်သည့်အတွက်ကြောင့် အရမ်းကြီးတော့ ကိစ္စမရှိချေ။
သွေးအဆီအနှစ်ကို ရသွားသည့်နောက်တွင် လူအိုကြီး၏ အမူအယာ တမုဟုတ်ချည်း လေးနက်တည်ကြည်သွားခဲ့လေသည်။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီတို့ စတင်၍ လည်ပတ်လာခဲ့ပြီး ထိုအရင်းအမြစ်ချီအားလုံးကို သွေးအဆီအနှစ်တစ်ဝိုက်တွင် ရစ်သိုင်းစေလျက် လျှပ်စီးတမျှ လှုပ်ရှားမှုများကိုသုံးကာ သွေးအဆီအနှစ်ကို မိုရှောင်ချီ၏ နဖူးဆီသို့ တွန်းပို့ပေးလိုက်လေသည်။
“ရွှစ်…”
ထိုအခိုက်အတန့်တွင် ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာ၏ ဝိဉာဉ်မှာ ဆိုးဆိုးရွားရွားကို ဂနာမငြိမ် ဖြစ်လာတော့လေသည်။ ၎င်း၏ သဘာဝရန်သူတစ်ဦးကို မြင်လိုက်ရသည့်အလား တောင်ပံများကို အဆက်မပြတ် ဝှေ့ယမ်းရင်း ပုံရိပ်ယောင်လှိုင်းများကို တရစပ် ထုတ်လွှတ်နေလေ၏။
‘တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည်’ ဆိုသည့်အတိုင်း ပုံရိပ်ယောင်စွမ်းအင်လှိုင်းတို့ ဖြာထွက်လာသည်ကိုမြင်သော် ရန်ကိုင်သည် အလျင်စလို နောက်ပြန်ဆုတ်တော့မည်အပြု ပုံရိပ်ယောင်စွမ်းအင်လှိုင်းများမှာ ကျန်းရို့ရှီ၏ သွေးအဆီအနှစ်နှင့် ရင်ဆိုင်တွေ့ပြီးသည့်နောက် တစ်ချက်ကလေးမှပင် ပြန့်ထွက်လာနိုင်ခြင်း မရှိတော့ဘဲ အပြည့်အဝ ဖိနှိပ်ခံလိုက်ရကြောင်း တွေ့ရှိလိုက်ရလေသည်။
လူအိုကြီးသည် ကျန်းရို့ရှီ၏ သွေးအဆီအနှစ်ကို မိုရှောင်ချီ၏ နဖူးထဲသို့ အသာအယာ ထည့်သွင်းလိုက်လေသည်။
ထို့နောက်တွင် သွေးအဆီအနှစ်မှာ ပေါက်ကွဲထွက်သွားခဲ့ပြီး မိုရှောင်ချီ၏ နဖူးထက်တွင် သွေးနီရောင်အမှတ်အသားတစ်ခုအဖြစ် ဖြစ်တည်လာခဲ့လေသည်။ ထို့နောက် ထိုအမှတ်အသားမှာ သူမ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့လေ၏။
သွေးအဆီအနှစ် ပျောက်ကွယ်သွားပြီးသည့်နောက် မိုရှောင်ချီ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော ပရမ်းပတာ စွမ်းအင်လှိုင်းတို့မှာလည်း လျင်မြန်စွာ တည်ငြိမ်သွားခဲ့ပြီး ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာမှာလည်း ရှင်းပြမရသည့် စွမ်းအားတစ်ခု၏ စုပ်ယူခြင်း ခံလိုက်ရသည့်အလား မိုရှောင်ချီ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပြန်လည် တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် မိုရှောင်ချီသည် တစ်ချက်ငြီးလျက် မျက်လုံးပိတ်သားလျက်နဲ့ ခွေခွေလေး လဲကျသွား၏။ ရန်ကိုင်လည်း ကျန်လက်တစ်ဖက်ဖြင့် မိုရှောင်ချီကို လှမ်း၍ ထူမထားပေးလိုက်သည်။ ငုံ့ကြည့်လိုက်ရာ မိုရှောင်ချီမှာ သာမန်အိပ်ပျော်နေသည့် လူတစ်ဦးနှယ် အသက်ကို ပုံမှန်ရှူနေကြောင်း တွေ့လိုက်ရလေသည်။
အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းသော ကပ်ဘေးမှ လူတိုင်းသည် ရှင်းပြမရစွာပင် ကင်းလွတ်ခွင့် ရသွားခဲ့ရလေသည်။ အစောပိုင်းက ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာ၏ စွမ်းအားအောက်ဝယ် ထိတ်လန့်တုန်လှုပ်နေရသဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်ခဲ့ပါသော်ငြား ယခု ဤကပ်ဘေးမှ လွတ်သွားပြီးနောက်တွင် သူတို့၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေကြောင်း တွေ့ရှိသွားလိုက်ရသည်။
“ဆရာ… ရို့ရှီအိပ်ချင်လာပြီ…” ထိုသို့ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် မိုရှောင်ချီ၏လမ်းစဉ်အတိုင်း သတိလစ်သွားတော့လေ၏။
“မင်းဘဝကြီးကတော့ တကယ် အားကျစရာပဲ ကောင်လေးရေ… မိန်းမချောလေးနှစ်ယောက်ကို ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့ ကိုင်ထားတာ… ဒီလူအိုကြီးတောင် မင်းကို မနာလိုချင်သွားပြီ…” လူအိုကြီးက ညစ်ကျယ်ကျယ်ပြုံးရင်း ရန်ကိုင့်အား စနောက်လိုက်လေ၏။
ရန်ကိုင့်မှာမူ လူအိုကြီး၏ပုံစံကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ပြန်ပြောလိုက်လေသည်။ “လူအိုကြီး… ခင်ဗျားမှာ စီနီယာတစ်ယောက်ရဲ့ဂုဏ်သိက္ခာ နည်းနည်းလေးတောင်မှ မရှိတော့ဘူးလား…”
“ဒီလူအိုကြီးကလည်း အရင်တုန်းက လူငယ်တစ်ယောက် ဖြစ်ခဲ့တာပဲ… ဒီတော့ ဘာကိစ္စမှ မရှိပါဘူး..” လူအိုကြီးသည် ရန်ကိုင့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “လူအိုကြီး… ကျုပ် ခင်ဗျားကိုတော့ မလိမ်တော့ဘူး… အစကတော့ ခင်ဗျားကို လူလိမ်ကြီးတစ်ယောက်လို့ ထင်နေခဲ့တာ… အခုမှပဲ ခင်ဗျားက ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားတဲ့ ပညာရှင်တစ်ယောက်မှန်း သိသွားတော့တယ်…”
“ဟား ဟား ဟား…” လူအိုကြီးက ရယ်မောလျက် “ဒီလူအိုကြီးက အခြားသူတွေနဲ့ယှဉ်လိုက်လို့ရှိရင် လိမ်တဲ့နေရာမှာ နည်းနည်းလေး ပိုတော်ရုံပါပဲ… ဘာမှ ဒီလောက်မဟုတ်ပါဘူး…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “လူအိုကြီး… ရို့ရှီရဲ့ သွေးအဆီအနှစ်က နတ်သားရဲရဲ့ဝိဉာဉ်ကို ဖိနှိပ်နိုင်မှန်း ခင်ဗျားသိနေတာဆိုတော့ ရို့ရှီ ဘယ်လိုသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလဲ ဆိုတာကိုလည်း သိမှာပေါ့… ရို့ရှီရဲ့ သွေးမျိုးဆက်အကြောင်းကို ခင်ဗျား ကျုပ်ကို ပြောပြလို့ရမလား…”
ရန်ကိုင်မှ ထိုကဲ့သို့ မေးခွန်းကို မေးလိုက်သည်နှင့် တစ်ပြိုင်နက် လူအိုကြီး၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ မင်းကို ပြောပြလို့မရဘူး… ဒါပေမဲ့ သူအားကောင်းလာတဲ့တစ်နေ့ မင်းနားလည်သွားလိမ့်မယ်… ဒါပေမဲ့ ဒီလူအိုကြီး မင်းကို ပေးချင်တဲ့အကြံ တစ်ခုတော့ရှိတယ်…”
“ဘာလဲ…”
“သူ့ကို လုံးဝ လမ်းမှား ရောက်မသွားစေနဲ့… မဟုတ်လို့ရှိရင် ကြယ်တာရာအစုအဝေးတစ်ခုလုံး ဒုက္ခရောက်ရလိမ့်မယ်…” လူအိုကြီးက မျက်နှာတည်ဖြင့် အကြံပေးလိုက်လေသည်။
ရန်ကိုင်က မျက်လုံးမှေးစင်းလျက် “အဲ့လောက်ကြီးတောင်လား…”
လူအိုကြီးသည် အိပ်ပျော်နေသော ကျန်းရို့ရှီအား လှမ်းကြည့်ရင်းမှ ဆက်ပြောလိုက်လေသည်။ “သူအားကောင်းလာတဲ့တစ်နေ့ ထုတ်သုံးနိုင်တဲ့စွမ်းအားက ဝူခွမ်းထက်တောင် အများကြီး ပိုကြောက်ဖို့ကောင်းလိမ့်မယ်…”
“ဝူခွမ်း… ဝူခွမ်းကဘယ်သူလဲ…” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
လူအိုကြီးသည် စကားကို တစ်ခွန်းချင်း ပြောလိုက်လေ၏။ “ကောင်း ကင် ဝါး မျို ခြင်း မ ဟာ ဧ က ရာဇ်ပဲ…”
“ဂလု…”
ရန်ကိုင် ကြောက်လန့်တကြား တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ သို့သော်ငြား ဆက်၍ မေးလိုက်လေ၏။ “လူအိုကြီး… ခင်ဗျား ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ရဲ့ နာမည်ကို တကယ်ကြီး သိနေတာလား…”
လူအိုကြီးကြောင့်သာမဟုတ်ပါက ရန်ကိုင့်အနေဖြင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ တကယ့်နာမည်ကို သိခဲ့လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ဝါးမျိုခြင်းဆိုသည်မှာ သူ၏ ဂုဏ်ပုဒ်ဖြစ်ပြီး နာမည်မဟုတ်ချေ။ ဝူမုန်ချွမ်သည် သူ့ကိုယ်သူ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်ဖြစ်သည်ဟု ပြောခဲ့ပေသည်။ ထို့အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် ဝူမျိုးရိုးကို ပိုင်ဆိုင်ထားလိမ့်မည်မှန်းတော့ ရန်ကိုင် ခန့်မှန်းမိခဲ့သည်။
သို့ရာတွင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ နာမည်ကို ဤလူအိုကြီးဆီမှ လာသိရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လူအိုကြီး မည်ကဲ့သို့ သိနေရလေသနည်း။
အလွန်ကိုမှ သိချင်လွန်းနေသည့် အတွက်ကြောင့် ရန်ကိုင်လည်း မနေနိုင်တော့ဘဲ ထပ်မေးလိုက်လေသည်။ “လူအိုကြီး… ခင်ဗျားက ဘယ်သူလဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၉၃)
လူအိုကြီးသည် ကျန်းရို့ရှီ၏ သွေးမျိုးဆက် ပုံမှန်မဟုတ်မှန်းကို မြင်နိုင်ခဲ့သလို သူမ၏သွေးအဆီအနှစ်ကိုသုံး၍ နတ်သားရဲတစ်ကောင်၏ ဝိဉာဉ်ကို ချိတ်ပိတ်ပစ်ခဲ့လေသည်။ ထို့အပြင် အလွန်ကိုမှ အားကောင်းလှသော ချုန်းချီကဲ့သို့သော မွန်းစတားသားရဲတစ်ကောင်ကိုလည်း သိနေခဲ့သည့်အပြင်ကိုမှ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ နာမည်ကိုပါ ပြောခဲ့သည်။ ထို့အတွက်ကြောင့် ဤလူအိုကြီးသည် သာမန် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်ဟု ရန်ကိုင် မယုံကြည်နိုင်တော့ချေ။
“အဲ… အဲ့ဒါကတော့ ငါ မင်းကို ပြောပြလို့မရဘူး…”
ရန်ကိုင့်မှာ ဒေါသထွက်ထွက်နှင့် ပြန်၍ အော်ပြောလိုက်လေ၏။ “အဲ့ဒါဆို ဘာဖြစ်လို့ ကျုပ်ကို လာပြောပြနေသေးလဲ…”
လူအိုကြီးသည် ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင့်၏ပုခုံးကို ပုတ်လျက် အကြံပေးလိုက်လေ၏။ “ကြိုးစားကျင့်ကြံပြီး ဧကရာဇ်အဆင့်ကို မြန်မြန်ရောက်အောင်လုပ်… ကြယ်တာရာအစုအဝေးတစ်ခုလုံးရဲ့ အနာဂတ်က မင်းတို့ပေါ်မှာ မူတည်နေတယ်…”
“ထွက်သွားစမ်းဗျာ…”
လူအိုကြီးသည် ရန်ကိုင့်၏ပြောပုံဆိုပုံကြောင့် စိတ်ပျက်သွားခြင်းမရှိဘဲ ယဲ့ယဲ့လေးပြုံး၍သာ ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ထို့နောက် လူအုပ်ကြီးဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “အကုန်လုံး… မင်းတို့ ငါပြောတာကို ကြားတယ်ဆိုလို့ရှိရင် ဒီနေရာကနေ မြန်မြန် ထွက်သွားလိုက်ကြပေတော့… ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်… မင်းတို့ ဒီမှာဆက်နေမယ်လို့ရှိရင် အသက်အန္တရာယ်တောင် ရှိလာနိုင်တယ်…”
လန်ချိုက ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “လူအိုကြီး… ခင်ဗျားက တကယ်ကို စိတ်ဝင်စားစရာပဲနော်… ဒီနေရာက အန္တရာယ်ရှိမှန်း ကျုပ်သိပြီးသား… ဒီတော့ ကျုပ်ကို လာသတိပေးနေစရာမလိုဘူး…”
လူအိုကြီးမှ သူ၏လှံတိုက်ကွက်အား လက်တစ်ချက်ကိုဝှေ့ယမ်း၍ ချေဖျက်သွားသည်ကို မြင်ပြီးသည့်နောက် လန်ချိုအား လူအိုကြီးအား ထပ်မံ၍ အထင်မသေးရဲတော့ချေ။ အခြားသော တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဤကဲ့သို့သော စကားမျိုးကို ပြောလာမည်ဆိုပါက လန်ချို၏ လှံချက်ကြောင့် အသက်ထွက်သွားနေလောက်ပေပြီ။
“ခင်ဗျားကြည့်ရတာ အရမ်းဗဟုသုတ ကြွယ်ဝတဲ့ပုံပဲ… ဒါဆိုရင် အဲ့အရိုးခြောက်ရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာကို ဘာဖြစ်လို့ ကျုပ်တို့ကို မပြောပြတာလဲ…” လန်ချိုသည် တွင်းနက်အနားတွင် ရှိနေသော အရိုးခြောက်အကြောင်းကို စကားစလိုက်လေသည်။
အစောပိုင်းက မိုရှောင်ချီ၏ နတ်ဝိဉာဉ်ချိတ်စည်း ပြေသွားသည့်အတွက်ကြောင့် အကုန်လုံး၏ အာရုံမှာ ကြောက်ကြောက်လန့်လန့်ဖြင့် သူမဆီသို့ ရောက်လာခဲ့ရလေသည်။ မဟာဧကရာဇ်၏ အရိုးခြောက်နှင့် သိုလှောင်လက်စွပ်ကိုတော့ ယာယီမေ့သွားကုန်ကြလေသည်။
သို့သော်ငြား နတ်ဝိဉာဉ်ချိတ်စည်း ပြန်ကောင်းသွားသည့်နောက် အကုန်လုံး၏အာရုံမှာ အရိုးခြောက်နှင့် သိုလှောင်လက်စွပ်ဆီသို့ ပြန်လည်ရောက်ရှိလာကြတော့လေသည်။
လန်ချို၏မေးခွန်းသည် အကုန်လုံးမေးချင်နေသည့် မေးခွန်းဖြစ်လေသည်။ ထို့အတွက်ကြောင့် လူတိုင်း၏အကြည့်မှာ လူအိုကြီးဆီသို့ တမုဟုတ်ချည်း ရောက်ရှိလာတော့လေသည်။
လူအိုကြီးက ခက်ထန်သည့် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့အရိုးခြောက်နဲ့ သိုလှောင်လက်စွပ်ရဲ့ ပိုင်ရှင်က ဘယ်ဧကရာဇ်ပဲဖြစ်ဖြစ် အရေးမကြီးဘူး… မဟာဧကရာဇ်တွေကြားက တိုက်ပွဲက အကုန်လုံးကို ဖျက်ဆီးပစ်သွားခဲ့တာ… အသုံးမဝင်တဲ့ဟာအချို့ကလွဲပြီးတော့ တိုက်ပွဲမှာသုံးခဲ့တဲ့ မှော်ရတနာအများစုက ဖျက်ဆီးခံလိုက်ရပြီ… ဒီတော့ အဲ့သိုလှောင်လက်စွပ်ထဲမှာ ဘာအဖိုးတန်တာမှ ကျန်တော့မှာမဟုတ်ဘူး… အဲ့အကြောင်းကို တွေးနေမဲ့အစား မင်းတို့အကုန်လုံး မြန်မြန်ထွက်သွားလိုက်ရင် ကောင်းလိမ့်မယ်…”
“ကျုပ် ခင်ဗျားကို ယုံမယ်ထင်နေတာလား…” လန်ချိုက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
“ကျွန်မယုံတယ်…” လန်ရွှင်းက ရုတ်တရက် ဝင်ပြောလိုက်လေသည်။
လန်ချိုသည် ယဲ့ယဲ့လေးပြုံးလျက် လန်ရွှင်းအား လှမ်းကြည့်လိုက်လေသည်။ လန်ရွှင်းကိုယ်တိုင်က လူအိုကြီးဘက်မှ ရပ်တည်ပေးနေသည့်အတွက်ကြောင့် လန်ချိုလည်း ဆက်၍ ဆန့်ကျင်ဘက် လုပ်မနေတော့ချေ။
လန်ရွှင်းက ဆက်ပြောလိုက်လေသည်။ “စီနီယာ… အဆင်ပြေတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ ဒီနေရာက အန္တရာယ်များတယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလား…”
လူအိုကြီးက မျက်မှောင်ကြုလျက် “နင်တို့တွေအကုန်လုံး အသက်အန္တရာယ်ရှိနေပြီ မိန်းကလေးလန်… နင့်လူတွေကိုခေါ်ပြီး ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားလိုက်ပါတော့…”
လူအိုကြီးပြောသည်ကို ကြားပြီးသည့်နောက် လန်ရွှင်းသည် တစ်ခဏမျှ စဉ်းစားနေလိုက်လေသည်။ ထို့နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “စီနီယာက အခုလိုမျိုး ပြောလာတယ်ဆိုမှာတော့ ဂျူနီယာ ထွက်သွားပါတော့မယ်… ဂရုစိုက်ပါ စီနီယာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင့်၏ ထူးမခြားနားဟန်ကိုမြင်သော် ရန်ကိုင့်အား ဘာမှ ထပ်ပြောမနေတော့ဘဲ အနီးတစ်ဝိုက်တွင်ရှိနေသော ကျင့်ကြံသူများဘက်သို့သာ လှည့်၍ အော်ပြောလိုက်လေ၏။ “တောင်ဘက်နယ်မြေက စီနီယာအစ်ကို စီနီယာအစ်မတို့… ဒီလန်ရွှင်းကို ယုံတယ်ဆိုလို့ရှိရင် ကျေးဇူးပြုပြီး အခုချက်ချင်း ဒီနေရာကနေ ထွက်သွားပေးပါတော့…”
ထိုသို့ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် ပထမဦးစွာ နေရာမှနေ၍ ပြေးထွက်သွားလေသည်။ ရှောင်ချန်းမှာ ထွက်မသွားချင်သော်ငြား လန်ရွှင်း၏ ကိုယ်ရံတော်တစ်ဦးဖြစ်သည်နှင့်အညီ လန်ရွှင်းထွက်သွားသည်နှင့် ဆက်မနေရဲတော့ဘဲ သူမနောက်သို့ အလျင်စလို ပြေးလိုက်သွားလေ၏။
လန်ရွှင်းတို့ ထွက်သွားပြီးသည့်နောက်တွင် တောင်ဘက်နယ်မြေမှ လက်ရွေးစင်တော်တော်များများသည် သူတို့၏ ပျံသန်းရေး မှော်ရတနာအသီးသီးကို ထုတ်ယူလျက် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကုန်ကြလေသည်။
ကြည့်ရသလောက် ကြယ်ဝိဉာဉ်နန်းတော်၏ လွှမ်းမိုးမှုသည် တောင်ဘက်နယ်မြေအနှံ့ ပျံ့နှံ့နေသည့်ပုံပင်။
ချက်ချင်းဆိုသလို လူအုပ်ကြီး၏အရေအတွက်မှာ တမုဟုတ်ချည်း လျော့ကျသွားတော့လေသည်။
ရှရှန်းသည် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့အား တိုးတိုးလေး စကားပြောလိုက်ပြီးသည့်နောက် ရန်ကိုင့်အား သတင်းစကားလှမ်းပို့ကာ အသီးသီး ထွက်သွားကြလေ၏။
တစ်ယောက်တည်းသာ ဆိုလျှင်တော့ ရှရှန်းအနေဖြင့် ဤနေရာတွင် ဆက်နေကောင်း နေလိမ့်မည် ဖြစ်သော်ငြား သူ့တွင် ကာကွယ်ပေးရမည့် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့ ရှိနေသေးသည့် အတွက်ကြောင့် အကုန်လုံး၏လုံခြုံရေးအတွက် ထွက်သွားသည်မှာ အကောင်းဆုံးသာ ဖြစ်ပေသည်။
“ယောင်စီ… မင်းလည်း ထွက်သွားပေတော့…” လူအိုကြီးသည် ယောင်စီဘက်သို့လှည့်၍ အမိန့်ပေးလိုက်လေသည်။
ယောင်စီက မျက်ခုံးပင့်လျက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီသခင်လေးက ကိုယ်ကြိုက်တာကို ကိုယ်လုပ်မှာ… ဘယ်သူမှ ကျုပ်ကို လာအမိန့်ပေးလို့မရဘူး…”
မဟာဧကရာဇ်တစ်ပါး၏ သားတော်တစ်ဦး ဖြစ်သည်နှင့်အညီ ယောင်စီသည် အမှန်တကယ်ကို မောက်မာဝံ့ကြွားပေသည်။ လူအိုကြီးပြသသွားသည့် စွမ်းဆောင်ရည်မှာ အံ့ဩဖွယ်ကောင်းသော်ငြား ထိုမျှလောက်နှင့်ပင် ယောင်စီအား အမိန့်ပေး၍ မရသေးချေ။
လူအိုကြီးသည် သက်ပြင်းချလျက် သူ့လက်အား ကောက်ကာ ဝှေ့ယမ်းချလိုက်လေသည်။ အလင်းတန်းတစ်ခု ထွက်ပေါ်သွားပြီးသည့်နောက် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ယောင်စီဆီသို့ တိုးဝင်သွားလေ၏။
ထိုအချင်းအရာကိုမြင်သော် ယောင်စီ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ဧကရာဇ်ချီကို အလျင်စလို လှည့်ပတ်၍ နောက်သို့ ပြန်ဆုတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် တိုးဝင်လာနေသည့်အလင်းတန်းအား ရှောင်ရှားရန် ကြိုးစားလိုက်လေသည်။
သို့သော်ငြား အလင်းတန်း၏ အမြန်နှုန်းမှာ အလွန်ကိုမှ မယုံကြည်နိုင်ဖွယ် ကောင်းလွန်းနေသည့်အတွက်ကြောင့် ယောင်စီမှာ ရှောင်ရှားဖို့ ကြိုးစားသည့်တိုင် မအောင်မြင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကာရံထားသော ဧကရာဇ်ချီအကာအကွယ်သည်ပင်လျှင် ထိုအလင်းတန်းအား မဟန့်တားနိုင်ခဲ့ပေ။
အလင်းတန်းသည် ယောင်စီတည့်တည့်အား တိုက်ရိုက်ထိမှန်သွားခဲ့လေသည်။
ထိုအလင်းတန်းကြောင့် ယောင်စီခမျာ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရပြီး သူ့မျက်နှာမှာလည်း ဖြူလျော်သွားခဲ့ရလေ၏။
“လူအိုကြီး… ခင်ဗျား ဘယ်လိုတောင် အလစ်ချောင်း တိုက်ခိုက်ရဲတာလဲ…” လန်ချိုမှာ ကြောက်လည်းကြောက် ဒေါသလည်းထွက်နေသည့် လေသံဖြင့် လှမ်းအော်ပြောလိုက်လေ၏။
သူဒေါသထွက်ရခြင်းမှာ လူအိုကြီးသည် မပြောမဆိုနှင့် ကောက်ခါငင်ခါ တိုက်ခိုက်လိုက်သည့် အတွက်ကြောင့်ပင်လျှင်။ သို့သော်ငြား ယောင်စီကိုယ်တိုင်ပင်လျှင် ထိုတိုက်ကွက်အား မခုခံနိုင်ခဲ့သည်ကိုကြည့်ရင်း လန်ချိုစိတ်ထဲ ကြောက်လန့်မိသွားခဲ့လေသည်။ ဤလူအိုကြီး၏ခွန်အားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းပေလေသည်။
ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ချီကွေ့၊ ဝူချန်းနှင့် အခြားသောဧကရာဇ်အဆင့် ပညာရှင်များ၏ မျက်နှာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
ကြယ်ပျက်ပင်လယ်ထဲ၌ ဧကရာဇ်အဆင့်သို့ တက်ရောက်ပြီးသည့်နောက်တွင် အခုချိန်မှစ၍ ကြယ်တာရာအစုအဝေးထဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တော့လိမ့်မည်ဟု မှတ်ယူထားခဲ့ကြသည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်ထဲမှ မထွက်ရသေးခင်မှာပင် သူတို့၏ မာနတရားတို့မှာ ဟိုးအောက်ခြေထိရောက်အောင် နင်းချေခံလိုက်ရလေသည်။
လူအိုကြီးသည် ယောင်စီကိုပင်လျှင် အောင်မြင်စွာ အလစ်ချောင်းတိုက်ခိုက်နိုင်လေရာ သူတို့ကိုဆိုလျှင် ပို၍ပင် လွယ်ကူနေလိမ့်မည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။
ကြည့်ရသလောက် မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူကိုမှ အထင်သေး၍ မရတော့သည့်ပုံပင်။ ထိုသို့သာ မဟုတ်ပါက သူတို့အနေဖြင့် မည်ကဲ့သို့ သေလို့သေသွားရမှန်းကိုပင်လျှင် သိလိမ့်မည် မဟုတ်ချေ။
လန်ချိုသည် အချိန်မရွေး ထတိုက်ခိုက်တော့မည့်အလား လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်လေသည်။ အစောပိုင်းက သူဒုက္ခရောက်နေချိန်တွင် ယောင်စီသည် သူ့ဘက်မှနေ၍ ကာပြောပေးခဲ့သည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ယခု ယောင်စီ ဒုက္ခရောက်နေသည့်အခါ သူလည်း ဤအတိုင်း ရပ်ကြည့်မနေနိုင်ချေ။
သို့သော်ငြား သူဘာမှ မပြောနိုင်သေးခင်မှာပင် ယောင်စီသည် သူ့လက်ကိုဆန့်ထုတ်၍ လန်ချိုအား တားလိုက်လေ၏။ ထို့နောက် လှမ်းအော်ပြောလိုက်လေသည်။ “ငါ အဆင်ပြေတယ်… မဆင်မခြင် မလုပ်နဲ့…”
လန်ချိုသည် ယောင်စီအား အံ့အားသင့်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
သူ့လက်ဝါးအား အလေးအနက်အမူအယာဖြင့် ငုံ့ကြည့်လိုက်ပြီးသည့်နောက် ယောင်စီ၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ ထို့နောက် လူအိုကြီးအား ကြောက်လန့်တကြားဖြင့် လှမ်းကြည့်ရင်းမှ အလန့်တကြား ပြောလိုက်လေ၏။ “ခင်ဗျားက…”
လူအိုကြီးသည် သူ့နှုတ်ခမ်းပေါ် လက်တင်ပြလိုက်ပြီး တိုးတိုးနေရန် အချက်ပြလိုက်လေသည်။
လူအိုကြီး ဘာပြောချင်နေသလဲဆိုသည်ကို နားလည်လိုက်သည့်အလား ယောင်စီမှာ သူပြောမည့်စကားများကို အလျင်စလို ပြန်မျိုချလိုက်လေသည်။ ထို့နောက် လက်သီးဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်လေသည်။ “မသိနားမလည်ခဲ့လို့ ယောင်စီ ရိုင်းပျမိသွားခဲ့သလို ဖြစ်သွားခဲ့ပါတယ်… ကျေးဇူးပြုပြီး ဒီဂျူနီယာကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် စီနီယာ…”
ယောင်စီ၏စကားလုံးများသည် လူအုပ်ကြီးတစ်ခုလုံးအား ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့လေသည်။ အကုန်လုံးမှာ မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ယောင်စီအား လှမ်းကြည့်နေကြလေသည်။
ယောင်စီသည် ရှုယဉ်သာမဟာဧကရာဇ်၏ သားတော်တစ်ပါး ဖြစ်သည်နှင့်အညီ အလွန်တရာကိုမှ ဂုဏ်မောက်သည့် လူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤလောကကြီးတွင် အချို့သော လူအနည်းငယ်မှလွဲ၍ မည်သူမျှ သူ့အား ဤကဲ့သို့ ဖြစ်အောင် မလုပ်နိုင်ချေ။
သို့သော်ငြား လူအိုကြီးနှင့် အတွေ့တွင် ယောင်စီမှာ တလေးတစားဖြင့် ပြုမူပြောဆိုခဲ့လေသည်။ သူ့ပုံစံမှာ လေးစားသမှု ပြုနေရုံသာလျှင် မဟုတ်တော့ဘဲ တစ်ဖက်လူ၏အမိန့်ကို နာခံနေသည့်ပုံစံမျိုးပါ ပေါက်နေခဲ့လေသည်။
မဟာဧကရာဇ်တစ်ပါး၏ သားတော်သည် တာအိုသခင် တတိယအဆင့်သို့သာ ရောက်သေးသော လူအိုကြီးတစ်ဦးရှေ့တွင် အလွန်ကိုမှ နှိမ့်ချနေရုံသာမက သူ့ကိုယ်သူ ဂျူနီယာတစ်ဦးဟုပါ ခေါ်ဝေါ်သုံးစွဲနေခဲ့လေသည်။ ဤလောကကြီးတွင် ဘာတွေများဖြစ်နေလေသနည်း။
သို့သော်ငြား အကုန်လုံး နားလည်သွားသည့် တစ်ချက်တော့ ရှိပေသည်။ အစောပိုင်းက လူအိုကြီး၏ တိုက်ခိုက်မှုမှာ အလစ်ချောင်းတိုက်ခိုက်မှုမဟုတ်ဘဲ ယောင်စီအား တစ်ခုခုပြောပြလိုက်ခြင်းသာ ဖြစ်ပေသည်။ လူအိုကြီးပြောပြသည်ကို ကြားပြီးသည့်နောက် ယောင်စီမှာ လူအိုကြီး မည်သူမှန်း သိသွားခဲ့ပြီး ဤကဲ့သို့ သူ့ကိုယ်သူ နှိမ့်ချလိုက်ခြင်း ဖြစ်ပေသည်။
လူအိုကြီးက ရယ်သွမ်းသွေးလျက် “ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ဘူးလေ… သခင်လေးယောင်စီ ဒီလူအိုကြီးရဲ့လုပ်ရပ်ကို ကျေးဇူးပြုပြီး စိတ်ထဲမထားနဲ့နော်…”
ယောင်စီက ပြန်ပြောလိုက်လေ၏။ “ဘယ်ကသာ စီနီယာရယ်…”
လူအိုကြီးက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ.. ဒါဆိုရင် မင်းလူတွေကိုခေါ်ပြီး အခုချက်ချင်း ထွက်သွားပေတော့…”
ယောင်စီက ခေါင်းညိတ်လိုက်လေ၏။ “စီနီယာရဲ့ အမိန့်အတိုင်းပါ…”
ထိုသို့ပြောပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်၍ ဝေ့ကြည့်လျက် ပြောလိုက်လေ၏။ “မင်းတို့ မသေချင်ရင် ငါ့နောက်လိုက်ခဲ့ပေတော့…”
လန်ချိုမှာမူ တုံ့ဆိုင်းနေခဲ့လေသည်။ “ငါတို့တကယ်ကြီး ထွက်သွားရမှာလား… အဲ့သိုလှောင်လက်စွပ်…”
သူ့စကားမဆုံးသေးခင်မှာပင် ယောင်စီမှ သူ့အား အရိုးကွဲမတတ် အေးစက်လှသည့် အကြည့်ဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် လန်ချိုမှာ ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ပါးစပ်ကြီးကိုမဲ့လျက် ပြန်ပြောလိုက်လေ၏။ “ကောင်းပြီ ကောင်းပြီ… ငါသွားမယ်…”
ထို့နောက် ယောင်စီသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလျက် ရှေ့ဆုံးမှနေ၍ ပြေးထွက်သွားလေသည်။
သူတို့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေသည့်တိုင် ချီကွေ့နှင့် အခြားသူများမှာလည်း ယောင်စီနောက်မှ လိုက်သွားကြလေသည်။ သူတို့သာ ဤနေရာတွင် ဆက်နေမည်ဆိုပါက ယောင်စီအား မလေးမစား လုပ်မိသလို ဖြစ်သွားပေလိမ့်မည်။ ချီကွေ့၏ ရောင်နီကျောင်းတော်သည် အရှေ့ဘက်နယ်မြေတွင် တည်ရှိနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ယခုနေ ယောင်စီအား သွားရန်စလိုက်မည်ဆိုပါက သူ၏ အနာဂတ်နေ့ရက်များမှာ ကောင်းမွန်တော့လိမ့်မည် မဟုတ်ချေ။
ခဏကြာပြီးသည့်နောက် ဤနေရာတွင်ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်အားလုံးနီးပါး ထွက်သွားကုန်ကြလေသည်။ ဝူချန်းသည် အချိန်အတော်ကြာအောင် စဉ်းစားနေပြီးသည့်နောက် အဆုံးတွင် ထွက်သွားရန် ရွေးချယ်လိုက်လေ၏။
တကယ်တော့ မဟာဧကရာဇ်နှစ်ပါး၏ မျိုးဆက်များပင်လျှင် ထွက်သွားကြပြီ ဖြစ်သလို ယောင်စီ၏ ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုအရလည်း လူအိုကြီးသည် ထင်ထားသလို ရိုးရှင်းခြင်းမရှိကြောင်း သိနိုင်ပေသည်။
ယောင်စီကဲ့သို့သော လူတစ်ဦးပင်လျှင် တစ်ချက်ကလေးမှပင် တွေဝေနေခြင်းမရှိဘဲ ထွက်သွားခဲ့လေရာ ဤနေရာတွင် ဆက်နေခြင်းသည် သူ့အတွက်ပင်လည်း အလွန်ကိုမှ အန္တရာယ်များလောက်ပေသည်။
ဧကရာဇ်အဆင့်များသာလျှင်မဟုတ် တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာမှာလည်း ထွက်သွားကုန်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း ဤနေရာတွင် စုဝေးနေကြသည့် လူအရေအတွက်မှာ တစ်ထောင်လောက်ပင် မရှိတော့ချေ။ ကြယ်ပျက်ပင်လယ်ထဲ၌ အကျိုးအမြတ် များများစားစား မရသေးသည့် အတွက်ကြောင့်လားမသိရ ထို တစ်ထောင်မရှိတတ် ရှိတတ် တာအိုသခင်အဆင့် ပညာရှင်များမှာ ထွက်မသွားကြသေးဘဲ ခေါင်းမာမာဖြင့်သာ ဤနေရာ၌ ဆက်နေလေ၏။
“မင်းထွက်မသွားဘူးလား…” ရန်ကိုင် ဆက်၍ ရပ်နေသေးသည်ကို လူအိုကြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ရို့ရှီရဲ့ သွေးမျိုးဆက်အကြောင်းကို ပြောပြတာနဲ့ ကျုပ် ချက်ချင်း ထွက်သွားပေးမယ်…”
လူအိုကြီးက ပြန်ပြောလိုက်လေသည်။ “နောက်ပိုင်းကျရင် မင်းသိရလိမ့်မယ်…”
“ခင်ဗျားမပြောမချင်း ကျုပ် ခင်ဗျားနောက်ကို ဆက်လိုက်နေမှာနော်…” ရန်ကိုင်က အကြောက်အလန့်ကင်းမဲ့သည့်ပုံစံဖြင့် ပြုံးဖြီးပြလိုက်လေ၏။
လူအိုကြီးသည် ရန်ကိုင့်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် နှာခေါင်းရှုံံ့လိုက်လေ၏။ “ကောင်လေး… မင်းက တကယ်ကို အရေထူပါလားကွ… မင်းလိုလူတစ်ယောက်ကို ဝမ်ကျိရှန်းက ဘယ်လိုလုပ်ပြီး တပည့်အဖြစ် လက်ခံထားတာလဲ…”
ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ကျုပ် နေမင်းပြာကျောင်းတော်ကမှန်း ခင်ဗျား ဘယ်လိုသိတာလဲ…”
သူသည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦးဖြစ်ကြောင်းကို မည်သူ့ကိုမှ လျှောက်ပြောခဲ့ခြင်းမရှိချေ။
လူအိုကြီးသည် ယဲ့ယဲ့လေးရယ်မောလျက် ရန်ကိုင့်ခန္ဓာကိုယ်ပေါ်သို့ လက်ညှိုးထိုးပြလိုက်လေသည်။
ထိုအခါမှသာလျှင် သူအပြင်သို့ ထုတ်ထားသော နေမင်းပြာရွှေတံဆိပ်ပြား သူ့အိတ်ကပ်အပြင်ဘက်သို့ ရောက်၍ ခန္ဓာကိုယ်မှ တွဲလောင်းကျနေကြောင်းကို ရန်ကိုင် သတိထားမိသွားခဲ့သည်။ ယခင်က ရန်ကိုင်သည် ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင် သို့မဟုတ် နေမင်းပြာကျောင်းတော်မှ အခြားသူများ အရေးကြုံ၍ သတင်းပေးပို့လာသည့်အခါ အချိန်မရွေး တုံံ့ပြန်နိုင်ရန်အတွက် နေမင်းပြာရွှေတံဆိပ်ပြားကို သိုလှောင်လက်စွပ်ထဲမှ လိုရမယ်ရ ထုတ်ထားခဲ့လေသည်။ သို့သော်ငြား ထိုအချက်ကလေးကိုပင်လျှင် လူအိုကြီး သတိပြုမိသွားလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
လူအိုကြီးက ခေါင်းခါလျက် “ခေါင်းအစ ခြေအဆုံး ဘာကောင်းကွက်မှ မရှိတဲ့ကောင်… နောက်ပိုင်း ဝမ်ကျိရှန်းနဲ့ တွေ့လို့ရှိရင် မင်းကို ကျောင်းတော်ထဲက နှင်ထုတ်ဖို့ ကျိန်းသေပြောရမယ်…”