I Love You
Vol. 10 Ch. 162
တရားဝင်သတင်းစာရှင်းလင်းပွဲ စတင်ခဲ့သည်။
ယခုနှစ်တွင် ထွက်ရှိလာမည့် ရှန့်ကျင်၏ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲမှာ ထူးခြားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ 'GO' မျိုးဆက်သစ် မူကြမ်းအပြင် 'REAL' ထုတ်ကုန်၏ အကြောင်းအရာ အပြည့်အစုံကို မိတ်ဆက်ခဲ့ရာ ထုတ်လွှင့်မှုမပြီးဆုံးခင်မှာပင် စတင်မှာယူနေပြီဖြစ်သည်။
ဗီဒီယိုရိုက်ကူးသူသည် ဧည့်သည်ထိုင်ခုံများကို ဆက်လက် မရိုက်ကူးတော့သော်လည်း သတင်းစာရှင်းလင်းပွဲ၏ အဓိကအချက်ဖြစ်သည့် ထုတ်ကုန်အသစ်များ မိတ်ဆက်နေသည့် စင်ပေါ်ကို ရိုက်ကူးခဲ့သည်။ သို့သော် စင်ပေါ်နှင့်စင်အောက် အကြည့်ခြင်းဆုံနေကြသော လုလီနှင့် ချီချန်းရန်၏ ပုံများသည် ဖန်သားပြင်ပေါ်တွင် ပေါ်လွင်ခဲ့ပြီး ပရိသတ်များမှ ဤသည်ကို screenshot ရိုက်ယူခဲ့ကြသပြီး 'သစ်တော်သီးစုံတွဲ'၏ ပရိသတ်များသည် ဤချိုမြိန်မှုကြောင့် မူးမေ့လုနီးပါး ဖြစ်သွားရသည်။
ထုတ်လွှင့်မှု ပြီးသွားပြီးနောက် နောက်ထပ် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံး အဖွဲ့လိုက် ဓာတ်ပုံရိုက်မည့် အပိုင်းတွင် အဝါရောင်ဝတ်စုံနှင့် သားရေဖိနပ်အပါးကို ဝတ်ဆင်ထားသော ဥက္ကဌဇနီးသည် အမှုဆောင်အဖွဲ့မှူး များကြားတွင် ထင် ရှားနေသည်။ သူ ချီချန်းရန်ဘေးတွင်ရှိနေကာ တစ်လျှောက်လုံးဂရုတစိုက်ဖြင့် ကာကွယ်စောင့်ကြပ်ထားသည်။
အရှေ့က တိုက်ရိုက်ထုတ်လွှင့်မှု၏ ဖန်သားပြင်ဓာတ်ပုံသည် လုလီရဲ့ အလှအပအကြောင်းသက်သက်ဆိုရင် ဒီဗီဒီယိုတွင် အချက်အလက်များ ပိုမိုပြည့်စုံစွာ ပါဝင်နေပုံရသည်။
ချီချန်းရန်သည် လုလီလက်ကို ဂရုတစိုက်ကိုင်ထားသည်။ လုလီရဲ့ ခါးက စကတ်ကလည်း ပွပွယယ ဒီဇိုင်းဖြစ်ပြီး ဖိနပ်အပါးစီးထားသည်။ Fan များသည် လုလီ၏ဝမ်းဗိုက်နေရာကို Zoom ၁၈၀ အထိ ချဲ့ကာ microscope ဖြင့် စူးစမ်းလေ့လာခဲ့ကြသည်။
[အမ်..! ငါဘာလို့ လီကျဲ ဗိုက်ပိုပူလာသလို ခံစားနေရတာလဲ?]
[ကိုယ်ဝန်ရှိနေတာများလား ?]
[အား...တကယ်ကြီးလား ? လီကျဲကိုယ်ဝန်ရှိနေပြီလားည? ဖြစ်နိုင်တယ်၊ သူ ဖိနပ်အပါးစီးထားတယ်၊ မစ္စတာချီ မျက်နှာမှာလည်း စိုးရိမ်နေတဲ့ပုံက ထင်ရှားနေတယ်]
[လီကျဲ ကိုယ်ဝန်ရှိနေပြီထင်တယ်၊ သူလမ်းလျှောက်တဲ့ပုံက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လမ်းလျှောက်တဲ့အတိုင်းပဲ]
[မနှစ်က သူ့လောင်ကုန်းကို စင်အောက်မှာ တစ်ယောက်တည်း အားပေးနေခဲ့တာ၊ ဒီနှစ်တော့ ဗိုက်ထဲကဘေဘီလေးပါလာပြီပေါ့၊]
[အား...ချိုလိုက်တာ၊ crying emoji]
[ဘေဘီလေး ဘယ်တော့မွေးမှာလဲ?]
…
ထို့နောက် 'လုလီ ကိုယ်ဝန်ရှိနေပြီ' ဟူသော ခေါင်း စီးဖြင့် Hot search ပေါ်ရောက်ရှိလာသည်။
ချီချန်းရန်သည် အောင်ပွဲခံပါတီကို မသွားတော့ဘဲ သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ လူလီနဲ့အတူ အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ နှစ်ယောက်သား Hot Search ကို တွေ့လိုက်ရသည်။ လုလီ သူ့ဝမ်းဗိုက်ကို လက်ဖြင့်ပွတ်သပ်ရင်း ဗီဒီယိုဖိုင်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။
"ဒီလောက်တောင် သိသာနေပြီလား ?" သူနှင့် ချီချန်းရန် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နာရီဝက်အကြာတွင် 'Lu Li Lily' ၏ Weibo အကောင့်မှ ရိုးရှင်းတဲ့ အကြောင်းအရာတစ်ခုကို တင်လိုက်သည်။ လူကြီးနှစ်ယောက်ကြားက ကလေးပုံ emoji လေးတစ်ခုပဲ။
ပရိသတ်များသည် ရှေ့က သတင်းစာရှင်းလင်းပွဲမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည့် ဓာတ်ပုံများကိုကြည့်ပြီး အချိုများ အလုံအလောက်ရရှိနေစဥ် ယခုထပ်ပြီး ကိုယ်ဝန်သတင်းဖြင့် အချိုထပ်ကျွေးခံလိုက်ရသဖြင့် ဆီးချိုများအဆ မတန်မြင့်တက်လာကြသည်။ ယနေ့သည် အားလုံးအတွက် ဆီးချိုတက်သော နေ့တစ်နေ့အဖြစ် သတ်မှတ်နိုင်သည်။
[Congrarulation!]
[သစ်တော်သီးစုံတွဲ"လေး နောက်ဆုံးတော့ ဘေဘီလေး ရသွားပြီပေါ့! ရေ့..ရေ့ ]
["သစ်တော်သီးစုံတွဲ"က စကြာဝဠာမှာ အချိုဆုံးစုံတွဲ! ဒါကို ငြင်းလို့မရဘူး!]
[တော်လောက်ပြီ၊ ဒီနေ့တော့ အချိုထပ်မစားနိုင်တော့ဘူး၊ ဒီနှစ်ရဲ့အချိုမြိန်ဆုံးစုံတွဲအဖြစ် အချိုတွေကြွေးခဲ့တဲ့ "သစ်တော် သီးစုံတွဲ" တကယ် ကျေးဇူးတင်တယ်]
[မစ္စတာချီနဲ့မစ်လုတို့ နှစ်ပေါင်းရာကျော် လက်သွားနိုင်ပါစေ]
[ဘာလို့မှန်းမသိ ငိုချင်လာပြီ... အတုအယောင်စုံတွဲက ဒီလောက်ချိုမြိန်လာခဲ့မယ်လို့ မထင်ထားခဲ့ဘူး၊ အခုတော့ ကလေးတောင် ရနေပြီတဲ့လား? စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ တကယ်ရှိတာကို ငါ ယုံကြည်ခဲ့ပြီ ]
[+1၊ ငါရောပဲ]
…
လုလီ Weibo တွင် ပို့စ်တင်ပြီးနောက်ပိုင်း နောက်ဆက်တွဲ အွန်လိုင်းဂယက်များကို စိတ်မဝင်စားတော့ပေ။ ကိုယ်ဝန်ဆောင်ကာလ ဖြစ်သောကြောင့် သူ၏ပုံမှန် အချိန်ဇယားအတိုင်း ရေချိုးပြီးနောက် စောစောအိပ်ယာဝင်လိုက်သည်။
သူ ခေါင်းလျှော်ပြီး ချီချန်းရန်ရှေ့တွင် ထိုင်လိုက်သည်။ ချီချန်းရန်သည် ဆံပင်အခြောက်ခံစက်ကိုယူပြီး သူမဆံပင်ကို ဂရုတ စိုက်လုပ်ပေးနေသည်။
ဆံပင်အခြောက်ခံစက်၏ အသံသည် နားထဲတွင် စီစီမြည်နေပေမဲ့ အလွန်ကျယ်လောင်ခြင်းတော့မရှိပေ။
လုလီ ဆံပင်အခြောက်ခံနေစဥ် ချောင်ကျာယိထံမှ WeChat မက်ဆေ့ဂျာတစ်စောင် ရောက်လာသည်။ ၎င်းမှာ ယခုနှစ်အတွက် 'အချိုမြိန်ဆုံးစုံတွဲ'၏ ဆန်ကာတင်ရလဒ်ဖြစ်သည်။ ၎င်းတို့စုံတွဲသည် ဖျော်ဖြေရေးနယ်ပယ်တွင် မရေမတွက်နိုင်သော စုံတွဲများကို ကျော်ဖြတ်ကာ ဆုကိုရရှိခဲ့သည်။ ၎င်းတို့ သည် "အတုအယောင်စုံတွဲ" အဖြစ် မဲအပြတ်အသတ်ဖြင့် ရွေးချယ်ခံခဲ့ရပြီးနောက် "အချိုမြိန်ဆုံးစုံတွဲ" ဆုကို ရရှိခဲ့သည့် ပထမဆုံးစုံတွဲလည်း ဖြစ်လာခဲ့သည်။
"အချိုမြိန်ဆုံးစုံတွဲ ?" နားထောင်လို့ကောင်းသားပဲ
လုလီ ချောင်ကျာယိကို စာပြန်ပို့ပြီးနောက် ဖုန်းကိုချလိုက်သည်။ ချီချန်းရန်၏လက်ချောင်းများသည် သူ့ဆံပင်ကို မှုတ်ပေးနေရင်း သူ့လက်ချောင်းတွေက သူမရဲ့ ပိုးသားလို ဆံပင်တွေကြားထဲ ညင်သာစွာ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရ၏။ လုလီဆံပင် လုံးဝခြောက်သွေ့ လုနီးပါးဖြစ်နေသည်။ သူ သမ်းဝေလိုက်ပြီး ဒီနေ့ ကလေးပြုစုပျိုးထောင်ခြင်းအကြောင်း ဖတ်ထားတာကို ရုတ်တရက်သတိရသွားသည်။
"ဗိုက်ထဲက ကလေးရဲ့အသံက ဆံပင်လေမှုတ်စက်ရဲ့အသံနဲ့ ဆင်တူတယ်လို့ ပြောတယ်၊ ဒါကြောင့် ကလေးငိုတာနဲ့ ဆံပင်လေမှုတ်စက်ဖွင့်ပြလိုက်ရင် ကလေးက အသံတိတ်သွားရောတဲ့"
ချီချန်းရန်လည်း ကလေးပြုစုခြင်းဆိုင်ရာ အကြောင်းအရာများကို အနည်းငယ် ဖတ်ဖူးပြီး
"ကိုယ်တို့ ကလေးလေး အပြင်ရောက်လာမှ စမ်းကြည့်ကြတာပေါ့"
ဗိုက်ထဲက ကလေးလေးကလည်း သူ့မိဘတွေ စကားပြောနေတာကို သိသွားပုံရပြီး စတင် လှုပ်ရှားတော့သည်။ လုလီက ချက်ချင်း ချီချန်းရန်၏လက်ကို ဆုပ်ကိုင်ပြီး ဗိုက်ပေါ်တင်ပေး လိုက်ကာ ဗိုက်ထဲရှိ ကလေး၏ လှုပ်ရှားမှုကိုခံစားစေလိုက်သည်။
ချီချန်းရန်သည် ဆံပင်အခြောက်ခံစက်ကို ပိတ်လိုက်ပြီး အခန်းတွင်း တိတ်ဆိတ်သွားသည်။ သူ့လက်အောက်ကနေ ကလေးလေး လုလီဝမ်းဗိုက်ကို ကန်ကျောက်နေသည်ကို သူ စိတ်ရှည်လက်ရှည် ခံစားကြည့်လိုက်သည်။ ချီချန်းရန် ခန္ဓာ ကိုယ်တစ်ခုလုံးသွေးများဆူပွက်လာသလို ခံစားရပြီး နှာခေါင်း တွင် ပူစပ်ပူလောင်ဖြစ်လာသည်။ ကလေးငယ်လေးသည် ဖခင်ဖြစ်သူ၏ ထိတွေ့မှုကိုခံစားမိပုံရပြီး အပြင်းအထန်ကန် ကျောက်နေခဲ့သည်။
ထိုလှုပ်ရှားမှုကြောင့် လုလီ နာကျင်နေမည် မဟုတ်သော်လည်း ချီချန်းရန်စိတ်ထဲတွင် "မင်း မွေးလာရင် မင်းအမေ့ကို ဒုက္ခမပေးရဘူးနော်" ဟု ပြောလိုက်သည်။ ကလေး၏လှုပ်ရှားမှုသည် တစ်မိနစ်ခန့်ကြာပြီးနောက် ငြိမ်သက်သွားသည်။ ချီချန်းရန်သည် ဆံပင်အခြောက်ခံစက်ကို သိမ်းဆည်းကာ လုလီကို ကုတင်ပေါ်သို့ ပို့ဆောင်ပေးလိုက်သည်။
လုလီသည် ချီချန်းရန်၏ ရင်ခွင်ထဲမှာ ကွေးကွေးလေးနေရင် အတွေးများလွင့်မျောသွားသည်။ မနက်က စင်ပေါ်တွင် စမတ်ကျကျဝတ်စားဆင်ယင်ကာ ယုံကြည်ချက် အပြည့်နှင့်ရှိနေသော ထိုအမျိုးအသားသည် ယခုချိန်တွင် ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမကို ပွေ့ဖတ်ထားသည်။ မည်သည့်ပုံစံဖြစ်နေပါစေ ဤအမျိုးသားသည် ယခုချိန်တွင် သူ့အပိုင်ဖြစ်သည်ပင်။
ဒီနေ့ မိုးလေဝသခန့်မှန်းချက်မှာ ညဘက် မိုးကြိုးမုန်တိုင်း ကျရောက်မယ်လို့ ကြေငြာထားသည်။ ကောင်းကင်တခွင်တွင် လျှပ်စီးများလက်ပြီး မိုးကြိုးတွေ ထစ်ချုန်းနေသည်။ လုလီသည် ချီချန်းရန်၏ရင်ခွင်ထဲတွင် လုံခြုံစွာပုန်းနေခဲ့သည်။
သူ တစ်ယောက်တည်းအိပ်ခဲ့ရစဉ်က မိုးကြိုးသံကိုကြောက် လန့်ကာ ခေါင်းအုံးဖက်ပြီး သူ့ကို လိုက်ရှာခဲ့သော်လည်း ယခုမူ လုံးဝမကြောက်တော့ချေ။ အနာဂတ်တွင် ထိုမိုးကြိုးမုန်တိုင်းများ ကျရောက်လာလျှင်တောင် သူ့ရင်ခွင်ထဲတွင် ပုန်းအောင်းပြီး စိတ်အေးချမ်းသာစွာ နေနိုင်မည်ဆိုတာကို သူသိနေပြီ။
ချီချန်းရန်သည် လုလီ၏ကျောကို ညင်သာစွာ ပုတ်ပေးပြီး ကိုယ်ဝန်ရှိစဉ်မှာ ကိုက်ခဲတတ်တဲ့ ခါးအောက်မှာနူးညံ့တဲ့ခေါင်း အုံးလေးခံပေးရင်း သူ့ကိုအိပ်ပျော်အောင်ချော့သိပ်ပေးသည်။ သူ ကုတင်ဘေးရှိ မီးအိမ်ကိုပိတ်လိုက်သည်။ အမှောင်ထုမှ အာရုံခံစားမှုတွေကို ပိုပြီး ရှင်းလင်းစေသည်။
လုလီသည် ချီချန်းရန်၏ ပြင်းထန်သော နှလုံးခုန်သံကို ကြားနေရသည်။
“လောင်ကုန်း” ဟု တိုးလျစွာ ခေါ်လိုက်သည်။
"အင်း ?" ချီချန်းရန် ပြန်ဖြေသည်။
လုလီ ချီချန်းရန်အနားသို့ ပိုနီးကပ်စွာ ကပ်လိုက်ကာ "ရှင့်ကို ချစ်တယ်..." ဟု ခပ်တိုးတိုးပြောလိုက်သည်။ ချီချန်းရန် လုလီနဖူးကိုနမ်းလိုက်ပြီး ခေါင်းငုံ့ကာ "ကိုယ်လည်း မင်းကိုချစ်တယ်" ဟု ခပ်တိုးတိုး ပြန်ပြောသည်။
“ကောင်းသောညပါ”
“ကောင်းသောညပါ”
*****
ပြီးပါပြီ