← Chapters

အခန်း (၂၄၉၄-၂၄၉၆)

Vol. 103 Ch. 2494-2496

အခန်း (၂၄၉၄-၂၄၉၆)

Vol. 103 Ch. 2494-2496

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၉၄)

ဝမ်ကျိရှန်းသည် သူ့အမိန့်အား နာခံနေရသလိုလို လူအိုကြီးမှာ ကြွားလုံးထုတ် ပြောဆိုနေခဲ့လေသည်။

ရန်ကိုင်က နှာခေါင်းရှုံံ့လိုက်လေ၏။ “မသိရင် ခင်ဗျားကိုယ်ခင်ဗျား သူဖုန်းစားမဟာဧကရာဇ်ကျနေတာပဲ…”

ကျောင်းသခင်ဝမ်ကျိရှန်းကို သူဖုန်းစားမဟာဧကရာဇ်မှ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ဤလောကကြီးတွင် ဝမ်ကျိရှန်းအား စိတ်ကြိုက် အမိန့်ပေးနိုင်သည်ဆိုပါက သူဖုန်းစားမဟာဧကရာဇ်သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား သူဖုန်းစားမဟာဧကရာဇ်သည် ဤလောကကြီးတွင် လှည့်ပတ်သွားလာရင်း ဘဝ၏ အလှတရားများကို ခံစားနေသူတစ်ဦးဖြစ်ပေသည်။ သူဖုန်းစားမဟာဧကရာဇ်သည် ပေါ်ချင်ပေါ် ပျောက်ချင်ပျောက်သွားပြီး နေရာတစ်ခုတည်းတွင် အတည်တကျ နေလေ့မရှိချေ။ ထို့အတွက်ကြောင့် သူ့အား မည်သည့်နေရာတွင် ရှာရမလဲဆိုသည်ကို မည်သူမျှ မသိကြ‌။

လူအိုကြီးက မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်လေသည်။ “အိုး… မင်း ဘယ်လိုသိသွားတာလဲ…”

ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ရွဲ့ပြောနေတာ…”

လူအိုကြီးသည် လျှို့ဝှက်ချက်များစွာအကြောင်းကို သိထားသလို ယောင်စီသည်ပင်လျှင် သူ့အား လေးစားသည့်အတွက်ကြောင့် ပညာရှင်တစ်ဦး ကျိန်းသေဖြစ်ရပေလိမ့်မည်။ သို့သော်ငြား ဤလူအိုကြီးမှာ သူဖုန်းစားမဟာဧကရာဇ် ဖြစ်လိမ့်မည်ဟုတော့ ရန်ကိုင် မထင်ချေ။

အကြောင်းမှာ ဤနေရာသည် ကြယ်ပျက်ပင်လယ် ဖြစ်နေသည့် အတွက်ကြောင့်ပင်။

ကြယ်ပျက်ပင်လယ်သည် တာအိုသခင်အဆင့် ပညာရှင်များသာ ဝင်ခွင့်ရသော နေရာတစ်ခုဖြစ်ပေသည်။ ကြောက်မက်ဖွယ်ရာ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့် သူဖုန်းစားမဟာဧကရာဇ်အနေဖြင့် ဤနေရာသို့ ဝင်ရန် မဖြစ်နိုင်ပေ။ သူဖုန်းစားမဟာဧကရာဇ်သာ ကြယ်ပျက်ပင်လယ်ထဲသို့ အတင်းအကြပ် ဝင်ရောက်လာမည်ဆိုပါက ကြယ်ပျက်ပင်လယ်တစ်ခုလုံး မတည်မငြိမ်ဖြစ်ကာ ပျက်စီးသွားရပေလိမ့်မည်။

လူအိုကြီးသည် ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး ရန်ကိုင့်အား ဆက်၍ အာရုံစိုက်မနေတော့ချေ။ ထို့အစား ကျန်ရစ်နေ‌သော တာအိုသခင်အဆင့် ပညာရှင်များဘက်သို့ လှည့်၍ သက်ပြင်းချလိုက်လေ၏။ “လူတွေက လောဘကြောင့်သေတယ် ငှက်တွေက အစာကြောင့်သေတယ်ဆိုတာ အမှန်ပါလား…”

ကျင့်ကြံသူများ ဤနေရာတွင် ဆက်နေရခြင်းမှာ သူတို့အနေဖြင့် အကျိုးအမြတ်အချို့ကို ရနိုင်သေးသည်ဟု ထင်မှတ်နေသည့် အတွက်ကြောင့်ပင်။ အထူးသဖြင့် အားကောင်းသည့်ပြိုင်ဘက်များ ဖြစ်ကြသော ဧကရာဇ်အဆင့် ပညာရှင်များ မရှိကြတော့သည့်နောက်ပင်။

ထိုသို့ရေရွတ်လိုက်ပြီးသည့်နောက် လူအိုကြီးက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “မင်းတို့က အဲ့သိုလှောင်လက်စွပ်ကို လိုချင်နေမှတော့ ဒီလူအိုကြီးကလည်း မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”

လူတိုင်းမှာ လူအိုကြီး ဘာပြောချင်လို့ ပြောချင်နေမှန်း နားမလည်တော့သည့် အတွက်ကြောင့် လူအိုကြီးကိုသာ မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

လူအိုကြီးသည် အကုန်လုံး၏ဇဝေဇဝါဖြစ်နေသည့် အမူအယာများကို လျစ်လျူရှုလျက် တွင်းနက်ဆီသို့ လျှောက်သွားလိုက်ပြီး လက်ကွက်များကို ဖန်တီးလိုက်လေသည်။ ထို့နောက် သူ့လက်ဆီမှ အရောင်တလက်လက် တောက်ပလာတော့လေ၏။

“အဲ့လူအိုကြီး ဘာလုပ်နေတာလဲ…”

“သိုလှောင်လက်စွပ်ကို ယူဖို့လုပ်နေတာလား…”

“အဲ့လောက်တောင် အားကောင်းတာလား… ဟူး… ကြည့်… တွင်းနက်ထဲကို သူ လက်ထည့်နေပြီ…”

“ဘာတွေဖြစ်နေတာလဲ… အလင်းက အရမ်းမျက်စိစူးလွန်းတယ်… ငါ ဘာမှကို သေချာမမြင်ရဘူး…”

အကုန်လုံးမှာ လူအိုကြီး၏ လုပ်ရပ်ကို ကြည့်ရင်း မျက်လုံးသားအပြူးသား ဖြစ်ကုန်ကြလေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း မှင်တက်နေခဲ့သည်။

တွင်းနက် စတင်ဖြစ်ပေါ်လာသည့် အချိန်မှစ၍ တွင်းနက်ဆီမှ လေဟာနယ်နိယာမစွမ်းအားများ ဖြာထွက်နေသည်ကို ရန်ကိုင် အသေအချာ ခံစားမိလေသည်။ သို့သော်ငြား ထိုတွင်းနက်ထဲတွင် ရှိနေသော ဟင်းလင်းပြင်မှာ အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေလွန်းသည့် အတွက်ကြောင့် ရန်ကိုင့်ကဲ့သို့ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူတစ်ဦးပင်လျှင် ထိုထဲသို့ ဖြတ်မဝင်သွားရဲချေ။

လူအိုကြီးသည် ထိုလေဟာနယ်ထဲသို့ သူ့လက်ကို ထိုးထည့်လိုက်လိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။

လူအိုကြီးကိုယ်တိုင်သည်လည်း လေဟာနယ်တာအိုကို ကျွမ်းကျင်ထားလေသလော။ ရန်ကိုင်မှာ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို စမ်းစစ်ကြည့်ရန် ကြိုးစားကြည့်လိုက်ပါသော်ငြား လူအိုကြီးဆီမှ မည်သည့်လေဟာနယ်စွမ်းအင်လှိုင်းကိုမှ အာရုံခံမရခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ လုံးဝကို ဇဝေဇဝါဖြစ်သွားခဲ့ရလေ၏။

တစ်ခဏမျှ ကြာပြီးသည့်နောက်တွင် လူအိုကြီးသည် သူ့လက်ကို ပြန်ဆွဲထုတ်လိုက်လေသည်။

အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် သိုလှောင်လက်စွပ်တစ်ကွင်း သူ့လက်ထဲတွင် ပေါ်လာလေ၏။

လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပြီး လူအိုကြီး၏လက်ထဲရှိ သိုလှောင်လက်စွပ်အား သွေးရောင်ရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လာကြလေသည်။

တွင်းနက်ဆီသို့ လှမ်းကြည့်လိုက်ရာ အရိုးခြောက်၏ လက်ပေါ်တွင် သိုလှောင်လက်စွပ် မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။

“သူ တကယ်ကြီး သိုလှောင်လက်စွပ်ကို ယူလိုက်တာပဲ…”

“အဲ့လိုမျိုးလည်း လုပ်လို့ရတာလား…”

“အံ့ဩစရာကြီး… သိုလှောင်လက်စွပ်ထဲမှာ ဘာတွေရှိနေလဲမသိဘူး…”

“လူအိုကြီး… အဲ့သိုလှောင်လက်စွပ်ကို မြန်မြန်ပစ်ပေးစမ်း… အဲ့ဒါဆို ခင်ဗျားအသက်ကို ချမ်းသာပေးမယ်…”

လူအိုကြီးမှ သိုလှောင်လက်စွပ်ကို ယူလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာတော့လေသည်။ ထို့နောက် အရင်းအမြစ်ချီများကို အသီးသီးလှည့်ပတ်လျက် လူအိုကြီးဆီမှ သိုလှောင်လက်စွပ်အား လုယူရန် ပြင်ဆင်ကြတော့လေသည်။

ရန်ကိုင်သည် နဖူးထက်ရှိ ဝေ့သီလာသော ချွေးအေးများကိုသုတ်ရင်း မှတ်ချက်ပေးလိုက်လေသည်။ “လူအိုကြီးရေ… ခင်ဗျားကတော့ ကိုယ့်ကိုယ်ကို ပြဿနာတက်အောင် လုပ်လိုက်တာပဲ… ခင်ဗျား ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ကျုပ် ကြည့်ချင်လာပြီ…”

လူအိုကြီး အားကောင်းသည်မှာ မှန်သော်ငြား တစ်ယောက်တည်းဖြင့် ထောင်နဲ့ချီသော တာအိုသခင်အဆင့် ပညာရှင်များကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ရန်ကိုင် မထင်ပေ။ လူအုပ်ကြီးသာ လူအိုကြီးအား ခုန်အုပ်လာမည်ဆိုပါက လူအိုကြီးအနေဖြင့် ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။

လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် “သူတို့က သိုလှောင်လက်စွပ်ကိုပဲ လိုချင်နေတာလေ… ဒီတော့ ငါကလည်း ဒီသိုလှောင်လက်စွပ်ကို ပေးလိုက်ရတာပေါ့…”

“ပေးဖို့…” ရန်ကိုင်ကြောင်သွားခဲ့လေသည်။

သူ ဘာမှထပ်မပြောနိုင်သေးခင်မှာပင် လူအိုကြီးသည် သူ့လက်ကိုဝှေ့ယမ်းလျက် သိုလှောင်စွပ်အား ဟင်းလင်းပြင်ထဲသို့ လွှင့်ပစ်လိုက်လေ၏။ “မင်းတို့လိုချင်ရင် သွားယူလိုက်ကြပေတော့…”

လူအိုကြီးမှာ ကျင့်စဉ်တစ်မျိုးမျိုးကို သုံးလိုက်သည့်အလား သိုလှောင်လက်စွပ်သည် လူအိုကြီးမှ လွတ်ထွက်သွားသည်နှင့် တစ်ပြိုင်နက် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ဟင်းလင်းပြင်ထဲသို့ ပျံသန်းထွက်သွားလေ၏။

“လူအိုကြီး ခင်ဗျား သေချင်နေတာပဲ… သိုလှောင်လက်စွပ်ကို ဘယ်လိုတောင် လွှင့်ပစ်ရဲတာလဲ…”

“ခင်ဗျားနေဦး… သိုလှောင်လက်စွပ်ကို ယူပြီးတဲ့ချိန်မှ ဒီသခင်လေး ပြန်လာပြီး ခင်ဗျားနဲ့ စာရင်းရှင်းမယ်…”

“လေကြောရှည်မနေနဲ့… မြန်မြန်လိုက်ဖမ်းကြ… သိုလှောင်လက်စွပ်ကိုရသွားလို့ရှိရင် မင်းတို့ရဲ့ဘဝကြီးတစ်ခုလုံး လုံးဝ သာယာသွားတော့မှာ…”

ရွှစ် ရွှစ် ရွှစ်…

ဤသို့ဖြင့် ကျင့်ကြံသူများသည် သူတို့၏ ပညာရပ် အသီးသီးကို ထုတ်သုံး၍ သိုလှောင်လက်စွပ်နောက်သို့ အလောတကော ပြေးလိုက်သွားကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း ထောင်နှင့်ချီသော ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားကုန်ကြလေ၏။

လူအိုကြီးသည် ပျံသန်းထွက်သွားနေသော ကျင့်ကြံသူများကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။ “အခုလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အစောကြီးတည်းက ဒီလိုမျိုးပဲ လုပ်ပစ်လိုက်ပါတယ်…”

ထို့နောက် မှုန်ကုပ်ကုပ်အမူအယာဖြင့် ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “ကောင်လေး… မင်း ဘာဖြစ်လို့ အဲ့သိုလှောင်လက်စွပ်နောက် ပြေးလိုက်မသွားတာလဲ… အဲ့ဒါ မဟာဧကရာဇ်တစ်ပါးရဲ့ သိုလှောင်လက်စွပ်နော်… အထဲမှာ ဧကရာဇ်အဆင့် မှော်ရတနာတွေ အများကြီး ရှိနေမှာ… မင်းသာ အဲ့သိုလှောင်လက်စွပ်ကို ရနိုင်လို့ရှိရင် ဧကရာဇ်အဆင့်ကို အချိန်တိုအတွင်း ကျိန်းသေ ချိုးဖြတ်နိုင်လိမ့်မယ်…”

ရန်ကိုင်ကမူ လှောင်ပြုံးပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “လူအိုကြီး… ခင်ဗျား ခုနတုန်းကပဲ ပြောခဲ့တာမဟုတ်ဘူးလား… အဖိုးတန်တဲ့ပစ္စည်းတွေအများစုက ဖျက်ဆီးခံလိုက်ရပြီမို့လို့ အသုံးမဝင်တော့တဲ့ဟာတွေပဲ ကျန်တော့တာဆိုပြီးတော့လေ… အဲ့တော့ ဘာမှအသုံးမဝင်တဲ့ ပစ္စည်းတွေပဲ ရှိနေတဲ့ သိုလှောင်လက်စွပ်ကို ကျုပ် ဘာလို့ လိုက်ဖမ်းရမှာလဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ပြီးတော့ သိုလှောင်လက်စွပ်က ဒီမှာပဲ ရှိနေသေးတယ်… ခင်ဗျား လွှင့်ပစ်လိုက်တာက အတုကြီး… ဘာဖြစ်လို့ ကျုပ်က အဲ့အတုနောက်လိုက်သွားရမှာလဲ…”

လူအိုကြီးသည် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း “မင်း ဘယ်လိုလုပ်ပြီး ငါ့လှည့်ကွက်ကိုမြင်သွားတာလဲ… မင်း ငါ့လှည့်ကွက်ကို မြင်သွားစရာအကြောင်း လုံးဝ မရှိဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “လူအိုကြီး ခင်ဗျားရဲ့စွမ်းရည်ကတော့ တကယ်ကို အံ့ဩစရာပဲ… ဒါပေမဲ့ အဲ့တွင်းနက်ထဲကို ခင်ဗျား လက်မထည့်ပဲနဲ့ သိုလှောင်လက်စွပ်ကို ဘယ်လိုယူမှာလဲ… ပြီးတော့ အရိုးခြောက်နဲ့ သိုလှောင်လက်စွပ်က ဒီနားလေးမှာပဲ ရှိနေတယ်လို့ ထင်ရပေမဲ့ တကယ်က ကျုပ်တို့နဲ့ အဝေးကြီးမှာ ရှိနေတာ… ခင်ဗျားလက်ကို ဆန့်ထုတ်လိုက်ရုံလေးနဲ့ အဲ့သိုလှောင်လက်စွပ်ကို ဘယ်လိုမှ လှမ်းမယူနိုင်ဘူး… အခု အရိုးခြောက်က ကျုပ်တို့နဲ့ နီးနေတယ်လို့ ထင်ရတာက ဟင်းလင်းပြင်တွေ တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားလို့ ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်သက်သက်ပဲ”

ရန်ကိုင့်၏ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် လူအိုကြီးက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “မင်းက တကယ်ကို အမြင်စူးရှတာပဲ… ဒီတော့ မင်းက သိုလှောင်လက်စွပ်ကြောင့် ဆက်နေနေတာပေါ့…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ရို့ရှီရဲ့ သွေးမျိုးဆက်ကို သိချင်ရုံပဲ…”

“အဲ့ဒါတော့ ငါပြောလို့မရဘူး… နောက်ပိုင်းကျရင် မင်းသိလာလိမ့်မယ်…”

လူအိုကြီး ဘာ‌ကြောင့် ကျန်းရို့ရှီ၏ သွေးမျိုးဆက်အကြောင်း မပြောချင်သလဲ ဆိုသည်ကို ရန်ကိုင် လုံးဝ နားမလည်နိုင်တော့ချေ။

“ဒီလူအိုကြီး အခု လုပ်စရာတစ်ခုရှိတယ်… အဲ့ဒါက အရမ်းအန္တရာယ်များတယ်… မင်း ဒီနေရာကနေ မြန်မြန်ထွက်သွားရင် ကောင်းလိမ့်မယ်… မင်းသေတာရှင်တာကို ငါဂရုမစိုက်ပေမဲ့ မင်းလက်ထဲက မိန်းကလေးနှစ်ယောက်ကတော့ တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူး…”

“တစ်ခုခုလုပ်ဖို့… ဘာလုပ်ဖို့လဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

သို့သော်ငြား လူအိုကြီးမှာ ရန်ကိုင့်၏အမေးကို ပြန်မဖြေခဲ့ဘဲ တွင်းနက်ဆီသို့သာ အလေးအနက် အမူအယာဖြင့် ပြေးထွက်သွားလေ၏။ သူများ အမြင်မှားသွားသလားတော့ မသိလေရာ လူအိုကြီး၏မျက်လုံးထဲ လုံးဝကို စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်အချို့ကို ရန်ကိုင် မြင်တွေ့နေရလေသည်။ ကြည့်ရသလောက် ဤတာဝန်ကြီးကို ပြီးမြောက်အောင် လုပ်နိုင်ရန်အတွက် လူအိုကြီးသည် ကြီးကြီးမားမား စတေးဖို့ရာ ပြင်ဆင်ထားသည့် ပုံပင်။

တွင်းနက်ရှေ့သို့ ရောက်သည်နှင့် လူအိုကြီးသည် လက်ကွက်များကို အလျင်အမြန် ဖန်တီးလိုက်ပြီး တွင်းနက်၏ မျက်နှာပြင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။

မမြင်နိုင်သော တံခါးတစ်ခု ပွင့်သွားသည့်အလား တွင်းနက်ဆီမှ လှိုင်းတွန့်တစ်ခု ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် လူအိုကြီးသည် ထိုတံခါးမှတစ်ဆင့် တွင်းနက်ထဲသို့ ဝင်ရောက်သွားလေ၏။

အခြားတစ်ဖက်တွင်ရှိနေသော အရိုးခြောက်မှာလည်း လူအိုကြီးနှင့်အတူ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင် လှည့်ပတ်ကြည့်လိုက်ရာ ဤအနီးအနားတစ်ဝိုက်တွင် တွင်းနက်တစ်ခုသာ ကျန်ရစ်နေတော့ကြောင်း တွေ့လိုက်ရလေသည်။

ထိုတွင်းနက်ဆီမှ ရန်ကိုင် ရင်းနှီးနေသည့် စွမ်းအင်တစ်မျိုး ဖြာထွက်လာခဲ့လေသည်။

ချက်ချင်းပဲ ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကြည့်လိုက်လေသည်။

ဤကျောက်စိမ်းပြားမှာ ဝူမုန်ချွမ်မသေခင် သူ့ဆီမှ ကျောက်တုံးကိုယ်ပွား လုယူခဲ့သည့် ကျောက်စိမ်းပြားသာ ဖြစ်လေသည်။ ကျောက်တုံးကိုယ်ပွား ပြောပုံအရ ဝူမုန်ချွမ်သည် ဤတံဆိပ်ပြားကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့လေသည်။

ကျောက်စိမ်းပြားပေါ်တွင် ဆန်းကြယ်သည့် ချိတ်စည်းများစွာ ရှိနေပေသည်။ ရန်ကိုင်မှာ ထိုချိတ်စည်းများကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ပါသော်ငြား မအောင်မြင်ခဲ့ပေ။ သို့သော်ငြား လက်ရှိအချိန်တွင် တွင်းနက်ဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများမှာ ကျောက်စိမ်းပြားဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများနှင့် အံ့အားသင့်ဖွယ် တူညီနေကြောင်းကို ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။ ကြည့်ရသလောက် ကျောက်စိမ်းပြားနှင့် တွင်းနက်ထဲရှိ အရာကို လူတစ်ဦးတည်းမှ ချန်ရစ်ခဲ့သည့်ပုံပင်။

ရန်ကိုင်မှ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းပြားဆီမှ အလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ကျောက်စိမ်းပြားပေါ်၌ ခပ်နှိတ်ထားသော ချိတ်စည်းများမှာလည်း တွင်းနက်ထဲမှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများနှင့် ပဲ့တင့်ထပ်သွားခဲ့လေသည်။

ထို့နောက်တွင် အလွန်တရာကိုမှ ပြင်းထန်လွန်းလှသော ဆွဲအားတစ်ရပ် တွင်းနက်ဆီမှ ထွက်ပေါ်လာလေသည်။

ရန်ကိုင်မှာ ထိုအဖြစ်အပျက်ကြောင့် အထိတ်ထိတ်အပျာပျာ ဖြစ်သွားခဲ့ပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားတော့လေသည်။ သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ ခြေတစ်လှမ်းပင် လှမ်း၍ မရကြောင်း တွေ့လိုက်ရလေသည်။

တွင်းနက်ကြီးမှာ ရှေးဟောင်းသားရဲတစ်ကောင်၏ ပါးစပ်ပေါက်ကြီးအလား အရာအားလုံးကို တစ်ကိုက်တည်းဖြင့် ဝါးမျိုပစ်ရန် ကြိုးစားနေသည့်ပုံပင်။

ခဏမျှ ဆက်၍ခုခံနေပါသော်ငြား မည်သို့မှ မခုခံနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရို့ရှီ၊ မိုရှောင်ချီနှင့် လျို့ယန်တို့အား ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။ ထိုကဲ့သို့ လုပ်ပြီးပြီးချင်းမှာပင် သူ့မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခဲ့လေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်နေပြီး ခြေချစရာမြေပြင်လည်း မရှိချေ။

အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် နာကျင်လာခဲ့လေသည်။ ထို့အပြင် သူ့ခြေထောက်သည် တစ်စုံတစ်ခုနှင့် သွားရောက်ထိမိသလို ခံစားလိုက်ရလေ၏။ ‘ဘုန်း’ ဟူသော မြည်သံနှင့်အတူ ရန်ကိုင်သည် အခြားသောနေရာတစ်ခုသို့ ရောက်လာခဲ့သည်။

ဤလောကကြီးထဲတွင် နေ၊ လ၊ ကြယ်တို့ ရှိမနေခဲ့သလို မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ ကျဲပါးလှသည်။ ထို့အပြင် ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အနီရောင်သန်းနေလေ၏။

ရန်ကိုင်သည် ဤနေရာသို့ ရောက်လာပြီးသည့်နောက် လှည့်ပတ်ကြည့်လိုက်ရာ နီစွေးစွေးသွေးများ သူ့ခြေထောက်အောက်တွင် စီးဆင်းနေကြောင်း တွေ့လိုက်ရလေသည်။ ထိုသွေးများမှာ လတ်လတ်ဆတ်ဆတ်သာ ရှိသေးပြီး အော့အန်ချင်စရာ သွေးညှီနံ့တို့ကို ထုတ်လွှတ်နေလေ၏။ ထောင်ပေါင်းများစွာ မြစ်ချောင်းများ ပင်လယ်ထဲသို့ စီးဝင်နေသည့်အလား ထိုသွေးအားလုံးမှာ တစ်ခုသောဘက်ဆီသို့ တဖြည်းဖြည်းချင်း စီးဆင်းသွားနေကြလေသည်။

မရေမတွက်နိုင်သော အပိုင်းပိုင်း အစစ ပြတ်ထွက်နေသည့်အလောင်းများနှင့် အသွေးအသားတို့မှာ မြေပြင်အနှံ့ ပြန့်ကျဲနေခဲ့ကြလေသည်။

“ဒါတွေက…” ထိုအရာများကို မြင်ပြီးသည့်နောက် ရန်ကိုင်က အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေသည်။ “အမြုတေပင်လယ်ထဲမှာ သေသွားတဲ့ ကျင့်ကြံသူတွေ မဟုတ်ဘူးလား…”

အလောင်းများမှာ လတ်လတ်ဆတ်ဆတ်သာ ရှိသေးပြီး ပုပ်သိုးမည့် အရိပ်အယောင်များ မမြင်ရသည့် အတွက်ကြောင့် ဤအလောင်းများသည် မကြာသေးခင်ကမှ သေသွားသည့်အလောင်းများဖြစ်သည်မှာ လုံးဝ မှားစရာမရှိပေ။

“အလောင်းတွေအကုန်လုံးက ဒီနေရာထဲ စုပ်ယူခံလိုက်ရတာလား…” ရန်ကိုင့်မျက်နှာ မည်းမှောင်သုန်မှုန်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၉၅)

ကျင့်ကြံသူပေါင်းများစွာသည် အမြုတေစွမ်းအားနှင့်တကွ ကြယ်အမြုတေများအတွက် တိုက်ခိုက်ရင်း အမြူတေပင်လယ်ထဲ၌ သေဆုံးခဲ့ကြရသည်။ ထို သေဆုံးသွားသော ကျင့်ကြံသူများ၏ အလောင်းများမှာ အမြုတေပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားကုန်ကြလေ၏။ အမြူတေပင်လယ်ထဲသို့ ကျသွားသည့် အလောင်းများအားလုံး အမြူတေပင်လယ်ထဲရှိ ရေများ ပျောက်ကွယ်သွားချိန် ဤနေရာသို့ ဆွဲယူခြင်းခံလိုက်ရလေ၏။

ကျောက်စိမ်းပြားမှာလည်း မရှိတော့ချေ။ တွင်းနက်ထဲသို့ ဆွဲယူခံလိုက်ရသည့်နောက်တွင် သူ့လက်ထဲရှိ ကျောက်စိမ်းပြားသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သွားပြီး စွမ်းအင်တစ်မျိုးအသွင်သို့ ပြောင်းလျက် သူ့အား မထိခိုက်အောင် ကာကွယ်ပေးထားကြောင်းကို ရန်ကိုင် ခံစားခဲ့ရသည်။

ဤနေရာသို့ ဝင်လာပြီးသည့်နောက်တွင် ထိုစွမ်းအင်အကာအကွယ်မှာ ပျောက်ကွယ်သွားခဲ့လေသည်။

ကြည့်ရသလောက် ကျောက်စိမ်းပြားသည် ဤနေရာထဲသို့ ဝင်လာမည့် ကျင့်ကြံသူအား ကာကွယ်ပေးရန်အတွက်သက်သက်သာ ဖြစ်သည့်ပုံပင်။ ကျောက်စိမ်းပြားသာမရှိလျှင် တွင်းနက်ထဲသို့ ဆွဲယူခံလိုက်ရပြီးသည့်နောက် ရန်ကိုင့်အနေဖြင့် အလွန်ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။

ဝူမုန်ချွမ်မသေခင်က ဤကျောက်စိမ်းပြားအား အသည်းအသန် ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည့်ပုံကို ကြည့်ပါက ဝူမုန်ချွမ်သည် အခြားမည်သူ့ကိုမှ ဤနေရာထဲသို့ မဝင်စေချင်သည်မှာ သိသာလှပေသည်။

သို့သော်ငြား ဤနေရာတွင် ဝူမုန်ချွမ်မှ အခြားလူများကို မသိစေချင်သည့် မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေလေသနည်း။

လူလိမ်အိုကြီးသည်ရော ဘာကြောင့်များ ဤနေရာသို့ လာခဲ့သနည်း။

ရန်ကိုင့်မှာ အထိတ်ထိတ် အလန့်လန့်ဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ပါသော်ငြား မည်သည့်အရာကိုမှ မတွေ့ခဲ့ရပေ။ လူလိမ်အိုကြီး၏ အရှိန်အဝါကိုပင်လျှင် သူ့ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍မရတော့ချေ။

ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် သွေးများစီးဆင်းနေသည့် လမ်းကြောင်းအတိုင်း လိုက်သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

ဤနေရာသည် မည်ကဲ့သို့သော နေရာ ဖြစ်သလဲ၊ မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ဤနေရာတွင် တည်ရှိနေသလဲ ဆိုသည်ကို မသိရသေးပါသော်ငြား သွေးများစီးဆင်းနေသည့် လမ်းကြောင်းအတိုင်းသာ လိုက်သွားကြည့်လိုက်မည်ဆိုပါက သူသိချင်နေသည့် အဖြေများကို သိရလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။

ဤထူးဆန်းသော ကမ္ဘာကြီးမှာ အလွန်ကိုမှ ကျယ်ပြောလွန်းလှပေသည်။ ရန်ကိုင်မှာ နှစ်နာရီကျော်တိုင်တိုင် လျှောက်လာခဲ့သည့်တိုင် ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ ပြောင်းလဲသွားခြင်းမရှိဘဲ နီကျင့်ကျင့်သာ ဖြစ်နေပေသေးသည်။ နောက်ထပ် နှစ်နာရီခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ထိုအရပ်ဆီမှ ပေါက်ကွဲသံအချို့ကို ရန်ကိုင် ကြားလိုက်ရလေသည်။ လှမ်းမျှော်ကြည့်လိုက်ရာ ထိုနေရာမှာ ဝိုးတဝါးတား တောက်ပနေကြောင်း တွေ့လိုက်ရလေသည်။ တစ်ယောက်ယောက် တိုက်ခိုက်နေသည့်ပုံပင်။

တစ်ယောက်ယောက် တိုက်ခိုက်နေမှန်း သိသွားသည့်နောက် ရန်ကိုင့်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ဤနေရာထဲသို့ ဝင်လာသည့်လူဆို၍ သူ့အပြင် လူအိုကြီးသာ ရှိတော့သည်။ ထို့အတွက်ကြောင့် တိုက်ခိုက်နေသည့်လူများအနက် တစ်ဦးမှာ လူလိမ်အိုကြီး ဖြစ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် လူလိမ်အိုကြီးနှင့် တိုက်ခိုက်နေသူမှာ မည်သူနည်း။

ဖြာထွက်လာသည့် စွမ်းအင်လှိုင်းများကို ကြည့်ရသလောက် လူလိမ်အိုကြီးနှင့် တိုက်ခိုက်နေသည့်လူ၏ ခွန်အားမှာ အလွန်ကိုမှ မြင့်မားသည့်ပုံပင်။ လူလိမ်အိုကြီး မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရန်ကိုင် အပြည့်အဝ နားမလည်သော်ငြား သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသည် လူလိမ်အိုကြီး၏ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ပေ။

လူလိမ်အိုကြီးပင်လျှင် ဤမျှ အသည်းအသန် တိုက်ခိုက်နေသည်ကိုကြည့်ပါက သူရင်ဆိုင်နေရသည့် ရန်သူမှာ လုံးဝကို သာမန်မဖြစ်နိုင်ချေ။ ဤနေရာတွင် အခြားသော လျှို့ဝှက်ပညာရှင်တစ်ဦးဦး ရှိနေသေးလေသလော။

ရန်ကိုင့်မှာ တွေးလေတွေးလေ ပိုပို၍ ခေါင်းရှုပ်လာရလေ ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် ထပ်စဉ်းစားမနေတော့ဘဲ သိချင်စိတ်ကို ရှေ့တန်းတင်ရင်း ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလျက် တိုက်ပွဲဖြစ်နေသည့်ဘက်ဆီသို့ ပြေးထွက်သွားလေသည်။

ထိုအနားသို့ ရောက်လာသည်နှင့်အမျှ ရန်ကိုင်ခံစားနေရသည့် စွမ်းအင်လှိုင်းများမှာ ပိုပို၍ သိသာထင်ရှားလာခဲ့လေသည်။

အမွေးတိုင်တစ်ချောင်းစာခန့်ကြာသော် ရန်ကိုင်သည် တောင်ကုန်းလေးတစ်ခုဆီသို့ ရောက်လာခဲ့ပြီး ထိုတောင်ကုန်းလေးနောက်တွင် ပုန်းနေလိုက်လေသည်။ ထို့နောက် တောင်ကုန်းလေးနောက်မှ ချောင်းကြည့်လိုက်လေရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။

ရန်ကိုင်ထင်ထားသည့်အတိုင်းပင် လူလိမ်အိုကြီးသည် ဤနေရာ၌ ရှိနေခဲ့လေသည်။ လေအလွင့်နှင့်အတူ လူလိမ်အိုကြီး၏ အဝတ်အစားများနှင့်ဆံပင်များမှာ တလူလူ လွင့်ပျံနေခဲ့လေသည်။ လက်ရှိ လူလိမ်အိုကြီးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ယခင်နှင့်မတူ လုံးဝကို ထူးခြားနေခဲ့လေသည်။

လူလိမ်အိုကြီးနှင့် မလှမ်းမကမ်းတွင်တော့ အစောပိုင်းက တွင်းနက်ထဲတွင် ရန်ကိုင်မြင်တွေ့ခဲ့ရသည့် အရိုးခြောက် ရှိနေခဲ့လေသည်။ လက်ရှိတွင် အရိုးခြောက်ပုံစံမှာ ယခင်နှင့်မတူ အနည်းငယ် ကွဲပြားနေခဲ့လေသည်။ အရိုးခြောက်ပေါ်၌ အသားအချို့ ဖြစ်တည်နေသည်ကို တွေ့နိုင်ပေသည်။ လမ်းတစ်လျှောက်တွင် ရန်ကိုင်တွေ့နေခဲ့ရသော တသွင်သွင်စီးဆင်းနေကြသည့် သွေးအားလုံးမှာ အရိုးခြောက်ဆီသို့ ဆီးသွားနေကြခြင်း ဖြစ်လေသည်။ စီးဆင်းလာနေသည့် သွေးများကို စုပ်ယူပြီးသည့်နောက် အရိုးခြောက်ပေါ်တွင် အသွေးအသားများ စတင်၍ ဖြစ်ပေါ်လာနေသည်။

လက်ရှိအချိန်တွင် အရိုးခြောက်ပေါ်တွင် အသွေးအသား များများစားစား မရှိသေးချေ။ သွေးများကို စတင် စုပ်ယူကာစ ဖြစ်သည့်အတွက်ကြောင့်လားမသိရ အသွေးအသားများမှာ အရိုးကိုပင်လျှင် လုံအောင် ဖုံးနိုင်ခြင်းမရှိသေး။ သို့သော်ငြား ထိုမြင်ကွင်းမှာတော့ အလွန်ကိုမှ ခြောက်ခြားဖွယ်ရာကောင်းလှပေသည်။

အရိုးခြောက်၏ လက်များမှာ ဆန်းကြယ်သော ချိတ်စည်းတစ်ခုကို အဆက်မပြတ် ဖန်တီးနေရင်း အလွန်ပြင်းထန်သည့် ဝါးမျိုခြင်းစွမ်းအားကို ထုတ်ဖော်လျက် သွေးမြစ်များကို အရူးအမူး စုပ်ယူဝါးမျိုနေခဲ့လေသည်။

လူလိမ်အိုကြီးသည် အရိုးခြောက်မှ သွေးများကို မစုပ်ယူနိုင်စေရန်အတွက် အရိုးခြောက်အား အဆက်မပြတ် တိုက်ခိုက်နေခဲ့လေသည်။ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့်တိုင် အရိုးခြောက်မှာမူ ဘာမှဖြစ်သွားခြင်းမရှိ၊ ထို့အစား သူ့ဆီသို့ စီးဝင်လာနေသော သွေးများသည်သာ အငွေ့ပျံကုန်ကြ၏။ သို့သော်ငြား ဤလောကကြီးထဲတွင် သွေးများ မြောက်မြားစွာ ရှိနေသဖြင့် လူလိမ်အိုကြီးများမှ သွေးအချို့ကို အငွေ့ပျံအောင် လုပ်မည်ဆိုလျှင်ပင် ဘက်ပေါင်းစုံမှ စီးဆင်းလာနေသည့် သွေးအားလုံးကိုတော့ အငွေ့ပျံသွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သွေးတော်တော်များများမှာ အရိုးခြောက်ထဲသို့ ဆက်လက်စီးဝင်နေကြပေသေးသည်။

ထိုမြင်ကွင်းကိုကြည့်နေရင်းမှ ရန်ကိုင်ရင်ထဲ အကြောက်တရားတစ်ရပ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ အကြောင်းမှာ အရိုးခြောက်ဆီမှ အသက်ဓါတ်စွမ်းအင်ကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်။ ထိုအသက်ဓါတ်မှာ အတော်လေး အားနည်းပါသော်ငြား အရိုးခြောက်ထဲတွင် အသက်ဓါတ်စွမ်းအင် ရှိနေသည်မှာ အမှန်တရား ဖြစ်သည်။

တစ်နည်းဆိုရသော် အရိုးခြောက်သည် အသက်ရှင်နေပေသည်။

အရိုးခြောက်၏ပိုင်ရှင် မည်သည့်မဟာဧကရာဇ် ဖြစ်သလဲဆိုသည်ကို မည်သူမှ မသိကြသော်ငြား လက်ရှိ သူရထားသည့် သဲလွန်စအရ အရိုးခြောက်ပိုင်ရှင်မှာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဖြစ်လောက်ပေသည်။

မဟာဧကရာဇ်များကြား တိုက်ပွဲတွင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ ဝိဉာဉ်မှာ ဖျက်ဆီးခံလိုက်ရသည်ဟု ပြောကြပါသော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ကောလဟာလများမှာ မှားနေသည့်ပုံပင်။ ဤအရိုးခြောက်သည်သာ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ အရိုးခြောက်ဖြစ်မည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှာ သေဆုံးသွားခြင်းမရှိဘဲ အလွန်အမင်း ဒဏ်ရာပြင်းထန်သည့်အတွက်ကြောင့် အိပ်စက်သွားခြင်းသာ ဖြစ်လောက်ပေသည်။ လက်ရှိ ဤနေရာတွင် စုဝေးနေကြသောသွေးများသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်အား တစ်ဖန်ပြန်လည် နိုးထလာအောင် လုပ်ပေးနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လေသည်။

ထိုစဉ် ဝူမုန်ချွမ်မှ သူနှင့် တိုက်ခိုက်နေစဉ်အတောအတွင်း ပြောခဲ့သည့်စကားတစ်ခွန်းကို ရန်ကိုင် ပြန်သတိရသွားခဲ့ပြီး စိတ်ပူလာခဲ့လေသည်။ ‘ငါ့ဘိုးဘေးလို အားကောင်းတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အလွယ်တကူ သေနိုင်မှာလဲ…” ဟူသော စကားသည် ရန်ကိုင့်ခေါင်းထဲ ပဲ့တင်ထပ်နေခဲ့လေသည်။

ထိုသို့သာ ဖြစ်မည်ဆိုပါက ဝူမုန်ချွမ်သည် အကြောင်းစုံကို သိထားလောက်ပေသည်။ တကယ်တော့ သူသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်၏ မျိုးဆက်တစ်ယောက်ပင် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ့ဘိုးဘေး အသက်ရှင်နေကြောင်းကို သိထားသည်မှာ သဘာဝသာ ဖြစ်လေသည်။

သူ့ဘိုးဘေး ဤနေရာတွင် ပုန်းနေကြောင်းကိုပင်လျှင် သိထားပြီး အချိန်ကျလာသည်နှင့် တစ်ပြိုင်နက် ဤကျောက်စိမ်းပြားကိုသုံး၍ ဤထဲသို့ ဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်လောက်သည်။ ကံမကောင်းစွာဖြင့် အဆုံးသတ်တွင် ရန်ကိုင့်၏ သတ်ဖြတ်ခြင်း ခံလိုက်ရကာ မသေခင်တွင် ကျောက်စိမ်းပြားကို ဖျက်ဆီးရန် ကြိုးစားခဲ့လေသည်။

ရန်ကိုင့်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။ အရိုးခြောက်ပိုင်ရှင်မှာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဖြစ်သည်ဟူသော အချက်အပေါ် ရန်ကိုင် ပို၍ ယုံကြည်လာတော့လေသည်။ ဤနှုန်းအတိုင်းသာ အရိုးခြောက်ပေါ်၌ အသားများ ပြန်လည်ဖြစ်တည်လာနေမည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ပြန်လည်အသက်ရှင်လာနိုင်ပေလိမ့်မည်။

ထိုစဉ်က ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကို သတ်ဖြတ်ရန်အတွက် မဟာဧကရာဇ်လေးပါးသည်ပါ သေသွားခဲ့ရသည်။ ယခုနေ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သာ ပြန်လည်ရှင်သန်လာမည်ဆိုလျှင် ကြယ်တာရာအစုအဝေးသည် ယခင်ကကဲ့သို့ ငြိမ်းချမ်းနိုင်တော့လိမ့်မည် မဟုတ်ချေ။

ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် ဇောချွေးပြန်သွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို သိမ်မွေ့သည့် အရှိန်အဝါတစ်ရပ် အရှေ့ဘက်ဆီမှ ဖြာထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါမှာ စစချင်းတွင် အလွန်တရာကိုမှ အားနည်းလှပါသော်ငြား အချိန်ကြာလာသည်နှင့်အမျှ အိပ်စက်နေသည့်နဂါးတစ်ကောင် တဖြည်းဖြည်းချင်း နိုးထလာသည့်အလား ပိုပို၍ အားကောင်းလာခဲ့လေသည်။

ဟင်းလင်းပြင်ထဲတွင် ရပ်နေသော လူအိုကြီးမှာလည်း ထိုအရှိန်အဝါကို ကျိန်းသေ သတိပြုမိပေသည်။ ထို့အတွက်ကြောင့် သူ့အမူအယာမှာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့ပြီး တက်ကျွမ်းထားသမျှ ပညာရပ်အားလုံးကိုသုံးလျက် လက်ကွက်များကို လျင်မြန်စွာ ဖန်တီးရင်း အရိုးခြောက်အား တိုက်ခိုက်တော့လေသည်။

တခဏအတွင်း အရိုးခြောက်အောက်ဘက်ရှိ မြေပြင်တစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့ပြီး ၎င်းအနီးတစ်ဝိုက်တွင် ရှိနေသော ဟင်းလင်းပြင်သည်ပင်လျှင် ပျက်စီးတော့မလို ဖြစ်သွားလေသည်။

လူလိမ်အိုကြီးမှာတော့ မျက်လုံးမှေးစင်းလျက် ရှေ့တည့်တည့်သို့ စိုက်ကြည့်နေလေ၏။ အချိန်အတော်ကြာသွားပြီးသည့်နောက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ဖုန်များ ကင်းစင်သွားပြီးသည့်နောက် အလွန်ကိုမှ ထူထဲလှသော သွေးနီရောင်အလင်းအကာအရံတစ်ခု အရိုးခြောက်ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ အကာအရံမျက်နှာပြင်ထက် အက်ကြောင်းများဖြင့် ပြည့်နေခဲ့သော်ငြား လူအိုကြီး၏ တိုက်ခိုက်မှုပေါင်းစုံကို အောင်မြင်စွာ တားဆီးလိုက်နိုင်ခဲ့သည့်ပုံပင်။ ထို့အတွက်ကြောင့် အရိုးခြောက်မှာ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

အလွန်ကိုမှ စူးရှလှသည့် ကမ္ဘာလောကကြီးတစ်ခုလုံးကိုပင်လျှင် အေးခဲသွားစေနိုင်လောက်အောင် ပြင်းထန်လွန်းလှသော အကြည့်စူးစူးတစ်ရပ်သည် သွေးနီရောင်အလင်းအကာအရံ၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

“မင်း နိုးလာပြီပဲ…” လူလိမ်အိုကြီးသည် မပျော်မရွှင်ဖြင့် ရေရွတ်လိုက်လေသည်။

အရိုးခြောက်သည် ဟောင်းလောင်းပေါက်ဖြစ်နေသည့် မျက်လုံးများဖြင့် လူလိမ်အိုကြီးကို စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။ “တွမ့်ဟုန်ချန်လား…”

လူလိမ်အိုကြီးမှာ ဝါးလုံးကွဲအော်ဟစ်ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… ဒီလူအိုကြီးပဲ… ဝူခွမ်း နှစ်တွေဒီလောက်ကြာသွားတာတောင် ဒီလူအိုကြီးရဲ့ နာမည်ကို မင်း မှတ်မိနေဦးမယ်လို့ ငါ မထင်ထားခဲ့ဘူး…”

အရိုးခြောက်က ပြန်ပြောလိုက်လေသည်။ “မင်းရဲ့ ရုပ်ကို ဒီဘုရင် ဘယ်လိုလုပ်ပြီး မေ့နိုင်ပါ့မလဲ… ငါ နိုးလာလာချင်း မြင်ရတဲ့လူ မင်းဖြစ်နေတာ ဆိုးလိုက်တာ…”

တွမ့်ဟုန်ချန်က ပြုံးလျက် “ဘာလဲ စိတ်ပျက်သွားတာလား… ဒါဆိုရင် မင်း ဘယ်သူ့ကိုမြင်ချင်တာလဲ ပြောလိုက်လေ… မင်း မြင်ချင်တဲ့လူပုံစံ ငါပြောင်းပေးမယ်… မင်းသိတယ်မလား ငါ ဘယ်လောက် ရုပ်ပြောင်းရုပ်လွှဲတော်လဲဆိုတာ…”

အရိုးခြောက်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေလေသည်။ တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက် ပြန်၍မေးလိုက်လေသည်။ “ဒီဘုရင် အိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ…”

တွမ့်ဟုန်ချန်း၏ အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “သေသေချာချာတော့ မမှတ်မိတော့ဘူး… ဒါပေမဲ့ အနည်းဆုံးတော့ နှစ်သောင်းနဲ့ချီသွားပြီ…”

အရိုးခြောက်က သက်ပြင်းချလျက် “တကယ်ကို ကြာသွားတာပါလား…”

လူအိုကြီးနှင့် အရိုးခြောက်သည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော်ငြား မိတ်ဆွေကြီးများနှယ် စကားပြောနေခဲ့ကြသည်။ သူတို့နှစ်ဦးကြားရှိ အခြေအနေမှာ လုံးဝကို တင်းမာနေခြင်းမရှိချေ။

တောင်ကုန်းနောက်တွင် ပုန်းနေသော ရန်ကိုင်မှာမူ အလွန်ကိုမှ ကြောက်လန့်တုန်ရီနေမိလေသည်။

လူအိုကြီးမှ အရိုးခြောက်အား ဝူခွမ်းဟု ခေါ်ဝေါ်လိုက်သဖြင့် ထိုအရိုးခြောက်သည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ဖြစ်သည်မှာ လုံးဝ သေချာသွားပေသည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှာ မသေသေးချေ။ ထူးဆန်းသော နည်းလမ်းတစ်ခုခုကို သုံး၍ သူ့ကိုယ်သူ ဤထူးဆန်းသော လေဟာနယ်ထဲတွင် အိပ်စက်စေခဲ့ခြင်း ဖြစ်လေသည်။

ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ပြန်လည်ရှင်သန်လာသည့် အကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ကြယ်တာရာအစုအဝေးတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင့်အား ပို၍ ထိတ်လန့်သွားစေသည်မှာ လူအိုကြီး၏ နာမည်ပင် ဖြစ်လေသည်။

တွမ့်ဟုန်ချန်… ထိုနာမည်ပိုင်ရှင်ကို သူသိပေသည်။ သူဖုန်းစား မဟာဧကရာဇ်ပင်။

ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်သော ဝူခွမ်းမှ ဤလူလိမ်အိုကြီးနှင့် စကားပြောနေသည့်ပုံကို ကြည့်ရင်း သူတို့နှစ်ဦးသည် တစ်ခေတ်တစ်ခါတည်းက အဆင့်အတန်းတူသူများ ဖြစ်ကြကြောင်း သိနိုင်ပေသည်။ ထို့အပြင် ထိုမဟာဧကရာဇ်သည်သာ တွမ့်ဟုန်ချန်းဟူသော နာမည်ကို ပိုင်ဆိုင်ထားပေ၏။

(သူက တကယ်ကြီး သူဖုန်းစားမဟာဧကရာဇ်လား…)

ရန်ကိုင်မှာ ထိတ်လန့်အံ့ဩလွန်းသဖြင့် အသက်ပင် ရဲရဲ မရှူတော့ချေ။ လူလိမ်အိုကြီးမှာ ကျောင်းသခင်ဝမ်နှင့် ထပ်တွေ့လျှင် ရန်ကိုင့်အား ကျောင်းတော်မှ နှင်ထုတ်ခိုင်းရမည်ဟု ပြောခဲ့စဉ်က ရန်ကိုင်သည် လူလိမ်အိုကြီးအား လှောင်ရယ်ပြက်ရယ် ပြုခဲ့ပေသည်။

သို့သော်ငြား လှောင်ပြောင်ထေ့ငေါ့လျက် ပြောလိုက်သည့်စကားမှာ အမှန်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယောင်စီမှ လူလိမ်အိုကြီးရှေ့တွင် သူ့ကိုယ်သူ အလွန်အမင်းနှိမ့်ချလျက် လူလိမ်အိုကြီးပြောသည့်အတိုင်း နာနာခံခံဖြင့် ထွက်သွားသည်မှာ လူလိမ်အိုကြီး မည်သူဖြစ်သလဲ ဆိုသည်ကို သိနေသည့် အတွက်ကြောင့်ပင် ဖြစ်လောက်သည်။

သို့သော်ငြား လူလိမ်အိုကြီး၏ ကျင့်ကြံခြင်းမှာ ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရလေသနည်း။

သူဖုန်းစားမဟာဧကရာဇ်၏ ခွန်အားမှာ ကြယ်တာရာအစုအဝေး၏ အထွဋ်အထိပ်တွင် ရှိနေသင့်ပေသည်။ ဘာကြောင့်များ တာအိုသခင် တတိယအဆင့် ဖြစ်နေရလေသနည်း။

ဝူခွမ်းသည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင့်ကဲ့သို့ပင် သိချင်နေမိလေသည်။

“မင်းရဲ့ကျင့်ကြံခြင်း ဘယ်လိုလုပ်လုပ်ပြီး ဒီလောက်တောင် လျော့ကျသွားရတာလဲ…”

“ဒီလူအိုကြီးက ကိုယ့်ကျင့်ကြံခြင်းကိုယ် ပြန်ပြီး ဖြတ်တောက်ပစ်လိုက်တာ…” တွမ့်ဟုန်ချန်းက ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။

“မင်းရဲ့ကျင့်ကြံခြင်းကို ဖြတ်တောက်ပစ်လိုက်တယ်…” ဝူခွမ်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “ဘာလို့လဲ… မင်း ဘာဖြစ်လို့ အဲ့လိုမျိုး လုပ်ပစ်လိုက်တာလဲ…”

“မစွန့်စားပဲနဲ့ ဘာမှမရဘူးလေ…”

ဝူခွမ်းသည် တစ်ခုခုအား နားလည်သွားသည့်အလား ပြန်၍ပြောလိုက်လေသည်။ “ဒီနေရာထဲဝင်လာပြီး ငါ့ကိုရှာလို့ရအောင်လို့ မင်းရဲ့ကျင့်ကြံခြင်းကို ပြန်ပြီး ဖြတ်တောက်ပစ်လိုက်တာလား…”

တွမ့်ဟုန်ချန်းက ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… မင်းလည်း သတိထားမိလောက်မှာပေါ့… မင်းသေသွားတဲ့နောက်ပိုင်း ဒီတစ်နေရာလုံးကို လွှမ်းခြုံထားတဲ့အကာအရံက ပိုပြီး အားနည်းသွားတယ်… ဒီတော့ ဧကရာဇ်အဆင့် ပညာရှင်တွေတောင် ဒီထဲကို ဝင်လာဖို့ အဆင်မပြေတော့ဘူး… ဒီလူအိုကြီးအနေနဲ့ ဒီထဲကို ဝင်လာချင်လို့ရှိရင် ကိုယ့်ကျင့်ကြံခြင်းကိုယ် ပြန်ပြီး ဖြတ်တောက်ပစ်လိုက်ဖို့ပဲရှိတော့တယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၉၆)

“မြင့်မြတ်လိုက်လှချည်လား…” ဝူခွမ်းသည် တွမ့်ဟုန်ချန်းအား စိုက်ကြည့်လျက် “အထင်ကြီးစရာပဲ… အရင်က မဟာဧကရာဇ်တွေထဲမှာ ဒီဘုရင် မင်းကို အလေးစားဆုံးပဲ… မင်း ဒီဘုရင်ကို ဘယ်တော့မှ စိတ်မပျက်စေဘူး…”

တွမ့်ဟုန်ချန်းက သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် “မင်းလည်း အတူတူပဲလေ… မင်းက ဒီလူအိုကြီး အလေးစားရဆုံး လူတစ်ယောက်ပဲ…”

ဝူခွမ်းက သက်ပြင်းချလျက် “မင်းရဲ့ ကျင့်ကြံခြင်းကို တာအိုသခင်အဆင့်မှာပဲ အမြဲရှိနေအောင် ထိန်းထားဖို့ အတော်လေး ခက်မှာပေါ့ ဟုတ်တယ်မလား”

“အဲ့ဒါတော့ မင်းမှားသွားပြီ…” တွမ့်ဟုန်ချန်းသည် သူ့လက်ညှိုးကို ဖြည်းဖြည်းချင်း လှုပ်ခါပြလျက် “ငါ့ကျင့်ကြံခြင်းမှာ ဒီအဆင့်မှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာမဟုတ်ဘူး… ငါ့ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်လာတိုင်း ငါ့ကျင့်ကြံခြင်းကို ပြန်ပြီး ဖြတ်တောက်ပစ်လိုက်တာ… ငါ အခုလိုမျိုး တစ်ကြိမ်မက လုပ်ဖူးပြီးသွားပြီ…”

“တစ်ကြိမ်မက…” ဝူခွမ်းမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားသည့်အလား “အဲ့လိုလုပ်ခဲ့တာတောင် အကြိမ်တိုင်း အကြိမ်တိုင်းမှာ မင်းရဲ့ကျင့်ကြံခြင်းကို ပြန်ရအောင် လုပ်နိုင်ခဲ့တယ်ပေါ့… မင်းရဲ့အုတ်မြစ် ပျက်စီးမသွားဘူးလား…”

“ငါက ကံကောင်းတယ်လေ…” တွမ့်ဟုန်ချန်းက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “အန္တရာယ်များတဲ့ အခြေအနေတွေနဲ့လည်း ငါ ကြုံခဲ့ရဖူးတယ်… ဒါပေမဲ့ နောက်ဆုံးတော့ အောင်မြင်သွားတာပါပဲ…. တစ်ကြိမ်ဆိုရင် တစ်ချက်ကလေးမှားသွားလို့ ငါ့ကျင့်ကြံခြင်းအကုန်လုံးကို ဆုံးရှုံးလိုက်ရသေးတယ်… အဲ့နောက်ပိုင်း ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ နှစ်၂၀၀၀လောက် အချိန်ယူလိုက်ရတယ်… တကယ်ကို မလွယ်ဘူး”

ကြောက်မက်ဖွယ်ရာအဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သည့်အလား တွမ့်ဟုန်ချန်း၏ မျက်နှာထက် ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

“အဲ့လိုမျိုးလုပ်ရတာ မင်းအတွက် တကယ်ရော တန်ရဲ့လား…” ဝူခွမ်းက မေးခွန်းထုတ်လိုက်လေသည်။

တွမ့်ဟုန်ချန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “တန်တယ်… ဒီလူအိုကြီးသာ ကြယ်ပျက်ပင်လယ်ထဲဝင်ပြီး မင်းရဲ့ဝိဉာဉ်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် အကုန်လုံး တန်တယ်…”

ဝူခွမ်းက ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ မင်း ဒီဘုရင်ကို တကယ် မုန်းတီးနေတာပဲ…”

“မုန်းတာ မမုန်းတာနဲ့ ဘာမှမဆိုင်ဘူး…” တွမ့်ဟုန်ချန်းက ယဲ့ယဲ့လေးပြုံးလျက် “လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိတယ်… ယုံကြည်ရာတွေက မတူညီတော့ ငါတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းတွေကလည်း မတူညီကြတော့ဘူး… ဒါပေမဲ့ မင်းမသေဘူးဆိုရင် သေသွားတဲ့ မိုးပြာကြာပန်း၊ ယွမ်တင်း၊ သိုင်းမီးတောက်နဲ့ မိုးပြာပင်လယ်တို့အတွက် တကယ်ကို နှမြောစရာ ဖြစ်ကုန်မှာ…”

“ဒီတော့ မင်းရဲ့ မိတ်ဆွေဟောင်းတွေအတွက် ပြန်ပြီး လက်စားချေပေးနေတာပေါ့…” ဝူခွမ်းက ပြောလိုက်လေသည်။

တွမ့်ဟုန်ချန်းက သက်ပြင်းယဲ့ယဲ့လေးချလျက် “တစ်ယောက်အတွက် တစ်ယောက် ပြန်ပြီး လက်စားချေပေးနေတာ တကယ်ကို မဆုံးနိုင်တဲ့သံသရာပဲ… အဲ့လိုလုပ်ရတာ တကယ် အရမ်းစိတ်ညစ်ဖို့ ကောင်းလွန်းအားကြီးတယ်… ဒီတော့ မင်း ငြိမ်ငြိမ်လေးနေပြီး ဒီလူအိုကြီးကို ငါ့မိတ်ဆွေဟောင်းတွေနဲ့ တွေ့ခွင့်ရအောင် လုပ်ခွင့်ပေးလိုက်ပါလား….”

ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့ကြောင့် အဲ့တုန်းက ဒီဘုရင် သေခါနီးဖြစ်သွားတယ်… ကံကောင်းလို့ပေါ့ သေချင်ယောင်အဆောင်ကောင်းသွားလို့…. မဟုတ်လို့ရှိရင် အခုလိုမျိုးတောင် ပြန်နိုးထလာနိုင်တော့မှာ မဟုတ်ဘူး… ငါ့အစီအစဉ်ကို လုံးဝ ပြစ်ချက်တွေ မရှိဘူးလို့ ထင်ထားခဲ့တာ… ဒီဘုရင် အသက်ရှင်နေသေးမှန်း မင်း ဘယ်လိုသိသွားတာလဲ…”

တွမ့်ဟုန်ချန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းရဲ့လှည့်ကွက်က တကယ်ကို အလုပ်ဖြစ်သွားတယ်လို့ ပြောရမယ်… လူတိုင်းက မင်း သေပြီလို့ ယုံသွားကြတယ်… ဒါပေမဲ့ မင်းမေ့နေတာလား… ဒီလောကကြီးမှာ အတိတ်နဲ့ အနာဂတ်ကို ကျော်ပြီး ကြည့်နိုင်တဲ့ လူတစ်ယောက် ရှိနေသေးတယ်ဆိုတာကို… မင်းမသေသေးမှန်း သိနေတဲ့ လူတစ်ယောက်ရှိတယ်… သူကပဲ မင်းကို စောင့်ကြည့်ထားဖို့ ဒီလူအိုကြီးကို ပြောခဲ့တာ…”

“ကောင်းကင်ကံကြမ္မာလား…” ဝူခွမ်းက ထအော်လေသည်။

တွမ့်ဟုန်ချန်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်… ကောင်းကင်ကံကြမ္မာပဲ… ဒါကြောင့် ကြယ်ပျက်ပင်လယ်ဖွင့်တဲ့ အကြိမ်တိုင်း အကြိမ်တိုင်း ဒီလူအိုကြီး ဒီထဲကို ဝင်လာပြီး လာလာကြည့်တယ်… အရင်နှစ်တွေတုန်းကတော့ မင်းက လုံးဝကို ငြိမ်သက်နေခဲ့တာ… ဒါပေမဲ့ ကြည့်ရတာ အခုနိုးလာတယ်ဆိုတော့ ကြည့်ရတာ မင်းလည်း အထီးကျန်တဲ့ဒဏ်ကို ဆက်ပြီး မခံစားနိုင်တော့ဘူးနဲ့တူတယ်”

“ဒီဘုရင် အထီးကျန်တဲ့ဒဏ်ကို မခံစားနိုင်တာ မဟုတ်ဘူး… အခွင့်အရေးရောက်လာမှာကို စောင့်နေခဲ့တာ…” ဝူခွမ်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လျက် “ဒီဘုရင်လည်း အချိန်ကိုကျော်ပြီး အတိတ်နဲ့ အနာဂတ်ကို ကျော်ကြည့်နိုင်တယ်… ကောင်းကင်ကံကြမ္မာ မြင်နိုင်တာကို ဒီဘုရင် မြင်နိုင်တယ်… ကောင်းကင်ကံကြမ္မာ မမြင်နိုင်တာကိုတောင် ဒီဘုရင် မြင်နိုင်သေးတယ်… ဒီနေ့ ဒီဘုရင် နိုးထလာပြီဆိုမှတော့ အရင်လိုအမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ဘူး…”

တွမ့်ဟုန်ချန်းက ပြန်၍ပြောလိုက်လေသည်။ “အဲ့ဒါကတော့ အရင်တစ်ကြိမ်နဲ့ ယှဉ်လိုက်ရင် မင်း ဘယ်လောက် ပိုတော်လာလဲ ဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့…”

ဝူခွမ်းက ဝါးလုံးကွဲ အော်ရယ်မောလျက် “ငါ့ခွန်အား ၁ရာခိုင်နှုန်းပဲ ကျန်ရင်တောင် ဘာဖြစ်လဲ… မင်း အခု အခြေအနေနဲ့ ငါ့ကို တားနိုင်မှာလား…”

“၁ရာခိုင်နှုန်း… ဝူခွမ်း မင်း တကယ်ကို စကားကြီးစကားကျယ် ပြောနိုင်တာပဲ… အသွေးအသားကို ပြန်မရသေးတာတောင် မင်းခွန်အားရဲ့ ၁ရာခိုင်နှုန်းကို သုံးနိုင်မယ်ပေါ့… ရှင်းရှင်းပြောရရင် ဒီလူအိုကြီး မင်းနဲ့ တိုက်ခိုက်နေစရာတောင် မလိုဘူး… မင်း ဒီကသွေးတွေကို စုပ်ယူလို့မရအောင် လုပ်ပစ်လိုက်ရုံနဲ့တင် မင်း အသက်ပြန်မရှင်လာအောင် လုပ်လိုက်လို့ရတယ်…”

“တွမ့်ဟုန်ချန်း… မင်း ဒီဘုရင်နဲ့ တကယ်ကြီး ရန်သူ ဖြစ်ချင်နေတာလား…” ဝူခွမ်း ဒေါသူပုန်ထသွားခဲ့လေသည်။

တွမ့်ဟုန်ချန်းက ပြန်၍ ပြောလိုက်လေသည်။ “မင်းကပဲ မင်းကိုယ်မင်း တစ်လောကလုံးနဲ့ ရန်သူဖြစ်သွားအောင် လုပ်ခဲ့တာလေ… မင်းသာ ပြန်ပြီး နိုးထလာမယ်ဆိုလို့ရှိရင် ကြယ်တာရာအစုအဝေးတစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်မှာ…”

(အခုကနေစပြီးတော့ သူဖုန်းစားမဟာဧကရာဇ်ကို လောကတစ်သောင်းမဟာဧကရာဇ်ဆိုပြီး ပြောင်းလဲသုံးနှုန်းပါမယ်…)

“မင်း ဘယ်တုန်းကများ လူတွေအတွက် ဂရုစိုက်တတ်သွားတာလဲ… ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေစမ်းပါကွာ… တွမ့်ဟုန်ချန်း မင်း ငါ့ကို လာတားရဲရင် ဒီနေရာက မင်းရဲ့ သင်္ချိုင်း ဖြစ်သွားမှာနော်…”

“ဒီနေရာကို လာဖို့ ဆုံးဖြတ်ပြီးမှတော့ ဒီနေရာကနေ ပြန်ထွက်သွားဖို့ မစဉ်းစားထားလို့ပေါ့ကွာ…” တွမ့်ဟုန်ချန်းက ရုတ်တရက် လက်ကွက်တစ်ခုကို ဖန်တီး၍ အော်ပြောလိုက်လေသည်။ “ပျက်စီးလိုက်စမ်း…”

ချက်ချင်းဆိုသလို သူ့အရှိန်အဝါမှာ မိုးထိမတတ် မြင့်တက်လာခဲ့လေသည်။

“ဘုန်း ဘုန်း…”

မမြင်နိုင်သော အားလှိုင်းများ လောကတစ်သောင်းမဟာဧကရာဇ် ရပ်နေရာမှ ပေါက်ကွဲထွက်လာခဲ့ပြီး ဘေးပတ်ပတ်လည်အနှံ့ ပြန့်နှံ့သွားခဲ့လေသည်။ အနီးအနားတွင် စီးဆင်းနေကြသော သွေးစီးကြောင်းများမှာလည်း ကသောင်းကနင်းဖြစ်ကုန်ပြီး တွမ့်ဟုန်ချန်း၏ ကျင့်ကြံခြင်းမှာတော့ တာအိုသခင် တတိယအဆင့်မှ ဧကရာဇ်ပထမအဆင့်သို့ တမုဟုတ်ချည်း ရောက်ရှိသွားခဲ့လေသည်။

တွမ့်ဟုန်ချိုး အဆင့်ချိုးဖြတ်သွားသည်မှာ စက္ကူဖြူတစ်ရွက်အား ဓါးဖြင့် ထိုးဖောက်လိုက်သည့်အလား အလွန်တရာကိုမှ လွယ်ကူမြန်ဆန်လွန်းလှပြီး မိုးမြေကောင်းချီးသည်ပင်လျှင် ပေါ်လာခဲ့ခြင်း မရှိပေ။

“ကောင်းတယ်… မင်းကျင့်ကြံခြင်း ပိုမြင့်လာပြီဆိုတော့ ဒီဘုရင်အတွက် မင်းကိုဝါးမြိုရတာ ပိုပြီး အကျိုးရှိသွားတာပေါ့…” တွမ့်ဟုန်ချန်း အဆင့်ချိုးဖြတ်သွားသည်ကို မြင်ပါသော်ငြား ဝူခွမ်းသည် ကြောက်လန့်သွားခြင်း မရှိသည့် အပြင်ကိုမှ ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့လေသည်။ ရုတ်တရက် ဝူခွမ်းမှ မာန်သွင်း အော်ဟစ်လိုက်ရာ အရာအားလုံးကို ဝါးမြိုပစ်နိုင်သည့် စွမ်းအင်စက်ကွင်းတစ်ခု ဝူခွမ်းဆီမှ ပေါက်ကွဲထွက်လာခဲ့လေသည်။

အနားတစ်ဝိုက်တွင် စီးဆင်းနေကြသော သွေးစီးကြောင်းများသည် ဆင့်ခေါ်ခြင်း ခံရသည့်အလား ဝူခွမ်း၏ အရိုးခြောက်ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်သွားကုန်ကြလေသည်။

(ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းပဲ…)

တောင်ကုန်းနောက်တွင် ပုန်းရင်းမှ လှမ်းကြည့်နေသည့် ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းကို မြင်လိုက်သည်နှင့် ချက်ချင်း တန်းသိသွားလေသည်။

သူနှင့် တိုက်ခိုက်စဉ်က ဝူမုန်ချွမ်သည်လည်း ထိုကဲ့သို့သော ပညာရပ်ကို ထုတ်သုံးခဲ့ပေသည်။ ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းသည် အတွင်းတွင် ရှိနေသည့် အရာမှန်သမျှကို ဝါးမျိုပစ်နိုင်ပေသည်။ နိယာမစွမ်းအားများသည်ပင်လျှင် ခြွင်းချက်မဟုတ်။ သို့သော်ငြား ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်သော ဝူခွမ်း ဖန်တီးလိုက်သည့် ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းမှာတော့ ဝူမုန်ချွမ်ထုတ်လွှတ်လိုက်သည့် စက်ကွင်းနှင့်ယှဉ်လျှင် ကွဲပြားနေခဲ့ပေသည်။ ဝူမုန်ချွမ်၏ ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းမှာ ဝူခွမ်း၏ ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းနှင့် ယှဉ်လိုက်သော် အလွန်တရာကိုမှ သေးငယ်သွားရပေသည်။ ထို့အပြင် ဝူခွမ်းဖန်တီးထားသည့် ကောင်းကင်ဝါးမျိုခြင်းစက်ကွင်း၏ ဝါးမျိုနိုင်စွမ်းမှာလည်း အလွန်ကိုမှ မြင့်မားလှပေသည်။

ဝူခွမ်း၏ ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းထဲ ရောက်ရှိသွားသည့်နောက်တွင် တွမ့်ဟုန်ချန်း၏ အရှိန်အဝါမှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။ သူ့မျက်နှာအမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး လက်နှစ်ဖက်ကို ပူးကပ်ရင်းမှ ရေရွတ်လိုက်လေ၏။ “လောကတစ်သောင်း ကပ်ဘေးသုံးထောင်…”

ဧရာမလက်ဝါးချက်ကြီးတစ်ခု ကောင်းကင်ပေါ်မှ သက်ဆင်းလာခဲ့လေသည်။ တိုက်ခိုက်မှုမှာ မြေပြင်ပေါ်သို့ မရောက်သေးသော်ငြား မြေပြင်ထက်တွင် ရှိနေသော သွေးများမှာတော့ ကသောင်းကနင်းကို ဖြစ်နေတော့လေသည်။

ဝူခွမ်းက မျက်လုံးမှေးစင်းလျက် ပြန်အော်ပြောလိုက်လေသည်။ “မဆိုးပါဘူး… အရင်တုန်းက အတိုင်းပဲ… ဒါပေမဲ့ ဒီလောက်နဲ့ ဒီဘုရင်ကို အနိုင်ယူဖို့ မလုံလောက်သေးဘူးကွ… ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ… ငါ့အတွက် ဝါးမျိုပစ်လိုက်စမ်း…”

စကားဆုံးသွားသည်နှင့် ဝူခွမ်း၏ အရိုးခြောက်မှာ အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား အနီးအနားတွင်ရှိနေသော သွေးများကိုသာမက တွမ့်ဟုန်ချန်း၏ ပညာရပ်ကိုပါ သူ့ကိုယ်ထဲသို့ ဝါးမျိုပစ်တော့လေသည်။

သို့သော်ငြား တွမ့်ဟုန်ချန်း၏ အမူအယာမှာ ရှေးဟောင်းကန်ရေပြင်တစ်ခုအလား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပေသည်။ သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီကို အတတ်နိုင်ဆုံး လှည့်ပတ်၍ ဝူခွမ်း၏စွမ်းအားကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေခဲ့လေသည်။

ခဏအကြာတွင် ဝူခွမ်း၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားခဲ့ပြီး အနီးအနားရှိ သွေးများအား စုပ်ယူနေခြင်းကို ရပ်တန့်လိုက်လေသည်။ ထို့အပြင် သူ့အရိုးခြောက်ပေါ်၌ ဖြစ်တည်လာသော အသစ်စက်စက် အသားများမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

“ခွေးအိုကြီး… မင်းလှည့်စားလိုက်တာပဲ…” ဝူခွမ်းက ထအော်လေသည်။

တွမ့်ဟုန်ချန်းက အော်ရယ်မောရင်း ပြန်ပြောလိုက်လေသည်။ “ဆက်ပြီးဝါးမျိုဦးလေ… မင်း ဘာဖြစ်လို့ ရပ်တန့်လိုက်တာလဲ... ဒီလောကကြီးမှာ မင်းရဲ့ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ မဝါးမျိုနိုင်တဲ့အရာ မရှိဘူးဆိုပြီးတော့ပဲ ကြွားနေတာမဟုတ်ဘူးလား… ဘာဖြစ်လို့ အခုကျမှ ရပ်လိုက်တာလဲ…”

ဝူခွမ်းမှာ အရူးတစ်ပိုင်း ဖြစ်နေသည့်နှယ် “မင်းရဲ့တိုက်ကွက်ထဲမှာ ဘယ်လိုစွမ်းအားတွေ ပါနေတာလဲ…”

တွမ့်ဟုန်ချန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အရင်နှစ်တွေအတွင်းမှာ ကြယ်ပျက်ပင်လယ်ထဲလာပြီး မင်းကိုရှာဖို့ သက်သက်အတွက်နဲ့ပဲ ငါ့ကျင့်ကြံခြင်းကို ထပ်တလဲလဲ ဖြတ်တောက်ပစ်နေတယ်လို့ ထင်နေတာလား… ဒီလူအိုကြီးနာမည်က လောကတစ်သောင်းကွ… ဒီတော့ လောကတစ်သောင်းရဲ့တာအိုကို နားလည်ဖို့ အခက်အခဲတွေအများကြီးကို ငါ ကျော်လွှားရမှာပေါ့… ဒီလူအိုကြီးက အရင်ကလို မဟုတ်တော့ဘူး…”

“လောကတစ်သောင်းရဲ့တာအို… ကမ္ဘာလောကကြီးရဲ့စိတ်ဆန္ဒ… လောကစွမ်းအား…” ဝူခွမ်း၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားသည့်အလား ပြန်၍ အော်ပြောလိုက်လေသည်။ “ဒီတော့ မင်းက လောကစွမ်းအား တစ်စိတ်တစ်ပိုင်းကို နားလည်သွားတာပေါ့… မင်း ဒီလောက်ယုံကြည်ချက်ရှိနေတာ မဆန်းတော့ပါဘူးလေ…”

“ဝူခွမ်း… ဒီတစ်ကြိမ် မင်း သေကိုသေရမယ်… ခုခံမနေတော့နဲ့…”

“ရယ်စရာကောင်းလိုက်တာ… ဒီလောကကြီးမှာ ဒီဘုရင်ကို ဘယ်သူမှ မသတ်နိုင်ဘူးကွ… ဒီဘုရင်ကိုယ်တိုင်က ကောင်းကင်ပဲ… ဒီဘုရင်ကိုယ်တိုင်က မြေပြင်ပဲ… ဒီဘုရင်ကို ခုခံတဲ့လူမှန်သမျှ ကောင်းကင်နဲ့မြေပြင်ရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်တာပဲ…”

တွမ့်ဟုန်ချန်းက ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်လေသည်။ “ဝူခွမ်း… မင်း အိပ်တာ ကြာသွားလို့များ ရူးသွားတာလား… လောကကြီးရဲ့ရှေ့မှောက်မှာ သက်ရှိတွေအကုန်လုံးက သေးနုပ်တဲ့အရာတွေပဲကွ… မင်းကိုယ်မင်း အရာအားလုံးထက် ပိုပြီး ကြီးမြတ်တယ်လို့ ထင်နေလို့ရှိရင် ကောင်းကင်လမ်းစဉ်က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး…”

“ငါက ကောင်းကင်ဝါးမျိုသူ… ကောင်းကင်လမ်းစဉ်လောက်က ငါ့ကို တားနိုင်မှာလား…”

မဟာဧကရာဇ်နှစ်ပါး ပြောနေသည်မှာ သာမန်စကားလုံးလေးများသာ ဖြစ်သော်ငြား သူတို့၏ စကားလုံးများထဲ စစ်မှန်သည့် အမှန်တရားတို့ ပါဝင်နေပေသည်။ ထိုစကားလုံးများကို ရန်ကိုင် ကြားလိုက်ရသည့်အခါ သူ့ခမျာ နှလုံးခုန်သံမြန်လာပြီး သူ့ကိုယ်ထဲတွင် ရှိနေသော အချုပ်အနှောင်များ တုန်ခါသွားသလို ခံစားလိုက်ရလေသည်။

ဤသည်မှာ တာအိုသာ ဖြစ်လေ၏။

ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ သူတို့တစ်ဘဝလုံး လိုက်လံရှာဖွေနေခဲ့သည့်တိုင် ရရှိနိုင်ခဲ့ခြင်း မရှိသော ကောင်းကင်လမ်းစဉ်သာ ဖြစ်ပေသည်။

မဟာဧကရာဇ်နှစ်ပါးသည် သူတို့၏ တာအိုအသီးသီးကို အသုံးချလျက် တစ်ဦးကိုတစ်ဦး ဖိနှိပ်ရန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကောင်းကင်လမ်းစဉ်နှင့် တာအိုအား ဆက်လက်ရှာဖွေနိုင်သူသာလျှင် အသာစီးရသွားပေလိမ့်မည်။

ရန်ကိုင်သည် မဟာဧကရာဇ်နှစ်ပါး၏ စကားလုံးတိုက်ပွဲကို နားထောင်ရင်းမှ တဖြည်းဖြည်းနှင့် ဉာဏ်အလင်းပွင့်သွားတော့လေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် သူ့ကိုယ်ထဲရှိ အချုပ်အနှောင်များမှာ ပြင်းပြင်းထန်ထန်ကို တုန်ခါနေကြလေသည်။

ရန်ကိုင်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မိန်းမောနေရာမှ ချက်ချင်း အသိပြန်ဝင်လာခဲ့လေသည်။

“ငါ့ချီးမှပဲ…” ရန်ကိုင့်မျက်နှာ သုန်မှုန်သွားတော့လေသည်။

ယခုကဲ့သို့ အချိန်မျိုးမှာမှ အဆင့်တက်ရောက်မည့် အခွင့်အလမ်းနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာခဲ့သည်မှာ သုံးနှစ်တင်းတင်းခန့်ပင် ရှိနေခဲ့လေပြီ။ ထိုအချိန်အတောအတွင်း အခြားသော ပါရမီရှင်ပေါင်းများစွာမှာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားခဲ့ပါသော်ငြား ရန်ကိုင်ကမူ တာအိုသခင်အဆင့်တွင်သာ ရှိနေပေသေးသည်။ ရန်ကိုင်သည် အဆင့်တက်နိုင်မည့် အခွင့်အလမ်းကို အမြဲတစေ လိုက်လံရှာဖွေနေခြင်း ဖြစ်ပါသော်ငြား ကံမကောင်းစွာဖြင့် မည်သည့်အခွင့်အလမ်းနှင့်မှ ကြုံတွေ့ခဲ့ရခြင်း မရှိချေ။

သို့သော်ငြား ရန်ကိုင်မျှော်လင့်တောင့်တနေသည့် အခွင့်အရေးသည် ယခုကဲ့သို့ အချိန်မျိုးတွင်မှ ရောက်လာခဲ့လေသည်။ အခြားနေရာတွင် ဆိုပါက ရန်ကိုင့်အနေဖြင့် ဝမ်းသာအားရ ဖြစ်မိလိမ့်မည် ဖြစ်သော်ငြား လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါးသည် သူနှင့် မလှမ်းမကမ်း၌ သူသေကိုယ်သေတိုက်ပွဲ ဆင်နွှဲနေကြခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့များ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အဆင့်တက်နိုင်ပါမည်နည်း။ တိုက်ပွဲဆီမှ ထွက်ပေါ်လာသည့် အားလှိုင်းများသာ သူ့အား လာရောက်ထိမှန်မည်ဆိုပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။

ရန်ကိုင့်မှာ အဆင့်တက်ချင်သည့် ခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားလိုက်ပါသော်ငြား သူ့အုတ်မြစ်ကိုသာ မဖျက်ဆီးပစ်သရွေ့ ထိုအဆင့်တက်ချင်သည့် ခံစားချက်ကို မည်သည့်နည်းနှင့်မျှ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

All Chapters