အခန်း (၂၄၉၇-၂၄၉၉)
Vol. 103 Ch. 2497-2499
အပိုင်း (၂၄၉၇)
ပြန်လမ်းမရှိတော့ပြီ ဖြစ်သည့်အတွက်ကြောင့် မီးစင်ကြည့်ကရတော့မည်ဖြစ်လေရာ ရန်ကိုင်လည်း အံကိုတင်းတင်းကြိတ်၍ သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက်များကိုထုတ်ကာ သူ့ဘေးတစ်ဝိုက်တွင် ပုံချထားလိုက်လေတော့သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်လျက် စိတ်ရောကိုယ်ရောကို လွှတ်ချလိုက်လေ၏။ အခြား မည်သည့်ကိစ္စကိုမှ အာရုံစိုက်မနေတော့ဘဲ မဟာဧကရာဇ်နှစ်ပါး တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကို စူးစမ်းလေ့လာရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့လေသည်။
မည်သူမှ ဤကဲ့သို့သော နည်းလမ်းကို သုံး၍ အဆင့်မတက်ကြဖူးပေ။
သို့ရာတွင် ရန်ကိုင့်၌ ရွေးစရာ ရှိမနေခဲ့ပေ။
မကြာမီ ဤအရာသည် သူ့အတွက် အခွင့်အလမ်းတစ်ခုမှန်း ရန်ကိုင် နားလည်သွားတော့လေသည်။ မဟာဧကရာဇ်နှစ်ပါး ပြောလိုက်သည့်စကားလုံးတိုင်း သူတို့၏ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်လမ်းစဉ်၏ စွမ်းအင်တစ်စွန်းတစ်စကို သယ်ဆောင်ထားခဲ့ကြလေသည်။
ရန်ကိုင်သည် မဟာဧကရာဇ်နှစ်ပါး၏ ကောင်းကင်လမ်းစဉ်အပေါ် ထိုးထွင်းနားလည်မှုများကို ဆင်ခြင်လျက် ထိုအရာများကို ခြေနင်းကျောက်တုံးသဖွယ် အသုံးချကာ သူ၏ ကိုယ်ပိုင်သိုင်းတာအိုကို ဖန်တီးနေခြင်း ဖြစ်လေသည်။
မကြာမီတွင် ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်ရှိ အခြေအနေများကို လုံးဝ မေ့လျော့သွားခဲ့ပြီး ဈာန်ဝင်စားသည့် အခြေအနေထဲ အပြည့်အဝ နစ်မျောသွားတော့လေသည်။ ရန်ကိုင့်၏အနီးတစ်ဝိုက်တွင် စုပုံနေကြသော အရင်းအမြစ်ကျောက်များမှာလည်း တစ်စစီကွဲကြေလျက် သိပ်သည်းသန့်စင်လှသော မိုးမြေစွမ်းအင်များအဖြစ်သို့ စုဝေးကာ ရန်ကိုင့်ခေါင်းထက်တွင် တဖြည်းဖြည်း စုပြုံလာကြလေသည်။ မကြာမီတွင် မိုးမြေကောင်းချီတစ်ခု ရန်ကိုင့်၏ခေါင်းထက်၌ စတင် ဖြစ်တည်လာတော့လေ၏။
“ဟမ်… ဒီမှာ ပုရွက်ဆိတ်တစ်ကောင် ရှိနေတာပါလား…” မဟာဧကရာဇ်နှစ်ပါးမှာ တိုက်ပွဲပေါ်တွင်သာ အာရုံစိုက်နေကြပါသော်ငြား သူတို့၏အာရုံခံနိုင်စွမ်းမှာ အလွန်ကိုမှ စူးရှလှပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ အဆင့်တက်ရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် မဟာဧကရာဇ်နှစ်ပါးစလုံးမှာ ရန်ကိုင့်အား ချက်ချင်း သတိထားမိသွားကြလေ၏။ တိုက်ခိုက်နေရင်းမှ ရန်ကိုင့်အား လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် ဝူခွမ်းသည် အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးလောက်ကိုတော့ သူ လုံးဝဂရုစိုက်မနေခဲ့ပေ။
သူ၏ အထွဋ်အထိပ်အခြေအနေတွင် မဆိုထားနှင့် လက်ရှိအခြေအနေဖြင့်ပင်လျှင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
(အဲ့ကောင်လေး ငါ့နောက်ကို ဘယ်လိုလိုက်တာလဲ…) တွမ့်ဟုန်ချန်းမှာတော့ အံ့အားသင့်နေလေ၏။
ဤနေရာသည် ဝူခွမ်း သေချင်ယောင်ဆောင်နေသည့် နေရာ ဖြစ်လေရာ ဤနေရာ၏ဝင်ပေါက်ကို သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် ချိတ်ပိတ်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် ဤဟင်းလင်းပြင်ထဲသို့ ဝင်ရန်မဆိုထားနှင့် ဝင်ပေါက်ကိုပင်လျှင် ရှာတွေ့ရန် မဖြစ်နိုင်ချေ။
ထို့အတွက်ကြောင့်သာ မဟုတ်ပါက တွမ့်ဟုန်ချန်းအနေဖြင့် ဝူခွမ်းလှဲလျောင်းနေသည့် နေရာကို ရှာတွေ့ရန်အတွက် နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် အချိန်ယူခဲ့ရလိမ့်မည် မဟုတ်ချေ။
တွမ့်ဟုန်ချန်းသည် ဝူခွမ်း အမြုတေပင်လယ်ထဲတွင် ပုန်းအောင်းနေမှန်းကို သိနေခဲ့ပါသော်ငြား နေရာအတိအကျကိုတော့ မသိခဲ့ချေ။ ယခု ဤနေရာသို့ ဝင်ရောက်လာပြီး အမြုတေပင်လယ် အပြောင်းလဲကြီး ပြောင်းလဲသွားပြီးသည့်နောက် တွင်းနက်တစ်ခု ပေါ်လာသည့် အခါမှသာလျှင် ဝူခွမ်းပုန်းနေသည့်နေရာမှာ ဤနေရာမှန်း နားလည်သွားတော့လေသည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဤထဲသို့ ဝင်မလာနိုင်ချေ။ သာမန်တာအိုသခင်အဆင့် မဆိုထားနှင့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ဤတွင်းနက်ထဲသို့ မဝင်နိုင်ရာ ဤကောင်စုတ်လေး မည်ကဲ့သို့များ ဝင်လာနိုင်လေသနည်း။ သူဝင်လာပြီးသည့်နောက် ဝင်ပေါက်၏ချိတ်စည်း အားနည်းသွားသည့် အတွက်ကြောင့်များ ထိုကောင်လေး သူ့နောက်မှ လိုက်ဝင်လာနိုင်လေသလော။
ထိုကိစ္စနှင့်ပတ်သက်၍ တွမ့်ဟုန်ချန်းစိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်နေမိလေသည်။ ဤကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့မည်ဆိုပါက သူဝင်လာပြီးပြီးချင်း ဝင်ပေါက်အား ဖျက်ဆီးခဲ့လိုက်ပေသည်။
ရန်ကိုင်သည် ဝူမုန်ချွမ် သေသွားပြီးနောက် ကျန်ရစ်ခဲ့သော ကျောက်စိမ်းပြားအကူအညီဖြင့် ဤထဲသို့ ဝင်လာနိုင်သည် ဆိုသောအချက်ကိုတော့ တွမ့်ဟုန်ချန်း မသိခဲ့ပါချေ။ ချိတ်စည်းသည် အကောင်းအတိုင်း ရှိနေမည်ဆိုလျှင်ပင် ကျောက်စိမ်းပြား၏အကူအညီဖြင့် ရန်ကိုင်သည် တွင်းနက်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ပေသေးသည်။
ထိုကျောက်စိမ်းပြားမှာ ဝူခွမ်းမှ သူ့မျိုးဆက်များအတွက် ချန်ထားပေးခဲ့သည့် အရာတစ်ခု မဟုတ်ပေလော။
အကုန်လုံးသည် တိုက်တိုက်ဆိုင်ဆိုင်ကို ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။
ဤနေရာတွင် ရန်ကိုင်ကိုသာ တွေ့ရပြီး မိုရှောင်ချီနှင့် ကျန်းရို့ရှီတို့အား မည်သည့်နေရာတွင်မှ မတွေ့ရသည့်အတွက်ကြောင့် တွမ့်ဟုန်ချန်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားမိလေသည်။ ထိုမိန်းကလေးနှစ်ဦးသည်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက အတော်လေးကို ပြဿနာများရပေလိမ့်မည်။
“ဒီဘုရင်နဲ့တိုက်ခိုက်နေတာတောင် မင်း ဘယ်လိုတောင် အာရုံပျံ့လွင့်ရဲတာလဲ… သေလိုက်ပေတော့ တွမ့်ဟုန်ချန်း…” ဝူခွမ်းသည် ထိုကဲ့သို့ အော်ဟစ်လိုက်ပြီးသည့်နောက် သူ့လက်နှစ်ဖက်ကို ပူးကပ်လျက် ရိုက်ချလိုက်လေသည်။
“ဘုန်း…”
ထိုထူးဆန်းသောအသံနှင့်အတူ ပြင်းထန်သော လေပြင်းတို့ ဝူခွမ်း၏ လက်ဝါးထက်ဆီမှ ထွက်ပေါ်လာပြီး တွမ့်ဟုန်ချန်းဆီသို့ တိုးဝင်သွားခဲ့လေသည်။
ဤလေပြင်းမှာ သာမန်လေပြင်းသက်သက်သာမဟုတ်။ ထိုလေပြင်းထဲတွင် ဒြပ်စင်အမြုတေစွမ်းအားတို့ ပါဝင်နေခဲ့ပေသည်။ ကြောက်ခမန်းလိလိ လေပြင်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေကုန်ရလေသည်။
“ကမ္ဘာဦးအာကာသလေပြင်း…” ဝူခွမ်းထုတ်သုံးလိုက်သည့် လေပြင်းများကိုကြည့်ရင်း တွမ့်ဟုန်ချန်း၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့လေသည်။ “မင်းခန္ဓာကိုယ်ကို ဆုံးရှုံးသွားပြီးတာတောင် ကမ္ဘာဦးအာကာသလေပြင်းကို သုံးနိုင်သေးတယ်ပေါ့…”
ဝူခွမ်းက အထင်အမြင်တသေးဖြင့် ရယ်မောလျက် “ကမ္ဘာဦးအာကာသလေပြင်းက အသွင်သဏ္ဍာန်မရှိတဲ့ ဒြပ်စင်အမြုတေစွမ်းအားတစ်ခုပဲ… ဒီစွမ်းအားက ဒီဘုရင်ရဲ့ဝိဉာဉ်နဲ့ ချိတ်ဆက်ထားတာ… ငါ့ခန္ဓာကိုယ်ကို ဆုံးရှုံးသွားတာနဲ့ ဒီစွမ်းအားကို ထုတ်မသုံးနိုင်တော့ဘူးလို့ မင်းကိုဘယ်သူပြောလဲ ဟား ဟား ဟား… မင်းက ဒီဘုရင်ကို အထင်သေးရဲတယ်ဆိုမှတော့ ပြန်ပေးဆပ်ဖို့ ပြင်ထားပေတော့ပေါ့ကွာ… ဒီဘုရင် အရိုးသက်သက်ချည်းပဲ ကျန်နေတော့တယ်ဆိုရင်တောင် မင်း ငါ့ကို မနိုင်သေးဘူးကွ…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ကမ္ဘာဦးအာကာသလေပြင်းတို့သည့် တွမ့်ဟုန်ချန်းအား ဝါးမျိုလိုဟန်ဖြင့် သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံရန် ကြိုးစားတော့လေသည်။
ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် တွမ့်ဟုန်ချန်းမျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အကြွင်းမဲ့တည်ငြိမ်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။ ထို့နောက်တွင် သူ့လက်နှစ်ဖက်အား ချိတ်စည်းတစ်ခုအသွင်အဖြစ်သို့ ပြောင်းလျက် အော်ဟစ်လိုက်လေ၏။ “မဟာပထဝီမြေအကျဉ်းထောင် ဖြစ်တည်လာစမ်း…”
“ဝုန်း…”
ထို့နောက်တွင် တွမ့်ဟုန်ချန်းဆီမှ အစိမ်းရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဝိုးတိုးဝါးတား သစ်ပင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထိုအစိမ်းနုရောင် သစ်ပင်ပုံရိပ်သည် ဝူခွမ်းထုတ်သုံးသွားသည့် ကမ္ဘာဦးအာကာသလေပြင်းကဲ့သို့ပင် ဒြပ်စင်အမြုတေစွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေခဲ့လေသည်။
“ဝုန်း ဝုန်း ဝုန်း…”
ကမ္ဘာဦးအာကာသလေပြင်းသည် ဧရာမအစိမ်းရောင်သစ်ပင်ဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့လေသည်။ ပြင်းထန်သည့်လေပြင်းကြောင့် သစ်ပင် ပင်စည်တစ်ခုလုံး ယိမ်းထိုးသွားခဲ့ပြီး သစ်ရွက်များမှာလည်း တဖျတ်ဖျတ် လှုပ်ခါလာတော့သည်။ သို့သော်ငြား တွမ့်ဟုန်ချန်းမှာမူ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ ဝူခွမ်း၏တိုက်ခိုက်မှုမှာ တွမ့်ဟုန်ချန်းအား မည်သည့်ဒဏ်ရာမှ ရမသွားစေခဲ့ချေ။
“နတ်သစ်ပင်ပိုင်ယီလား…” ရုတ်တရက်ပေါ်လာသည့် အစိမ်းရောင်သစ်ပင်ကိုကြည့်ရင်း ဝူခွမ်းက သူ့မျက်လုံးသူ မယုံကြည်နိုင်ဟန်ဖြင့် အလန့်တကြား ထရေရွတ်လိုက်လေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ “တွမ့်ဟုန်ချန်း… မင်း ဘယ်လိုလုပ်ပြီး ဒီဘုရင်ကို လာလှည့်စားရဲတာလဲ…”
တွမ့်ဟုန်ချန်းသည် သူ၏ ကမ္ဘာဦးအာကာသလေပြင်းကို မြင်ပြီးသည့်နောက် ထိတ်လန့်ကြောက်ရွံ့သွားသည့် ပုံစံမျိုး လုပ်ပြခဲ့သော်ငြား တကယ့်တကယ်တွင် နတ်သစ်ပင်ပိုင်ယီအား ဆင့်ခေါ်၍ သူ၏အာကာသလေပြင်းကို အချိန်မီ ခုခံပြသွားခဲ့လေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့် တွမ့်ဟုန်ချန်း ကြောက်ချင်ယောင်ဆောင်နေခြင်းဖြစ်မှန်း သိနိုင်ပေသည်။
သူ့စိတ်ထဲတွင်မူ ဝူခွမ်းအား ကိုယ့်ကိုယ်ကို သိပ်၍ အထင်ကြီးနေသည်ဟု လှောင်ပြောင်ပြောဆိုနေပေလိမ့်မည်။ ဝူခွမ်းကဲ့သို့သော မာနကြီးသည့်လူတစ်ဦးသည် ထိုကဲ့သို့ လှောင်ပြောင်ခံရသည်ကို မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။
တွမ့်ဟုန်ချန်းမှ သူ၏ ဧကရာဇ်ချီအား ပို၍ တွန်းအားပေး လှည့်ပတ်လိုက်လေရာ စိမ်းနုရောင်နတ်သစ်ပင်ပိုင်ယီ၏ အရွယ်အစားမှာ တဖြည်းဖြည်းချင်း ကြီးမားလာခဲ့လေသည်။ ထို့နောက်တွင် တွမ့်ဟုန်ချန်းသည် နဖူးထက်တွင် ဝေ့သီလာသော ချွေးများကို သပ်ချလျက် စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးရင်း ပြန်ပြောလိုက်လေ၏။ “ဒီလူအိုကြီး သေမတတ်ကို ကြောက်သွားတာ… ကြိုပြီး ပြင်ဆင်ထားလိုက်မိတာ ကံကောင်းသွားတယ်… မဟုတ်ရင်တော့ ဒီလောက်လွယ်တဲ့ တာဝန်လေးကိုတောင် မလုပ်နိုင်ဘဲ ရှုံးနိမ့်သွားတော့မှာ…”
“ခွေးကောင်… မင်း ဘယ်လိုတောင် ဒီဘုရင်ကို ဒီလောက်လွယ်တဲ့ တာဝန်လေးလို့ ပြောရဲတာလဲ… တွမ့်ဟုန်ချန်း… မင်း သိပ်ပြီး မောက်မာလွန်းမလာနဲ့… ပြီးတော့ ဒီပိုင်ယီအမြုတေစွမ်းအားက ဟိုခွေးသူတောင်းစား သံမဏိသွေးရဲ့ဟာ မဟုတ်ဘူးလား… ငါသိသလောက်ဆိုရင် ဒါက သူရဲ့ အဖိုးအတန်ဆုံး ရတနာပဲ… ဘယ်လိုလုပ်ပြီး မင်းလက်ထဲကို ရောက်နေတာလဲ…” ဝူခွမ်းက ဒေါသတကြီး ထပ်မံအော်ပြောလေသည်။ ရုတ်တရက်ဆိုသလို သူ့အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး ဆက်ပြောလိုက်လေ၏။ “သံမဏိသွေး သေသွားတာလား…”
တွမ့်ဟုန်ချန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ငါလည်း အဲ့သံမဏိသွေး မြန်မြန်သေပါစေလို့ ဆုတောင်းနေတာပဲ… ဆိုးတာက အဲ့ခွေးကောင်က မသေတဲ့အပြင်ကိုမှ အချိန်ကြာလာတာနဲ့ ပိုပိုပြီးတော့တောင် ငယ်လာသေးတယ်… ငါ သူ့ကို တကယ် အားကျမိတယ်… အခုနောက်ပိုင်းတော့ ဒီကောင် တပည့်တစ်ယောက်ကို လက်ခံထားပြီး အဲ့တပည့်လေးကို အစွမ်းကုန်သုံးပြီး ပျိုးထောင်ပေးနေတာ… ငါ့လခွမ်းကွာ… တပည့်တွေဆိုတာ သူတို့ရဲ့ဆရာတွေအတွက် ပလိပ်ရောဂါတွေပဲ… အမြဲတမ်း ငါတို့ကို လှည့်စားဖို့ပဲ ကြိုးစားနေတာ… ထားလိုက်တော့ အဲ့အကြောင်းဆက်ပြောနေလို့ရှိရင် ငါ ငိုမိတော့မယ်…”
ထိုအကြောင်းကိုပြောနေရင်း တွမ့်ဟုန်ချန်းသည် ဝမ်ကျိရှန်းအကြောင်းကို စဉ်းစားမိသွားသည့်ပုံပင်။
“သူအသက်ရှင်နေသေးတယ်ဆိုရင် နတ်သစ်ပင်အမြုတေစွမ်းအားကို ဘယ်လိုလုပ်ပြီး မင်းလက်ထဲကို ထည့်ပေးလိုက်တာလဲ…” ဝူခွမ်းက ပြန်အော်ပြောလေ၏။
တွမ့်ဟုန်ချန်းက ညစ်ကျယ်ကျယ်ပြုံးလျက် “ဘာလို့လဲဆိုတော့ ငါ့ကို အဲ့နတ်သစ်ပင်အမြုတေစွမ်းအား မပေးဘူးဆိုလို့ရှိရင် အားကောင်းမောင်းသန် ရုပ်ချောချောလူတွေကို ရှာပြီး သူ့ရဲ့အဖိုးတန်တပည့်ကို သွားမြှူဆွယ်ခိုင်းမယ်လို့ ပြောလိုက်လို့လေ… အဲ့လိုယောကျ်ားတွေရှေ့မှာ သူ့တပည့် ဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်မှာလဲ… ဒီတော့ သူလည်း ငါတောင်းတာကို ပေးလိုက်ရတာပေါ့…”
ဝူခွမ်း မှင်တက်သွားခဲ့လေသည်။ “သောက်ကျိုးနည်း..”
တွမ့်ဟုန်ချန်းက ယဲ့ယဲ့လေးပြုံးလျက် “သူ့တပည့်ကို သူဘယ်လောက်တန်ဖိုးထားလဲဆိုတာ မင်းမသိလို့… အဲ့ကောင်မလေးကိုကြည့်ရတာ အထူးခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားတဲ့ပုံပဲ… အဲ့ခန္ဓာကိုယ်က သူ့အမွေအနှစ်ကိုလက်ခံဖို့ လုံးဝကို ပြီးပြည့်စုံနေတာ… ငါ အဲ့ကောင်မလေးနဲ့ တစ်ကြိမ်တွေ့ဖူးတယ်… ခုခေတ်လူငယ်တွေက မတူတော့ဘူးကွ… အဲ့ကောင်မလေးရဲ့ပုံစံက သံမဏိသွေးရဲ့ အရင်ပုံစံနဲ့တောင် ဆင်သေးတယ်လို့ ပြောရမယ်… သူ့လက်သီးတစ်ချက်နဲ့တင် အဆင့်တူကျင့်ကြံသူတစ်ယောက်ကို အသာလေး သတ်ပစ်လိုက်လို့ရတယ်… သံမဏိသွေးရဲ့ ခံတပ်ကနေ မထွက်လာခင် အဲ့ကောင်မလေး ငါ့ကို လက်သီးနဲ့ လာထိုးလိုက်သေးတယ်… သူ့လက်သီးကြောင့်ပဲ ငါ နဖူးကွဲသွားပြီး သွေးတွေထွက်သွားရတယ်…”
ဝူခွမ်းက အော်ရယ်မောလျက် “နည်းတောင်နည်းသေးတယ်… အဲ့လောက်တောင် သောက်ရှက်မရှိဘဲ နေချင်တာကိုး… ဒီလောကကြီးက သောက်ရှက်မရှိဆုံး လူတွေထဲမှာ မင်းက ထိပ်ဆုံးပဲ”
“အခုလို ချီးကျူးပေးတဲ့အတွက် ကျေးဇူးပဲ” တွမ့်ဟုန်ချန်းက ပြန်ပြောလိုက်လေသည်။
“မင်းမှာ နတ်သစ်ပင်အမြုတေစွမ်းအား ရှိနေလဲ ဘာဖြစ်လဲ… မင်းက ပိုင်ရှင်အစစ်မှ မဟုတ်တာ… ဒီဘုရင်ရဲ့ ကမ္ဘာဦးအာကာသလေပြင်းကို ဘယ်လိုပြန်တိုက်နိုင်မှာလဲ…” ဝူခွမ်းက ပြောလိုက်လေသည်။
“ကြိုးစားကြည့်ရမှာပေါ့… ငါ ဒီတိုင်း သေမှာကို ထိုင်စောင့်နေမယ်လို့ မင်းထင်နေတာလား…”
မဟာဧကရာဇ်နှစ်ပါးမှာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် မစောင့်နိုင်တော့သော ကမ္ဘာမကြေရန်သူများ ဖြစ်သွားလိုက် ထို့နောက်တွင် အလွန်ကိုမှ ရင်းနှီးနေသော မိတ်ဆွေများနှယ် စကားပြောလိုက် လုပ်နေကြလေရာ အခြားသူများသာ သူတို့နှစ်ဦးပုံစံကို မြင်ပါက လုံးဝကို နားမလည်နိုင် ဖြစ်သွားကြပေလိမ့်မည်။
တစ်ချိန်တည်းတွင် ဒြပ်စင်အမြုတေစွမ်းအားနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ပြန်လည်တွန်းလှန်တိုက်ခိုက်နေကြလေရာ ကောင်းကင်တစ်ပြင်လုံး လေပြင်းနှင့် သစ်သားစွမ်းအင်တို့နှင့် ပြည့်နှက်နေတော့လေသည်။ တကယ်ကို ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင်။
ကမ္ဘာဦးအာကာသလေပြင်း၏ စွမ်းအားမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည်။ သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာ ထိုလေပြင်းထဲသို့ ရောက်သွားမည်ဆိုပါက အရိုးများ အသားများပင်လျှင် ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား နတ်သစ်ပင်ပိုင်ယီမှာတော့ မပျက်မစီးဘဲ ဆက်လက်တည်ရှိနေနိုင်ပေသေးသည်။ လေပြင်းမှာ မည်သို့ပင် တိုက်ခိုက်နေစေကာမူ နတ်သစ်ပင်၏ အရွက်များသည် လေပြင်းအား အရူးအမူးခုခံရင်း ကာကွယ်ပေးနေသည့် အတွက်ကြောင့် တွမ့်ဟုန်ချန်မှာ မည်သည့်ဒဏ်ရာမှ မရခဲ့ချေ။
မိုင်တစ်ရာပတ်လည်အတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံး တွန့်လိမ်လာခဲ့ပြီး မြေပြင်ထက်တွင် ရှိနေသော သွေးအားလုံးမှာလည်း အငွေ့ပျံသွားကုန်ကြလေသည်။
လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါးမှာ မည်သူက သူတို့၏ ဒြပ်စင်အမြုစွမ်းအားအား ပို၍ ကောင်းကောင်း ထိန်းချုပ်နိုင်သလဲ ဆိုသည်ကို ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည့်အတွက်ကြောင့် အဆုံးသတ်ရလဒ်အား အချိန်တိုအတွင်း မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ ဝူခွမ်းနှင့် တွမ့်ဟုန်ချန်းတို့နှစ်ဦးစလုံးမှာ တိုက်ပွဲအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားကြလေသည်။ ဝူခွမ်းသည်သာ ကမ္ဘာဦးအာကာသလေပြင်းအား ပြန်၍ ရုတ်သိမ်းလိုက်မည်ဆိုပါက တွမ့်ဟုန်ချန်းသည် ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်၍ ကျိန်းသေ တန်ပြန်တိုက်ခိုက်ပေလိမ့်မည်။ ဝူခွမ်း၏ လက်ရှိအခြေအနေအရ တွမ့်ဟုန်ချန်းသာ နတ်သစ်ပင်အမြုစွမ်းအားကို ထုတ်သုံးလာမည်ဆိုလျှင် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
လက်ရှိ အရိုးခြောက်ပုံစံသာ ရှိနေသေးသော ဝူခွမ်းသည် နတ်သစ်ပင်၏ စွမ်းအားကို မည်သို့မှ မခုခံနိုင်ပေ။ ထို့အတွက်ကြောင့် ဝူခွမ်းအတွက် အမှားလေးတစ်ခုပင် လုပ်လို့ မဖြစ်နိုင်အောင် ဖြစ်နေခဲ့လေသည်။
တွမ့်ဟုန်ချန်းသည် ဝူခွမ်းကို အနိုင်ယူနိုင်ရန်အတွက် နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် စောင့်ဆိုင်းနေခဲ့ရလေရာ သူ့အနေဖြင့် ဤနေရာသို့ မပြင်မဆင်ဘဲ မည်ကဲ့သို့များ လာခဲ့ပါမည်နည်း။ တွမ့်ဟုန်ချန်း၏ တိုက်ကွက်တစ်ခုချင်းစီတိုင်းသည် ဝူခွမ်းအား သိသိသာသာကို ပစ်မှတ်ထားနေခဲ့လေသည်။
မဟာဧကရာဇ်နှစ်ပါးကြားရှိ တိုက်ပွဲမှာ အလွန်ကိုမှ ပြင်းထန်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ဧကရာဇ်အဆင့်သို့ တက်နေမှန်း သိနေသည့်တိုင် ရန်ကိုင့်အား လျစ်လျူရှုထားကြပြီး တစ်ဦးအပေါ်တစ်ဦး ဖိနှိပ်ရာတွင်သာ ကြိုးစားနေခဲ့လေသည်။
ဝူခွမ်းသည် ရန်ကိုင်သေသည်ရှင်သည်ကို ဂရုမစိုက်သလို တွမ့်ဟုန်ချန်းမှာ ရန်ကိုင့်အား ဂရုစိုက်နေရန် အချိန်မရှိချေ။
ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် တစ်ခုခုသာ ဖြစ်သွားမည်ဆိုလျှင် တတ်သာတတ်နိုင်လျှင် တွမ့်ဟုန်ချန်းမှ ကာကွယ်ပေးလိမ့်မည် ဖြစ်သော်ငြား လက်ရှိအချိန်တွင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ဖြစ်သော ဝူခွမ်းနှင့် တိုက်ခိုက်ရာ၌ အပြည့်အဝ အာရုံစိုက်ထားသည့် အတွက်ကြောင့် ရန်ကိုင့်အပေါ် အာရုံစိုက်နေရန် အချိန်မရှိချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၉၈)
မဟာဧကရာဇ်နှစ်ပါးမှာ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြချိန် ရန်ကိုင်သည် ဧကရာဇ်အဆင့်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။
ဧကရာဇ်စိတ်ဆန္ဒ တစ်စွန်းတစ်စသည် သူ့ခန္ဓာကိုယ်ထဲမှ စတင်၍ စိမ့်ထွက်လာခဲ့လေ၏။ ထိုဧကရာဇ်စိတ်ဆန္ဒမှာ အစပိုင်းတွင် မသိသာခဲ့ပါသော်ငြား အချိန်ကြာလာသည့်နောက် တဖြည်းဖြည်း သိသာထင်ရှားလာခဲ့လေသည်။
ဧကရာဇ်စိတ်ဆန္ဒကို သိပ်သည်းခြင်းသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်လေ၏။ ဧကရာဇ်စိတ်ဆန္ဒကို သိပ်သည်းနိုင်မှသာလျှင် ဧကရာဇ်အဆင့်၏ အတားအဆီးကို ချိုးဖြတ်၍ ပိုမိုမြင့်မားသော သိုင်းတာအိုဆီသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
သိပ်သည်းသန့်စင်လှသော မိုးမြေစွမ်းအင်များ တဖြည်းဖြည်း စုဝေးလာရာမှ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းလှသော မိုးမြေကောင်းချီးတစ်ခု ရန်ကိုင့်၏ ခေါင်းထက်တွင် တဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့လေသည်။ မည်းမှောင်နေသော မိုးမြေစွမ်းအင်များမှာ အစုလိုက် အစုလိုက် စုဝေးလာခဲ့ကြပြီး ကောင်းကင်တစ်ခုလုံးမှာလည်း ပြိုကျတော့မည့်အလား မိုးခြိမ်းသံများ လျှပ်စီးသံများဖြင့် ညံမစဲ ဖြစ်နေတော့လေသည်။
ရန်ကိုင်ကမူ ထိုအချင်းအရာအားလုံးကို သတိမမူမိဘဲ တင်ပလင်ခွေထိုင်ကာ ရုတ်တရက် ထိုးထွင်းသိမြင်လာသည့် ဉာဏ်အလင်းထဲ နစ်မျောနေခဲ့လေသည်။
ထို့နောက်တွင် သူ့စိတ်ထဲ သူကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများကို တစ်ဖန် ပြန်လည် မြင်ယောင်လာမိတော့လေသည်။ ရန်ကိုင်သည် ထိုအရာများကို တမင်သက်သက် စဉ်းစားနေခြင်းမဟုတ်။ ထိုအတွေ့အကြုံများကိုက သူ့စိတ်ထဲ သူ့ဘာသာ အလိုလို ပေါ်လာကြခြင်း ဖြစ်ပေသည်။
ကောင်းကင်စံအိမ်၏ တရားမဝင်တပည့်တစ်ဦး အနေဖြင့် သူ၏ သိုင်းတာအိုခရီးလမ်းကို စတင်ခဲ့လေသည်။ သူ့ဘဝတွင် ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပါသော်ငြား လွယ်လင့်တကူ အဆင့်မတက်နိုင်ခဲ့ပေ။ ထို့အပြင် ဂိုဏ်းထဲတွင်ရှိသော ဂိုဏ်းတူညီအစ်ကိုများ၏ ဝိုင်းဝန်းအနိုင်ကျင့်ခြင်းကိုလည်း ခံခဲ့ရသည်။ သို့တိုင် ရန်ကိုင် လက်မလျှော့ခဲ့ပေ။
ထို့နောက်တွင် အမည်မဲ့ အနက်ရောင်စာအုပ်တစ်အုပ်ကို ရရှိခဲ့ပြီး မဟာနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ရရှိသွားကာ သိုင်းတာအို၏ ပိုမိုမြင့်မားသော အဆင့်အထိသို့ တက်လှမ်းလာနိုင်တော့လေသည်။
ဗဟိုမြို့တော်သို့ သွားပြီး အမွေခံတိုက်ပွဲကို ဆင်နွှဲနေသည့် ပုံရိပ်များ၊ ထုန်းရွှမ်လောကကြီးဆီသို့ သွားသည့်ပုံရိပ်များ၊ ထို့နောက် ကြယ်တာရာကောင်းကင်ထဲသို့ ဝင်ရောက်၍ ဟုန်းလော့ကြယ်စီရင်စုကြီး၏ အတားအဆီးကို ချိုးဖြတ်ကာ ကြယ်တာရာအစုအဝေးထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းအဖုံဖုံတို့သည် သူ့စိတ်ထဲ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် သူမြတ်နိုးရသော မိန်းမများအကြောင်းကိုလည်း ပြန်လည်မြင်ယောင်လာမိပြန်လေသည်။
မမောမပန်းနှင့် သိုင်းတာအိုခရီးလမ်းကို လျှောက်လှမ်း၍ ကိုယ်ပိုင်တာအိုကို ရှာဖွေရာ၌ ရန်ကိုင့်အား သူ၏ မိန်းမချောချောလေးများကသာမက သူ၏အပေါင်းအသင်းများကပါ အဖော်ပြုပေးခဲ့ကြပေသည်။ ထို့အတွက်ကြောင့် သူ့ဘဝကြီးမှာ ရံဖန်ရံခါ အထီးကျန်နေရသည့်တိုင် တကယ့်တကယ်တွင်တော့ ရန်ကိုင်သည် လုံးဝကို အထီးကျန်နေခဲ့ခြင်း မရှိချေ။ ထိုကဲ့သို့သော ဘဝနှင့်ပတ်သက်၍ ရန်ကိုင်သည် စိတ်ပျက်မိခြင်း မရှိသလို မည်သည့်စောဒကမှလည်း မတက်ချင်ချေ။ သူလျှောက်လှမ်းသည့် လမ်းစဉ်ထဲတွင် မည်သည့်အမုန်းတရား နောင်တမှ ရှိမနေခဲ့ချေ။
ကိုယ်တွင်းနတ်ဆိုး ရှိမနေသည့်အတွက်ကြောင့် မည်သည့်ပြင်ပစွမ်းအားကမှ သူလျှောက်လှမ်းနေသည့်လမ်းစဉ်အား ယိမ်းယိုင်အောင် မလုပ်နိုင်ချေ။
တစ်ခုသောအချိန်သို့အရောက်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ ယခုအချိန်တွင် သူ့မျက်လုံးများသည် ပကတိကြည်လင်နေပြီး ညအာကာယံတွင် ထွန်းလင်းတောက်ပနေသော ကြယ်ကလေးများနှယ် တလက်လက် လင်းလက်နေခဲ့လေသည်။ အက်ကွဲသံသဲ့သဲ့နှင့်အတူ သူ့အား ဧကရာဇ်အဆင့်သို့ မတက်ရောက်နိုင်အောင် တားဆီးထားသော အတားအဆီးအားလုံး တမုဟုတ်ချည်း ပြေလျော့သွားခဲ့လေသည်။
“ခရက်…”
ရန်ကိုင့်၏ခန္ဓာကိုယ်ဆီမှ အသံဗလံပေါင်းစုံ ထွက်ပေါ်လာခဲ့ပြီး သူ၏ အရိုးများ၊ သွေးကြောများနှင့် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့လေသည်။ ရန်ကိုင့်၏သွေးကြောများမှာ ရုတ်ချည်း ကျယ်ပြန့်လာပြီး ယခင်ကနှင့်စာလျှင် ပို၍ အလုံးအထည် ကြီးမားလာကာ အရိုးနှင့် ကြွက်သားများမှာလည်း ယခင်ကထက် ပို၍မာကျောကျစ်လစ်လာခဲ့လေသည်။
သူ့ဝိဉာဉ်သည်ပင်လျှင် အကြီးအကျယ် တိုးတက်အားကောင်းလာခဲ့လေ၏။
“ဂျုန်း… ဂျုန်း… ဂျုန်း…”
ထို့နောက်တွင် ယောက်ျားတစ်ဦး၏ ခြေသလုံးစာမျှ ကြီးမားလှသော မိုးကြိုးတစ်စင်း ကောင်းကင်ထက်မှနေ၍ ရန်ကိုင့်ခေါင်းတည့်တည့်သို့ ကျဆင်းလာခဲ့လေသည်။ ထိုမိုးကြိုးချက်ထဲ ကောင်းကင်လမ်းစဉ်၏ ကြီးကျယ်ခမ်းနားမှုတို့ ကိန်းအောင်းပါဝင်နေခဲ့ပြီး ဤလောကကြီးတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအားတို့လည်း ပါဝင်နေခဲ့လေသည်။ ထိုမိုးကြိုးနှင့်အတူ မိုးမြေစွမ်းအင်တို့မှာလည်း ရန်ကိုင့်ဆီသို့ တိုးဝင်ကျဆင်းလာခဲ့လေ၏။
“ခရက်…”
ရန်ကိုင့်၏ခန္ဓာကိုယ်မှာ ထိုစွမ်းအားများအောက်ဝယ် ထိန်းမရအောင် တုန်ရီလာခဲ့လေသည်။ သူ့အဝတ်အစားများမှာ စုတ်ပြဲကုန်ပြီး တောင့်တင်းကျစ်လျစ်သော သူ၏ခန္ဓာကိုယ် အတိုင်းသား ထွက်ပေါ်လာခဲ့လေသည်။ သူ၏ အရေပြားမှာလည်း ထိုစွမ်းအားအောက်ဝယ် အက်ကွဲကုန်ကာ ရွှေရောင်သွေးများ စီးကျလာရတော့လေသည်။
ကောင်းကင်လမ်းစဉ်သည် သူ့အား ဧကရာဇ်အဆင့်သို့ မတက်ရောက်စေချင်သည့်ပုံပင်။
နောက်တစ်ဆင့်သို့ တက်နိုင်ရန်အတွက် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်လမ်းစဉ်၏ အမျက်တော်ကို ခုခံရန် လိုအပ်ကာ မိုးမြေကောင်းချီး၏စွမ်းအားကို တွန်းလှန်နိုင်ရန် လိုအပ်ပေသည်။
သမိုင်းကြောင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ပါရမီရှင်ကျင့်ကြံသူများမှာ ဤအခိုက်အတန့်တွင်ပင် ကျရှုံးခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင် ကြယ်တာရာအစုအဝေးထဲ၌ မရေမတွက်နိုင်သော တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာ ရှိနေပါသော်ငြား ဧကရာဇ်အဆင့် ပညာရှင်ဆို၍မူ အနည်းငယ်သာ ရှိနေခြင်းပင်။
မိမိ၏ သိုင်းတာအိုအပေါ် စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ယုံကြည်နေသည့် လူများသည်သာ ဧကရာဇ်အဆင့်သို့ ရောက်နေကြလေ၏။ မည်သည့် ပြင်ပအင်အားကမှ သူတို့၏လမ်းကြောင်းအား သွေဖီသွားအောင် မလုပ်နိုင်ချေ။ သူတို့၏ ယုံကြည်မှုကိုလည်း လှုပ်ခါသွားအောင် မလုပ်နိုင်ပေ။
ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ကြုံရသည့် မိုးမြေကောင်းချီမှာ ရန်ကိုင်ကြုံခဲ့ရဖူးသည့် မည်သည့်မိုးမြေကောင်းချီထက်မဆို ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ မိုးကြိုးတစ်ချက်သာ ကျဆင်းလာသေးသော်ငြား ရန်ကိုင့်မှာမူ ဒဏ်ရာရနေခဲ့လေပြီ။
ကံကောင်းစွာဖြင့် သူ့ခန္ဓာကိုယ်မှာ အလွန်ကိုမှ အားကောင်းရုံမက အလိုလိုပြန်ကောင်းနိုင်သော စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ထို့အတွက်ကြောင့် အက်ကွဲသွားသော သူ့အရေပြားမှာ သူ့ဘာသာ အလိုလို ပြန်လည်ကောင်းမွန်းလာခဲ့လေသည်။
သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသော မိုးမြေစွမ်းအားမှာတော့ အပြီးတိုင် ဝါးမျိုပစ်ခံလိုက်ရသည့်အလား ရန်ကိုင့်၏အရှိန်အဝါမှာ နိမ့်ကျသွားခြင်းမရှိဘဲ တဖြည်းဖြည်း မြင့်တက်လာခဲ့ရလေသည်။
ရန်ကိုင် အပြည့်အဝ ပြန်မကောင်းနိုင်သေးခင်မှာပင် ဒုတိယမိုးကြိုးတစ်စင်း ထပ်မံ ကျဆင်းလာလေ၏။
ယခုတစ်ကြိမ်မှာတော့ ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေသေးသည်။ ဒုတိယမိုးကြိုး သက်ဆင်းလာချိန် အရာအားလုံးအား ပျက်သုန်းသွားစေနိုင်သည့် အဖျက်စွမ်းအားတစ်ရပ် ကိန်းအောင်း လိုက်ပါလာခဲ့သည်။ ထိုအဖျက်စွမ်းအားအောက်ဝယ် ရန်ကိုင့်မှာ သေခြင်းတရား အငွေ့အသက်တို့ကိုပင် ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ်မျှပင်လျှင် တုံ့ဆိုင်းမနေရဲတော့ဘဲ သူ့စိတ်အစုံအား တိုးဝင်လာနေသည့် မိုးကြိုးချက်အား ခုခံရေးတွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့သည်။
“ဂျုန်း… ဂျုန်း… ဂျုန်း…”
ရန်ကိုင့်၏ဒဏ်ရာများ ရုတ်ချည်းဆိုသလို ပိုမိုဆိုးရွားလာခဲ့ရလေသည်။ ယခုဆိုလျှင် ရန်ကိုင့်တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့လေသည်။ မိုးကြိုးနှင့်အတူ လိုက်ပါလာသော မိုးမြေစွမ်းအင်များသည် ရန်ကိုင့်၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လျက် သူ၏ သွေးကြောများထဲ အသွေးအသားများထဲ စိတ်ကြိုက် သောင်းကျန်းနေတော့လေသည်။
ရန်ကိုင့်မှာ မိုးမြေစွမ်းအား၏ အဖျက်ဒဏ်ကို အံကြိတ်ကာ တောင့်ခံရင်း သောင်းကျန်းနေသော မိုးမြေစွမ်းအင်များကို စုပ်ယူနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့လေသည်။ တစ်ချိန်တည်းတွင် မိုးမြေစွမ်းအင်များနှင့်အတူ ကိန်းအောင်းလိုက်ပါလာသော ကောင်းကင်လမ်းစဉ်ကိုပါ ဆင်ခြင်သုံးသပ်နေခဲ့ရာ ဝိုးတဝါးတားဖြစ်နေသည့် ရန်ကိုင်၏ ကျင့်စဉ်ခရီးလမ်းမှာ ပိုပို၍ ရှင်းလင်းပြတ်သားလာရတော့လေသည်။
“ဂျုန်း…”
တတိယမြောက်မိုးကြိုး ရပ်တန့်ခြင်းမရှိဘဲ သက်ဆင်းလာပြန်လေသည်။
အဝေးတစ်နေရာတွင် တိုက်ခိုက်နေကြသော မဟာဧကရာဇ်နှစ်ပါးသည်ပင်လျှင် ရန်ကိုင့်၏ အဆင့်တက်ခြင်းဖြစ်စဉ်ကြောင့် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာမိကြလေ၏။
ရန်ကိုင့်အား ကြည့်နေရင်းမှ ဝူခွမ်းက ရေရွတ်လိုက်လေသည်။ “ဒီကောင်လေးက မရိုးရှင်းဘူးပဲ…”
သူသည် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးသော ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဖြစ်ခဲ့သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် တစ်စုံတစ်ဦးမှ သူ့အား ကျော်တက်သွားလိမ့်မည် ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ သမိုင်းကြောင်းတစ်လျှောက်၌ သူ့အား ကျော်သွားနိုင်သူ မရှိသေးချေ။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် အခြားသော မဟာဧကရာဇ်များကိုပင် မျက်လုံးထဲမထည့်သူတစ်ဦး ဖြစ်သည်။
ထို့အတွက်ကြောင့် ဝူခွမ်းမှ မရိုးရှင်းဟု ပြောလိုက်ခြင်းမှာ ရန်ကိုင့်အား အလွန်ကိုမှ ချီးကျူးနေခြင်း ဖြစ်ပေသည်။
“ဟုတ်တယ်… ဒီကောင်က နည်းနည်းတော့ ထူးဆန်းတယ်…” တွမ့်ဟုန်ချန်းသည်လည်း မျက်လုံးမှေးစင်းလျက် ခေါင်းညိတ်သဘောတူလိုက်လေသည်။
ရန်ကိုင်သာ ရိုးရှင်းပါက တာအိုသခင်အဆင့် ကျင့်ကြံခြင်းလေးဖြင့် ဧကရာဇ်အဆင့် ပညာရှင်များကို မည်ကဲ့သို့များ ဖိနှိပ်နိုင်ပါမည်နည်း။ ရန်ကိုင်သာ ရိုးရှင်းမည်ဆိုလျှင် နှစ်အနည်းငယ်လေးအတွင်း ကျင့်ကြံခြင်းမှာ ဘာကြောင့်များ ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်လာရလေသနည်း။ တွမ့်ဟုန်ချန်း ရန်ကိုင့်အား သိထားသည်မှာ ကြာလေပြီ။ သူကိုယ်တိုင်သည် ရန်ကိုင်နှင့် မရင်းနှီးသော်ငြား မေပယ်မြို့တွင် ရန်ကိုင်ကိုမြင်စဉ်ကတည်းက ရန်ကိုင်သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကြီးကျယ်ခမ်းနားသည့်လူတစ်ဦး ဖြစ်လာလိမ့်မည်ဟု သိပြီးသားပင်။
တွမ့်ဟုန်ချန်ကိုယ်တိုင်သည် ရန်ကိုင့်၏စွမ်းရည်အပေါ် မျှော်လင့်ထားမိပါသော်ငြား ယခုအချိန်မှသာလျှင် ရန်ကိုင့်အား အထင်သေးမိနေသေးမှန်း နားလည်သွားခဲ့လေသည်။
“တွမ့်ဟုန်ချန်… မင်း ဧကရာဇ်အဆင့်တက်တုန်းက ဒီလိုဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ရလား…” ဝူခွမ်းက မေးခွန်းထုတ်လိုက်လေသည်။
တွမ့်ဟုန်ချန်က ပြုံးဖြီးလျက် “ငါသာ အဲ့လောက်အားကောင်းတဲ့ မိုးမြေကောင်းချီးနဲ့ ရင်ဆိုင်ရလို့ရှိရင် အခုချိန် ဒီလောကကြီးမှာ လောကတစ်သောင်းမဟာဧကရာဇ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး…”
ဝူခွမ်းက ခေါင်းညိတ်လိုက်၏။ “ဒီကောင်လေးမှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်…”
တွမ့်ဟုန်ချန်က ရယ်မောလျက် “ဒီကောင့်မှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မဲ့ အလားအလာတင် ရှိတာမဟုတ်ဘူး… ဒီကောင်က တစ်နေ့ကျရင် မင်းကိုပါ ကျော်တက်သွားမှာ…”
“ဒီဘုရင်ကိုကျော်တက်ဖို့…” ဝူခွမ်းက ပြန်၍လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “တွမ့်ဟုန်ချန်၊ မင်းက ဟာသ တကယ်ပြောတတ်ပါလားကွ… ဒီလောကကြီးမှာ ဒီဘုရင်ရဲ့စွမ်းအားကို ကျော်တက်နိုင်တဲ့လူ တစ်ယောက်မှမရှိဘူးကွ…”
တွမ့်ဟုန်ချန်က ရယ်သွမ်းသွေးလျက် “မင်းဘာသာမင်း ပြောချင်တာပြော အဲ့နေ့ကိုတော့ မင်း မြင်ရတော့မှာမဟုတ်ဘူး…”
ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် “ဒီဘုရင်ကို သတ်နိုင်မယ်လို့ မင်း အဲ့လောက်တောင် ယုံကြည်နေတာလား…”
တွမ့်ဟုန်ချန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါကိုယ်တိုင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ တစ်ခါမှမစဉ်းစားထားဘူးလို့ ငါပြောပြီးသွားပြီလေ… ဒီနေ့ ငါ့ဝိဉာဉ်ကို စတေးပစ်ရမယ်ဆိုရင်တောင် မင်းကိုရှင်းပစ်ပြီး ဒီကိစ္စတွေအကုန်လုံးကို တစ်ခါတည်း အဆုံးသတ်ပစ်မယ်…”
“ကောင်းပြီလေ.. မင်းက အဲ့လိုပြောမှတော့လည်း ဒီဘုရင်လည်း မင်းနဲ့ပတ်သက်ပြီး ဆက်ပြီး ယဉ်ကျေးနေစရာ မလိုတော့ဘူးပေါ့… ဟမ်…” ထိုသို့ပြောနေရင်းမှ ဝူခွမ်း၏အမူအယာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
တွမ့်ဟုန်ချန်သည်လည်း တစ်ခုခုအား သတိပြုမိသွားသည့်အလား ရန်ကိုင့်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
လက်ရှိအချိန်တွင် ရန်ကိုင့်၏ ဦးခေါင်းထက်ရှိ မိုးမြေကောင်းချီးမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင့်ခေါင်းထက်တွင် စုဝေးနေကြသော မိုးမြေစွမ်းအင်တိမ်တိုက်များမှာ ပြောင်းပြန်လှန်ထားသည့် ဖန်ပြွန်တစ်ချောင်းပုံစံအသွင်သို့ ပြောင်းလဲသွားတော့လေ၏။ ၎င်း၏ထိပ်ပိုင်းသည် ကောင်းကင်နှင့်ဆက်သွယ်ထားပြီး အောက်ခြေမှာတော့ မြေပြင်နှင့် ဆက်သွယ်ထားလေသည်။ ထိုဝဲကတော့ကြီးထဲ ကိန်းအောင်းတည်ရှိနေသော ကြောက်မက်ဖွယ်ရာ မိုးမြေစွမ်းအင်များသည် မဟာဧကရာဇ်နှစ်ပါးကိုပင်လျှင် လေးနက်တည်ကြည်သွားစေခဲ့လေသည်။
ထိုသို့ပြောင်းလဲသွားပြီးသည့်နောက်တွင် မိုးမြေကောင်းချီးမှာ ရန်ကိုင့်၏ခန္ဓာကိုယ်နှင့် တိုက်ရိုက် ချိတ်ဆက်သွားတော့လေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ မိုးမြေစွမ်းအင်တို့မှာ ရန်ကိုင့်ဆီသို့ တဟုန်ထိုး ကျဆင်းလာတော့လေ၏။
တစ်ချိန်တည်းတွင်လည်း ရန်ကိုင့်၏ခန္ဓာကိုယ်သည် အဆုံးမဲ့တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား တိုးဝင်လာသမျှ စွမ်းအင်အားလုံးကို အရူးအမူး စုပ်ယူပစ်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ဧကရာဇ်အရှိန်အဝါမှာလည်း အချိန်နှင့်အမျှ ပိုပို၍ ပြင်းထန်သိပ်သည်းလာတော့လေသည်။
“ဘာတွေဖြစ်နေတာလဲ…” တွမ့်ဟုန်ချန်မှာတော့ မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်နေခဲ့လေသည်။ “ဒီကောင်လေး သေချင်နေတာလား…”
“ဟား ဟား ဟား…” ဝူခွမ်းက အော်ရယ်မောလျက် “ဒီကောင် ကိုယ့်ကိုယ်ကို အရမ်း ယုံကြည်လွန်းနေတာပဲ… သူ့ကိုယ်သူ ကောင်းကင်နဲ့မြေပြင်စွမ်းအားကို ဝါးမျိုပစ်နိုင်မယ်လို့ ယုံကြည်နေတာ တကယ်ရယ်စရာပဲ… တွမ့်ဟုန်ချန်း… ကြည့်ရတာ ဒီကောင်လေးမှာ ဒီဘုရင်ကို ကျော်တက်နိုင်တဲ့အခွင့်အရေး မရှိတော့ဘူးနဲ့တူတယ်… ဒီနေ့ အဲ့ကောင် သေမှာ လုံးဝကျိန်းသေသွားပြီ…”
ထိုစကားကိုကြားသော် တွမ့်ဟုန်ချန်က သက်ပြင်းချလိုက်လေသည်။ “နှမြောစရာပဲ… နှမြောစရာပဲ…”
တွမ့်ဟုန်ချန်းသည်သာ ရန်ကိုင် အဆင့်ချိုးဖြတ်နေသည့်မြင်ကွင်းအား အခြားတစ်ချိန်တွင်သာ သွားရောက်မြင်တွေ့ခဲ့မည်ဆိုလျှင် ရန်ကိုင့်၏ပါရမီကို တန်ဖိုးထားသည့် အတွက်ကြောင့် ရန်ကိုင့်အား ကူညီပေးလိမ့်မည် ဖြစ်သော်ငြား လက်ရှိအချိန်၌ ဝူခွမ်းနှင့် အသည်းအသန် တိုက်ခိုက်နေရလေရာ သူ့တွင် ရန်ကိုင့်အား ကူညီပေးရန် အချိန်မရှိချေ။
ထိုမျှပြင်းထန်လှသော မိုးမြေစွမ်းအားကို ရန်ကိုင့်အနေဖြင့် မည်သို့များ ခုခံနိုင်ပါမည်နည်း။
မဟာဧကရာဇ်နှစ်ပါး စကားပြောနေစဉ်အတောအတွင်း ရန်ကိုင့်ဘက်ခြမ်းရှိ အခြေအနေမှာ ပိုပို၍ ပြင်းထန်လာခဲ့လေရာ မကြာမီတွင် လောကကြီးတစ်ခုလုံးသည်ပင်လျှင် လှုပ်ခါလာတော့လေသည်။ အသူရာချောက်နက်တမျှ နက်ရှိုင်းလှသော အက်ကြောင်းများ ရန်ကိုင်ထိုင်နေသည့် မြေပြင်တစ်လျှောက် ပင့်ကူအိမ်နှယ် ပြန့်နှံ့လာခဲ့လေသည်။
ရုတ်တရက် ကြီးကျယ်ခမ်းနားလှသော ဟိန်းသံတစ်သံနှင့်အတူ ရွှေနဂါးပုံရိပ်တစ်ခု ရန်ကိုင့်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး မိုးမြေစွမ်းအင်ဝဲကတော့ဆီသို့ ပြေးဝင်သွားလေ၏။
“ရွှေနဂါးအမြုတေလား…” ဝူခွမ်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် ထအော်လိုက်လေ၏။
“မဖြစ်နိုင်ဘူး…” တွမ့်ဟုန်ချန်သည်လည်း နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်အား မြင်လိုက်ရသလို ဖြစ်နေခဲ့လေသည်။ ထွက်ပေါ်လာသည့် ရွှေနဂါးပုံရိပ်သည် မဟာဧကရာဇ်နှစ်ပါး၏အာရုံကို တမုဟုတ်ချည်း ဆွဲဆောင်သွားခဲ့လေရာ ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့မှာ အပြောင်းလဲကြီး ပြောင်းလဲသွားသည့် အမူအယာများဖြင့် ရန်ကိုင့်ဆီသို့ လှည့်ကြည့်လာကြတော့ပြန်လေသည်။
“ဒီကောင်ဘယ်သူလဲ… ဘယ်လိုလုပ်ပြီး သူ့မှာ ရွှေနဂါးအမြုတေရှိနေရတာလဲ…” ဝူခွမ်း ထအော်လေသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အလွန်ကိုမှ စိတ်လှုပ်ရှားလာမိလေသည်။
တစ်ခဏကြာမျှ မင်သက်နေပြီးသည့်နောက်တွင် တွမ့်ဟုန်ချန်က ပြန်ပြောလိုက်လေသည်။ “ငါ ဘယ်လိုလုပ်ပြီး သိမှာလဲကွ… ရွှေနဂါးက နဂါးကလန်တစ်ခုလုံးရဲ့ ဘိုးဘေးပဲ… ပြောရရင် သူက နဂါးကလန်တစ်ခုလုံးရဲ့ ပထမဦးဆုံးသော နဂါးလို့တောင် ပြောလို့ရတယ်… ရွှေနဂါးအမြုတေက ဘယ်လိုလုပ်ပြီး ဒီလောကကြီးမှာ ရှိနေရသေးတာလဲ…”
“ကျွတ် ကျွတ်…” ဝူခွမ်း၏ မျက်လုံးအိမ်ထဲရှိ တစ္ဆေမီးတောက်တို့မှာ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး လောဘတက်နေသည့် အမူအယာဖြင့် “နဂါးကျွန်းက နဂါးအိုကြီးတွေသာ ဒီအကြောင်းကို သိသွားခဲ့ရင်တော့ကွာ သူတို့လုံးဝကို အရူးတစ်ပိုင်းဖြစ်သွားမှာ သေချာတယ်…”
“မင်းဘာတွေကြံနေတာလဲ…” တွမ့်ဟုန်ချန်က ရုတ်တရက်ဆိုသလို ဝူခွမ်းအား သတိချပ်လျက် စိုက်ကြည့်လိုက်လေသည်။
ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီဘုရင်မှာ အခြားအစီအစဉ်တွေ ရှိသေးတယ်ဆိုရင်တောင် မင်းကိုသတ်ဖို့က ငါ့ရဲ့ပထမဦးဆုံး အစီအစဉ်ပဲကွ…”
သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ရွှေနဂါးမှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။ ရွှေနဂါးသည် ၎င်း၏ပါးစပ်ကြီးကိုဟလျက် ကောင်းကင်ထက်ရှိ မိုးမြေစွမ်းအင်များကို စုပ်ယူဝါးမျိုပစ်ရင်း သန့်စင်ပြီးသား စွမ်းအင်များကို ရန်ကိုင့်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည် ကူးပြောင်းပေးနေခဲ့လေသည်။
နဂါးပေါ်လာပြီးသည့်နောက် ရန်ကိုင်ခံစားနေရသည့် ဖိအားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
အစောပိုင်းက ရန်ကိုင့်မှာ လုံးဝကို တောင့်မခံနိုင်တော့သည့်အတွက်ကြောင့် ရွှေနဂါးကို ထုတ်ဖော်လိုက်ရလေသည်။ ကံကောင်းစွာဖြင့် ရွှေနဂါးအမြုတေစွမ်းအားသည် သူ့အား တကယ်ကို ကူညီပေးနိုင်ခဲ့သည်။
ရွှေနဂါးမှ မိုးမြေစွမ်းအင်များကို စုပ်ယူဝါးမျိုပစ်နေသည်နှင့်အမျှ ရန်ကိုင့်ကိုယ်ထဲရှိ အရှိန်အဝါမှာလည်း အားကောင်းသည်ထက် အားကောင်းလာခဲ့ပြီး သူ့ခွန်အားမှာလည်း သိသိသာသာကို တိုးတက်လာခဲ့ရလေသည်။ အခြားသူများ ဧကရာဇ်အဆင့်သို့ တက်ရောက်သည့်အခါ သူတို့ မည်ကဲ့သို့ ခံစားရသလဲ ဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား ထိုဧကရာဇ်အဆင့် ပညာရှင်များသည်သာ သူတို့အဆင့်တက်နေချိန် အတောအတွင်း ရန်ကိုင်ကဲ့သို့သော မိုးမြေကောင်းချီးကို ကြုံရပါက ကျိန်းသေ သေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။ ဤလောကကြီးထဲတွင် ဤနည်းဖြင့် အဆင့်တက်သည့်လူမှာ ရန်ကိုင်တစ်ဦးတည်းသာ ရှိနေနိုင်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၉၉)
ရွှေနဂါးမှ မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူသည်နှင့်အမျှ ဝဲကတော့ကြီး၏စွမ်းအားမှာ တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာခဲ့ပြီး ရန်ကိုင့်၏ခွန်အားမှာတော့ တတိတိနှင့် တိုးတက်လာခဲ့လေသည်။ အမွေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင့်၏ဦးခေါင်းထက်ရှိ မိုးမြေကောင်းချီးမှာ ပျောက်ကွယ်သွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပြန်လည် ငြိမ်သက်သွားခဲ့လေသည်။
မိုးကြိုးလျှပ်စီးများ မရှိတော့သည့်နောက်တွင် ဖန်ပြွန်ပုံစံ တိမ်တိုက်ကြီးနှင့် ၎င်းဆီမှ ဖြာထွက်နေသည့် ဖိအားတို့မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ အနီးအနားတစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်အားလုံးမှာ ရန်ကိုင့်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကုန်ကြလေ၏။
ရန်ကိုင် အောင်မြင်စွာ အဆင့်ချိုးဖြတ်ဝင်ရောက်သွားနိုင်သည့် ပုံပင်။
ဝူခွမ်းနှင့် တွမ့်ဟုန်ချန်သည် ထိုမြင်ကွင်းအား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် စိုက်ကြည့်နေကြလေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ အနည်းငယ်လေးပင် မပျော်နိုင်ခဲ့။ ထို့အစား ဘာကြောင့်မှန်းကိုမသိ သူ့စိတ်မှာ ပိုပို၍ ဂနာမငြိမ် ဖြစ်လာနေခဲ့လေသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငြိမ်သက်နေသော်ငြား အလွန်ကိုမှ ကြောက်မက်ဖွယ်ရာတစ်ခုခု ဖြစ်ပျက်လာတော့မည့်အလား ရန်ကိုင့်စိတ်ထဲ အလိုလို စိုးရိမ်နေမိလေသည်။
သူ ဧကရာဇ်အဆင့်သို့ မရောက်မှန်းကို ရန်ကိုင် အသေအချာ သိနေခဲ့သည်။ ဧကရာဇ်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းလောက်သာ ဝေးကွာတော့ပါသော်ငြား ထိုလက်တစ်ကမ်းဟူသော အကွာအဝေးအား မည်သို့မှ မလှမ်းနိုင် ဖြစ်နေခဲ့လေသည်။
(ဘာတွေဖြစ်သွားတာလဲ…)
မိုးမြေကောင်းချီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို ရန်ကိုင်သည်လည်း ကြောက်မက်ဖွယ်ရာ မိုးမြေကောင်းချီးကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပေသည်။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် ဘာကြောင့်များ ဧကရာဇ်အဆင့်သို့ မရောက်ရသေးလေသနည်း။ ဘာကြောင့် ထိုသို့ဖြစ်ရမှန်း ရန်ကိုင့်မှာ နားမလည်ပါသော်ငြား သူ့ရင်အစုံမှာတော့ ဆယ်ပေါင်တူကြီးနှင့် အဆက်မပြတ် ထုခံနေရသည့်အလား တဒုန်းဒုန်း ခုန်လာနေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ဘေးပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးဆီမှ ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါတစ်ရပ် ပေါ်လာခဲ့ပြီး အလင်းစီးကြောင်းတစ်ခုအသွင်သို့ ပြောင်းကာ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ရန်ကိုင့်ဦးခေါင်းတည့်တည့်ဆီသို့ တိုးဝင်သွားလေသည်။
ကြီးကျယ်ခမ်းနားလှသည့် အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားခဲ့လေသည်။ သူမည်သို့ပင် ကြိုးစားစေကာမူ ထိုအလင်းစီးကြောင်းကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရသည်။ ထို့အပြင် သူ့ဆီသို့ ကျဆင်းလာနေသည့် အရှိန်အဝါကိုလည်း အနည်းငယ်ရင်းနှီးနေသလို ခံစားနေရလေသည်။ ဘာကြောင့် ထိုကဲ့သို့ ရင်းနှီးနေသလို ခံစားနေရသလဲ ဆိုသည်ကိုတော့ ရန်ကိုင်ကိုယ်တိုင်လည်း မပြောတတ်ပါချေ။
“လောကစွမ်းအား…” ဝူခွမ်းနှင့် တွမ့်ဟုန်ချန်မှာတော့ ထိုအလင်းတန်းကိုကြည့်ရင်း အလန့်တကြား ထအော်ကြလိုက်လေ၏။ လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါးမှာ အကြီးအကျယ်ကိုမှ တုန်လှုပ်နေကြလေသည်။ ရန်ကိုင် ဘာတွေလုပ်ခဲ့၍များ သူ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သည့်အခါ လောကစွမ်းအား ထွက်ပေါ်လာရလေသနည်း။
လောကစွမ်းအားမှာ အလွန်ကိုမှ နက်နဲဆန်းကြယ်ထူးခြားလှသည့် စွမ်းအားတစ်မျိုးဖြစ်ကာ လောကနိယာမနှင့် အမြုတေစွမ်းအားထက်ပင်လျှင် ပိုမို နက်နဲဆန်းကြယ်ပေသည်။
အမျိုးမျိုးသော နိယာမစွမ်းအားများကို ကျွမ်းကျင်လျက် အမြုတေစွမ်းအားများကို တိုက်ပွဲတွင် အသုံးချနိုင်သော မဟာဧကရာဇ်များသည်ပင်လျှင် လောကစွမ်းအားကို အထင်မသေးရဲချေ။ လောကစွမ်းအားသည့် ကမ္ဘာလောကကြီးကသာ ပိုင်ဆိုင်နိုင်သော စွမ်းအားတစ်မျိုးဖြစ်ပေ၏။
လောကဆိုသည်မှာ သက်ရှိတိုင်း၏ ကံကြမ္မာကို ထိန်းချုပ်ထားသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကမ္ဘာလောကရှေ့မှောက်တွင် သက်ရှိအားလုံးမှာ ပုရွက်ဆိတ်များနှယ် သေးနုတ်ကြပေသည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ကဲ့သို့သော အလွန်ကြီးကျယ်ခမ်းနားလှသည့် လူတစ်ဦးသည်ပင်လျှင် လောကစွမ်းအားကို မထိန်းချုပ်နိုင်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် တွမ့်ဟုန်ချန်းသည် လောကစွမ်းအားကိုသုံးလျက် ဝူခွမ်းအား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
တွမ့်ဟုန်ချန်းသည် သူ၏ကျင့်ကြံခြင်းအား ထပ်တလဲလဲ ဖြတ်တောက်ကာ သိုင်းတာအိုခရီးစဉ်ကို အကြိမ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ပေသည်။ ထိုနည်းဖြင့် လောကတစ်သောင်း၏ အတွေ့အကြုံကို ရှာဖွေလေ၏။ ထပ်ကာတလဲလဲ ဘဝမျိုးစုံကို ကြုံတွေ့လာရပြီးသည့်နောက်တွင် တွမ့်ဟုန်ချန်သည် လောကတစ်သောင်း၏ အဆီအနှစ်ကို စတင် နားလည်လာတော့လေသည်။ လောကတစ်သောင်း၏ အဆီအနှစ်မှာ လောကစွမ်းအားတစ်မျိုးဟု ပြော၍ရသည့် အတွက်ကြောင့် ထိုစွမ်းအားကိုသုံးလျက် ဝူခွမ်းအား ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော်ငြား တွမ့်ဟုန်ချန်း၏ လောကတစ်သောင်းစွမ်းအားမှာ အစစ်အမှန် လောကစွမ်းအားနှင့် ယှဉ်လိုက်သော် မပြောပလောက်တော့ချေ။
လောကစွမ်းအားဆိုသည်မှာ လောကကြီး၏ စိတ်ဆန္ဒကို ကိုယ်စားပြုနေသည့်အတွက်ကြောင့် မည်သူမျှ ဆန့်ကျင်၍ မရချေ။
(သူတော့သေပြီ…) ပြိုင်ဘက်ပါရမီရှင်တစ်ပါး မွေးဖွားလာသည့်မြင်ကွင်းကို မြင်လိုက်ရပြီဟု ထင်မှတ်နေခဲ့ကြပါသော်ငြား လက်ရှိဖြစ်ပေါ်လာသည့် ရလဒ်ကြောင့် မဟာဧကရာဇ်နှစ်ပါးမှာ အနည်းငယ် စိတ်ပျက်မိသွားကြလေသည်။
ရန်ကိုင့်အနေဖြင့် လောကစွမ်းအားကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ရွှေနဂါးပုံရိပ်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လောကစွမ်းအားနှင့် ထိပ်တိုက်သွားရင်ဆိုင်လေသည်။
သို့ရာတွင် ရွှေနဂါးမှာ လောကစွမ်းအားကို တစ်ချက်ကလေးမျှပင် ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ချေ။ အလင်းစီးကြောင်းသည် ရပ်တန့်၍ မရသော အရှိန်အဟုန်ဖြင့် ရွှေနဂါးကို ထိုးဖောက်လျက် ရန်ကိုင့်ခေါင်းတည့်တည့်ဆီသို့ ဆက်လက်တိုးဝင်လာလေသည်။ ရွှေနဂါးပုံရိပ်မှာတော့ ကြီးကျယ်ခမ်းနားလှသည့် လောကစွမ်းအားအောက်၌ တစ်စစီ ကွဲကြေ ပျက်စီးသွားခဲ့ရလေသည်။
ရန်ကိုင်သည် အေးစက်စက် ထူးမခြားနားဟန်ဖြင့် ခေါင်းပေါ်သို့ မော့ကြည့်လိုက်လေသည်။
ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် ရန်ကိုင့်၏စိတ်အစုံမှာ ရုတ်တရက်ဆိုသလို အလွန်တရာကိုမှ ကြည်လင်ပြတ်သားလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဘာကြောင့်မှန်းမသိ အေးချမ်းနေခဲ့ရလေသည်။
ရန်ကိုင်သည် လက်ဖျောက်တီးလျက် တောင်နဲ့မြစ်ခေါင်းလောင်းကို ဆင့်ခေါ်လိုက်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ရာ အိမ်တစ်လုံးအရွယ်အစားထိသို့ ရောက်ရှိလာခဲ့သည်။ ခမ်းနားကြီးကျယ်လှသော ၎င်း၏မျက်နှာပြင်ပေါ်ရှိ အင်းကွက်များမှာလည်း အသက်ဝင်လာသည့်အလား အရူးအမူး လှုပ်ရှားလာကြလေသည်။ တစ်ချိန်တည်းတွင် ကမ္ဘာလောကြီးတစ်ခုလုံးအား ဖိနှိပ်ပစ်နိုင်သော အရှိန်အဝါတစ်ရပ်လည်း ပေါက်ကွဲထွက်လာခဲ့လေသည်။
“တောင်နဲ့မြစ်ခေါင်းလောင်း…” တွမ့်ဟုန်ချန် မျက်လုံးပြူးသွားခဲ့လေသည်။ ထိတ်လန့်မှုကြောင့် သူ့မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြားထအော်လေ၏။ “အဲ့ဒါ ယွမ်တင်းရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းမဟုတ်ဘူးလား…”
ဝူခွမ်း၏ မျက်တွင်းထဲရှိ အစိမ်းရောင်မီးတောက်များမှာလည်း ကြောက်ရွံ့မှုကြောင့် အရူးအမူး လှုပ်ခါလာလေသည်။ ထို့နောက်တွင် ဝူခွမ်းသည် တွမ့်ဟုန်ချန်းနှင့် တိုက်ခိုက်မည့်အရေးကို လျစ်လျူရှုထားလိုက်ပြီး ရန်ကိုင့်ဆီကိုသာ မီးတောက်မတတ်အကြည့်ဖြင့် လှမ်းကြည့်လိုက်တော့လေသည်။
ဧကရာဇ်အဆင့်သို့ တက်ရောက်နေစဉ်အတောအတွင်း ရန်ကိုင် အသုံးပြုသွားခဲ့သော စွမ်းရည်များ၊ နည်းလမ်းများသည် မဟာဧကရာဇ်နှစ်ပါး၏ စိတ်အစုံကို တသိမ့်သိမ့် တုန်လှုပ်သွားစေခဲ့လေသည်။ သူတို့ဘဝတွင် လူတစ်ဦးသည် ဤမျှ များပြားလှသော အဖိုးတန်ရတနာများကို ပိုင်ဆိုင်ထားနိုင်လိမ့်မည်ဟု လုံးဝ ထင်ထားခဲ့ခြင်း မရှိချေ။
ရွှေနဂါးသည် နဂါးကလန်၏ ဘိုးဘေးဖြစ်ပြီး လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ပျောက်ကွယ်သွားပြီဟု အဆိုရှိကြလေသည်။ သို့သော်ငြား ထိုရွှေနဂါး၏ အမြုတေစွမ်းအားမှာ ရန်ကိုင့်၏ကိုယ်ထဲတွင် ထွက်ပေါ်လာခဲ့လေသည်။ ယွမ်တင်းမဟာဧကရာဇ်၏ တောင်နဲ့မြစ်ခေါင်းလောင်းမှာလည်း အခြားသော မဟာဧကရာဇ်များကပင်လျှင် လိုချင်တပ်မက်ရသည့် ရှေးဟောင်းမှော်ရတနာတစ်ခု ဖြစ်ပေသည်။ မဟာဧကရာဇ်များကြား တိုက်ပွဲအတွင်း ယွမ်တင်းသည် သူ့၏ နောက်ဆုံး လက်ကျန်စွမ်းအားကိုသုံးလျက် တောင်နဲ့မြစ်ခေါင်းလောင်းအား ဟင်းလင်းပြင်ထဲသို့ တွန်းပို့ပစ်လိုက်လေသည်။ ထိုအချိန်မှစ၍ တောင်နဲ့မြစ်ခေါင်းလောင်းမှာ သဲလွန်စမကျန် ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်လေသည်။ သို့ရာတွင် လက်ရှိအချိန်၌ တောင်နဲ့မြစ်ခေါင်းလောင်းသည် ကြီးကျယ်ခမ်းနားစွာဖြင့် ရန်ကိုင့်၏လက်ထဲတွင် ထွက်ပေါ်လာခဲ့လေသည်။
(ဒီကောင် ဘာကောင်လဲဟ… ဘာဖြစ်လို့ ဒီကောင့်မှာ ဒီလောက်တောင်များတဲ့ အဖိုးတန်ရတနာတွေ ရှိနေရတာလဲ…)
ရန်ကိုင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သည့်အခါ ဘာကြောင့် လောကစွမ်းအား၏ ပစ်မှတ်ထား တိုက်ခိုက်ခံရသလဲ ဆိုသည်ကို ယခုမှသာလျှင် မဟာဧကရာဇ်နှစ်ပါး နားလည်သွားတော့လေသည်။
ရန်ကိုင်သည် သိုင်းတာအိုခရီးလမ်းကို လျှောက်လှမ်းနေစဉ်အတောအတွင်း မရေမတွက်နိုင်သော အခွင့်အလမ်းများနှင့် ကံကောင်းမှုများကို ကြုံတွေ့ခဲ့ရပေလိမ့်မည်။ သို့သော်ငြား ကောင်းကင်လမ်းစဉ်မှာ အမြဲတမ်း မျှတကာ သမာသမတ်ကျသည်။ သိုင်းတာအိုလမ်းစဉ်ကို လျှောက်လှမ်းသည့် အချိန်မှစ၍ မိမိ၏ဘဝကြီးမှာ အကောင်းရောအဆိုးနှင့်ပါ ပြည့်နေပေလိမ့်မည်။ ပိုမိုများပြားသော အခွင့်အရေးများကို ရရှိလေ၊ ကျင့်ကြံသူတစ်ဦး၏ ပါရမီအရည်အသွေးမှာ ပို၍မြင့်မားလေ အဆင့်ချိုးဖြတ်သည့်အခါ ပို၍ခက်ခဲလှသည့် မိုးမြေကောင်းချီးနှင့် ရင်ဆိုင်ရလေသည်။ ထိုအချက်နှစ်ချက်သည် တစ်ခုနှင့်တစ်ခု မျှတစွာ အမြဲတည်ရှိနေလေသည်။
ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား လူတိုင်းသည် ထိုကဲ့သို့သော အဖြစ်အပျက်နှင့် မလွဲမသေ ကြုံတွေ့ရပေသည်။ အားကောင်းသော ကျင့်ကြံသူများ၏ မိုးမြေကောင်းချီးမှာ ပို၍ ကြမ်းတမ်းပြီး အားနည်းသည့် ကျင့်ကြံသူများ၏ မိုးမြေကောင်းချီးမှာတော့ ပို၍ အားနည်းပေသည်။ ဤသည်မှာ ပြောင်းလဲခြင်းမရှိသော ဤလောကကြီးတစ်ခုလုံး၏ အမှန်တရားသာ ဖြစ်လေသည်။
ရွှေနဂါးအမြုတေစွမ်းအားနှင့် တောင်နဲ့မြစ်ခေါင်းလောင်းအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦးအဖို့ လောကစွမ်းအား၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မခံရမှသာလျှင် ထူးဆန်းလွန်းနေပေလိမ့်မည်။
မဟာဧကရာဇ်နှစ်ပါးမှာ ရန်ကိုင့်အတွက် သနားစိတ် မဝင်မိတော့ချေ။ အကြောင်းမှာ ဤကပ်ဘေးသည် ရန်ကိုင့်အတွက် ရှောင်လွှဲ၍မရသည့် အတွက်ကြောင့်ပင်။ ယခု ဧကရာဇ်အဆင့်သို့ တက်ရောက်နေစဉ်အတောအတွင်း လောကစွမ်းအား ပေါ်မလာခဲ့လျှင်ပင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ရန်ကိုင်သည် ဤကဲ့သို့သော ကပ်ဘေးမျိုးတစ်မျိုးမျိုးနှင့် ကျိန်းသေ ရင်ဆိုင်ရပေလိမ့်မည်။ စောစောကြုံရခြင်းနှင့် နောက်ကျကြုံရခြင်းသာ ကွာခြားသွားခြင်း ဖြစ်သည်။
အစောပိုင်းက ထွက်ပေါ်လာသည့် မိုးမြေကောင်းချီးသည် အဆာပြေလောက်သာ ဖြစ်ပြီး တကယ့်စားသောက်ပွဲမှာတော့ ယခုမှသာ လာခြင်း ဖြစ်လေသည်။
ဤကပ်ဘေးမှသာ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့မည်ဆိုပါက ရန်ကိုင်သည် ကြီးကျယ်ခမ်းနားသည့် လူတစ်ဦး ကျိန်းသေ ဖြစ်လာနိုင်လိမ့်မည် ဖြစ်ပါသော်ငြား အသက်မရှင်နိုင်ခဲ့လျှင်တော့ ဘာမှထပ်ပြောနေစရာ မလိုတော့ပေ။
“ဝူခွမ်း… မင်းက ဗဟုသုတကြွယ်ဝတာဆိုတော့ သူအသက်ရှင်နိုင်မယ်ထင်လား…” တွမ့်ဟုန်ချန်က မေးလိုက်လေသည်။
ဝူခွမ်းက ယဲ့ယဲ့လေး ပြန်ပြောလိုက်လေ၏။ “တောင်နဲ့မြစ်ခေါင်းလောင်းရဲ့ ခေါင်းလောင်းသံက တောင်နဲ့မြစ်တွေကို ဖိနှိပ်ပစ်နိုင်သလို စကြာဝဠာကြီးတစ်ခုလုံးကို အထက်အောက် ပြောင်းပြန် လန်သွားအောင်လည်း လုပ်ပစ်နိုင်တယ်။ အရင်ခေတ်က မဟာဧကရာဇ်တွေထဲမှာ ငါမင်းကို အလေးစားဆုံးဆိုပေမယ့် ငါအကြောက်ဆုံးက ယွမ်တင်းပဲ… ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေလို့ပဲ…”
“အဲ့ဒါကြောင့်ပဲ တိုက်ပွဲဖြစ်တုန်းက မင်း သူ့ကို အရင်ဆုံး ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာမလား…”
ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ဒီဘုရင်က သူ့ကို သတ်ပစ်ချင်ရုံပဲ… ဒါပေမဲ့ မင်းက ငါ့အစီအစဉ်ကို လာဖျက်ဆီးသွားတယ်…”
“အဲ့ဒါက အတိတ်ကအကြောင်းအရာတွေ ဖြစ်သွားပြီ… အဲ့ဒါတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပေတော့…” တွမ့်ဟုန်ချန်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်လေသည်။
“ယွမ်တင်းကိုယ်တိုင်သာ တောင်နဲ့မြစ်ခေါင်းလောင်းကို ထုတ်သုံးလာမယ်ဆိုရင်တော့ လောကစွမ်းအားက အဲ့ခေါင်းလောင်းကို ဘယ်လိုမှ ထိုးဖောက်နိုင်မှာမဟုတ်ဘူး… တောင်နဲ့မြစ်ခေါင်းလောင်းဆိုတာ လောကကြီးတစ်ခုလုံးကို ဖိနှိပ်ပစ်နိုင်တဲ့ စွမ်းအားရှိတဲ့ခေါင်းလောင်းလေ… ဒါကြောင့်ပဲ လောကစွမ်းအားရဲ့ ရန်သူ ဖြစ်လာရတာ… ဒါပေမဲ့ ဒီကောင်လေးက တောင်နဲ့မြစ်ခေါင်းလောင်းရဲ့ စွမ်းအားဘယ်လောက်များများကို ထုတ်သုံးနိုင်မှာမလို့လဲ…” ဝူခွမ်းက ပြောလိုက်လေသည်။
တွမ့်ဟုန်ချန်က အလေးအနက်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ဒီတော့ သူသေမယ်လို့ မင်းထင်တယ်ပေါ့…”
“အဲ့ကောင် အသက်ရှင်ဖို့ လွယ်မှာမဟုတ်ဘူး…”
တွမ့်ဟုန်ချန်းက ပြန်ပြောလိုက်လေ၏။ “ဒါဆို ငါတို့ အလောင်းအစားတစ်ခု လုပ်ကြမလား…”
“ဘာအလောင်းအစားလဲ… မင်း ဘာလောင်းချင်တာလဲ…” ဝူခွမ်းက ပြန်မေးလိုက်လေသည်။
တွမ့်ဟုန်ချန်းသည် ရန်ကိုင့်ကိုလက်ညှိးထိုးရင်း “သူရှင်မလား သေမလား ဆိုတာကိုပေါ့…”
“သူရှင်ရင်ရောဘာဖြစ်လဲ သေတော့ရောဘာဖြစ်လဲ…”
“အဲ့ကောင်လေးသေလို့ရှိရင် ဒီလူအိုကြီး မင်းရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေပြီး ငါ့ဝိဉာဉ်ကို ငါဘာသာငါ ပြန်ဖျက်ဆီးပစ်လိုက်မယ်… ဒါပေမဲ့ သူအသက်ရှင်ခဲ့မယ်ဆိုရင်တော့ မင်းလည်း ငါ့လိုပဲ လုပ်ရလိမ့်မယ်…”
ထိုစကားကိုကြားသော် ဝူခွမ်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ချက်ချင်း ပြန်ပြောလိုက်လေ၏။ “တွမ့်ဟုန်ချန်… မင်းက ကိုယ့်အသက်ကိုတောင် အလောင်းအစားလုပ်ရဲတဲ့ထိကို ဒီဘုရင်ကို အဲ့လောက်တောင် သတ်ပစ်ချင်နေတာလား…”
တွမ့်ဟုန်ချန်းက ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ငါ့ဝိဉာဉ်ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ငါမင်းကို တစ်ခါတည်း ဆွဲခေါ်သွားမှာ… ငါ့အသက်ကို ငါဂရုမစိုက်ဘူး.. ဒီတော့ ငါဘာကို ကြောက်နေရမှာလဲ…”
ဝူခွမ်း၏မျက်လုံးများ ဒေါသတရားတို့ဖြင့် တလက်လက်တောက်ပလာတော့လေသည်။
“မင်းကြောက်တာလား..” တွမ့်ဟုန်ချန်းက မျက်လုံးမှေးစင်းလျက် အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။
“ဒီဘုရင်ကို လာရန်စဖို့ လုပ်မနေနဲ့…” ဝူခွမ်းက နှာခေါင်းရှုံ့လျက် “ငါက မွေးလာကတည်းက ဘာကိုမှ ကြောက်တာမဟုတ်ဘူး..”
“အဲ့ဒါဆိုရင် သဘောတူတယ်ပေါ့…”
ဝူခွမ်းက လှောင်ပြုံးပြုံးလျက် “ဒီဘုရင်ရဲ့အသက်ကို ငါ ဒီဘုရင်ပဲပိုင်တယ်… ဘယ်သူကမှ လာပြီး ထိန်းချုပ်လို့မရဘူး…”
တွမ့်ဟုန်ချန်းက အော်ရယ်မောလျက် “ဝူခွမ်း… ဝူခွမ်း မင်း ဒီလောက်ထိ သတိကြီးလာလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားဘူး… အိပ်ပျော်နေခဲ့တဲ့အတောအတွင်း မင်းအတော်လေးကို ပြောင်းလဲသွားတာပဲ… အရင်ကမင်းသာဆိုရင် အခုလိုမျိုးပြောမှာမဟုတ်ဘူး…”
“အဲ့ဒါဆို ဘယ်လိုပြောမှာလဲ…” ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
တွမ့်ဟုန်ချန်းက ခွန်းတုံံ့ပြန်လိုက်လေသည်။ “အရင်က မင်းသာဆိုရင်တော့ ကျိန်းသေ သဘောတူမှာ… ပြီးရင် အဲ့ကောင်လေးကို မသိမသာလေး ခိုးသတ်ပစ်လိုက်မှာ…”
“မင်းအမြင်မှာ ဒီဘုရင်က အဲ့လောက်တောင် အောက်တန်းကျပြီး ရက်စက်ကြမ်းကြုတ်တာလား…” ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံံလိုက်လေသည်။
“မင်းဘယ်လောက်အောက်တန်းကျပြီး ဉာဏ်နီဉာဏ်နက်များလဲဆိုတာကို မင်းအသိဆုံးပါကွာ… ဘာဖြစ်လို့ ငါ့ကို လာမေးနေသေးတာလဲ…”
မဟာဧကရာဇ်နှစ်ပါး စကားပြောနေစဉ်အတောအတွင်း လောကစွမ်းအားမှာ ရန်ကိုင့်အနီးသို့ ရောက်ရှိလာခဲ့လေသည်။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် ၎င်း၏အမြန်နှုန်းမှာ နှေးကျသွားခဲ့ရလေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း၏ အရှိန်အဝါသည် လောကစွမ်းအားကို ဖိနှိပ်ရာတွင် အလွန်ကိုမှ အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်မှာလည်း အလွန်ကိုမှ ကြီးမားလှသည့် ဖိအားအောက်သို့ ရောက်နေခဲ့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းအား အသုံးပြုရာတွင် ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန်ကိုမှ ကြီးမားလှသည်။ သူ့ခွန်အားမှာ ယခင်ထက် ပိုမြင့်မားနေပြီဖြစ်ပါသော်ငြား ရန်ကိုင်ကမူ တောင်နဲ့မြစ်ခေါင်းလောင်းကို အသုံးပြုရာတွင် အလွန်ကိုမှ ဝန်ပိနေဆဲပင်။ ထို့အပြင် သူ့ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေသော အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် လောကစွမ်းအားလည်း ရှိနေပေသေးသည်။
ထိုလောကစွမ်းအားကိုသာ မတားဆီးနိုင်ပါက သူလုံးဝသေလိမ့်မည်မှန်း ရန်ကိုင်သိနေခဲ့လေသည်။
“ဒေါင် ဒေါင် ဒေါင်…”
တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံများမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာနေခဲ့လေသည်။ ၎င်း၏ဖိနှိပ်နိုင်စွမ်းမှာလည်း ပိုပို၍ ပြင်းထန်လာခဲ့သည်။ သို့သော်ငြား လောကစွမ်းအားမှာမူ တဖြည်းဖြည်းနှင့် ရန်ကိုင့်ဆီသို့ တိုးဝင်လာနေဆဲ။ ရန်ကိုင်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ ပြင်းထန်သည့်ဖိအားကြောင့် သူ့ပါးစပ်နှင့် နှာခေါင်းမှ သွေးများပင် စီးကျလာနေရတော့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းမှာ အလင်းတန်းအား ဖိနှိပ်နိုင်ခြင်း မရှိတော့ဘဲ အလင်းတန်းမှာ သူနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သော် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ရန်ကိုင် တစ်ခုခုအား နားလည်သွားခဲ့သည်။ သူ့ဆီသို့ တိုးဝင်လာနေသည့် စွမ်းအားမှာ မည်သို့သောစွမ်းအားမှန်း နားလည်သွားခဲ့လေသည်။
ထိုအရာမှာ လောကစွမ်းအားသာ ဖြစ်လေသည်။ လောကကြီး၏ စိတ်ဆန္ဒပင်။
ထိုစွမ်းအားကို ရင်းနှီးနေသည်ဟု ခံစားနေရသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ ရန်ကိုင်ကိုယ်တိုင်သည်လည်း လောကစွမ်းအားကို အသုံးပြုဖူးသည် မဟုတ်ပေလော။ ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် ရန်ကိုင့်စိတ်ထဲ အကြံတစ်ခု ပေါ်လာခဲ့လေသည်။
ချက်ချင်းပဲ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ချောင်းထိပ်တွင် ကမ္ဘာငယ်လေး ရုတ်တရက် ပေါ်လာခဲ့လေသည်။ ကမ္ဘာငယ်လေးနှင့် တိတ်တဆိတ် ဆက်သွယ်နေရင်းမှ ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲရှိ နက်နဲဆန်းကြယ်သော စွမ်းအားများကို ထုတ်ယူလျက် သူ့ဆီသို့ တိုးဝင်လာနေသော လောကစွမ်းအားကို တန်ပြန်တိုက်ခိုက်လိုက်လေသည်။