← Chapters

အခန်း (၂၅၀၀-၂၅၀၂)

Vol. 103 Ch. 2500-2502

အခန်း (၂၅၀၀-၂၅၀၂)

Vol. 103 Ch. 2500-2502

အပိုင်း (၂၅၀၀)

ရန်ကိုင် ကမ္ဘာငယ်လေးထဲမှ ထုတ်ယူလိုက်သည့် စွမ်းအားနှင့် သူ့ဆီသို့ တိုးဝင်လာနေသော လောကစွမ်းအားတို့မှာ စွမ်းအင်အရင်းအမြစ် တစ်ခုတည်းဆီမှ လာသည့်အလား အသွင်သဏ္ဍာန် တူညီနေကြလေသည်။

“နောက်ထပ် လောကစွမ်းအားတစ်ခုလား…” ဝူခွမ်းက အံ့အားသင့်တကြီး ထအော်လေ၏။

“သူ ဘယ်လိုလုပ်ပြီး လောကစွမ်းအားကို အသုံးပြုနိုင်တာလဲ… သူ အဲ့လောကစွမ်းအားကို ဘယ်ကနေထုတ်ယူနေတာလဲ…” တွမ့်ဟုန်ချန်းမှာလည်း အံ့အားသင့်နေခဲ့လေသည်။

ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ မရောက်သေးချေ။ ဧကရာဇ်အဆင့်သို့ ရောက်လျှင်ပင် လောကစွမ်းအားကို မသုံးနိုင်။ မဟာဧကရာဇ်များသည်သာ လောကစွမ်းအားကို တစ်စွန်းတစ်စလောက် အသုံးပြုနိုင်ကြ၏။

ဤသည်မှာ မဟာဧကရာဇ်တစ်ပါးနှင့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကြားရှိ အဓိက ကွာဟချက်တစ်ခုဖြစ်ပေသည်။ လောကစွမ်းအားကို နားလည်နိုင်မည်ဆိုလျှင် ကျင့်ကြံသူတစ်ဦးသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပေလိမ့်မည်။

သို့ရာတွင် လက်ရှိအချိန်၌ ရန်ကိုင်သည် မည်သူမှ မထင်မှတ်ထားစွာပင် လောကစွမ်းအားတစ်ခုကို ထုတ်သုံးလာခဲ့လေသည်။ သူအသုံးပြုလိုက်သည့် လောကစွမ်းအားမှာ အစစ်အမှန်လောကစွမ်းအားနှင့် ယှဉ်လိုက်သော် အတော်လေးကို နိမ့်ကျနေသေးပါသော်ငြား ထိုကဲ့သို့ နိမ့်ကျနေခြင်းမှာ အဖေနှင့်သားကြားရှိ ကွာခြားချက်ကဲ့သို့သာ ဖြစ်လေသည်။ စွမ်းအင်နှစ်မျိုး၏ အဖျက်စွမ်းအားမှာ မတူညီသော်ငြား နှစ်ခုလုံးမှာ ဇစ်မြစ်တစ်ခုတည်းမှ ဖြစ်သည်။

လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါးစလုံးမှာ ရန်ကိုင်မှ ရွှေနဂါးအမြုတေစွမ်းအားနှင့် တောင်နဲ့မြစ်ခေါင်းလောင်းတို့အား ထုတ်ယူလိုက်သည့် အချိန်ကထက်ပင်လျှင် ပို၍ ထိတ်လန့်နေကြလေပြီ။

“အဲ့ဓာတ်လုံးကြောင့်လား…”

ဝူခွမ်းသည် ကမ္ဘာငယ်လေးအား မီးတောက်မတတ်အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး သူ၏အရိုးခြောက်မျက်နှာထက် အတွေးနက်သွားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ လောကစွမ်းအားကို ကြောက်နေရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ဓာတ်လုံးလေးအား စစ်ဆေးကြည့်လိုက်လေပြီ။ သို့သော်ငြား ရန်ကိုင့်ဆီသို့ ကျဆင်းလာနေသော လောကစွမ်းအားကို ထိတ်လန့်နေရသည့် အတွက်ကြောင့် ရန်ကိုင့်၏ဓာတ်လုံးအား ကောင်းကင်စိတ်အာရုံဖြင့် သွားမစစ်ဆေးရဲခဲ့ပေ။

ဝူခွမ်းသည်ပင်လျှင် ရန်ကိုင်၏ဓာတ်လုံးကိုမြင်နိုင်လေရာ တွမ့်ဟုန်ချန်ကကော ဘာကြောင့်များ မမြင်နိုင်ရမည်နည်း။ ရန်ကိုင့်လက်ထဲရှိ ကမ္ဘာငယ်လေးကိုကြည့်ရင်း တွမ့်ဟုန်ချန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုဓာတ်လုံးကို သူကြားခဲ့ဖူးသော နာမည်ကျော် မှော်ရတနာများနှင့် ပြန်တိုက်ကာ စစ်ဆေးကြည့်လေသည်။ သို့သော်ငြား အချည်းနှီးပင်။

ဤကဲ့သို့သော မှော်ရတနာမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။

တွမ့်ဟုန်ချန် ပို၍ အံ့အားသင့်သွားရတော့လေသည်။ သူအသက်ရှင်လာခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီ ရှိနေခဲ့လေပြီ။ ထို့အပြင် ကမ္ဘာလောကကြီးတစ်ခုလုံးအနှံ့‌ ခြေဆန့်သွားလာနေခြင်း ဖြစ်လေရာ ဤလောကကြီးတွင် သူမသိသည့် နာမည်ကျော်ကြားသော မှော်ရတနာဆို၍ မရှိတော့ချေ။ သို့သော်ငြား လက်ရှိ ရန်ကိုင်ကိုင်ထားသည့် ထူးဆန်းသော ဓာတ်လုံးလေးကိုမူ သူလုံးဝမသိပေ။

ထိုဓာတ်လုံး မည်သည့်အရာပင် ဖြစ်နေစေကာမူ ရန်ကိုင်မှ လောကစွမ်းအားကို အသုံးပြုနိုင်ရခြင်းမှာ ထိုဓာတ်လုံးနှင့် တစ်မျိုးတစ်ဖုံ ပတ်သက်နေရပေလိမ့်မည်။

(ရှေးဟောင်းမှော်ရတနာတစ်ခုလား…) တွမ့်ဟုန်ချန်စိတ်ထဲ ကြောက်မက်ဖွယ်ရာအတွေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား မကြာမီ ထိုကဲ့သို့မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်လေသည်။ အကြောင်းမှာ ရှေးဟောင်းမှော်ရတနာများသည် တမူထူးခြားလှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်ပင်လျှင်။ ၎င်းတို့၏ အရှိန်အဝါများသည် သာမန်မှော်ရတနာများ၏ အရှိန်အဝါများနှင့် လုံးဝမတူချေ။ ဥပမာပြရသော် တောင်နဲ့မြစ်ခေါင်းလောင်းပင်။

ကမ္ဘာငယ်လေးထဲတွင် သီးသန့်ကမ္ဘာတစ်ခု ရှိနေခဲ့ပေသည်။ ကိုယ်ပိုင်ကမ္ဘာရှိနေသည့် အတွက်ကြောင့် ကိုယ်ပိုင်လောကစွမ်းအားလည်း ရှိနေသည်မှာ အထူးအဆန်းမဟုတ်ချေ။ ကမ္ဘာငယ်လေး၏ ပိုင်ရှင်ဖြစ်သည်နှင့်အညီ ရန်ကိုင်၏စိတ်အစုံသည် ကမ္ဘာငယ်လေးနှင့် ဆက်သွယ်ထားပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကမ္ဘာငယ်လေးဆီမှ လောကစွမ်းအားကို ထုတ်သုံးနိုင်ခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေကာမူ ကမ္ဘာငယ်လေးအတွင်းရှိ လောကမှာ အလွန်ကိုမှသေးငယ်သော ကမ္ဘာလေးတစ်ခုသာ ဖြစ်လေရာ အစစ်အမှန် လောကကြီးတစ်ခုနှင့် မယှဉ်နိုင်ပေ။ ထို့အတွက်ကြောင့် လောကစွမ်းအားနှစ်ခုကြားရှိ ကွာခြားချက်မှာလည်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင်လျှင် သိနိုင်ပေသည်။

“ဘုန်း…”

ကမ္ဘာငယ်လေး၏ လောကစွမ်းအားသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး အစစ်အမှန်လောကကြီးဆီမှ တိုးဝင်လာနေသည့် လောကစွမ်းအားနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့လေသည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေခဲ့သည်။ ကမ္ဘာငယ်လေး၏ လောကစွမ်းအားသည်ပါ တိုးဝင်လာနေသည့် လောကစွမ်းအားကို မဟန့်တားနိုင်ခဲ့လျှင်တော့ ရန်ကိုင်အနေဖြင့် သူ၏ နောက်ဆုံးဝှက်ဖဲတစ်ခုကို ထုတ်သုံးရန်သာ ရှိတော့လေသည်။ ထိုအရာမှာ သူ့ကိုယ်ထဲတွင် ချိတ်ပိတ်ထားသော နတ်ဆိုးချီကို ဖွင့်ထုတ်၍ ရှေးဟောင်းနတ်ဆိုးအသွင်သို့ ပြောင်းကာ လောကစွမ်းအားကို ထိပ်တိုက်ရင်ဆိုင်ရန်ပင်။

သို့သော်ငြား ထိုသို့လုပ်ပြီးသည့်နောက် သူ့ကိုယ်ထဲရှိ နတ်ဆိုးချီအား ပြန်လည်ချိပ်ပိတ်နိုင်ပါ့မလား ဆိုသည်ကိုတော့ ရန်ကိုင်သေချာမသိပေ။ သူ့ကိုယ်ထဲရှိ နတ်ဆိုးချီအား ချိပ်ပိတ်ပစ်ခဲ့သည်မှာ နှစ်အတော်ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယေဘုယျကျကျတွေးရသော် ကမ္ဘာငယ်လေးထဲတွင် စိုက်ပျိုးထားသော မိုးကောင်းကင်သစ်ပင်တွင် ထိုနတ်ဆိုးချီကို ပြန်လည်ချိပ်ပိတ်နိုင်ရန်အတွက် စွမ်းအားအလုံအလောက် ရှိသင့်ပေသည်။

ကံမကောင်းစွာဖြင့် ထိုနည်းလမ်းတွင် ချို့ယွင်းချက်ကြီးတစ်ခု ရှိနေခဲ့လေသည်။ နတ်ဆိုးချီကို ပြန်ပိတ်ရန် ကြိုးစားသည့်အချိန်တိုင်း ရန်ကိုင်အနေဖြင့် ပိုပို၍အားကောင်းသော ချိပ်စည်းစွမ်းအားကို လိုအပ်လာပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မိုးကောင်းကင်သစ်ပင်ရှိ ချိတ်စည်းစွမ်းအားမှာ နတ်ဆိုးချီအား နောက်တစ်ကြိမ် ပြန်ချိပ်ပိတ်ရန် လုံလောက်ပါ့မလား ဆိုသည့်အပေါ် ရန်ကိုင် သေချာမသိခြင်း ဖြစ်လေ၏။

မိုးကောင်းကင်သစ်ပင်၏ ချိပ်စည်းစွမ်းအားသည်သာ ရှေးဟောင်းနတ်ဆိုးချီကို ပြန်လည်ချိတ်ပိတ်ရန် မလုံလောက်ပါက ရန်ကိုင်သည် နတ်ဆိုးတစ်ကောင်အဖြစ်သို့ လုံးလုံး ပြောင်းလဲသွားရပေလိမ့်မည်။

ခဏအကြာတွင် လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ ဟင်းလင်းပြင်ကြီးသည်လည်း တစ်စစီ ပျက်စီးတော့မည့်အလား။

ထိုအချင်းအရာကိုမြင်သော် ဝူခွမ်းနှင့် တွမ့်ဟုန်ချန်းတို့၏ အမူအယာ တမုဟုတ်ချည်း ဖြူလျော်သွားကုန်ကြလေသည်။

လောကစွမ်းအားအလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားမှာ သူတို့ထင်ထားသည်ထက်ကို ပို၍ ခြောက်ခြားဖွယ် ကောင်းနေခဲ့လေသည်။ ကမ္ဘာလောကကြီးနှစ်ခု တစ်ခုနှင့်တစ်ခု ဝင်ဆောင့်သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးမှာ တသိမ့်သိမ့်ကို တုန်ခါလာတော့လေသည်။

ကမ္ဘာငယ်လေးထဲမှ ထုတ်ယူထားသော လောကစွမ်းအားသည် တဖြည်းဖြည်း အရည်ပျော်ကျနေသည်ကို အတိုင်းသား မြင်နိုင်ပေသည်။ သို့သော်ငြား ထိုလောကစွမ်းအား အရည်ပျော်ကျလာသည်နှင့်အမျှ ရန်ကိုင်ခံစားနေရသည့် ဖိအားမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ ထိုအချက်ကြောင့် ရန်ကိုင့်၏မျက်နှာ ပြန်လည် ဝင်းပလာခဲ့ရလေသည်။

ကမ္ဘာငယ်လေးထဲမှ ထုတ်ယူထားသော လောကစွမ်းအား အပြည့်အဝ ပျောက်ကွယ်သွားသည့်နောက်တွင် ရန်ကိုင်သည် အလေးအနက် အမူအယာဖြင့် စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်၍ လက်ကွက်တစ်ခု ဖန်တီးလိုက်လေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းသည် ယခင်တစ်ကြိမ်ကထက်ကို ပို၍စူးရှတောက်ပစွာ လင်းလက်လာခဲ့ပြီး ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း ပို၍ အားကောင်းလာခဲ့လေသည်။

ကျန်ရစ်နေသော လောကစွမ်းအားမှာ စတင်၍ ရုန်းကန်လာတော့လေသည်။ သို့သော်ငြား ရန်ကိုင်မှ ထပ်မံ၍ တွန်းအားပေး ကြိုးစားလိုက်သည့်နောက်တွင် ထိုလောကစွမ်းအားသည် တောင်နဲ့မြစ်ခေါင်းလောင်း၏ အပြီးတိုင် ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။

“ဘုန်း…”

တောင်နဲ့မြစ်ခေါင်းလောင်းသည် ရန်ကိုင်ရှေ့ရှိ မြေပြင်ဆီသို့ ပြုတ်ကျလာရာမှ ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ကျလာခဲ့ပါသော်ငြား လက်ကျန် လောကစွမ်းအားမှာတော့ အပြီးတိုင် ဖိနှိပ်ချိပ်ပိတ်ခြင်း ခံလိုက်ရလေသည်။

ထို့နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားတော့လေသည်။

လက်ရှိ ရန်ကိုင်မှာ အတော်လေးကိုမှ အားနည်းနေဟန် ပေါက်သော်ငြား သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ ထူးခြားနေခဲ့လေသည်။ လောကစွမ်းအားကို ဖိနှိပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မရေမတွက်နိုင်သော အရင်းအမြစ်ကျောက်များကို ထုတ်ယူလျက် မိုးမြေစွမ်းအင်များကို အရူးအမူး ဝါးမျိုပစ်တော့လေသည်။

ရန်ကိုင့်၏ခန္ဓာကိုယ်သည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအလား ဘေးပတ်ဝန်းကျင်တွင်ရှိနေသော မိုးမြေစွမ်းအင်များကိုပါ ဝါးမျိုပစ်နေခဲ့လေသည်။

အားနည်းနေသည့် သူ့၏အရှိန်အဝါမှာ ဖြည်းဖြည်းနှင့်မှန်မှန် ပြန်လည်အားကောင်းလာနေခဲ့ပြီး မကြာမီ ရန်ကိုင့်၏ အရှိန်အဝါသည် တာအိုသခင်အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။ သို့ရာတွင် သူ့အရှိန်အဝါမှာ ထိုမျှနှင့်ပင် ရပ်တန့်နေခြင်း မရှိခဲ့ချေ။

တစ်ခုသောအချိန်သို့ အရောက်တွင် သူ့ကိုယ်ထဲမှ ကျယ်လောက်သည့် အက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်ကို ရန်ကိုင် ကြားလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ယခင်ကနှင့်ယှဉ်လိုက်သော် အများကြီး ပိုမိုသွက်လက်ပေါ့ပါးသွားသည်ဟု ခံစားလာရလေသည်။ သက်တောင့်သက်သာ ဖြစ်လှသော လန်းဆန်းသစ်လွင်လှသည့် ခံစားချက်တစ်မျိုးသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာခဲ့လေ၏။ တစ်ချိန်တည်းတွင် သူ့ကိုယ်တွင်းရှိ အရင်းအမြစ်ချီများမှာလည်း အပြောင်းလဲကြီး ပြောင်းလဲနေတော့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းအား အလွန်အကျွံအသုံးပြုထားရသည့် အတွက်ကြောင့် ခမ်းခြောက်ခါနီးဖြစ်နေသော သူ၏အသိစိတ်ပင်လယ်သည်ပင်လျှင် တမုဟုတ်ချည်း ပြန်ပြည့်လာခဲ့လေသည်။

လောကကြီးတစ်ခုလုံးမှာ ယခင်ကနဲ့ယှဉ်လိုက်သော် မသိမသာလေး ကွဲပြားသွားတော့သည်။

သူ့ကိုယ်သူ ပြန်လည်မွေးဖွားလာခဲ့ရသည့်အလား သူ့ကြွက်သားတစ်မျှင်ချင်းစီတိုင်းသည် အားကောင်းလှသော စွမ်းအင်များနှင့် ပြည့်နေသည်ကို ရန်ကိုင် အတိုင်းသား ခံစားနေရလေသည်။ ထို့နောက် ကြည်လင်ပြတ်သား အားကောင်းလှသည့် ဧကရာဇ်စိတ်ဆန္ဒတစ်ရပ် ဖြာထွက်လာတော့လေသည်။

ရန်ကိုင် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားလေပြီ။

ရန်ကိုင်သည် အသက်ဆယ့်သုံးနှစ်မှနေ၍ စတင်ကျင့်ကြံခဲ့ရာ ယနေ့တွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ သူ့ဘဝတွင် မရေမတွက်နိုင်သော သေရေးရှင်ရေး အခြေအနေများ ကြုံတွေ့ခဲ့ရသလို လက်ရှိ သူ့ခွန်အားသည် အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိရန် ဝေးကွာနေသေးပါသော်ငြား အနည်းဆုံးတော့ ရန်ကိုင်သည် သိုင်းတာအိုတောင်ကြီးကို တက်လှမ်းနိုင်ရန်အတွက် အရည်အချင်းပြည့်မီသွားပြီဟု ပြော၍ရပေသည်။

စိတ်လှုပ်ရှားလွန်းသဖြင့် ရန်ကိုင်သည် အကျယ်ကြီးအော်ဟစ်လျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

“သူတကယ်ကြီးအောင်မြင်သွားတာပဲ…” ဝူခွမ်းက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေသည်။

“မင်း သဘောမတူလိုက်တာ ကံကောင်းသွားတယ်… မဟုတ်ရင် အခုချိန် မင်းကိုယ်မင်း ပြန်သတ်သေနေရမှာ…” တွမ့်ဟုန်ချန်က ဝူခွမ်း သူ၏အလောင်းအစားအား သဘောမတူခဲ့သည့်အပေါ် စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်လေသည်။ ဝူခွမ်းသာ သဘောတူလိုက်မည်ဆိုလျှင် သူ့အနေဖြင့် အလုပ်ရှုပ်ခံနေစရာ မလိုတော့ချေ။

“သူ ဘယ်သူလုပ်ပြီး အောင်မြင်သွားရတာလဲ…” ဝူခွမ်း၏မျက်နှာမှာတော့ အလွန်ကိုမှ အရုပ်ဆိုး အကျည်းတန်နေခဲ့သည်။

ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ခဲ့သော သူဆိုသည့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် မည်သူမှ မည်သည့်အရာတွင်မှ သူ့အား ကျော်တက်နိုင်လိမ့်မည်မဟုတ်ဟု အမြဲတစေ ယုံကြည်ခဲ့သည်။ သို့သော်ငြား ယနေ့တွင်မူ တစ်စုံတစ်ဦးသည် သူ့အား ကျော်တက်ပြသွားခဲ့လေပြီ။

ကျော်တက်ပြသွားခဲ့သည့်အပိုင်းမှာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သည့် ဖြစ်စဉ်အပိုင်းတွင်သာ ဖြစ်ပါသော်ငြား အနည်းဆုံးတော့ ထိုကောင်လေး ဧကရာဇ်အဆင့်သို့ တက်သည့် မြင်ကွင်းမှာ သူ ဝူခွမ်း ဧကရာဇ်အဆင့်သို့ တက်သည့် မြင်ကွင်းထက် ပို၍ ခမ်းနားကြီးကျယ်ကာ ကြောက်မက်ဖွယ်ကောင်းသည်မှာတော့ အမှန်တရားတစ်ရပ် ဖြစ်ပေသည်။

ဝူခွမ်းကိုယ်တိုင်သည် ဧကရာဇ်အဆင့်သို့ တက်ရောက်ရာတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရပါသော်ငြား သူကြုံခဲ့ရသည့် အန္တရာယ်များသည် ယနေ့ ရန်ကိုင် ရင်ဆိုင်ကြုံတွေ့သွားခဲ့ရသော အရာများနှင့် ယှဉ်လိုက်သော သိပ်၍ ကြောက်မက်ဖွယ်ကောင်းမနေတော့ချေ။

အစောပိုင်းက တွမ့်ဟုန်ချန်သည် ရန်ကိုင်မှ တစ်နေ့နေ့တွင် ဝူခွမ်းကို ကျော်တက်သွားလိမ့်မည်ဟု ပြောခဲ့ပါသော်ငြား ဝူခွမ်းကမူ မကြားချင်ယောင်သာ ဆောင်ခဲ့ပေသည်။ သို့သော်ငြား ယခုမူ တွမ့်ဟုန်ချန်ပြောသည်မှာ တကယ် ဖြစ်လာတော့မည့် ပုံပင်။

ထူးချွန်လှသော ခွန်အားနှင့် ပါရမီကိုသာလျှင် မဟုတ်ဘဲ အမျိုးမျိုးသော အဖိုးတန်လှသည့် ရတနာများကို ပိုင်ဆိုင်ထားသည့် လူတစ်ဦး၏ အနာဂတ်သည် မည်သို့များ နိမ့်ကျနေပါမည်နည်း။

ဝူခွမ်း၏စိတ်ထဲ ပထမဦးဆုံးအကြိမ်အဖြစ် အနည်းငယ် ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရလေသည်။

ရုတ်တရက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး တွမ့်ဟုန်ချန်ဘက်သို့ လှည့်၍ ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။ “သက်ကြားအိုကြီး… မင်း ဘယ်လိုတောင် ငါ့ကို လှည့်စားရဲတာလဲ…”

တွမ့်ဟုန်ချန်မှာ တစ်ချိန်လုံး သူ့အား မသိမသာလေး အကွက်ချနေသည်ကို ယခုမှသာ သတိပြုမိသွားသည့်အတွက်ကြောင့် ဝူခွမ်း ဒေါသူပုန်ထသွားရခြင်း ဖြစ်လေသည်။

တွမ့်ဟုန်ချန်က ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ မင်း အဲ့ကောင်လေးကို တကယ် စိတ်ဝင်စားနေတဲ့ပုံပဲနော်၊ ငါ တိတ်တဆိတ် အကွက်ချနေတာကိုတောင် လုံးဝ သတိမထားမိဘူး… ဒါပေမဲ့ အခုမှ သတိထားမိရင်တော့ နောက်ကျသွားပြီ…”

ထိုသို့ပြောပြီးသည့်နောက်တွင် တွမ့်ဟုန်ချန်မှ သူ၏ ဧကရာဇ်ချီစွမ်းအင်ကို လှည့်ပတ်လိုက်ရာ သူ့အား ကာကွယ်ပေးထားသော နတ်သစ်ပင်ပိုင်ယီမှာ တမုဟုတ်ချည်း နီရဲလာတော့လေသည်။

နတ်သစ်ပင်ပိုင်ယီသည် သစ်သားဓာတ်အမျိုးအစား စွမ်းအင်တစ်မျိုး ဖြစ်သည့် အတွက်ကြောင့် ၎င်း၏မူလအရောင်မှာ အစိမ်းရောင်ဖြစ်ပေသည်။ သို့သော်ငြား ယခုတွင်မူ ဘာကြောင့်မှန်းမသိ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

“ဘယ်လိုတောင် ငါကြိုးစားပြီး စုဆောင်းထားခဲ့ရတဲ့ အသက်စွမ်းအင်တွေကို စုပ်ယူရဲတာလဲ…” ဝူခွမ်းက ထအော်လေသည်။ ထို့နောက် တွမ့်ဟုန်ချန်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်လျက် “မင်း နတ်သစ်ပင်ပိုင်ယီရဲ့ အမြုတေစွမ်းအားကို ဒီလောက်အထိ ကြမ်းကြမ်းတမ်းတမ်း သုံးနေလို့ရှိရင် အဲ့ဒါ ပျက်စီးသွားမှာနော်… အဲ့လိုဖြစ်သွားလို့ရှိရင် သံမဏိသွေးကို မင်း ဘယ်လိုရှင်းပြတော့မှာလဲ…”

တွမ့်ဟုန်ချန်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ ပြန်လာတော့မှာမဟုတ်မှန်းကို သံမဏိသွေး သိထားပြီးသား… ဒီတော့ နတ်သစ်ပင်ပိုင်ယီရဲ့ စွမ်းအားကို ငါ့စိတ်ကြိုက် သုံးခွင့်ပေးလိုက်တယ်… အသက်စွမ်းအင်မရှိတော့တဲ့ ခန္ဓာကိုယ်ကြီးကို အရင်အတိုင်း ပြန်ဖြစ်သွားအောင် မင်း ဘယ်လိုလုပ်မလဲ ငါတကယ်သိချင်နေပြီ… ဒါပေမဲ့ မင်း လုပ်နိုင်မှာလား… နှစ်ပေါင်းသောင်းနဲ့ချီကြာအောင် အိပ်စက်နေတဲ့ ဒီအရိုးခြောက်ကြီးနဲ့ မင်းရဲ့ အရင်ခန္ဓာကိုယ်ကို ပြန်ရအောင် လုပ်နိုင်မှာလား… ငါတော့ မထင်ဘူး…”

“ငါ့လခွမ်းပဲ… မင်းတို့အကုန်လုံး ဒီဘုရင်ကို သတ်ချင်နေကြတယ်… ဒါပေမဲ့ ဒီဘုရင်ကတော့ မင်းတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမှာမဟုတ်ဘူး…” ဝူခွမ်းက သွေးရူးသွေးတမ်းဖြင့် အော်ဟစ်လိုက်လေသည်။

တွမ့်ဟုန်ချန်က လှောင်ပြုံးပြုံးလိုက်လေ၏။ “မင်း ဘာမှ ပြန်မလုပ်နိုင်တော့ဘူးကွ… အေးအေးဆေးဆေးလေးသာ သေလိုက်စမ်းပါ… မင်း အဖော်မဲ့ အထီးမကျန်ရအောင် ငါလည်း မင်းကိုလိုက်ပြီးအဖော်ပြုပေးမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် တွမ့်ဟုန်ချန်သည် ဝူခွမ်းဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထို့နောက် လေထဲတွင် ဝဲနေလိုက်လေ၏။ သူ့ကိုယ်တွင်းရှိ ဧကရာဇ်ချီစွမ်းအင်များမှာ စတင်၍ မတည်မငြိမ် ဖြစ်လာတော့လေသည်။

“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ချင်နေတာလား…” ဝူခွမ်း၏မျက်လုံးများ တဆတ်ဆတ်တုန်ရီသွားတော့လေသည်။ သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ ဤမျှ ထိတ်လန့်တုန်လှုပ်ခဲ့ရခြင်း မရှိချေ။ အခြားသော မဟာဧကရာဇ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရသည့် အချိန်တွင်ပင် ဤမျှ တုန်လှုပ်ခဲ့ခြင်း မရှိ။ သို့သော်ငြား တွမ့်ဟုန်ချန်မှ သူ့ဆီသို့ ကျားတစ်ကောင်နှယ် ခုန်ဝင်လာပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန် ကြံနေသည်ကိုမြင်သော် ဝူခွမ်း အမှန်တကယ်ကို ကြောက်ရွံ့မိသွားခဲ့လေသည်။

တွမ့်ဟုန်ချန်သည် လက်ရှိအချိန်တွင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါသော်ငြား သူသည် ယခင်က မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့် သူသာ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်ပါက ဝူခွမ်းအနေဖြင့် ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းတိုင်းကို မည်သို့မှ မခုခံနိုင်ဘဲ တွမ့်ဟုန်ချန်းနောက်သို့ လိုက်သွားရပေလိမ့်မည်။

“မင်း ဘယ်လိုတောင် ဒီဘုရင်ကို ဒီလောက်ထိ တွန်းအားပေးရဲတာလဲ… တွမ့်ဟုန်ချန်… မင်း သိပ်လွန်မလာနဲ့နော်…” ဝူခွမ်းသည် ဒေါသတကြီး အော်ဟစ်ရင်း လက်ကွက်တစ်ခုကို အလျင်စလို ကောက်ဖန်တီးလိုက်လေသည်။ ရုတ်ချည်းဆိုသလို ကမ္ဘာဦးအာကာသလေပြင်းတို့သည် တွမ်ဟုန်ချန်နှင့် ဝူခွမ်းတို့ကြား တဝုန်းဝုန်း တိုက်ခတ်လာတော့လေသည်။ တွမ့်ဟုန်ချန်၏ အမူအယာ မည်းမှောင်သွားခဲ့လေ၏။ ဝူခွမ်းကို ချောင်ပိတ်လိုက်သည့် အတွက်ကြောင့် ဝူခွမ်းသည် ကမ္ဘာဦးအာကာသလေပြင်းအား ဖောက်ခွဲပစ်ရန် ကြံနေခြင်းဖြစ်ကြောင်းကို နားလည်သွားခဲ့လေသည်။

ကမ္ဘာဦးအာကာသလေပြင်းမှာ လေဓာတ်အမျိုးအစား အမြုတေစွမ်းအားတစ်ခုဖြစ်ကာ ထိုအရာကို ဖောက်ခွဲပစ်လိုက်မည်ဆိုပါက အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအားကို ထုတ်ဖော်ပစ်နိုင်ပေလိမ့်မည်။

ကံမကောင်းသည့်တစ်ချက်မှာ သူတို့တိုက်ပွဲကြား ရန်ကိုင်ဆိုသည့် ကောင်လေးပါ ရောပါသွားရမည်ကိုပင်။ သို့သော်ငြား မြားရိုးမှာ လေးကိုင်းမှ ပစ်လွှတ်လိုက်ပြီးသွားပြီဖြစ်သည့် အတွက်ကြောင့် ပြန်ဆွဲယူ၍ မရတော့ချေ။ ကောင်းကင်သည် ရန်ကိုင့်အား မျက်နှာသာပေး၍ အသက်ရှင်အောင် လုပ်ပေးရန်သာ တွမ့်ဟုန်ချန် မျှော်လင့်နိုင်တော့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၀၁)

“ဘုန်း…”

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ဖြာထွက်လာခဲ့လေသည်။

“ဟမ်…” ဝူခွမ်းအား သူနှင့်အတူ သေရွာသို့ ဆွဲခေါ်သွားရန် ကြံနေ‌သော တွမ့်ဟုန်ချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အလွန်ကိုမှ မသက်မသာ ခံစားလာရလေသည်။

အကြောင်းမှာ ဝူခွမ်းသည် သူ့ရှေ့တည့်တည့်တွင်ပင် ကမ္ဘာဦးအာကာသလေပြင်းအား ဖောက်ခွဲပစ်လိုက်သည့် အတွက်ကြောင့်ပင်။

ဘာတွေများ ဖြစ်နေလေသနည်း။

တွမ့်ဟုန်ချန် မစဉ်းစားနိုင်သေးခင်မှာပင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား ပျက်စီးသွားစေနိုင်လောက်အောင် ပြင်းထန်လှသည့် အဖျက်စွမ်းအားတို့မှာ ဘက်ပေါင်းစုံမှ သူ့အား လာရောက်ထိမှန်လေသည်။

ဤသည်မှာ ကမ္ဘာဦးအာကာသလေပြင်း ပေါက်ကွဲထွက်ရာမှ ထွက်ပေါ်လာသော စွမ်းအားပင်။ လေပြင်း၏စွမ်းအား ရိုက်ခတ်ခြင်း ခံလိုက်ရသည့် မည်သည့်အရာမဆို ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရလေသည်။

ဤထူးဆန်းသည့် ကမ္ဘာကြီးမှာလည်း အချိန်မရွေး ပျက်စီးတော့မည့်အလား နေရာပေါင်းစုံဆီမှ အက်သံအမျိုးမျိုး ထွက်ပေါ်လာခဲ့လေ၏။

“မကောင်းတော့ဘူး…” တွမ့်ဟုန်ချန်သည် တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား သူ့ကိုယ်ပေါ်ရှိ အချို့သောနေရာများကို လက်ဖြင့် အလျင်အမြန် တောက်လိုက်လေသည်။ ဤသို့ဖြင့် ပေါက်ကွဲထွက်တော့မလို ဖြစ်နေသော တွမ့်ဟုန်ချန်ကိုယ်ထဲရှိ စွမ်းအင်များမှာ သူ့ဘာသာ ရပ်တန့်သွားခဲ့ရလေသည်။

ပေါက်ကွဲထွက်လာသည့် ကမ္ဘာဦးအာကာသလေပြင်း‌ကြောင့် တွမ့်ဟုန်ချန်မှာ လှိုင်းဒဏ်ခံလိုက်ရသည့် လှေငယ်လေးတစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ရလေသည်။ နတ်သစ်ပင်ပိုင်ယီ၏ ကာကွယ်ပေးမှုကြောင့် တွမ့်ဟုန်ချန်မှာ သက်သာရာ ရသွားခဲ့သည်။ သို့တိုင် သူ့အရိုးများမှာ ကျိုးကြေကုန်ပြီး အရေပြားမှာလည်း စုတ်ပြဲထွက်ကုန်ရလေသည်။

ထို့နောက်တွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ ဝူခွမ်း၏အရိုးခြောက်သည် အလွန်ပြင်းထန်သော ကမ္ဘာဦးအာကာသလေပြင်း၏ ပေါက်ကွဲမှုစွမ်းအားအောက်တွင် တဖြည်းဖြည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားနေသည်ကို တွေ့လိုက်ရသည်။

ယနေ့သ၌ နှစ်ပေါင်းများစွာကြာအောင် အိပ်စက်နေခဲ့သော ကောင်းကင်ဝါးမြိုခြင်းမဟာဧကရာဇ်၏ အရိုးခြောက် ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားခဲ့လေပြီ။ တစ်နည်းဆိုရသော် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်သော ဝူခွမ်းအနေဖြင့် သူ၏ မူလခန္ဓာကိုယ်ကို မည်သည့်နည်းနှင့်မျှ ပြန်လည်ရယူ နိုင်တော့လိမ့်မည် မဟုတ်‌ချေ‌။

သို့ရာတွင် တွမ့်ဟုန်ချန်မှာ ဝမ်းသာမနေနိုင်ဘဲ မျက်မှောင်ကြီးသာ ကြုတ်နေခဲ့သည်။

“ဘုန်း ဘုန်း ဘုန်း…”

အစီအရီသော အက်ကွဲသံများနှင့်အတူ ဤသီးခြားကမ္ဘာကြီးသည် ဆက်၍ မတောင့်ခံနိုင်ထားတော့သည့်အလား စတင်၍ ပြိုကျလာတော့၏။

ထို့နောက်တွင် တွင်းနက်တစ်ခု ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး အပျက်အစီးအားလုံးကို စုပ်ယူသွားတော့လေသည်။ ရန်ကိုင်သည်လည်း တွင်းနက်ထဲ ပါသွားခဲ့လေ၏... လက်ရှိ အချိန်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်တစ်ခုထဲ၌ မျောလွင့်နေခဲ့၏။

ရန်ကိုင်မှာ ယခုလေးတင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည့် အတွက်ကြောင့် အသစ်ရလာသည့် ခွန်အားအပေါ် ဝမ်းမြောက်မိနေရုံပင်ရှိသေး မဟာဧကရာဇ်နှစ်ပါး၏ တိုက်ပွဲကြောင့် သီးခြားကမ္ဘာတစ်ခုလုံး ပျက်စီးသွားရလိမ့်မည်ဟု မမျှော်လင်ခဲ့ထားပေ။

ရန်ကိုင်ကိုယ်တိုင်သည်လည်း ကမ္ဘာပျက်ဘေးအောက်မှ မလွတ်မြောက်နိုင်ခဲ့ဘဲ တွင်းနက်ကြီး၏ ဆွဲယူခြင်း ခံလိုက်ရလေသည်။

ရန်ကိုင်သည် တိုက်ပွဲဖြစ်နေရာဆီမှ အတော်လေးကို ဝေးကွာနေခဲ့ပါသော်ငြား ပြင်းထန်သည့် ဒဏ်ရာများကိုတော့ ရလိုက်ပေသေးသည်။ ဤဟင်းလင်းပြင်ထဲသို့ ဆွဲယူခံလိုက်ရပြီးသည့်နောက်တွင် အချိန်အတော်ကြာသွားသည့်အခါမှသာ ရန်ကိုင် အသိပြန်ဝင်လာနိုင်ခဲ့သည်။

အဆင့်တက်ရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည့် အတွက်ကြောင့် မဟာဧကရာဇ်နှစ်ပါးကြားရှိ တိုက်ပွဲ မည်ကဲ့သို့ ဖြစ်သွားသလဲ ဆိုသည်ကို ရန်ကိုင် အသေအချာ မသိချေ။ သတိပြုမိလိုက်သည့် အချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးဟာလည်း ပျက်စီးသွားခဲ့ရလေပြီ။

(လောကတစ်သောင်းမဟာဧကရာဇ် ဘာဖြစ်သွားတာလဲ… သူသေသွားတာလား… ဒါမှမဟုတ် အသက်ရှင်နေသေးတာလား…)

တွမ့်ဟုန်ချန်သည် နေမင်းပြာကျောင်းတော်နှင့် နီးကပ်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။ တကယ်တော့ ကျောင်းသခင်ဖြစ်သော ဝမ်ကျိရှန်းကို တွမ့်ဟုန်ချန်ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည် မဟုတ်ပေလော။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် တွမ့်ဟုန်ချန်၏ အခြေအနေကို သတိထားစောင့်ကြည့်သည်မှာ သဘာဝသာ ဖြစ်လေသည်။

သူတို့နှစ်ဦးကြား မည်သည့်ပတ်သက်မှုမှ မရှိလျှင်ပင် လောကတစ်သောင်းမဟာဧကရာဇ်၏ ကြယ်ပျက်ပင်လယ်ထဲတွင် ဝူခွမ်းကိုရှာနိုင်ရန်အတွက် နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် မိမိ၏ ကျင့်ကြံခြင်းအား ထပ်ကာတလဲလဲ ပြန်လည်ဖြတ်တောက်ပစ်ခဲ့သည့် လုပ်ရပ်မှာ အထင်ကြီးလေးစားစရာ ကောင်းနေပေသေးသည်။

အစောပိုင်းက ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားသည် တစ်စုံတစ်ခု သို့မဟုတ် တစ်ယောက်ယောက်မှ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်လောက်ပေသည်။ ထို့အတွက်ကြောင့် လောကတစ်သောင်းမဟာဧကရာဇ်သည် သူ့ကိုယ်သူဖောက်ခွဲ၍ ဝူခွမ်းကိုပါ သူနှင့်အတူ မရဏကမ္ဘာသို့ ဆွဲခေါ်သွားခြင်း ဖြစ်လိမ့်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်လေသည်။

လောကတစ်သောင်းမဟာဧကရာဇ် သေသွားပြီဆိုသည့်အကြောင်း သိလိုက်သည့်အခိုက် ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

ရထားသည့် ဒဏ်ရာများကြောင့် ရန်ကိုင့်မှာ ရုတ်တရက် သွေးထိုးအန်လိုက်ရသည်။ ထို့နောက်တွင် သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးများကို ထုတ်လျက် တင်ပလင်ခွေထိုင်ကာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်တော့လေသည်။

ထို့နောက် မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

အကြောင်းမှာ သူ့အား ခြောက်ခြားဖွယ်ကောင်းစွာ စိုက်ကြည့်နေသော အကြည့်တစ်စုံကို မြင်လိုက်ရသည့် အတွက်ကြောင့်ပင်။ ထိုအကြည့်သည် ပတ်ဝန်းကျင်ဆီမှ လာခြင်းမဟုတ်ဘဲ သူ့ကိုယ်တွင်းဆီမှ လာနေခြင်းဖြစ်ပေသည်။

ရန်ကိုင့်အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး လက်ကွက်တစ်ခုကို အလျင်စလို ဖန်တီး၍ အော်ပြောလိုက်လေသည်။ “ဖိနှိပ်လိုက်စမ်း…”

ချက်ချင်းဆိုသလို သူ၏နာမ်ဝိဉာဉ်သည် သူ့အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာခဲ့ပေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ရန်ကိုင့်၏ နာမ်ဝိဥာဉ်အပြင် အခြားသော ပုံရိပ်တစ်ခုလည်း ရှိနေခဲ့ပေသည်။ ထိုပုံရိပ်သည် အလျှံတငြီးငြီးဖြင့် လောင်ကျွမ်းနေသော မီးတောက်များနှင့် ဘေးပတ်ဝန်းကျင်ကို ဝမ်းသာရွှင်မြူးစွာဖြင့် လှည့်ပတ်ကြည့်နေခဲ့လေသည်။

ရန်ကိုင်သည် ထိုပုံရိပ်ကိုကြည့်လျက် အံကြိတ်ကာ အော်ပြောလိုက်လေသည်။ “ဝူခွမ်း…”

ထိုပုံရိပ်သည် သူ့နာမည်အော်ခေါ်သံကြားသော် ရန်ကိုင့်ဆီသို့ တဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ဝူခွမ်းသည် ဒေါသထွက်ခြင်းလည်းမရှိ စိတ်လှုပ်ရှားခြင်းလည်းမရှိချေ‌။ သို့ရာတွင် သူ့မျက်လုံးများမှာတော့ ဘုရင်တစ်ဦး၏ အကြည့်အလား တလက်လက် ကြီးကျယ်မြင့်မြတ်သည့် အရောင်အဝါဖြင့် တလက်လက် တောက်ပနေ၏။

ရန်ကိုင်သည် ဝူခွမ်းအား တစ်ခါမျှမမြင်ဖူးသော်ငြား ထိုလူကိုမြင်လိုက်သည်နှင့် ဝူခွမ်းမှန်း အလိုလို သိနေခဲ့လေသည်။

ရန်ကိုင် ရင်ထိတ်သွားခဲ့ရလေပြီ။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် မည်သည့်အချိန်ထဲက သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်လို့ရောက်နေမှန်းကို ရန်ကိုင် လုံးဝ မသိခဲ့ချေ။ ဝူခွမ်းကိုယ်တိုင်ကသာ သူရှိနေသည်ကို ရန်ကိုင် သိသွားသွား၊ မသိသွားသွား ဂရုစိုက်နေခြင်း မရှိသည့်အတွက်ကြောင့်သာ မဟုတ်ပါက ဝူခွမ်း သူ့အသိစိတ်ပင်လယ်ထဲ၌ ရှိနေသည်ကို ရန်ကိုင် လုံးဝ သတိထားမိလိမ့်မည် မဟုတ်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။

လက်ရှိအချိန်တွင် ဝူခွမ်းမှာ နာမ်ဝိဉာဉ်အသွင်ဖြင့်သာ ရှိနေသော်ငြား သူ့နာမ်ဝိဉာဉ်၏စွမ်းအားမှာ ရန်ကိုင့်ထက် အဆပေါင်းများစွာ ပိုအားကောင်းပေသည်။

“ဂျူနီယာ… မင်းကများ ရာရာစစ ဒီဘုရင်ကို နာမည်တပ်ခေါ်ရဲတယ်လား” ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ မမြင်နိုင်သော တိုက်ခိုက်မှုတစ်ခုသည် ရုတ်တရက်ဆိုသလို ရန်ကိုင့်ဆီသို့ တိုးဝင်သွားလေ၏။

ထိုတိုက်ခိုက်မှုမှာ စိတ်စွမ်းအင်တိုက်ခိုက်မှုသာ ဖြစ်လေသည်။ ဝူခွမ်း၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကို အလျင်စလို ဝှေ့ယမ်း၍ မီးတောက်လောင်နေသော ပင်လယ်ရေများကို အသုံးချကာ သူ့ပတ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။

“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ဝူခွမ်း၏တိုက်ခိုက်မှုသည် မီးတောက်နံရံကြီးအား သွားရောက်ထိမှန်လေသည်။ ထိုသို့ထိမှန်ရာမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုကြောင့် ရန်ကိုင့်၏အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်သွားတော့လေသည်။

ရန်ကိုင်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရလေ၏။ ဟန်ချက်ပြန်ထိန်းလိုက်နိုင်ပြီးသည့်နောက်တွင် ဝူခွမ်းအား နိုးနိုးကြားကြားဖြင့်ကြည့်လျက် ပြောလိုက်လေသည်။ “ဝူခွမ်း… အခုချက်ချင်း ထွက်သွားစမ်း… မဟုတ်ရင် ဒီသခင်လေးကို ရိုင်းပျလို့ဆိုပြီး လာအပြစ်မတင်နဲ့နော်…”

သူ့အသိစိတ်ပင်လယ်ထဲတွင်ရှိနေသည့် ဝူခွမ်းကိုကြည့်ရင်း ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်နေရလေသည်။ သူ့လျှို့ဝှက်ချက်များအကြောင်း ဝူခွမ်းသိသွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့် မဟုတ်။ ထို့အစား ဝူခွမ်းတွင် အခြားသော ရည်ရွယ်ချက်တစ်မျိုးမျိုး ရှိနေမည်ကို ကြောက်လန့်နေခြင်းပင်။

“ငါ့ကို ရိုင်းပျမယ် ဟုတ်လား…” ဝူခွမ်းသည် ရန်ကိုင့်အား မျက်လုံးမှေးစင်းကြည့်လျက် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “စိတ်ဝင်စားစရာပဲ… ငါ့ကို အခုလိုမျိုးပြောရဲတဲ့လူတစ်ယောက်ကို မတွေ့ရတာ တော်တော်တောင်ကြာသွားပြီ… ဒါပေမဲ့ ငါက မင်းပြောတဲ့အတိုင်း ဘာလို့ လုပ်ရမှာလဲ”

“ခင်ဗျား ဘာလုပ်ချင်နေတာလဲ…” ရန်ကိုင်က ဝူခွမ်းအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်၍ ပြန်မေးလိုက်လေသည်။

ဝူခွမ်းက ရယ်သွမ်းသွေးလျက် “သိနေပြီးသားကို ဘာဖြစ်လို့ လာမေးနေသေးတာလဲ… မင်းလည်း ဉာဏ်ရှိတဲ့လူပဲ… ဒီဘုရင် ဘာလို့ ဒီရောက်နေလဲဆိုတာကို စဉ်းစားတတ်မှာပေါ့ ဟုတ်တယ်မလား…”

ထိုစကားကိုကြားသော် ရန်ကိုင့်၏အမူအယာ အရုပ်ဆိုးသွားခဲ့လေသည်။ သူမဖြစ်စေချင်သည့်အရာ ဖြစ်လာနေခဲ့လေပြီ။

ဝူခွမ်းက ဆက်ပြောလိုက်လေသည်။ “ဟိုသက်ကြားအိုကြီး ဖျက်ဆီးလိုက်လို့ ဒီဘုရင်ရဲ့ ခန္ဓာကိုယ်က မရှိတော့ဘူး… ခန္ဓာကိုယ်မရှိဘဲနဲ့ ငါ ဘယ်လောက်အားကောင်းကောင်း လေလွင့်နေတဲ့ ဝိဉာဉ်တစ်ကောင်ပဲဖြစ်နေမှာ… မင်းရဲ့ခန္ဓာကိုယ်ကတော့ မဆိုးဘူးကွ… ဒီဘုရင် အရမ်းကြိုက်တယ်… ဒီဘုရင်ကိုပေးလိုက်… အဲ့ဒါဆိုရင် ငါ မင်းကို သိုင်းတာအိုရဲ့ အထွဋ်အထိပ်ရောက်အောင် လုပ်ပေးမယ်…”

ရန်ကိုင်က အံကြိတ်၍ ပြန်အော်ပြောလိုက်လေသည်။ “ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို ဝင်စီးချင်နေတာလား…”

ဝူခွမ်းက ပြန်ပြောလိုက်လေသည်။ “ဘာလို့လဲ… အဲ့ဒါမကောင်းလို့လား… ဒီဘုရင်က ခန္ဓာကိုယ်တစ်ခု လိုတယ်လေ… မင်း လိမ်လိမ်မာမာနဲ့ ပြောတဲ့အတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ ဒီဘုရင် မင်းကို သနားပြီး မင်းဝိဉာဉ်ကို မဝါးမျိုပဲ ထားပေးလိုက်မယ်… ဒါပေမဲ့ ဆက်ပြီးတော့ ခေါင်းမာနေမယ်ဆိုရင်တော့ ငါတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်ကို မင်းသိသွားအောင် လုပ်ပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူးနော်…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒါက ကျုပ်ရဲ့ အသိစိတ်ပင်လယ်ပဲ… သူများပိုင်နက်ထဲဝင်ပြီး အခုလိုမျိုး ကြွားလုံးထုတ်တာ သင့်တော်တယ်လို့ ခင်ဗျား ထင်နေတာလား…”

ဝူခွမ်းသည် ရန်ကိုင့်အား အံ့ဩတကြီးဖြင့် ကြည့်လျက် ဖြည်းဖြည်းချင်းခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ “တကယ်ကို ခေါင်းမာတာပဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ဝူခွမ်းသည် ရန်ကိုင့်အား အာရုံမစိုက်တော့ဘဲ ဘေးပတ်ဝန်းကျင်ကိုသာ လှည့်ပတ်ကြည့်တော့လေသည်။ မကြာမီ ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်လေ၏။ “ဂျူနီယာ… မင်းဝိဉာဉ်ရဲ့စွမ်းအားက အတော်ကောင်းတာပဲကွ… သာမန်ဧကရာဇ်ပညာရှင်တစ်ဦးထက်တောင် အများကြီး ပိုသာသေးတယ်… ပြီးတော့ ဆင့်ကဲပြောင်းလဲထားတဲ့ တေဇောဓာတ်အသိစိတ်ပင်လယ်လည်း ရှိနေသေးတယ်… ဒီဘုရင်ရဲ့ လိုအပ်ချက်နဲ့ ကိုက်တယ်လို့တောင် ပြောလို့ရသွားပြီ… ဒီကျင့်ကြံခြင်းအဆင့်လေးနဲ့ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံလာနိုင်တာ တကယ် အံ့အားသင့်စရာပဲ…”

ရန်ကိုင်မှာ ဝူခွမ်းအား ပြေးဝင်တိုက်ခိုက်ချင်ပါသော်ငြား မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။ နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် အသက်ရှင်လာသည့် မွန်းစတားအိုကြီးများကို သာမန်နည်းလမ်းများသုံး၍ တိုက်ခိုက်၍ မရချေ။ ရန်ကိုင့်၏အလစ်ချောင်းတိုက်ခိုက်မှုသာ မအောင်မြင်ပါက ရန်ကိုင့်အနေဖြင့် အောက်စည်းသို့ ရောက်သွားရပေလိမ့်မည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေရင်း ဝူခွမ်း၏အကြည့်သည် တစ်နေရာဆီသို့ ရောက်သွားခဲ့လေသည်။ ထိုနေရာသို့ အရောက်တွင် မျက်လုံးပြူးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏။ “ဒီကျွန်းက…”

ဝူခွမ်းသည် ရန်ကိုင့်၏ အသိစိတ်ပင်လယ်ထဲတွင် မျောနေသော ခုနှစ်ရောင်ခြယ်ကျွန်းကို မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ ခဏအကြာ၌ အလန့်တကြား ထအော်လေ၏။ “ဝိဉာဉ်ကြာပန်း… တကယ်ကြီး ဝိဉာဉ်ကြာပန်းပဲ…”

ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့သော ဝူခွမ်းသည် အတွေ့အကြုံပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ဖူးသည့်တိုင် သူ့ရှေ့တွင်ရှိနေသော ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းကို မြင်ပြီးသည့်နောက် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။ ထို့နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ဂျူနီယာ… မင်းမှာ တကယ်ကြီး ဝိဉာဉ်ကြာပန်းရှိနေတာလား…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “တကယ်ကို အပိုတွေလုပ်နိုင်လွန်းတယ်…”

ဝူခွမ်းက ပြုံးဖြီးလျက် “ဝိဉာဉ်ကြာပန်းကို ဒီမှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကြယ်စီရင်စုကြီးတွေထဲ လျှောက်သွားပြီး ဝိဥာဉ်ကြာပန်းကို လိုက်ရှာခဲ့ရတာ တကယ်ကို အချည်းနှီး ဖြစ်သွားရတာပဲ။ ဝိဥာဉ်ကြာပန်းက မင်းဆီ ရောက်နေခဲ့တာကိုး။ အဲ့ဒါကြောင့် ငါဘယ်လိုရှာရှာ ရှာမတွေ့ခဲ့တာ”

ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ “ခင်ဗျား ဘာတွေ ဒီလောက်ပျော်နေတာလဲ… ခင်ဗျားအပိုင်လည်း မဟုတ်ဘဲနဲ့…” ထို့နောက် ဝူခွမ်းအား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။

“ငါ့အပိုင် ဖြစ်တော့မှာလေ…” ဝူခွမ်းသည် ရန်ကိုင့်၏ လှောင်ပြောင်ထေ့ငေါ့စကားကို ဂရုစိုက်မနေခဲ့ပဲ ဝိဉာဉ်ကြာပန်းကိုသာ လောဘတကြီးဖြင့် စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်လေသည်။ “မဆိုးဘူး… ဒီဝိဉာဉ်ကြာပန်းနဲ့ဆိုရင် မင်းခန္ဓာကိုယ်နဲ့ ပေါင်းစပ်တဲ့ချိန်ကြ ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး… ဘေးထွက်ဆိုးကျိုးနဲ့ ကြုံရမှာကိုလည်း စိတ်ပူနေစရာမလိုတော့ဘူး… ဒီပုံစံနဲ့ဆိုရင် ငါ့အရင်ခွန်အားကို ပြန်ရဖို့က ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး…” ဝူခွမ်းမှာ မဖြစ်လာသေးသည့် အနာဂတ်အကြောင်း ကြိုတွေးရင်း အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။ ထိုသို့ပြောနေရင်းမှ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြန်လေသည်။ မကြာမီတွင် ကြယ်မျိုးစုံဖြင့် တောက်ပနေသော ကောင်းကင်ကြီးဆီသို့ အကြည့်ရောက်သွားလေသည်။ “ဂျူနီယာ… မင်းမှာ ပစ္စည်းကောင်းတွေအများကြီး ရှိနေမယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး..”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်၍ မေးခွန်းထုတ်လိုက်လေသည်။ “ဒါဘာလဲ ခင်ဗျားသိတာလား…”

ဝူခွမ်းသည် ရန်ကိုင့်၏ အသိစိတ်ပင်လယ်ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်မြေပုံကို ရည်ညွှန်းနေခြင်း ဖြစ်လေသည်။ ဤကြယ်မြေပုံကို ရန်ကိုင် ရထားသည်မှာ အတော်လေး ကြာခဲ့ပေပြီ။ ဟုန်းလော့ကြယ်စီရင်စုကြီးထဲ သွားလာနေစဉ်အတောအတွင်း ကျင့်ကြံရေးကြယ်များ၏ တည်နေရာကို အာရုံခံရန်အတွက် ရန်ကိုင်သည် ကြယ်မြေပုံကို အသုံးချခဲ့ပေသည်။ ဤကြယ်မြေပုံသာ မရှိပါက ရန်ကိုင် ကြယ်စီရင်စုကြီးထဲ အကြိမ်ပေါင်းများစွာ လမ်းပျောက်ခဲ့ရပေလိမ့်မည်။

ဝူခွမ်းသည် ရန်ကိုင့်အား ပြုံးကာ ကြည့်လျက် အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။ “မင်း အဆင့်နိမ့်ကြယ်စီရင်စုက လာခဲ့တာမလား…”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်…”

တစ်ဖက်လူက သိနေပြီဖြစ်သည့်အတွက်ကြောင့် ငြင်းနေစရာမလိုတော့။ ရန်ကိုင်လည်း အမှန်အတိုင်းသာ ဝန်ခံလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၀၂)

ဝူခွမ်းက မေးလိုက်လေသည်။ “မင်း ဒီကြယ်မြေပုံကို ကြယ်စီရင်စုကြီးထဲကနေ ရလာခဲ့တာမလား…”

“ခင်ဗျားသိတယ်ပေါ့…” ရန်ကိုင်က ဝူခွမ်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။

ဝူခွမ်းကပြုံးလျက် “ကြယ်မြေပုံတွေကို ကြယ်စီရင်စုကြီးတွေကပဲ ထုတ်ပေးနိုင်တာကို ငါက မသိဘဲနေမလား…”

“အို… ဘာလို့ အဲ့လိုဖြစ်ရတာလဲ…” ရန်ကိုင်က မေးခွန်းထုတ်လိုက်လေသည်။

သူ့စိတ်ထဲ ဝူခွမ်းအား သူ့အသိစိတ်ပင်လယ်ထဲမှ အမြန်ဆုံး မောင်းထုတ်ပစ်ချင်နေပါသော်ငြား သူ့ရင်ထဲရှိ သံသယများကို ရှင်းပေးမည့်လူတစ်ဦးအား အမြဲတစေ မတွေ့နိုင်သည့် အတွက်ကြောင့် သူသိချင်နေသည့် မေးခွန်းများ၏အဖြေကို အရင်ဆုံးရအောင် မေးမြန်းပြီးမှသာလျှင် ဝူခွမ်းအား အသိစိတ်ပင်လယ်ထဲမှ မောင်းထုတ်၍လည်း နောက်မကျသေးချေ။

တစ်ခဏမျှစဉ်းစားပြီးသည့်နောက်တွင် ဝူခွမ်းက ပြန်ပြောလိုက်လေ၏။ “ဒီလောကကြီးထဲက နေရာမှန်သမျှမှာ စွမ်းအင်အရင်းအမြစ်ဆိုတာ ရှိတယ်… ငါတို့ခေါ်တာကတော့ အမြုတေပေါ့… သစ်ပင်တွေမှာလည်း သစ်သားအမြုတေတွေရှိတယ်… နတ်သားရဲတွေမှာတောင် နတ်သားရဲအမြုတေဆိုပြီးတော့ ရှိသေးတယ်… ကြယ်တွေမှာလည်း ကြယ်အမြုတေပေါ့… အဲ့အမြုတေတွေရဲ့ စွမ်းအားဖြစ်တဲ့ အမြုတေစွမ်းအားက အရမ်းကို နက်နဲဆန်းကြယ်ပြီး အကန့်အသတ်မဲ့လွန်းတယ်… လောကစွမ်းအားဆိုတာ လောကကြီးရဲ့ အမြုတေစွမ်းအားပဲ… အဲ့အမြုတေစွမ်းအားက ဒီလောကကြီး မွေးဖွားလာကတည်းက ဖြစ်တည်နေခဲ့တာ…အဲ့လောကအမြုတေ စွမ်းအားက ငါတို့လို ကျင့်ကြံသူတွေအတွက် အရမ်းကို အကျိုးရှိတယ်”

ရန်ကိုင်သည် သေချာအာရုံစိုက်နားထောင်နေခဲ့လေသည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် တစ်လောကလုံး၏ ဘုံရန်သူဖြစ်ပါသော်ငြား သူ့ခွန်အားနှင့် အသိပညာမှာ မေးခွန်းထုတ်စရာလိုသည့် အရာများ မဟုတ်ကြ‌ချေ‌။ ထို့အတွက်ကြောင့် အခွင့်အရေး ရတုန်းရခိုက် ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ပြောပြနေသည်ကို သေချာ နားစိုက်ထောင်နေခဲ့လေသည်။

ဝူခွမ်းသည် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးညွှန်ပြရင်းမှ ပြောလိုက်လေ၏။ “ကြယ်မြေပုံဆိုတာလည်း အမြုတေတစ်ခုပဲ…”

ရန်ကိုင်က ရေရွတ်လိုက်လေသည်။ “အဲ့ဒါက အမြုတေတစ်ခု…”

ဝူခွမ်းက ယဲ့ယဲ့လေးပြုံးလျက် “ဟုတ်တယ်… သာမန်အမြုတေမဟုတ်ဘူး… ကြယ်စီရင်စုကြီးတစ်ခုရဲ့ အမြုတေပဲ…”

“ကြယ်စီရင်စုကြီးတစ်ခုရဲ့အမြုတေ…” ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။

ဝူခွမ်းသည် ရန်ကိုင်အံ့အားသင့်နေသည်ကို လျစ်လျူရှုလျက် ဆက်ပြောပြလိုက်သည်။ “အဲ့ဒါကို ကြယ်စီရင်စုကြီးတစ်ခုလုံးရဲ့ အမြုတေစွမ်းအားလို့ မင်းစဉ်းစားလိုက်လို့ရတယ်… မင်းရဲ့ အခုစွမ်းအားလောက်နဲ့ကတော့ အဲ့ဒါကို ဘယ်လိုမှ သန့်စင်လို့ရမှာမဟုတ်ဘူး… သန့်စင်နိုင်မယ်ဆိုလို့ရှိရင်တော့ အဲ့ဒါ ဘယ်လောက် အသုံးဝင်လဲ သိလာမှာ၊ ဒါပေမယ့် မင်းမှာ အဲ့လိုအခွင့်အရေး မရှိတော့ဘူး”

“ကြယ်စီရင်စုကြီးရဲ့ အမြုတေ…” ရန်ကိုင်သည် ထိုစကားလုံးကို ထပ်ခါတလဲလဲ ရေရွတ်နေခဲ့လေသည်။ ထို့နောက် သူ့ကိုယ်သူ နှိမ့်ချလျက် မေးလိုက်လေ၏။ “အဲ့ဒါကို သန့်စင်လိုက်ရင် ဘာအသုံးဝင်မှာလဲ… ကျင့်ကြံရေးကြယ်တွေကို သန့်စင်လိုက်လို့ ရလာတဲ့ အကျိုးအမြတ်မျိုး ရမှာလား…”

ဝူခွမ်းက နှာခေါင်းရှုံ့လိုက်လေ၏။ “အဲ့ဒါမျိုးလည်း ပါတာပေါ့… ပြီးပြည့်စုံတဲ့ကြယ်အမြုတေတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံနှုန်းက အခြားကျင့်ကြံသူတွေထက် အများကြီးပိုမြန်တယ်… ဘာဖြစ်လို့လဲဆိုတော့ အမြုတေစွမ်းအားက သူတို့ကို အခြားအရာတွေကို နားလည်အောင် ကြိုးစားတဲ့နေရာမှာ ကူညီပေးနိုင်တာကိုး… ဥပမာပြောရရင်တော့ နိယာမစွမ်းအားပေါ့… ကြယ်အမြုတေကို ပိုင်ဆိုင်ထားနိုင်တဲ့လူတစ်ယောက်ရဲ့ နိယာမစွမ်းအားအပေါ် နားလည်နိုင်စွမ်းက အခြားကျင့်ကြံသူတွေထက် အများကြီးပိုသာတယ်… ကြယ်စီရင်စုကြီးရဲ့ အမြုတေက ဘယ်လိုကူညီပေးနိုင်လဲ ဆိုတာကတော့ ကြယ်အမြုတေလိုပဲ ကျင့်ကြံသူတစ်ဦးကို ကူညီပေးနိုင်တယ်… ဒါပေမဲ့ ကူညီပေးနိုင်တဲ့အစွမ်းက ပြီးပြည့်စုံတဲ့ ကြယ်အမြုတေတစ်ခု ကူညီပေးနိုင်တာထက် အဆပေါင်း ရာနဲ့ချီပြီးတော့ကို ပိုသာတယ်…”

ရန်ကိုင် သက်ပြင်းရှိုက်မိသွားခဲ့လေသည်။

သူ့တွင် ပြီးပြည့်စုံသော ကြယ်အမြုတေများစွာ ရှိနေပါသော်ငြား ကြယ်စီရင်စုကြီး၏ အမြုတေသည် ကြယ်အမြုတေတစ်လုံးထက် အဆရာနှင့်ချီ ပိုသာသော အကျိုးအမြတ်များကို ပေးစွမ်းနိုင်ကြောင်း ကြားပြီးသည့်နောက် ရန်ကိုင် မှင်တက်သွားတော့လေသည်။

“အဲ့အပြင်ကိုမှ မင်းက ကြယ်စီရင်စုကြီးရဲ့ အမြုတေကို သန့်စင်လိုက်ပြီဆိုလို့ရှိရင် ကြယ်စီရင်စုကြီးက မင်းကို အသိအမှတ်ပြုလိုက်ပြီလို့ ဆိုလိုက်တာပဲ… အခြားတစ်နည်းနဲ့ပြောရရင်တော့ မင်းက အဲ့ကြယ်စီရင်စုကြီးရဲ့ ပိုင်ရှင် ဖြစ်လာပြီပေါ့… ပြီးတော့ အဲ့ကြယ်စီရင်စုကြီးထဲမှာရှိတဲ့ အရာမှန်သမျှရဲ့ ကံကြမ္မာကို အတွေးတစ်ချက်နဲ့တင် ထိန်းချုပ်လို့ ရသွားပြီလို့ ပြောလို့ရတာပေါ့…”

ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြန်မေးလိုက်လေသည်။ “ကြယ်သခင်တစ်ယောက် ဖြစ်လာတာနဲ့ အတူတူပဲပေါ့…”

ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင်ဖြစ်လာသည့် အတွက်ကြောင့် အရိပ်ကြယ်ပေါ်ရှိ အရာမှန်သမျှကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်ပေသည်။ ဟင်းလင်းပြင်အကန့်အသတ်ကို ချိုးဖောက်၍ အရိပ်ကြယ်ပေါ်ရှိ သူသွားချင်သည့် မည်သည့်နေရာကိုမဆို အတွေးတစ်ချက်ဖြင့် သွားနိုင်ပေသည်။

ဝူခွမ်းပြောပုံအရ ကြယ်စီရင်စုကြီး၏သခင် ဖြစ်လာခြင်းမှာ ကြယ်တစ်လုံး၏သခင် ဖြစ်လာခြင်းနှင့် အတော်လေးကို ဆင်ပေသည်။

ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်လှုပ်ရှားလာမိတော့သည်။ သူ့အသိစိတ်ပင်လယ်ထဲရှိ ကြယ်စီရင်စုကြီးမှာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ မြေပုံဖြစ်ပေသည်။ သူသာ ထိုအရာကို သန့်စင်နိုင်မည်ဆိုပါက ဟုန်းလော့ကြယ်စီရင်စုကြီး၏ ပိုင်ရှင် ဖြစ်လာမည်ဖြစ်ကာ ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်ပေလိမ့်မည်။

“အဲ့လိုပြောလို့ရတယ်… ဒါပေမဲ့ ကြယ်စီရင်စုကြီးရဲ့ ပိုင်ရှင်က ပိုပြီးတော့ အာဏာပိုရှိတယ်လို့ပဲ ပြောရမလား…” ဝူခွမ်းသည် ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ကြယ်စီရင်စုကြီးရဲ့ အမြုတေကို သန့်စင်ဖို့က အဲ့လောက်လွယ်တာမဟုတ်ဘူး… အရင်တုန်းက ဒီဘုရင် ကြယ်စီရင်စုကြီးတွေအများကြီးကို ဖျက်ဆီးပစ်ခဲ့ဖူးတယ်… အဲ့တုန်းက ကြယ်စီရင်စုအမြုတေဆိုလို့ နည်းနည်းလောက်ပဲတွေ့တယ်… ဒါပေမဲ့ အဲ့ဒါတွေကို သန့်စင်ဖို့ ကြိုးစားတုန်းက တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး…”

“ဘယ်လို…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

ဝူခွမ်းက ပြုံးဖြီးလျက် “ဘာဖြစ်လို့လဲဆိုတော့ အဲ့ကြယ်စီရင်စုအမြုတေတွေက ဒီဘုရင်ကို ငြင်းပယ်လို့ပဲ… သူတို့က ငြင်းပယ်လို့ ငါလည်း ဒေါသထွက်ထွက်နဲ့ သူတို့တွေအကုန်လုံးကို ဝါးမျိုပစ်လိုက်တာ…”

ရန်ကိုင့်၏နှုတ်ခမ်း တွန့်တက်သွားခဲ့သည်။

ဝူခွမ်းက ဆက်ပြောလိုက်လေသည်။ “ကြယ်စီရင်စုကြီးတစ်ခုက ဘယ်လောက်ပဲ ထိခိုက်ပျက်စီးနေပါစေ ကြယ်စီရင်စုအမြုတေ ရှိနေသေးတယ်ဆိုလို့ရှိရင် အဲ့ကြယ်စီရင်စုက ပြန်ကောင်းလာနိုင်တယ်… ဒါပေမဲ့ သူ့ရဲ့အမြုတေကို ဆုံးရှုံးသွားပြီဆိုတာနဲ့ အဲ့ကြယ်စီရင်စုကြီး သွားပြီပဲ… လူသားတွေလိုပဲပေါ့ကွာ… စိတ်ဝိဉာဉ်ရှိနေသေးလို့ရှိရင် ပြန်လည်မွေးဖွားနိုင်တယ်ဆိုပေမဲ့ ဝိဉာဉ်ပျက်စီးသွားပြီဆိုရင်တော့ မင်းသွားပြီပဲ…”

“ခင်ဗျားက အဲ့ဒါကို သိနေတာတောင် ကြယ်စီရင်စုတွေကို ဖျက်ဆီးပစ်တယ်ပေါ့…” ရန်ကိုင်က ပြောလိုက်လေသည်။

ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီဘုရင်ကို ဆန့်ကျင်ရဲတဲ့ အရာမှန်သမျှ ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး… လူဖြစ်ဖြစ် ကြယ်စီရင်စုဖြစ်ဖြစ် အတူတူပဲ…” ဝူခွမ်းသည် ရန်ကိုင့်အား ‘မင်းငါ့ကို ဆန့်ကျင်ရင် ဘာဖြစ်မလဲ သိတယ်နော်…’ ဟု ပြောချင်နေသည့်အလား ရန်ကိုင့်တည့်တည့်ကို စိုက်ကြည့်၍ပြောလိုက်လေသည်။

ရန်ကိုင်ကမူ မသိချင်ယောင်သာ ဆောင်နေခဲ့လေသည်။ သို့သော်ငြား အချို့သောအကြောင်းအရာများအကြောင်း ထပ်မေးတော့မည်အပြု သူ့အမူအယာ ရုတ်တရက် ပြောင်းသွားခဲ့လေသည်။

“ကဲ… စကားပြောတာတော်လောက်ပြီပေါ့… ငါ မင်းနဲ့ စကားနည်းနည်းပါးပါး ပြောတာ ငါစိတ်ကောင်းဝင်နေလို့ပဲ… မင်းရဲ့ခန္ဓာကိုယ်ကို လက်လျှော့ပြီး ဒီဘုရင်ကို ပေးလိုက်မယ်ဆိုလို့ရှိရင် ဒီဘုရင် မင်းအသက်ကို ချမ်းသာပေးမယ်… မင်းကြိုက်တာရွေး…”

ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေ၏။ “ကျုပ်ခန္ဓာကိုယ်ကို လိုချင်မှတော့ ခင်ဗျားဘာသာခင်ဗျား လာယူပါလား…”

ဝူခွမ်းက ဖြည်းဖြည်းချင်းခေါင်းခါလျက် “မင်းက အလားအလာရှိတဲ့လူမို့လို့ ဖြစ်နိုင်ရင် ငါမင်းကို အသက်ရှင်လျက် ထားချင်တယ်… ဒါပေမဲ့ မင်းက ဒီလောက်တောင် ခေါင်းမာနေတယ်ဆိုမှတော့ မင်း ဆက်ပြီး အသက်ရှင်နေစရာ မလိုတော့ဘူး…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ ဝှေ့ယမ်းချလိုက်လေသည်။ ချက်ချင်းဆိုသလို မြားတစ်စင်းနှင့် ဆင်တူသည့် တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင့်ဆီသို့ လျှပ်စီးတန်းတစ်ခုအလား တိုးဝင်သွားလေ၏။

ရန်ကိုင့်အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့အသိစိတ်ပင်လယ်ကိုသုံးလျက် သူ့ပတ်ပတ်လည်တွင် အလွန်ကိုမှ အားကောင်းလှသော အကာအရံအလွှာများစွာ ဖန်တီးလိုက်လေသည်။

ဝူခွမ်းက နှာခေါင်းရှုံ့လိုက်လေ၏။ “ဒီဘုရင်က ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကွ… နှစ်ပေါင်းသောင်းနဲ့ချီကြာသွားလို့ ဒီဘုရင် အားနည်းသွားမယ်ဆိုလို့ရှိရင်တောင် ငါ့ခွန်အားက မင်းခုခံနိုင်တဲ့အရာမျိုး မဟုတ်သေးဘူး… မခံစားရချင်ရင် အေးအေးဆေးဆေးလေး ငြိမ်ခံနေလိုက်…”

ဝူခွမ်းပြောသည်မှာ မှန်ကန်ကြောင်း ထောက်ခံနေသည့်အလား တိုးဝင်လာနေသည့် တိုက်ခိုက်မှုသည် ရန်ကိုင်ဖန်တီးထားသည့် အကာအရံများစွာကို လွယ်လင့်တကူ ချိုးဖြတ်ပြသွားခဲ့လေသည်။

ရန်ကိုင့်မှာလည်း တတ်စွမ်းသမျှ စွမ်းအားအလုံးစုံကို ထုတ်သုံးရင်း တိုးဝင်လာနေသည့် တိုက်ခိုက်မှုကို အသည်းအသန် ခုခံနေရင်းမှ အလျင်စလို နောက်သို့ ဆုတ်လိုက်လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

မြားကဲ့သို့သော တိုက်ခိုက်မှုသည် ရန်ကိုင့်နောက်သို့ အချိန်အတော်ကြာအောင် လိုက်နေပြီးသည့်နောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်မှာလည်း အခြေအနေမကောင်းတော့ချေ။ ပြင်းထန်သည့် ဒဏ်ရာများကြောင့် သူ၏ နာမ်ဝိဉာဉ်မှာ အတော်လေးကို မှိန်ကျနေခဲ့သည်။

ဤတိုက်ပွဲအား နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ရန်ကိုင့်အတွက် အကျိုးမရှိချေ။ အကြောင်းမှာ ဤနေရာသည် သူ့အသိစိတ်ပင်လယ် ဖြစ်နေသဖြင့် ဖျက်ဆီးခံလိုက်ရသည့် အရာအားလုံးမှာ သူ့အပိုင်များသာ ဖြစ်သည့်အတွက်ကြောင့်ပင်။

“ဒီဘုရင်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်တယ်ပေါ့… ဒါပေမဲ့ နောက်ထပ်တိုက်ကွက်တွေကိုရော မင်း ခုခံနိုင်ဦးမှာလား…” ဝူခွမ်းသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။ ထို့‌နောက် သူ့လက်ကို မြှောက်လျက် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ရန် ပြင်လိုက်လေ၏။

သို့ရာတွင် ရန်ကိုင်ကမူ ထိတ်လန့်တုန်လှုပ်နေဟန် မပြဘဲ ဝူခွမ်းကိုသာ ညစ်ကျယ်ကျယ်ပြုံးလျက် စိုက်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။ “ကျုပ်လို သခင်လေးတစ်ယောက်အတွက်တော့ ခင်ဗျားလို နှစ်သောင်းနဲ့ချီပြီး အသက်ရှင်လာတဲ့ မွန်းစတားအိုကြီးတစ်ကောင်ကို တိုက်ခိုက်ဖို့ အရမ်းစောလွန်းနေသေးတယ်… ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဒီနေ့ ဒီသခင်လေးက ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး… ခင်ဗျားရဲ့ ပြိုင်ဘက်က အခြားတစ်ယောက်ပဲ…”

“အခြားတစ်ယောက်…” ဝူခွမ်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့စိတ်ထဲ ရန်ကိုင် မည်သူ့အား ပြောနေသလဲဟု စဉ်းစားနေစဉ်မှာပင် အရိပ်တစ်ခု သူ့နောက်ဘက်ဆီမှ ထွက်ပေါ်လာပြီး သူ့ကျောပြင်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် တစ်စုံတစ်ဦးမှ သူ့အား အလစ်ချောင်း တိုက်ခိုက်လာမည်ဟု မထင်ထားသည့် အတွက်ကြောင့် ဝူခွမ်းလည်း အလစ်အငိုက် မိသွားခဲ့လေ၏။

“ဘန်း…” ဟူသော မြည်သံကြီးနှင့်အတူ ဝူခွမ်း၏ နာမ်ဝိဥာဉ် နာကျင်သွားခဲ့ရသည်။ ထိုလက်ဝါးချက်ကြီးကြောင့်သည်ပင်လျှင် သူ့နာမ်ဝိဥာဉ်မှာလည်း ယိမ်းထိုးသွားခဲ့ပြီး တဖျက်ဖျက် လက်လာခဲ့ရလေသည်။

ဟန်ချက်ပြန်ထိန်းလိုက်နိုင်ပြီးသည့်နောက်တွင် ဝူခွမ်း ခေါင်းမော့ကြည့်လိုက်ရာ သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သူကို မြင်လိုက်ရလေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်လျက် “သက်ကြားအိုကြီး… မင်း ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်တာ မဟုတ်ဘူးလား… ဘာဖြစ်လို့ အခုထိ မသေသေးတာလဲ…”

သူ့အား အလစ်ချောင်းတိုက်ခိုက်လိုက်သည့်လူမှာ လောကတစ်‌သောင်း မဟာဧကရာဇ်သာ ဖြစ်လေသည်။

ရန်ကိုင် တွမ့်ဟုန်ချန်နှင့် မည်ကဲ့သို့များ အဆက်အသွယ်ရပြီး တွမ့်ဟုန်ချန်၏ နာမ်ဝိဉာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ သူပင်လျှင်မသိလိုက်ဘဲ ဝင်လာနိုင်အောင် လုပ်နိုင်ခဲ့သလဲ ဆိုသည်ကို ဝူခွမ်းမသိချေ။

လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါး၏ နာမ်ဝိဉာဉ်များသည် တက်သစ်စ ဧကရာဇ်အဆင့် ဂျူနီယာတစ်ဦး၏ အသိစိတ်ပင်လယ်ထဲတွင် စုဝေးနေခဲ့ကြလေသည်။ သမိုင်းကြောင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှပင် ဤကဲ့သို့ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိချေ။

တွမ့်ဟုန်ချန်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းရဲ့ ကမ္ဘာဦးအာကာသလေပြင်းကို ငါ့ထက်အရင် စောဖောက်ခွဲပစ်လိုက်တည်းက မင်း တစ်ခုခုကြံနေပြီမှန်း ငါသိပြီးသား… ကမ္ဘာဦးအာကာသလေပြင်းကို ဖောက်ခွဲပြီးတော့ မင်းကို လုံးဝ အာရုံခံလို့မရအောင် လုပ်ပစ်လိုက်တာမလား… မင်းရဲ့အရိုးခြောက် ပျက်စီးသွားပြီဆိုမှတော့ မင်းမှာ အသက်ရှင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်လေ… အဲ့ဒါက အခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝင်စီးဖို့ပဲ… အဲ့လောကကြီးထဲမှာ မင်းနဲ့ငါအပြင် နောက်ထပ် အသက်ရှင်နေသေးတဲ့လူဆိုလို့ တစ်ယောက်ပဲရှိတော့တယ်… အဲ့လောက်လေးကို မသိရအောင် မင်း ငါ့ကို ငတုံးငအများ မှတ်နေတာလား…”

“ခွေးသူတောင်းစား…” ဝူခွမ်းမှာ ဒေါသတကြီးဖြင့် ထအော်တော့လေသည်။

သူ့စွမ်းအားဖြင့် ရန်ကိုင့်၏ခန္ဓာကိုယ်ကို အလွယ်တကူ ဝင်စီးနိုင်ပါသော်ငြား တွမ့်ဟုန်ချန်၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် သူ့အစီအစဉ်မှာ ပျက်စီးသွားခဲ့ရလေပြီ။ ယခု ရန်ကိုင့်၏ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုလျှင် တွမ့်ဟုန်ချန်ကို အရင်ဆုံး ဖြတ်ကျော်ရပေလိမ့်မည်။

သူ့ကိုသာ မရဏကမ္ဘာသို့ ဆွဲခေါ်နိုင်သွားလျှင် ပျော်ပျော်ကြီးအသေခံမည့် သူ့ရှေ့ရှိ လူအိုကြီးကိုကြည့်ရင်း ဝူခွမ်းမှာ အလွန်တရာကိုမှ ဒေါသူပုန်ထနေတော့လေသည်။

တွမ့်ဟုန်ချန်က သံဓိဌာန်ချထားသည့် အမူအယာဖြင့် ပြောလိုက်လေသည်။ “ဝူခွမ်း… မင်း ဒီနေ့ သေကိုသေရမယ်… မင်းမှာ ဒုတိယအခွင့်အရေးဆိုတာ မရှိဘူး…”

“ငါတို့ ခင်မင်လာခဲ့တာ နှစ်သောင်းနဲ့ချီမကဘူး… အဲ့ဒါကို မင်း ဘာဖြစ်လို့ ဒီဘုရင်ကို ဒီလောက်တောင် လိုက် ဒုက္ခပေးချင်နေရတာလဲ…” ဝူခွမ်းက မှုန်ကုပ်ကုပ်အမူအယာဖြင့် အော်ပြောလိုက်လေသည်။

တွမ့်ဟုန်ချန်က ခံစားချက်ကင်းမဲ့သည့် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါမင်းကို ပြဿနာရှာချင်တာမဟုတ်ဘူး… မင်းကိုယ်တိုင်ကပဲ ပြဿနာကို လက်ယပ်ခေါ်ခဲ့တာ… မင်းလုပ်ခဲ့အပြစ်တွေက မင်းသေမှပဲ ကျေတော့မှာ… မင်းသာ မှန်မှန်ကန်ကန်နဲ့ နေခဲ့မယ်ဆိုလို့ရှိရင် အခုလိုဘဝမျိုးနဲ့ အဆုံးသတ်ရမှာမဟုတ်ဘူး…”

“ဒီဘုရင်ကို လာသင်ပြမနေနဲ့…” ဝူခွမ်းမှာ အရူးတစ်ပိုင်း ဖြစ်နေခဲ့လေသည်။ “ဒီဘုရင်က လောကကြီးအကြောင်းကို မင်းထက် ပိုသိပြီးသားကွ… သမိုင်းကြောင်းဆိုတာ အောင်နိုင်တဲ့သူတွေပဲ ရေးတာ… အရှုံးသမားတွေဆိုတာ အနင်းခံဘဝနဲ့ပဲ နေရမဲ့လူတွေ… တွမ့်ဟုန်ချန်… မင်း ဒီနေ့ အေးအေးဆေးဆေးနဲ့ ထွက်သွားပေးမယ်ဆိုလို့ရှိရင် နောက်နောင် ဒီဘုရင် မင်းကို လုံးဝ ပြဿနာမရှာဘူးလို့ ကတိပေးတယ်… မင်းနဲ့ဆိုင်တဲ့ကိစ္စမှန်သမျှကို ငါဝင်မပါဘူးကွာ…”

တွမ့်ဟုန်ချန်က ပြန်၍သာ ပြောလိုက်လေသည်။ “မင်း အသနားခံနေတာလား…”

“ဒီဘုရင်ကို လာအထင်မသေးနဲ့ကွ… ဒီဘုရင် မင်းကို အခွင့်အရေးတစ်ခု ပေးနေရုံပဲ…” ဝူခွမ်းက အံကြိတ်ကာ ပြောလိုက်လေသည်။

တွမ့်ဟုန်ချန်က သက်ပြင်းချလိုက်လေ၏။ “ကြည့်ရတာ ဘာမှ ဆက်ဆွေးနွေးနေစရာ မလိုတော့ဘူးနဲ့တူတယ်… ဆိုးလိုက်တာ…”

မဟာဧကရာဇ်နှစ်ပါးလုံး ရုတ်တရက် တိတ်ကျသွားခဲ့လေသည်။ အောက်ဘက်ရှိ ပင်လယ်ပြင်မှာတော့ ဘာကြောင့်မှန်းမသိ အလိုလိုကို လှိုင်းထန်နေလေသည်။

ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် တောင်းဆိုလိုက်လေသည်။ “ခင်ဗျားတို့နှစ်ယောက် အပြင်မှာ သွားစကားပြောလို့မရဘူးလား…”

သူ့အသိစိတ်ပင်လယ်ထဲတွင် တိုက်ခိုက်ရန်ပြင်နေသည့် ထိုလူနှစ်ဦးကိုကြည့်ရင်း ရန်ကိုင် ကြက်သီးမွေးညှင်း ထသွားခဲ့လေသည်။ ထိုမဟာဧကရာဇ်နှစ်ပါး၏ စွမ်းအားကို မခံနိုင်ဘဲ သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ပြိုကျပျက်စီးသွားမည်ကို ရန်ကိုင် ကြောက်နေခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့သာ ဖြစ်လာပါက သူ့အတွက်လည်း အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။ မဟာဧကရာဇ်နှစ်ပါးရှေ့မှောက်တွင် ရန်ကိုင်ဆိုသည့်လူမှာ ဘာဆိုဘာမှ မဟုတ်ချေ။ ထိုသို့ဖြစ်လေရာ သူ့ခွန်အားဖြင့် ထိုနှစ်ဦးအား အပြင်ဘက်သို့လည်း မောင်းထုတ်၍ မရပြန်ချေ။

All Chapters