← Chapters

အခန်း (၂၅၀၃-၂၅၀၅)

Vol. 103 Ch. 2503-2505

အခန်း (၂၅၀၃-၂၅၀၅)

Vol. 103 Ch. 2503-2505

အပိုင်း (၂၅၀၃)

တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့နှစ်ဦးစလုံးသည် ရန်ကိုင့်အား မကြားချင်ယောင်ဆောင်နေခဲ့လေသည်။

“ဟေး… ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို ပြောနေတယ်လေ…” ရန်ကိုင်သည် ထိုနှစ်ဦးအား ဒေါသတကြီးဖြင့် ကြည့်ရင်း “နည်းနည်းပါးပါးလေးတော့ ကြားချင်ယောင်လေး ဆောင်ပါဦးလား…”

ဝူခွမ်းက အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း သူ့ကို ရှင်းထုတ်ပစ်နိုင်မယ် ဆိုလို့ရှိရင် ဒီဘုရင် ဒီကနေ ချက်ချင်း ထွက်သွားပေးမယ်…”

တွမ့်ဟုန်ချန်က ပြန်ပြောလိုက်လေသည်။ “ဝူခွမ်း… မင်းအသက်အရွယ်ကြီးနဲ့ ကလေးတွေကို အခုလိုမျိုး လျှောက်လိမ်နေတာ မရှက်ဘူးလား… နိုးလာတဲ့နောက်ပိုင်း မင်းက အရင်ကထက်တောင် ပိုပြီး အရှက်မဲ့လာတာပဲ…” ထို့နောက်တွင် ရန်ကိုင့်ဘက်သို့ ကြည့်၍ ဆက်ပြောလိုက်လေသည်။ “ကောင်လေး… သည်းခံထားပေးဦးပေါ့ကွာ… ငါတို့နှစ်ယောက် အခု ဒီမှာပဲ တိုက်ခိုက်ကြတော့မှာ… တိုက်ခိုက်ရင်းနဲ့ မင်း ဝိဉာဉ်ပျက်စီးသွားခဲ့ရင်တော့ မင်းကိုယ်မင်း ကံမကောင်းဘူးလို့ပဲ သတ်မှတ်လိုက်ပေါ့… ဒါပေမဲ့ မင်းအသက်ရှင်ခဲ့မယ်ဆိုရင်တော့ မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိမှာ အသေအချာပဲ…”

ရန်ကိုင်က လက်လျှော့လိုက်ဟန်ဖြင့် သက်ပြင်းချလျက် “ကောင်းပြီလေ… စိတ်ကြိုက်သာလုပ်ပေတော့ စီနီယာဟုန်ချန်… ဒီဂျူနီယာ ကိုယ့်ကိုယ်ကို ဂရုစိုက်နေလိုက်ပါမယ်…”

တွမ့်ဟုန်ချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ရယ်မောလျက် “အဲ့ဒါဆို ငါ တကယ် အစွမ်းကုန်ထုတ်သုံံးပြီး တိုက်ခိုက်ပြီနော်…”

ထိုသို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် လက်ကွက်တစ်ခု ဖန်တီး၍ ဝူခွမ်းတည့်တည့်အား ရိုက်ချလိုက်လေသည်။

ဝူခွမ်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ပြန်အော်လေ၏။ “မင်း တကယ်ကြီးလား…”

“ငါ မင်းနဲ့ ဆော့နေတယ်များ ထင်နေတာလား…” တွမ့်ဟုန်ချန်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။

“ဒီဘုရင် တကယ် ဒေါသထွက်သွားပြီကွ… တွမ့်ဟုန်ချန်… မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့… ဒီဘုရင် ဒဏ်ရာရမယ်ဆိုရင်တောင် မင်းဝိဥာဉ်ကို မရရအောင် ဖျက်စီးပစ်မယ်”

သာမန်လူတစ်ဦးပင်လျှင် ဤမျှ အဆက်မပြတ် နှောင့်ယှက်ခံနေရပါက ဒေါသထွက်လာလိမ့်မည် ဖြစ်လေရာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကဲ့သို့သော နာမည်ကျော်ကြားသည့် လူတစ်ဦးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ တွမ့်ဟုန်ချန်သည် အကြိမ်တိုင်းလိုလို ဝူခွမ်းအား လိုက်လံ အနှောင့်အယှက် ပေးခဲ့လေသည်။ သူ့ဝိဉာဉ် ရန်ကိုင့်ကိုယ်ထဲသို့ ထွက်ပြေးလာခဲ့သည့်တိုင် အလွတ်မပေးခဲ့ချေ။ ထို့အတွက်ကြောင့် ဝူခွမ်းမှာလည်း ချောင်ပိတ်ခံလိုက်ရသည့် ခွေးတစ်ကောင်နှယ် အသည်းအသန် ပြန်လည် တိုက်ခိုက်တော့လေ၏။

ဤသို့ဖြင့် နှစ်ဦးသားမှာ စတင်၍ တိုက်ခိုက်ကြတော့လေသည်။ သူတို့၏စွမ်းအင်လှိုင်းများကြောင့် ရန်ကိုင့်၏အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်သွားခဲ့ပြီး ဧရာမလှိုင်းလုံးကြီးများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာတော့လေသည်။ ဤသည်မှာ ဝိဉာဉ်များကြား တိုက်ပွဲတစ်ခု ဖြစ်သည့်အတွက်ကြောင့် ပုံမှန် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုထက် ပို၍ကိုအန္တရာယ်များပေသည်။

မဟာဧကရာဇ်နှစ်ပါးစလုံး အသုံးပြုနေသည့် ပညာရပ်များမှာလည်း ဝိဉာဉ်ပညာရပ်များသာ ဖြစ်ကြပေသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံနှစ်ခု ထိပ်တိုက်တွေ့သွားသည့် နေရာတိုင်းတွင် ရောင်စင်စက်ကွင်းများ ထွက်ပေါ်လာလေ့ရှိသည်။

တွမ့်ဟုန်ချန်မှ စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း အလယ်ဗဟိုသို့ ပြေးဝင်သွားတော့လေသည်။ ဝိဉာဉ်ကြာပန်း၏ စွမ်းအားကို သုံးလျက် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကာကွယ်ထားလိုက်လေ၏။

သူ့ကိုယ်သူ မည်သို့ပင် ကာကွယ်ထားနေစေကာမူ သူ့အသိစိတ်ပင်လယ်ထဲတွင် တိုက်ခိုက်နေသည့် လူနှစ်ဦးမှာ မဟာဧကရာဇ်နှစ်ပါး၏ ဝိဉာဉ်များ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင်မှာ လုံးဝကို စိတ်မအေးနိုင်ခဲ့ချေ။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် မဟာဧကရာဇ်နှစ်ပါး၏ တိုက်ပွဲကွင်းပြင် ဖြစ်နေခြင်း ဖြစ်လေရာ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းအပေါ် အားကိုးရုံသာ ရှိတော့လေသည်။

ဝိဉာဉ်ကြာပန်းသည် ဝိဉာဉ်ကို အားဖြည့်ပေးနိုင်သော မဟာရတနာတစ်ပါးဖြစ်ကာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည်ပင်လျှင် ဤဝိဉာဉ်ကြာပန်းကို ရှာရန်အတွက် မရေမတွက်နိုင်သော ကြယ်စီရင်စုများဆီသို့ ခရီးထွက်ခဲ့ဖူးပေသည်။

ရန်ကိုင်သည် သူ့ပတ်ပတ်လည်တစ်ခုလုံးအား ခုနှစ်ရောင်ခြယ် အလင်းစက်ကွင်းဖြင့် လွှမ်းခြုံထားခဲ့လေသည်။ မဟာဧကရာဇ်နှစ်ပါး၏ တိုက်ခိုက်မှုများမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများသည် ခုနှစ်ရောင်ခြယ် အလင်းစက်ကွင်းအပေါ် လှိုင်းတွန့်များသာ ထသွားစေသဖြင့် ရန်ကိုင့်မှာ အန္တရာယ်ကင်းကင်းဖြင့် ရှိနေနိုင်ခဲ့လေသည်။

ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ အလင်းစက်ကွင်းမှာ ထွက်ပေါ်လာသည့် အားလှိုင်းများကို အပြည့်အဝ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိလိုက်ရပြီးသည့်နောက် ရန်ကိုင် စိတ်အေးသွားတော့လေသည်။

ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း၏ ကာကွယ်မှု ရရှိထားသည့်တိုင် ရန်ကိုင့်မှာ တိုက်ပွဲဒဏ်မှ အပြည့်အဝ လွတ်ကင်းနေသည်တော့မဟုတ်။ သူ့ခေါင်းတစ်ခုလုံး နှစ်ပိုင်းကွဲထွက်တော့မည့်အလား တဆစ်ဆစ် ကိုက်ခဲနေလေရာ ရန်ကိုင့်၏နာမ်ဝိဉာဉ်မှာ အဆက်မပြတ်ကို တုန်ရီနေရလေသည်။

တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့၏ တိုက်ကွက်တစ်ခုချင်းစီတိုင်းမှ ဖြာထွက်လာသည့် စွမ်းအားများသည် အလွန်ထက်ရှသည့် ဓါးသွားများနှယ် ရန်ကိုင်၏ အသိစိတ်ပင်လယ်အား လာရောက် ဖြတ်တောက်ပစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ထိခိုက်နာကျင်နေရတော့သည်။

ဤအခိုက်အတန့်တွင် ဝိဉာဉ်ကြာပန်းမှာ အရေးကြီးသည့်ကဏ္ဍမှ ဝင်ရောက်ကူညီပေးတော့လေသည်။ ရန်ကိုင့်ခေါင်း တဆစ်ဆစ် ကိုက်ခဲလာသည့်အကြိမ်တိုင်း သိမ်မွေ့သည့် စွမ်းအားတစ်ရပ် သူ့ကိုယ်ထဲသို့ စီးဝင်လာပြီး ရန်ကိုင့်၏ နာကျင်မှုကို သက်သာပျောက်ကင်းအောင် ကုသပေးသွားလေသည်။ တဖြည်းဖြည်းနှင့် ရန်ကိုင်မှာ ထိုခံစားချက်နှင့် အသားကျလာရတော့သည်။ မဟာဧကရာဇ်နှစ်ပါး၏ တိုက်ခိုက်မှုများသည် သူ့အား ယခင်ကလောက် နာကျင်စေခြင်း မရှိတော့သည့်နောက်တွင် ရန်ကိုင်လည်း မဟာဧကရာဇ်နှစ်ပါး၏ တိုက်ပွဲကို သေချာ အာရုံစိုက်ကြည့်တော့လေသည်။ သူတို့နှစ်ဦး၏ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းကို သူ့စိတ်ထဲ သေသေချာချာ မှတ်သားထားခဲ့သည်။

အခြားနေရာတွင်သာ ဆိုလျှင်တော့ ရန်ကိုင့်အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်ပါလိမ့်မည် မဟုတ်သော်ငြား ဤနေရာသည် သူ၏ အသိစိတ်ပင်လယ်ဖြစ်ပေသည်။ အရာအားလုံးသည် သူ၏ အာရုံစက်ကွင်းအောက်တွင်သာ ရှိနေသည့် အတွက်ကြောင့် ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့ မည်မျှပင် လျင်လျင်မြန်မြန် လှုပ်ရှားနေစေကာမူ သူတို့တိုက်ကွက်များ မည်မျှပင် ပြင်ထန်နေစေကာမူ ရန်ကိုင်ကတော့ ထိုတိုက်ကွက်အားလုံးကို အသေအချာ ခံစားမိနေခဲ့သည်။

တိုက်ပွဲကို ကြည့်နေရင်းမှ ရန်ကိုင့်မှာ အဆက်မပြတ်ကို အံ့အားသင့်နေရတော့သည်။

မဟာဧကရာဇ်နှစ်ပါး၏ စိတ်စွမ်းအင်အား အသုံးပြုပုံပြုနည်းများနှင့် သူတို့ထုတ်သွားသော ပညာရပ်များမှာ အလွန်ကိုမှ မှင်တက်ဖွယ် ကောင်းလွန်းလှပေသည်။ ထို့ကြောင့် ရန်ကိုင်သာ ဤကပ်ဘေးမှ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင် အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဟု တွမ့်ဟုန်ချန်မှ ပြောခဲ့ခြင်းပင် ဖြစ်လေသည်။

လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါး အသုံးပြုနေသော ပညာရပ်များကို ရန်ကိုင်မှ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေသည့် အတွက်ကြောင့် ထိုပညာရပ်များ၏ နက်နဲဆန်းကြယ်သော သဘောတရားများကို လွတ်လွတ်လပ်လပ် လေ့လာနားလည်နိုင်ပေသည်။ ဤနည်းလမ်းသည် ဆရာတစ်ဦး၏ သင်ကြားပြသပေးခြင်းထက်ပင်လျှင် ပို၍ အကျိုးသက်ရောက်မှု ရှိပေသေးသည်။

လက်ရှိ ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့မှာ တစ်ဦးနှင့်တစ်ဦး သူသေကိုယ်သေ တိုက်ခိုက်နေကြခြင်း မဟုတ်တော့ဘဲ ရန်ကိုင့်အား သူတို့တတ်ကျွမ်းထားသည့် ပညာရပ်များအား လက်ဆင့်ကမ်းပေးနေသည်နှင့်ပင် တူနေပေသေးသည်။

ရန်ကိုင်သည် ရုတ်တရက် ထအော်လေသည်။ “စီနီယာဟုန်ချန်… ညှာနေစရာမလိုဘူး… ဂျူနီယာအဆင်ပြေတယ်…”

တိုက်ပွဲအား တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် တွမ့်ဟုန်ချန်မှာ တဖြည်းဖြည်းနှင့် အောက်စည်းရောက်သွားကာ ဝူခွမ်း၏ ဖိနှိပ်ခြင်း ခံနေရကြောင်းကို တွေ့ရှိလိုက်ရလေသည်။

တွမ့်ဟုန်ချန်၏ စိတ်စွမ်းအင်မှာ ဝူခွမ်းအောက် နိမ့်ကျခြင်းမရှိပါသော်ငြား တွမ့်ဟုန်ချန်မှာ ရန်ကိုင့်၏ဝိဉာဉ်ကို ထိခိုက်သွားစေမည် စိုးသည့်အတွက်ကြောင့်လားမသိ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ပေ။

ထိုစကားကိုကြားသော် တွမ့်ဟုန်ချန်သည် ဝူခွမ်းနှင့် တိုက်ခိုက်နေရင်းမှ ရန်ကိုင့်အား တစ်ချက် လှမ်းကြည့်လိုက်လေ၏။ ရန်ကိုင့်ပတ်ပတ်လည်တွင် ကာရံထားသည့် ခုနှစ်ရောင်ခြယ်အလင်းစက်ကွင်းကို မြင်လိုက်သော် စိတ်သက်သာရာ ရသွားဟန်ဖြင့် အော်ရယ်မောလျက် “ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း ငါလည်း ဘာမှ နောက်ဆံတင်းနေစရာ မလိုတော့ဘူးပေါ့ကွာ”

ထိုသို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် တွမ့်ဟုန်ချန်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ရုတ်ချည်း မြင့်တက်သွားခဲ့ပြီး ဝူခွမ်၏ တိုက်ခိုက်မှုအား လက်ရည်တူ ပြန်လည်ရင်ဆိုင် တိုက်ခိုက်တော့လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင့်၏အသိစိတ်ပင်လယ်မှာ ပိုပို၍ ကသောင်းကနင်း ဖြစ်လာခဲ့ရလေသည်။ သို့ရာတွင် ရန်ကိုင့်၏ နာမ်ဝိဉာဉ်ကို ဝိဉာဉ်ကြာပန်းမှ ကာကွယ်ပေးထားသည့် အတွက်ကြောင့် အသိစိတ်ပင်လယ် မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်သည် မည်သည့် ဆိုးဆိုးရွားရွား ဒဏ်ရာကိုမှ မရခဲ့ပေ။

တဖြည်းဖြည်းနှင့် မဟာဧကရာဇ်နှစ်ပါးကြားရှိ နာမ်ဝိဉာဉ်တိုက်ပွဲကိုကြည့်ရင်း ရန်ကိုင်မှာ တိုက်ပွဲထဲ လုံးဝကို နစ်မျောသွားတော့လေသည်။ တိုက်ပွဲကိုကြည့်နေရင်းမှလည်း လုံးဝကို ဆန်းသစ်လှသည့် တံခါးတစ်ချပ် တဖြည်းဖြည်း ပွင့်လာသလို သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။

တိုက်ပွဲမှာ ပိုပို၍ ပြင်းထန်လာနေသည့်အလျောက် နှစ်ယောက်စလုံးမှာလည်း ဒဏ်ရာအသီးသီး ရလာကြတော့သည်။ သို့တိုင် သူတို့၏နာမ်ဝိဉာဉ်မှာတော့ အားကောင်းစွာဖြင့် တောက်ပနေဆဲပင်။ ဤသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူမသေမချင်း တိုက်ပွဲသည် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

အချိန်တဖြည်းဖြည်းကြာလာသည့်နောက် ဒဏ်ရာများလည်း ရလာသလို စွမ်းအင်များလည်း ကုန်လာသည့် အတွက်ကြောင့် မဟာဧကရာဇ်နှစ်ပါး ထုတ်သုံးနေသည့် စွမ်းအားများမှာ တဖြည်းဖြည်း အားနည်းလာရတော့လေသည်။ ဗြောင်းဆန်နေသည့် ရန်ကိုင့်၏ အသိစိတ်ပင်လယ်မှာလည်း ယခင်ကကဲ့သို့ အရူးအမူး လှိုင်းထန်နေခြင်း မရှိတော့ဘဲ တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။

ရန်ကိုင်မှာ တိုက်ပွဲအား ငေးငိုင်ငိုင်ဖြင့် စိုက်ကြည့်နေရင်းမှ ရုတ်တရက် သူ့နားထဲ အသံတစ်သံကို ကြားလိုက်ရလေသည်။ “ကောင်လေး…”

ထိုအသံကြောင့် ရန်ကိုင်လည်း မိန်းမောနေရာမှ ချက်ချင်း အသိပြန်ဝင်လာလေ၏။

ထို့နောက် ရှေ့တည့်တည့်သို့ မမှိတ်မသုန် လှမ်းကြည့်လိုက်လေသည်။

မည်သည့်အချိန်ကတည်းက မဟာဧကရာဇ်နှစ်ပါး တိုက်ခိုက်နေခြင်းအား ရပ်လိုက်မှန်းကို ရန်ကိုင် မသိခဲ့ချေ။ ယခုအချိန်တွင် ပညာရပ်တစ်မျိုးမျိုးကြောင့်လားမသိ မဟာဧကရာဇ်နှစ်ပါး၏ နာမ်ဝိဉာဉ်မှာ နေရာတစ်ခုတည်းတွင် မလှုပ်မယှက် ရပ်နေကြလေ၏။

ထို့အပြင် နာမ်ဝိဉာဉ်နှစ်ခုလုံးမှာ တစ်ခုခုသာ ဖြစ်လာပါက အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား ၎င်းတို့၏ အရှိန်အဝါမှာ အတော်လေးကိုမှ မှိန်ဖျော့နေခဲ့လေသည်။

တွမ်ဟုန်ချန်၏မျက်နှာ လေးနက်တည်ကြည်နေပြီး ဝူခွမ်းမျက်နှာမှာတော့ သုန်မှုန်နေခဲ့လေသည်။ သို့သော်ငြား မည်သူမှ အလျှော့မပေးခဲ့ချေ။

“စီနီယာကို ဘယ်လိုကူညီပေးရမလဲ…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။

“မင်းရဲ့ အားအကောင်းဆုံး ဝိဉာဉ်ပညာရပ်နဲ့ ငါတို့ကို တိုက်ခိုက်လိုက်…” တွမ့်ဟုန်ချန်က အံကြိတ်၍ ပြောလိုက်လေသည်။

ရန်ကိုင့်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

ဝူခွမ်းသည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။ “တွမ့်ဟုန်ချန်… မင်း သူငယ်ပြန်သွားတာလား… သူ့လိုမျိုး ဧကရာဇ်တက်သစ်စအဆင့်တစ်ယောက်က ငါတို့ကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်နိုင်မှာလဲ…”

တွမ့်ဟုန်ချန်က ညစ်ကျယ်ကျယ်ပြုံးလျက် “ဒီကောင်က သာမန်လူမှမဟုတ်တာ… မင်း သူ့ကို အထင်သေးလွန်နေရင် ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားလိမ့်မယ်နော်…”

ဝူခွမ်းကမူ ထီမထင်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုဒုက္ခရောက်မှာလဲ... ဒီဘုရင် တကယ် မြင်ချင်မိသား…”

တွမ့်ဟုန်ချန်းက ပြန်ပြောလိုက်လေ၏။ “မင်း ဘာကို ရပ်ကြည့်နေသေးတာလဲ… မြန်မြန်လုပ်လိုက်တော့လေ… မင်း ဘယ်လိုပညာရပ်မျိုုး ထုတ်သုံးလာမလဲဆိုတာ ဒီလူအိုကြီး တကယ်သိချင်နေပြီ…”

“စီနီယာ…” ရန်ကိုင်မှာမူ တုံ့ဆိုင်းနေမိပေသည်။

ထိုအခါ တွမ့်ဟုန်ချန်က ထပ်၍ အော်ပြောလိုက်လေသည်။ “ဝူခွမ်းသာ ပြန်လည်မွေးဖွားလာရင် လွန်ခဲ့တဲ့ နှစ်သောင်းနဲ့ချီက ကိစ္စရပ်တွေ ပြန်ဖြစ်လာမှာ… ဒီနေ့အခွင့်အရေးကိုရဖို့အတွက် ဒီလူအိုကြီး နှစ်သောင်းနဲ့ချီပြီး စောင့်နေခဲ့ရတာ… ဒီအတွက် ငါသေရမယ်ဆိုရင်တောင် သူ့ကိုပါ မရရအောင် ဆွဲခေါ်သွားမယ်… အခုလို အခွင့်အရေးဆိုတာ နောက်တစ်ကြိမ်ထပ်ရဖို့ ဖြစ်နိုင်တာမဟုတ်ဘူး… ဒီလူအိုကြီးကို စိတ်ပျက်အောင်မလုပ်နဲ့,,, ”

တွမ့်ဟုန်ချန်သည် ပညာရပ်တစ်ခုကိုထုတ်သုံး၍ အော်ပြောလိုက်သည့် အတွက်ကြောင့် သူ့အသံသည် ရန်ကိုင့်နားထဲ မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့လေသည်။

တွမ့်ဟုန်ချန်၏ သံဓိဌာန်ချထားသည့် အကြည့်ကိုမြင်သော် ရန်ကိုင်လည်း စိတ်ပိုင်းဖြတ်လိုက်တော့လေ၏။

ရန်ကိုင်သည် ဝိဉာဉ်ကြာပန်းထဲမှ ဖြည်းဖြည်းချင်း ထရပ်လာပြီး တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့ဆီသို့ လျှောက်လာလိုက်လေသည်။

အနီးသို့အရောက်တွင် ရန်ကိုင်ကရပ်လိုက်ပြီး မေးလိုက်လေ၏။ “စီနီယာ ဂျူနီယာကနေတစ်ဆင့် ကျောင်းသခင်ဝမ်ကို ပြောချင်တာလား ရှိသေးလား…”

တွမ့်ဟုန်ချန်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “မရှိဘူး… ဒီလူအိုကြီး ဒီနှစ်တွေအတွင်း ဘာတွေလုပ်နေလဲဆိုတာကို သူသိပြီးသား…”

ရန်ကိုင်က ခေါင်းညိတ်လျက် ဦးညွှတ်ကာ ပြောလိုက်လေသည်။ “ဒါဆိုရင် စီနီယာ အေးအေးချမ်းချမ်းနဲ့ အနားယူပါတော့…”

တွမ့်ဟုန်ချန်သည် ယဲ့ယဲ့လေးပြုံးလျက် မျက်လုံးပိတ်လိုက်လေသည်။

ဝူခွမ်းသည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့သော်ငြား မည်သည့်စကားမျှ မပြောခဲ့ပေ။ ရန်ကိုင် သူ့အား သတ်နိုင်လိမ့်မည်ဟု မယုံကြည်သည့်ပုံပင်။

“ဆေဘာဓါး လာစမ်း…” ရန်ကိုင်က ထအော်လိုက်လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ ဆေဘာဓါးတစ်ချောင်း ရုတ်တရက် ဖြစ်တည်လာလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၀၄)

“ဧကရာဇ်အဆင့် ဝိဉာဉ်မှော်ရတနာ…” ရန်ကိုင့်လက်ထဲရှိ ဆေဘာဓါးကိုမြင်သော် ဝူခွမ်း၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

ဧကရာဇ်အဆင့် မှော်ရတနာများမှာ အလွန်ကိုမှ ရှားပါးလှပေသည်။ ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ဧကရာဇ်အဆင့်မှော်ရတနာ အခုတစ်ထောင် ရှိမည်ဆိုလျှင်ပင် ထိုအခုတစ်ထောင်ထဲ၌ ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို တွေ့ရရန် မလွယ်ကူချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မည်မျှ အဖိုးတန်ကြောင်း မြင်တွေ့နိုင်ပေသည်။

ရန်ကိုင့်တွင် ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှိနေလိမ့်မည်ဟု ဝူခွမ်း လုံးဝ မထင်ထားခဲ့ချေ။ အစောပိုင်းက ရန်ကိုင့်၏ အသိစိတ်ပင်လယ်ကို လှည့်ပတ်ကြည့်နေစဉ် ရန်ကိုင်မှာ ထိုဧကရာဇ်အဆင့်မှော်ရတနာကို လျှို့ဝှက်စွာ ဖုံးကွယ်ထားသည့် အတွက်ကြောင့် ဝူခွမ်းလည်း သတိမထားမိခဲ့ချေ။

ဝူခွမ်းမှာ စတင်၍ စိတ်ပူလာတော့လေသည်။ ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာများသည် ဝိဉာဉ်ကိုသာ ဦးတည်ကာ တိုက်ခိုက်သည့်အတွက်ကြောင့် ထိုမှော်ရတနာ၏ အကူအညီကိုသာ ရသွားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် သူ့အား ထိခိုက်အောင် လုပ်ကောင်း လုပ်နိုင်ပေလိမ့်မည်။

သူ့စိတ်ထဲ ကြောက်လန့်နေသည့်တိုင် ဝူခွမ်းကမူ အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ “ရတနာကောင်းတစ်ခုပဲ… ဒါပေမဲ့ အဲ့လောက်နဲ့တင် ဒီဘုရင်ကိုသတ်ဖို့ မလုံလောက်သေးဘူး…”

ရန်ကိုင်က အလေးအနက် အမူအယာဖြင့် သူ့လက်ညှိုးအား ဆေဘာဓါး၏ ဓါးသွားတစ်လျှောက် ပွတ်ဆွဲလိုက်လေသည်။ ချက်ချင်းဆိုသလို ဆေဘာဓါးဆီမှ ထွက်ပေါ်နေသည့် တဝီဝီမြည်သံတို့ ရပ်တန့်သွားခဲ့၏။ ထို့နောက်တွင် ဝူခွမ်းအား ဆေဘာဓါးဖြင့် ချိန်ရွယ်လျက် အေးစက်စက်လေသံဖြင့် အော်ပြောလိုက်လေသည်။ “ဒါက ဝိဉာဉ်ခွဲဆေဘာဓါးပဲ… ဝူခွမ်း… ဒီဓါးလက်ချက်နဲ့သေရတာ ခင်ဗျားကိုယ်ခင်ဗျား ဂုဏ်ယူသင့်တယ်…”

“ဟား ဟား ဟား…” ထိုစကားကိုကြားပြီးသည့်နောက် ဝူခွမ်းမှာ ဝါးလုံးကွဲ အော်ဟစ်ရယ်မောလေသည်။ ထို့နောက် လှောင်ပြောင်လိုဟန်ဖြင့် ပြန်ပြောလေ၏။ “ကျွတ် ကျွတ်… ဒီဧကရာဇ်အဆင့် မှော်ရတနာနဲ့ဆိုရင် ဒီဘုရင်ကို ထိခိုက်အောင် လုပ်နိုင်တယ်ဆိုတာ ငါဝန်ခံတယ်… ဒါပေမဲ့ ကောင်လေး… ဒီဘုရင်ကို အဲ့လောက်နဲ့သတ်ချင်နေရင်တော့ နှစ်တစ်သောင်းလောက် ဆက်ပြီး ကျင့်ကြံနေလိုက်ဦးကွ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါဆိုရင်လည်း လက်တွေ့စမ်းကြည့်ကြတာပေါ့ လူကြီးမင်း ကောင်းကင်ဝါးမျိုသူရယ်…”

ထိုသို့ပြောပြီးသည့်နောက် စိတ်စွမ်းအင်အား အရူးအမူး လှည့်ပတ်လိုက်လေရာ အောက်ဘက်ရှိ မီးတောက်များ လောင်ကျွမ်းနေသော အသိစိတ်ပင်လယ်ပြင်တစ်ခုလုံး လှိုင်းထန်လာပြီး စိတ်စွမ်းအင်များသည် ပင်လယ်ထဲဆီမှ ပျံတက်လာကာ ဝိဉာဉ်ခွဲဆေဘာဓါးထဲသို့ အရူးအမူး စီးဝင်သွားခဲ့လေသည်။ စိတ်စွမ်းအင်များ တိုးဝင်လာသည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်ခွဲဆေဘာဓါးမှာ အရောင်တလက်လက် တောက်ပလာလေတော့သည်။

ထို့နောက်တွင် ရန်ကိုင်သည် လက်ကွက်တစ်ခုကို ဖန်တီးလျက် ဝိဉာဉ်ခွဲဆေဘာဓါးအား ရိုက်ချလိုက်လေသည်။

ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်ဖြင့်ထိတွေ့ကိုင်တွယ်၍ ရလောက်အောင်ပင်လျှင် သိပ်သည်းလွန်းလှသော သတ်ဖြတ်လိုစိတ်တစ်ခု လေထဲ ပျံ့နှံ့လာခဲ့လေသည်။

ထိုအချင်းအရာကို သတိပြုမိလိုက်သော် ဝူခွမ်း၏ အမူအယာ တဖြည်းဖြည်းချင်း လေးနက်တည်ကြည်သွားခဲ့ပြီး အကာအကွယ်ပညာရပ်တစ်ခုခုကို ထုတ်သုံးတော့မည့်အလား သူ့စွမ်းအင်ကို မသိမသာလေး လှည့်ပတ်လိုက်လေသည်။

“ရွှမ်……..”

ဝိဉာဉ်ခွဲဆေဘာဓါး၏ အရှိန်အဝါမှာ အကန့်အသတ်ထိသို့ ရောက်ရှိသွားသည့်အလား ဓါးတစ်ချောင်းလုံးမှာ ရန်ကိုင့်၏ထိန်းချုပ်မှ ရုန်းထွက်၍ ရန်သူ့အား ပြေးခုတ်ချင်နေသည့်အလား အဆက်မပြတ် တုန်ခါလာတော့လေသည်။

ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။ “ကောင်းကင်ခွဲဓါးချက်….”

အလွန်ပြင်းထန်သည့် စွမ်းအားတို့ ဝိဉာဉ်ခွဲဆေဘာဓါးတစ်ချောင်းလုံးအား လွှမ်းခြုံသွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ဝိဉာဉ်ခွဲဆေဘာဓါးမှာ ရွှေရောင်တလက်လက် တောက်ပလာခဲ့ပြီး ၎င်း၏အရှိန်အဝါမှာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့လေသည်။

“ဘယ်လိုပညာရပ်ကြီးလဲ…” ယခုအချိန်တွင်တော့ ဝူခွမ်းမှာ အမှန်တကယ်ကို ကြောက်ရွံ့နေပြီဖြစ်လေရာ အလန့်တကြား ထအော်တော့လေသည်။

မဟာဧကရာဇ်တစ်ပါးဖြစ်သည့်အလျောက် ဝိဉာဉ်ခွဲဆေဘာဓါးအတွင်းရှိ ပြောင်းလဲမှုကို သတိပြုမိနိုင်ပါသော်ငြား ထိုကဲ့သို့ဖြစ်သွားအောင် ရန်ကိုင် မည်သို့သော ပညာရပ်အား ထုတ်သုံးလိုက်သလဲ ဆိုသည်ကိုတော့ မသိချေ။ လက်ရှိ ဝိဉာဉ်ခွဲဆေဘာဓါးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ဝူခွမ်းအား အမှန်တကယ်ကို ကြောက်လန့်နေမိစေလေသည်။

အကြောင်းမှာ ဤဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာဆီမှ သူ၏ နာမ်ဝိဉာဉ်ကိုပင်လျှင် အသက်အန္တရာယ်ပေးနိုင်သော စွမ်းအားကို ခံစားမိနေသည့် အတွက်ကြောင့်ပင်။

“ကောင်းကင်ဝါးမျိုသူ… ခင်ဗျားကိုသတ်လိုက်တဲ့လူရဲ့ နာမည်က ရန်ကိုင်ပဲဆိုတာ မှတ်ထားလိုက်ဦး…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် အော်ပြောလိုက်လေသည်။

သူ့စကားဆုံးသွားသည်နှင့် ရန်ကိုင်သည် သူ့လက်အား ဝှေ့ယမ်းချလိုက်လေသည်။ ဝိဉာဉ်ခွဲဆေဘာဓါးသည် လေးကိုင်းမှ လွှတ်လိုက်သော မြားတစ်စင်းအလား အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် မဟာဧကရာဇ်နှစ်ပါးဆီသို့ တိုးဝင်သွားလေ၏။ ထိုတိုက်ကွက်ထဲတွင် လတစ်စင်းမှ ကမ္ဘာမြေအား ဝင်ဆောင့်သည့်အလား ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားလောက်အောင် ပြင်းထန်သည့် စွမ်းအားတို့ ပါဝင်နေခဲ့လေသည်။

ရန်ကိုင်သည် ဤကောင်းကင်ပိုင်းဖြတ်ခြင်းဓါးချက်ကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ရှိနေသော ထျန်းယန်ဆီမှ သင်ယူခဲ့ခြင်း ဖြစ်ပေသည်။

ထျန်းယန်သည် ရုပ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိဘဲ ဝိဉာဉ်ခန္ဓာကိုယ် တစ်ခုသက်သက်သာ ဖြစ်သော်ငြား သူ့ကျင့်ကြံခြင်းမှာ မဟာဧကရာဇ်အဆင့်သို့ ရောက်နေလေပြီ။ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက်ကြောင့် ထျန်းယန်သည် သူ့ဘဝတစ်လျှောက်လုံး ဝိဉာဉ်ပညာရပ်များကိုသာ တစိုက်မတ်မတ် လေ့လာခဲ့လေရာ သူပိုင်ဆိုင်ထားသည့် ဝိဉာဉ်ပညာရပ်များမှာ ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့ ပိုင်ဆိုင်ထားသည့် ဝိဉာဉ်ပညာရပ်များထက်ပင်လျှင် ပို၍ နက်နဲဆန်းကြယ်ပေသည်။

ဤကောင်းကင်ခွဲဓါးချက်ကို အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေသည်။

ရန်ကိုင်သည် ဝိဉာဉ်ခွဲဆေဘာဓါးအား နေ့စဉ်နှင့်အမျှ အားဖြည့်ပေးနေခဲ့လေရာ ဝိဉာဉ်ခွဲဆေဘာဓါးအတွင်းရှိ စွမ်းအင်မှာ တဖြည်းဖြည်းနှင့် မြင့်မားသည်ထက် မြင့်မားလာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ယခု ပထမဦးဆုံးအကြိမ် ထုတ်သုံးလိုက်သော ဓါးချက်မှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့အနေဖြင့် ယခုတစ်ကြိမ် သုံးပြီးသည့်နောက်တွင် နောက်တစ်ကြိမ်ပြန်သုံးလိုပါက ထပ်မံ၍ အားဖြည့်ပေးရန် လိုအပ်ပါသော်ငြား ဤကဲ့သို့သော ပညာရပ်မျိုးသည် သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရသည့်အခါ အလွန်တရာကိုမှ အသုံးဝင်လှပေသည်။

ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော ဝိဉာဉ်ခွဲဆေဘာဓါးမှာမူ ကောင်းကင်ခွဲဓါးချက်ကို ထုတ်သုံးရန်အတွက် အကောင်းဆုံးသော ကြားခံတစ်ခု ဖြစ်ပေသည်။

“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်ကများ ဒီဘုရင်ကို သတ်ချင်သေးတယ်…” ဝူခွမ်း သွေးရူးသွေးတမ်း ထအော်လေသည်။ အစောပိုင်းကကဲ့သို့ ရန်ကိုင့်အား မောက်မာအထင်သေးနေခြင်း မရှိတော့ဘဲ ရန်ကိုင့်၏တိုက်ကွက်အား အလေးအနက်အမူအယာဖြင့် ရင်ဆိုင်နေခဲ့လေသည်။

ထိုသို့အော်ဟစ်နေရင်းမှ သူ၏စွမ်းအင်အား အရူးအမူးလှည့်ပတ်လျက် တွမ့်ဟုန်ချန်၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်ပါသော်ငြား တွမ့်ဟုန်ချန်သည် ဝူခွမ်းအား မည်သို့များ ထိုကဲ့သို့ လုပ်ခွင့်ပေးနိုင်ပါမည်နည်း။

“ဝူခွမ်း… ရုန်းကန်မနေနဲ့တော့… ငါတို့နှစ်ယောက်စလုံး ငရဲကို အတူတူသွားတာ ပိုမကောင်းဘူးလား… ငါတို့ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးလို့ ရနေတာပဲဟာကို …” တွမ့်ဟုန်ချန်သည် ရယ်ရယ်မောမောဖြင့် အော်ပြောလိုက်လေသည်။

“သွားချင်ရင် မင်းဘာသာမင်းပဲသွား…” ဝူခွမ်းက ထအော်လေ၏။ ထို့အပြင် သူ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများမှာ ခြောက်ခြားဖွယ်ရာကောင်းလောက်အောင်ကို မတည်မငြိမ်ဖြစ်လာခဲ့လေသည်။

တွမ့်ဟုန်ချန်း၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ ဝူခွမ်း ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို မသိပါသော်ငြား လက်ရှိအချိန်သည် ဝူခွမ်းအား သတ်ရန် အကောင်းဆုံးအချိန်ဖြစ်မှန်း သိနေခဲ့လေသည်။ သူ လက်ရှိ လုပ်ဖို့ရာမှာ ဝူခွမ်းကို ထွက်မပြေးနိုင်အောင် ချုပ်နှောင်လျက် တိုးဝင်လာနေသည့် တိုက်ခိုက်မှုအား ပြေးဝင်တွေ့ရုံသာ ရှိတော့လေသည်။

လခြမ်းကွေးနှယ် ဓါးချက်ကြီးသည် မဟာဧကရာဇ်နှစ်ပါး၏ နာမ်ဝိဉာဉ်အား လွှမ်းခြုံသွားခဲ့လေသည်။

တွမ့်ဟုန်ချန်၏ အော်ဟစ်ငြီးတွားသံများနှင့်အတူ ဝူခွမ်း၏ ခြောက်ခြားဖွယ်ရာအော်သံကြီး ထွက်ပေါ်လာခဲ့လေသည်။

ထိုတိုက်ကွက်အား ထုတ်သုံးပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဝိဉာဉ်ကြာပန်းထဲသို့ ချက်ချင်း ပြန်ဝင်ပြေးလာလိုက်လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလှသော ရန်ကိုင့်၏ဓါးချက်စွမ်းအားမှာ စတင်၍ ပေါက်ကွဲထွက်လာတော့လေ၏။ ထိုဓါးချက်စွမ်းအားကြောင့် ရန်ကိုင့်၏ အသိစိတ်ပင်လယ်တစ်ခုလုံး ဆူပွက်လာခဲ့ပြီး မီးတောက်လောင်နေသော ပင်လယ်ရေလှိုင်းလုံးများမှာလည်း အဘက်ဘက်သို့ ရိုက်ခတ်လာတော့လေသည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်၏ အလယ်ဗဟိုတည့်တည့်၌ ဧရာမတွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

သူ၏အားအကောင်းဆုံးသော ဝိဉာဉ်ပညာရပ်နှင့် ဝိဉာဉ်မှော်ရတနာကို သူ့အသိစိတ်ပင်လယ်ထဲတွင်ပင် ပြန်လည်အသုံးချကာ တိုက်ခိုက်လိုက်သည့် အတွက်ကြောင့် ရန်ကိုင့်မှာ သူ့ခေါင်းတစ်ခုလုံး နှစ်ပိုင်းကွဲထွက်တော့မလို ခံစားနေခဲ့ရလေသည်။ ယခင်က သူ့အနေဖြင့် ဤကဲ့သို့သော အရာမျိုး လုပ်ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သို့ရာတွင် ယနေ့၌ သူ့တွင် ရွေးချယ်စရာ ရှိမနေခဲ့ပေ။

ယခုတစ်ကြိမ် သူခံစားလိုက်ရသည့် ဒဏ်ရာသည် မဟာဧကရာဇ်နှစ်ပါး တိုက်ခိုက်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာရသည့် ဒဏ်ရာထက်ကို ပိုမိုဆိုးရွားပေသည်။ ရန်ကိုင့်မှာ အလွန်ကိုမှ နာကျင်လွန်းသည့်အတွက်ကြောင့် သတိပင် လစ်ချင်လာခဲ့လေ၏။

“ဘုန်း ဘုန်း ဘုန်း…”

ပေါက်ကွဲသံများမှာ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာသည့်အလား အဆက်မပြတ်ကို ထွက်ပေါ်နေခဲ့လေသည်။

အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားပြီးသည့်နောက်တွင် ချောက်ခြားဖွယ်ရာကောင်းလှသော ပေါက်ကွဲမှုများမှာ ရပ်တန့်သွားခဲ့ပြီး လှိုင်းထန်နေသော ပင်လယ်ပြင်မှာလည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားခဲ့ကာ မျက်စိကျိန်းမတတ် အလင်းတန်းတို့မှာလည်း ပျောက်ကွယ်သွားတော့လေသည်။

ရန်ကိုင်မှာ နာကျင်မှုကြောင့် ခေါင်းတစ်ခေါင်းလုံး မူးနောက်နေပါသော်ငြား စွမ်းအင်လှိုင်းပေါက်ကွဲမှု ငြိမ်သက်သွားသည်နှင့် တစ်ပြိုင်နက် ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့၏ အခြေအနေကို ချက်ချင်း စစ်ဆေးကြည့်လေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင့်အမူအယာ ပြောင်းလဲသွားတော့လေ၏။

လက်ရှိ သူ့အသိစိတ်ပင်လယ်ထဲတွင် တွမ့်ဟုန်ချန်၏ နာမ်ဝိဉာဉ်သာ ရှိနေတော့ပေသည်။ သို့သော်ငြား တွမ့်ဟုန်ချန်၏ နာမ်ဝိဉာဉ်ပေါ်၌ ပုခုံးထက်မှနေ၍ ဝမ်းဗိုက်ထိရောက်နေသော ဧရာမဓါးချက်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုဓါးချက်ကြောင့် တွမ့်ဟုန်ချန်၏ နာမ်ဝိဉာဉ်မှာ နှစ်ပိုင်းပြတ်ထွက်ခါနီးဖြစ်နေကာ စိတ်စွမ်းအင်များသည် ထိုဒဏ်ရာကြီးဆီမှ အပြင်သို့ အဆက်မပြတ် စိမ့်ထွက်နေခဲ့၏။

တွမ့်ဟုန်ချန်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ အမောတကော အသက်ရှူရင်း မေးလိုက်လေသည်။ “ဝူခွမ်း ဘယ်ရောက်သွားလဲ… သူ့ဝိဉာဉ်ပျက်စီးသွားပြီလား…”

ရန်ကိုင်က စိတ်ဓာတ်ကျနေသည့် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “သူထွက်ပြေးသွားတယ်…”

သူ့ကိုယ်သူ စစ်ဆေးကြည့်နေစဉ်အတောအတွင်း တစ်စုံတစ်ဦးသည် သူ့အသိစိတ်ပင်လယ် အကာအကွယ်များကို ချိုးဖြတ်၍ ထွက်ပြေးသွားသည်ကို ရန်ကိုင်ခံစားမိလိုက်လေသည်။

တွမ့်ဟုန်ချန် ဤနေရာတွင် ရှိနေသေးသည့် အတွက်ကြောင့် ထွက်ပြေးသွားသည့်လူမှာ ဝူခွမ်းသာ ဖြစ်ရပေလိမ့်မည်။

ထိုစကားကိုကြားသော် တွမ့်ဟုန်ချန်၏အမူအယာ သုန်မှုန်သွားခဲ့ပြီး အားတင်း၍ ထရပ်လျက် အော်ပြောလိုက်လေသည်။ “ကောင်လေး… ငါ့ကို အပြင် မြန်မြန် ထုတ်ပေးပေတော့…”

ရန်ကိုင်လည်း သူ့လက်ကို ဝှေ့ယမ်းလျက် တွမ့်ဟုန်ချန်၏ နာမ်ဝိဉာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲမှ ထုတ်ပေးလိုက်လေသည်။

ထိုသို့လုပ်ပြီးသည့်နောက်တွင် ရန်ကိုင့်တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး အရုပ်ကြိုးပြတ် လဲကျခါနီး ဖြစ်သွားခဲ့ရသည်။

ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့ ဆက်ပြီး တိုက်ခိုက်လေဦးမလား သိချင်မိပါသော်ငြား သူ့လက်ရှိအခြေအနေသည် သူ့အား ထိုကဲ့သို့ လုပ်ခွင့်ပေးမနေခဲ့ပေ။ လက်ရှိအချိန်တွင် သူ့ကိုယ်သူ သတိမလစ်သွားအောင်သာ ကြိုးစား ထိန်းသိမ်းနေရသဖြင့် ရန်ကိုင့်တွင် အခြားသူများကို အာရုံစိုက်နေရန် အချိန်ရှိမနေခဲ့ချေ။

မဟာဧကရာဇ်နှစ်ပါး၏ နာမ်ဝိဉာဉ်တိုက်ပွဲကို ကြည့်ရင်းမှ သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသော်ငြား ရန်ကိုင်ကိုယ်တိုင်သည်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရလေသည်။

ရန်ကိုင်၏ အလျင်စလို လုပ်ဆောင်မှုအောက်တွင် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းဆီမှ သိမ်မွေ့သည့်အလင်းတန်းတို့‌ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့အသိစိတ်ပင်လယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ ထို့နောက်တွင် ထိုအလင်းတန်းတို့သည် ထိခိုက်သွားသော သူ့ဝိဉာဉ်ကို ပြန်လည်ကုသပေးတော့လေ၏။

နေ့တစ်ဝက်ခန့် ကြာပြီးသည့်နောက် ရန်ကိုင့်၏အခြေအနေ အတော်လေး သက်သာလာခဲ့လေသည်။

ယခုအချိန်မှသာ ရန်ကိုင်လည်း ကောင်းကောင်းမွန်မွန် ပြန်လည်လှုပ်ရှားနိုင်တော့လေသည်။ အတော်လေး ပြန်ကောင်းသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ့အသိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ပို့လိုက်လေ၏။

မျက်လုံးပြန်ပွင့်လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ ဦးတည်ရာမဲ့စွာ လွင့်မျောနေကြောင်းကို တွေ့လိုက်ရလေသည်။

သူ့ရှေ့တည့်တည့်တွင်မူ တင်ပလင်ခွေထိုင်နေသည့် တွမ့်ဟုန်ချန် ရှိနေခဲ့လေသည်။

ရန်ကိုင်သည် တံတွေးတစ်လုပ် မျိုချရင်း တွမ့်ဟုန်ချန်၏ အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်လိုက်လေ၏။ မကြာမီတွင် တွမ့်ဟုန်ချန်မှာ အသက်ရှူနေသေးကြောင်း တွေ့လိုက်ရလေသည်။ သို့ရာတွင် သူ့အရှိန်အဝါမှာ အလွန်တရာကိုမှ အားနည်းနေလေ၏။ သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် ဧကရာဇ်ချီစွမ်းအင်လှိုင်းများဆိုလျှင် မရှိတော့လေဟု ထင်မှတ်ရလောက်အောင်ကို မှိန်ဖျော့နေခဲ့လေသည်။

(အနည်းဆုံးတော့ သူမသေသေးဘူးပဲ…) ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။

ဝိဉာဉ်ခွဲဆေဘာဓါးကို ထုတ်သုံးရာတွင် သူ့ခွန်အားအနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိခဲ့ချေ။ ထို့အတွက်ကြောင့် တွမ့်ဟုန်ချန်မှာ ဝူခွမ်းနှင့်အတူ အသတ်ခံလိုက်ရမည်ကို စိုးရိမ်ခဲ့ရသည်။ တွမ့်ဟုန်ချန်ကိုယ်တိုင် တောင်းဆိုသဖြင့် ထိုကဲ့သို့ လုပ်ပေးလိုက်ရခြင်းဖြစ်သော်ငြား ရန်ကိုင့်အနေဖြင့် အများအကျိုးအတွက် ဆောင်ရွက်ပေးနေသော ဤကဲ့သို့ မြင့်မြတ်လှသည့် မဟာဧကရာဇ်တစ်ပါးကို မည်ကဲ့သို့များ သတ်ရက်ပါမည်နည်း။

တွမ့်ဟုန်ချန်နှင့် ရန်ကိုင်သည် ဤနေရာတွင် ရှိနေကြလေသည်။ ထိုသို့ဆိုလျှင် ဝူခွမ်း မည်သည့်နေရာသို့ ထွက်သွားလေသနည်း။

ဝူခွမ်၏ရုပ်ခန္ဓာမှာ ပျက်စီးသွားပြီဖြစ်သလို သူ၏နာမ်ဝိဉာဉ်မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရလေသည်။ ထိုသို့ဖြစ်လေရာ အဆုံးမဲ့ဟင်းလင်းပြင်ထဲ ဝူခွမ်းအနေဖြင့် မည်သည့်နေရာသို့များ ထွက်ပြေးနိုင်ပါမည်နည်း။ သူသာ ဦးတည်ရာမဲ့စွာ ကမန်းကတန်း လျှောက်ပြေးနေမည်ဆိုပါက ဟင်းလင်းပြင်စီးကြောင်းများ၏ အနှေးနှင့်အမြန်ဆိုသလို ဝါးမျိုခြင်း ခံရပေလိမ့်မည်။

ဝူခွမ်းသည် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးသော ပညာရှင်တစ်ဦး ဖြစ်မည်ဆိုလျှင်ပင် သူ့လက်ရှိအခြေအနေနှင့် ဟင်းလင်းပြင်စီးကြောင်းများလက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

(ကြည့်ရတာ ဝူခွမ်း အသက်ရှင်နိုင်ချေ သိပ်မရှိတော့ဘူးနဲ့တူတယ်…) ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် ရန်ကိုင် ဝမ်းသာအားရဖြစ်သွားခဲ့လေသည်။

သို့သော်ငြား တွမ့်ဟုန်ချန်၏ အခြေအနေကို သေချာ အနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင် စိတ်မပူဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။ အကြောင်းမှာ လက်ရှိအချိန်တွင် တွမ့်ဟုန်ချန်၏ အရှိန်အဝါမှာ အလွန်ကိုမှပင်လျှင် အားနည်းနေလွန်းလှလေရာ သူ မသေသေးသည်မှာပင် အလွန်ကိုမှ အံ့ဩစရာ ကောင်းနေတော့လေ၏။ ရန်ကိုင်သာ မြန်မြန်ဆန်ဆန် မကူညီပေးပါက မဟာဧကရာဇ်မှာ ဤနေရာတွင်ပင် သေသွားရပေလိမ့်မည်။

ထိုသို့စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အမျိုးမျိုးသော ကုသရေးဆေးလုံးများကို ထုတ်ယူကာ တွမ့်ဟုန်ချန်၏ ပါးစပ်ကို လက်ဖြင့်ဟလျက် ဆေးလုံးများကို တွမ့်ဟုန်ချန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက်တွင် သူ့စွမ်းအားကို သုံးလျက် တွမ့်ဟုန်ချန်မှ ထိုဆေးလုံးများ၏ အာနိသင်ကို ချေဖျက်နိုင်အောင် ကူညီပေးလိုက်လေ၏။

ခွန်အားကိုလှည့်ပတ်၍ ကူညီပေးနေစဉ်အတောအတွင်း သူ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ရန်ကိုင် ချက်ချင်း ရှာတွေ့သွားခဲ့သည်။

ထိုအရာမှာ အခြားမဟုတ်။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီအားလုံး သန့်စင်လှသည့် ဧကရာဇ်ချီအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

(ဘာတွေဖြစ်သွားတာလဲ…) ရန်ကိုင့်မှာ အံ့လည်းအံ့ဩ ဝမ်းလည်းဝမ်းသာ မိနေလေသည်။

ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ဝင်ပြီးသည့်နောက်တွင် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူတို့၏ အရင်းအမြစ်ချီအား ဧကရာဇ်ချီအဖြစ်သို့ ပြောင်းလဲရန် နှစ်ပေါင်းများစွာ အချိန်ယူကြိုးစားရပေသည်။ မည်သူမှ ဤဖြစ်စဉ်အား ကျော်လွှား၍မရချေ။ မြန်ပါက နှစ်အနည်းငယ်အတွင်း ပြီးသွားနိုင်ပါသော်ငြား အလွန်ကိုမှ ကြာသွားမည်ဆိုပါက နှစ်ရာနှင့်ချီကာ ကြာသွားနိုင်ပေသည်။ ဤသည်မှာ တန်ခိုးရှင်ဘုရင်အဆင့်မှ တာအိုသခင်အဆင့်သို့ ပထမဦးဆုံး ချိုးဖြတ်စဉ်က သူတော်စင်ချီအား အရင်းအမြစ်ချီသို့ ပြောင်းလဲရသည်နှင့် တူပေသည်။

သို့သော်ငြား ရန်ကိုင်သည် ယခုလေးတင်မှ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားခဲ့ခြင်း ဖြစ်လေရာ သူ့ကိုယ်တွင်းရှိ အရင်းအမြစ်ချီအားလုံးမှာ မည်ကဲ့သို့များ ဧကရာဇ်ချီအဖြစ်သို့ ပြောင်းလဲသွားကုန်ရလေသနည်း။

ရန်ကိုင်သည် ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို သေသေချာချာ ပြန်စဉ်းစားကြည့်လေသည်။ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသွားသည့်နောက်တွင် ရန်ကိုင့်၏ အရင်းအမြစ်ချီသည် ဧကရာဇ်ချီအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာတော့လေ၏။ သို့သော်ငြား သူ့ကိုယ်သူ သေချာ မစစ်ဆေးနိုင်သေးခင်မှာပင် သူရှိနေသည့် ဟင်းလင်းပြင်တစ်ခုလုံး ပျက်စီးသွားခဲ့ကာ သတိလစ်သွားခဲ့ရလေ၏။ ထို့နောက်တွင် ဝူခွမ်းမှ သူ့အသိစိတ်ပင်လယ်အား ကျူးကျော်လာခဲ့လေသည်။ မဟာဧကရာဇ်နှစ်ပါး၏ တိုက်ပွဲ ပြီးဆုံးသွားသည့်နောက်မှသာ ရန်ကိုင်လည်း သူ့အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လာနိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်အား စစ်ဆေးခွင့် ရလိုက်လေသည်။ ထိုသို့စစ်ဆေးမိသည်နှင့် တစ်ပြိုင်နက် အရင်းအမြစ်ချီများအားလုံး ဧကရာဇ်ချီအဖြစ်သို့ ပြောင်းလဲနေပြီးကုန်ကြလေပြီ။

ဤသို့ဖြစ်ရခြင်းမှာ အဆင့်တက်စဉ်က သူကြုံခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်နေနိုင်သလို မဟာဧကရာဇ်နှစ်ပါးကြား နာမ်ဝိဉာဉ်တိုက်ပွဲကို ကြည့်ခဲ့သည်မှ ရခဲ့သည့် အကျိုးအမြတ်များနှင့်လည်း ပတ်သက်နေနိုင်ပေသည်။ မည်သည့်အချက်ကြောင့်ပင် ဖြစ်စေကာမူ ရန်ကိုင့်အဖို့ နှစ်ပေါင်းများစွာ အချိန်ကုန်ခံ ကြိုးစားကျင့်ကြံနေစရာ မလိုတော့ဘဲ ဧကရာဇ်ချီများကို တမုဟုတ်ချည်း ပိုင်ဆိုင်သွားနိုင်ခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၀၅)

အသိပြန်ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလျက် တွမ့်ဟုန်ချန်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။

ရန်ကိုင့်၏ ကုသရေးဆေးလုံးများစွာကို သောက်ပြီးသွားသည့်တိုင် တွမ့်ဟုန်ချန်၏ အခြေအနေမှာ ကောင်းမလာခဲ့ချေ။ သူ၏ အရှိန်အဝါနှင့် အသက်စွမ်းအင်မှာ တတိတိနှင့် ယုတ်လျော့နေပေသေးသည်။

ဤသို့ဖြစ်ရခြင်းမှာ သူဖော်စပ်ထားသည့် ဆေးလုံးများ၏ အရည်အသွေး မပြည့်မီသည့် အတွက်ကြောင့်မဟုတ်ဘဲ တွမ့်ဟုန်ချန်ရထားသည့် ဒဏ်ရာကကို အလွန်ကိုမှ ပြင်းထန်လွန်းသည့် အတွက်ကြောင့်မှန်း ရန်ကိုင်သိပေသည်။ တွမ့်ဟုန်ချန်သည် ရန်ကိုင့်၏ ကောင်းကင်ခွဲဓါးချက်ကိုသာလျှင် မဟုတ်ဘဲ ဝူခွမ်း၏ တိုက်ခိုက်မှုများကိုလည်း ခံခဲ့ရသည်။ တွမ့်ဟုန်ချန်ရထားသည့် ဒဏ်ရာများကို ပြန်လည်ကုသရန်အတွက် ဆေးလုံးများသက်သက် အားကိုးနေ၍ မရချေ။

(ပြဿနာပဲ…) ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။

တွမ့်ဟုန်ချန်၏ အရှိန်အဝါ တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာလေရာ သူ့အသက်စွမ်းအင်မှာပင်လျှင် ပျောက်ကွယ်လုနီးနီး ဖြစ်လာသည်ကို မြင်သော် ရန်ကိုင်လည်း တုံ့ဆိုင်းတွေဝေနေခြင်း မရှိတော့ဘဲ သူ့လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်ထဲမှ တစ်ခုခုအား ခူးယူလိုက်လေ၏။ ထို့နောက်တွင် သူ့လက်ထဲ အစိမ်းရောင်အရွက်တစ်ရွက် ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့လေသည်။

ထိုသစ်ရွက်မှာ အစိမ်းနုရောင် ကျောက်စိမ်းသားဖြင့် ထုလုပ်ထားသည့်အလား ၎င်း၏မျက်နှာပြင်ထက် သိသာထင်ရှားလှသော အကြောများကို အတိုင်းသား မြင်နေရလေသည်။ ထို့အပြင် ထိုသစ်ရွက်ထဲ၌ အတိုင်းမသိလောက်အောင် များပြားလွန်းလှသော အသက်စွမ်းအင်တို့ ကိန်းအောင်းနေလေ၏။ ဤသည်မှာ အင်မော်တယ်သစ်ပင်၏ အရွက်တစ်ရွက်သာ ဖြစ်လေ၏။

ရန်ကိုင့်တွင် ရွေးချယ်စရာ မရှိတော့သည့် အတွက်ကြောင့် အင်မော်တယ်သစ်ပင်၏ အရွက်ကိုသုံး၍သာ တွမ့်ဟုန်ချန်ကို ကယ်ဆယ်ရန် ကြိုးစားရတော့လေသည်။

မဟာနတ်ရေစင်သုံးပါးအနက် တစ်ပါးဖြစ်သော အင်မော်တယ်ရေစင်သည် အင်မော်တယ်သစ်ပင်မှ ဖြစ်တည်လာခြင်း ဖြစ်ပေသည်။ အင်မော်တယ်ရေစင်သည် လူတစ်ဦးအား သေရာမှပင်လျှင် ပြန်လည်ဆွဲခေါ်နိုင်လောက်အောင် အစွမ်းထက်ပေ၏။ မည်သည့်ဆေးလုံးမှ အင်မော်တယ်ရေစင်အား မယှဉ်နိုင်ချေ။

ကံမကောင်းစွာနှင့် ရန်ကိုင့်တွင် အင်မော်တယ်သစ်ပင်ရှိနေသော်ငြား အင်မော်တယ်ရေစင်တော့ ရှိမနေခဲ့ချေ။ အင်မော်တယ်သစ်ပင်ကို ရရှိခဲ့စဉ်က အင်မော်တယ်ရေစင်အချို့ကိုပါ ရရှိခဲ့သော်ငြား ထိုအင်မော်တယ်ရေစင်များမှာ သုံးလို့ကုန်သွားခဲ့လေပြီ။

အင်မော်တယ်ရေစင်ပင်လျှင် ထိုမျှ အစွမ်းထက်နေလျှင် အင်မော်တယ်သစ်ပင်၏ အရွက်တစ်ရွက်ဆိုလျှင်ရော မည်သို့ ဖြစ်မည်နည်း…။

ရန်ကိုင်မသိပေ။ ဤသစ်ရွက်သည်သာ တွမ့်ဟုန်ချန်၏ အသက်ကို မကယ်နိုင်လျှင်တော့ ရန်ကိုင့်အနေဖြင့် တွမ့်ဟုန်ချန် သေသွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရပေတော့လိမ့်မည်။

ထို့နောက်တွင် ရန်ကိုင်သည် အင်မော်တယ်သစ်ပင်၏ အရွက်ကို တွမ့်ဟုန်ချန်၏ ပါးစပ်ထဲသို့ ထည့်ပေးလျက် ဧကရာဇ်ချီကိုသုံးကာ အင်မော်တယ်သစ်ပင်၏ အသက်စွမ်းအားကို တွမ့်ဟုန်ချန် စုပ်ယူနိုင်အောင် ကူညီပေးလိုက်လေသည်။

မကြာမီတွင် တွမ့်ဟုန်ချန်၏ ဒန်တျန်နေရာတစ်ခုလုံး အစိမ်းရောင်တောက်လာခဲ့ပြီးနောက် ထိုအစိမ်းရောင်အလင်းတို့သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးအား အပြည့်အဝ လွှမ်းခြုံသွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ မှင်တက်နေခဲ့လေသည်။ ထိုအစိမ်းရောင်အလင်းထဲတွင် မယုံကြည်နိုင်စရာကောင်းလောက်အောင် များပြားလွန်းလှသော အသက်စွမ်းအင်များ ပါဝင်နေကြောင်းကို ရန်ကိုင် အတိုင်းသား ခံစားနေခဲ့ရလေ၏။ အစိမ်းရောင်အလင်း၏ လွှမ်းခြုံမှုအောက်၌ တွမ့်ဟုန်ချန်ရထားသည့် ဒဏ်ရာများမှာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေခဲ့ပြီး အလွန်တရာကိုမှပင်လျှင် အားနည်းလွန်းလှသော သူ့အရှိန်အဝါမှာလည်း တဖြည်းဖြည်းနှင့် အားကောင်းလာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါမှသာလျှင် ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။

လက်ရှိအချိန်၌ ရန်ကိုင့်အနေဖြင့် တွမ့်ဟုန်ချန်အား ဘာမှကူညီပေးနေစရာ မလိုတော့ချေ။ တွမ့်ဟုန်ချန်အား မည်သူမျှ လာမနှောင့်ယှက်နိုင်အောင် စောင့်ကြပ်ပေးရုံသာ ရှိတော့လေသည်။

အစိမ်းရောင်အလင်းသည် မှောင်မိုက်နေသည့် ဟင်းလင်းပြင်ထဲ အဆန်းတကြယ် တောက်ပနေခဲ့လေသည်။ တွမ့်ဟုန်ချန်၏အရှိန်အဝါမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်သွားခဲ့သည်။ သွေးများမှာ သူ့ကိုယ်တစ်လျှောက် ပြန်လည်စီးဆင်းလာပြီး နှလုံးခုန်သံမှာလည် တဖြည်းဖြည်းနှင့် သိသာထင်ရှားလာလေသည်။

အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက် အစိမ်းရောင်အလင်းတို့ ပျောက်ကွယ်သွားခဲ့လေ၏။ တွမ့်ဟုန်ချန်မှာ အစောပိုင်းကကဲ့သို့ သေကောင်ပေါင်းလဲ ဖြစ်မနေတော့ပါသော်ငြား ဘာကြောင့်မှန်းမသိ ယခုအချိန်အထိ ပြန်နိုးမလာသေးပေ။

ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ ထိုသို့ သက်ပြင်းချရင်းမှပင် သူ့တစ်ကိုယ်လုံး နုံးချိသွားသလို ခံစားလိုက်ရလေ၏။

ဧကရာဇ်အဆင့်သို့ စတင်ချိုးဖြတ်သည့် အချိန်မှစ၍ ရန်ကိုင့်မှာ တစ်ခဏလေးမှပင်လျှင် အသက်ကောင်းကောင်း မရှူခဲ့ရပေ။ အလွန်ပြင်းထန်သည့် မိုးမြေကောင်းချီးနှင့် ကြုံတွေ့ခဲ့ရရုံမက လောကစွမ်းအား၏ တိုက်ခိုက်ခြင်းလည်း ခံခဲ့ရသေးသည်။ ထို့နောက် ဧကရာဇ်အဆင့်သို့ ရောက်သည့်အခါ တွင်းနက်ကြီး၏ ဝါးမျိုခြင်း ခံလိုက်ရပြီး သတိလစ်သွားခဲ့ရသည်။ သတိလစ်ရာမှ ပြန်နိုးလာပြီးသည့်နောက်တွင် ဝူခွမ်းမှ သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်နေကြောင်းကို တွေ့ရှိသွားခဲ့ရပြီး တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့ တိုက်ခိုက်နေရာမှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းများ၏ဒဏ်ကို ထပ်မံခံစားခဲ့ရလေသည်။

ရန်ကိုင်မှာ ထိုဖြစ်စဉ်တစ်လျှောက်လုံး တစ်ချက်ကလေးမှပင် အနားမနေခဲ့ရဘဲ အမျိုးမျိုးသော တိုက်ခိုက်မှုများနှင့် အဆက်မပြတ် ရင်ဆိုင်ကြုံတွေ့ခဲ့ရလေသည်။ ယခုမှသာလျှင် သူ့စိတ်အား အနားပေးနိုင်တော့၏။

သူ့ရှေ့တွင် ရှိနေသော တွမ့်ဟုန်ချန်ကိုကြည့်ရင်း ရန်ကိုင့်စိတ်ထဲ ရှင်းပြရခက်သည့် ခံစားချက်တစ်ခုကို ခံစားနေခဲ့ရလေသည်။

မဟာဧကရာဇ်များ၏ နာမည်မှာ ကြယ်တာရာအစုအဝေးအနှံ့ အလွန်ကိုမှ ကျော်ကြားကြသည်။ မဟာဧကရာဇ်များသည် ပေါ်ချင်တိုင်းပေါ် ပျောက်ချင်တိုင်းပျောက်သွားလေ့ ရှိကြသဖြင့် မည်သူမျှ သူတို့အား သေချာမမြင်တွေ့ခဲ့ရဖူးပေ။ သာမန်လူများဆိုလျှင် မဟာဧကရာဇ်များအား သူတို့တစ်ဘဝလုံး ကြာသွား၍ပင် တစ်ကြိမ်ပင် မတွေ့ရချေ။

ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် မဟာဧကရာဇ်ဆယ်ပါးအကြောင်း လူများပြောနေကြသည်ကို ကြားခဲ့ရပေသည်။ လူတိုင်းသည် မဟာဧကရာဇ်များအကြောင်း ပြောနေကြချိန်တွင် နတ်ဘုရားများအကြောင်းကို ပြောနေကြသည့်အလား လေးစားအားကျမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။

ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် မဟာဧကရာဇ်တစ်ပါးကိုသာလျှင် မဟုတ်ဘဲ နှစ်ပါးတိတိကိုပင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပို၍ပင် အံ့ဩဖွယ်ရာကောင်းသည့် ဖြစ်ရပ်မှာ ထိုမဟာဧကရာဇ်နှစ်ဦးအနက် တစ်ဦးသည် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက်၌ အားအကောင်းဆုံးလည်း ဖြစ်သလို အရက်စက်ဆုံးလည်း ဖြစ်သော မဟာဧကရာဇ်တစ်ပါး ဖြစ်နေခြင်းပင်။

ရန်ကိုင့်မှာ သူ့ကိုယ်သူ ကံကောင်းသလား ကံဆိုးသလား ဆိုသည်ကိုပင် မပြောတတ်တော့ချေ။

ရုတ်တရက် တွမ့်ဟုန်ချန်၏ မျက်ခုံးကြောများ တွန့်ကွေးလာခဲ့လေသည်။ ထို့နောက် တဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေသည်။ “စီနီယာတွမ့်…”

တွမ့်ဟုန်ချန်သည် ရန်ကိုင့်အား ဇဝေဇဝါဖြင့် ကြည့်လျက် အလေးအနက်လေသံဖြင့် မေးလိုက်လေသည်။ “ငါ့ကို သေရာကနေတောင် ပြန်ခေါ်လာပေးနိုင်အောင် မင်းငါ့ကို ဘာကျွေးလိုက်တာလဲ…”

“ဘာမှမဟုတ်ပါဘူး… အရင်တုန်းက တွေ့ခဲ့တဲ့ ဆေးလုံးလေးတစ်လုံးပဲ တိုက်လိုက်တာ… ဘာဆေးလုံးလဲတော့မသိဘူး တော်တော်လေးကောင်းမယ်ထင်လို့ စီနီယာကို အရင်ကျွေးလိုက်တာ…” ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်လေသည်။

တွမ့်ဟုန်ချန်ကို မယုံသည့်အတွက်ကြောင့် ဤကဲ့သို့ လိမ်ပြောလိုက်ခြင်းတော့မဟုတ်ဘဲ အင်မော်တယ်သစ်ပင်ကကိုပင်လျှင် အလွန်တရာကိုမှ အံ့အားသင့်ဖွယ်ကောင်းလှသည့် ရတနာတစ်ခု ဖြစ်နေသည့် အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ဖြစ်နိုင်လျှင် အင်မော်တယ်သစ်ပင်အကြောင်းကို မည်သူ့ကိုမျှ ထုတ်မပြောသည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။ အစောပိုင်းက သတိလစ်နေသလို ဖြစ်နေသည့်အတွက်ကြောင့် တွမ့်ဟုန်ချန်ကိုယ်တိုင်သည်လည်း သူ ဘာစားလိုက်လို့ စားလိုက်မှန်းကို သိလိမ့်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။

“တုံးလိုက်တဲ့ကောင်ကွာ…” တွမ့်ဟုန်ချန်မှာ ရန်ကိုင့်အား သူ့လက်ဖြင့် ရုတ်တရက် ကောက်ရိုက်ချလိုက်လေသည်။

ရန်ကိုင်မှာ မရှောင်ရဲသည့် အတွက်ကြောင့် တွမ့်ဟုန်ချန်း၏လက်ဝါး သူ့မျက်နှာတည့်တည့်သို့ လာမှန်သည်ကိုသာ ရပ်ကြည့်နေရလေသည်။ ထို့နောက် သူ့ပါးအား နာကျင်စွာဖြင့် ပွတ်လိုက်ရင်း နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “စီနီယာ… ဘာဖြစ်လို့ ကျုပ်ကို ရိုက်တာလဲ…”

သူ့အား ရိုက်လိုက်သည့်လူမှာ ကိုယ့်အသက်ကို အဆုံးရှုံးခံ၍ အများအကျိုးအတွက် ဝူခွမ်းအား သတ်ပေးခဲ့သော လောကတစ်သောင်း မဟာဧကရာဇ်သာ ဖြစ်မနေခဲ့ပါလျှင် ရန်ကိုင် ယခုကဲ့သို့ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ ထိုသို့တိုင် သူ့စိတ်ထဲ အကြောင်းအရင်းမရှိ အရိုက်ခံလိုက်ရသည့် အတွက်ကြောင့် အတော်လေးကို ဒေါသထွက်သွားခဲ့ရလေသည်။

တွမ့်ဟုန်ချန်ကို ကယ်ဆယ်ရန်အတွက် ရန်ကိုင်သည် အင်မော်တယ်သစ်ပင်၏ သစ်ရွက်တစ်ရွက်ကို ဆုံးရှုံးခဲ့ရသည်။ တကယ့်တကယ်တော့ အင်မော်တယ်သစ်ပင်တွင် သစ်ရွက်များများစားစား ရှိလှသည်မဟုတ်ချေ။ ထို့ပြင် အင်မော်တယ်သစ်ပင်၏ သစ်ရွက်တစ်ရွက်ကို ခူးလိုက်သည့်အတွက်ကြောင့် အင်မော်တယ်သစ်ပင် မည်ကဲ့သို့ဖြစ်သွားမလဲ ဆိုသည်ကိုလည်း ရန်ကိုင်မသိရသေး။

သစ်ရွက်တစ်ရွက်ကို ခူးလိုက်သည့်အတွက်ကြောင့် အင်မော်တယ်သစ်ပင်သာ ထိခိုက်သွားရမည်ဆိုပါက ရန်ကိုင် ရင်ကွဲရပေလိမ့်မည်။

“မင်း… မင်း…” တွမ့်ဟုန်ချန်မှာ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့်အလား ရန်ကိုင့်အား နောက်တစ်ကြိမ် ထပ်ရိုက်ရန် သူ့လက်ကို မြှောက်လိုက်လေသည်။ သို့သော်ငြား အဆုံးတွင် သက်ပြင်းအမောကြီးချရင်းဖြင့်သာ သူ့ကိုယ်သူ ပြန်ရိုက်လိုက်လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာတော့ မှင်တက်နေခဲ့လေသည်။ သူ့စိတ်ထဲ အလွန်ကိုမှ နားမလည်နိုင် ဖြစ်နေသည့်အတွက်ကြောင့် ပြန်၍သာ မေးလိုက်ရလေသည်။ “စီနီယာ… ခင်ဗျား ဒီမှာ တစ်ခုခုဖြစ်သွားတာလား…” ပြောနေရင်း ရန်ကိုင်သည် သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်လေသည်။

“ဒီလူအိုကြီး သူငယ်ပြန်သွားတယ်လို့ ပြောချင်ရင်လည်း ပြောပေတော့… အဲ့ဒါဆို ငါမင်းကို ရိုက်တော့မှာမဟုတ်ဘူး…” တွမ့်ဟုန်ချန်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။

(သူ တကယ်ကို ဘာဖြစ်သွားတာလဲ…) ရန်ကိုင်မှာ လုံးဝ နားမလည်နိုင်တော့ချေ။ နိုးလာလာချင်း သူ့အား ရုတ်တရက် ကောက်ရိုက်သော တွမ့်ဟုန်ချန်အပေါ် မကျေမနပ် ဖြစ်မိပါသော်ငြား သူမကျေနပ်ကြောင်းကို အပြင်ဘက်သို့ထုတ်၍လည်း မပြောပြရဲပေ။

“မင်း ငါ့ကို မကယ်လိုက်သင့်ဘူး… မင်း အမှားကြီးတစ်ခုကို လုပ်လိုက်တာပဲ…” တွမ့်ဟုန်ချန်သည် အလွန်ကိုမှ စိတ်ဓာတ်ကျ စိတ်ပျက်နေသည့်အလား သက်ပြင်းအမောကြီး ချလိုက်ပြန်လေသည်။

ရန်ကိုင်က ပြန်မေးလိုက်လေ၏။ “စီနီယာ… အဲ့ဒါကတော့ မှန်တယ်မထင်ဘူးနော်… စီနီယာတောင် ကိုယ့်အသက်ကို အဆုံးရှုံးခံပြီး လောကကြီးလူတွေကို ကယ်ပေးခဲ့သေးတာပဲ… ဂျူနီယာကရော စီနီယာအသက်ကို ဘာလို့ မကယ်နိုင်ရမှာလဲ…”

တွမ့်ဟုန်ချန်မှာ ပို၍ပင် ရူးချင်သလို ဖြစ်လာခဲ့လေသည်။ ရန်ကိုင့်၏စကားကို ပြန်ပြောတော့မည်အပြု သူ့မျက်နှာအမူအယာမှာ ရုတ်တရက်ဆိုသလို ခက်ထန်ကြမ်းကြုတ်လာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့်မျက်နှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “စီနီယာ ခင်ဗျား ဘာတွေဖြစ်နေတာလဲ…”

တွမ့်ဟုန်ချန် ပြန်မဖြေခဲ့ချေ။ သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီလာပြီး ချွေးသီးများမှာ နဖူးထက် ဝေ့သီလာလေ၏။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်အခြေအနေ ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တွမ့်ဟုန်ချန်ကို စစ်ဆေးကြည့်လိုက်ပါသော်ငြား မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့အတွက်ကြောင့် လောကတစ်သောင်းမဟာဧကရာဇ် ဘာဖြစ်လို့ ဖြစ်သွားမှန်းကို လုံးဝနားမလည်နိုင် ဖြစ်နေလေ၏။

“ဟား ဟား ဟား…” တွမ့်ဟုန်ချန်သည် ရုတ်တရက် ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေသည်။ သူ၏ရယ်မောသံထဲ အစောပိုင်းက ပုံစံနှင့် လုံးဝကိုမှ မကိုက်ညီသော ဂုဏ်ယူဝံ့ကြွားမှုတို့ ပါဝင်နေခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင့်အား တပြုံးပြုံးဖြင့် ကြည့်လျက် ချီးကျူးလိုက်လေသည်။ “မဆိုးဘူး မဆိုးဘူး… ကောင်လေး မင်း တကယ်တော်တာပဲ… မင်း ကျေးဇူးကြောင့်ပဲ ငါ ယမမင်းနဲ့ သွားတွေ့ရတော့မလို့… ကံကောင်းစွာနဲ့ ကောင်းကင်က ငါ့အသက်ကို ချမ်းသာပေးခဲ့တယ်…”

ထိုစကားကိုကြားသော် ရန်ကိုင် ကြောက်လန့်တကြား နောက်သို့ ခုန်ဆုတ်လိုက်လေသည်။ သူ့ရှေ့တွင် ရှိနေသော တွမ့်ဟုန်ချန်အား မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ သူ့စိတ်ထဲ ချောက်ခြားဖွယ်ရာ အတွေးတစ်ခု ထွက်ပေါ်လာလေ၏။

“ဝူခွမ်း…” ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်လေသည်။

“အိုး…” တွမ့်ဟုန်ချန်က မျက်လုံးမှေးစင်းလျက် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေ၏။ “စကားလေးနည်းနည်းလေးပြောလိုက်တာနဲ့ ဒီဘုရင် ဘယ်သူလဲဆိုတာကို မင်းသိသွားတယ်ပေါ့… မင်းက တကယ်အမြင်စူးရှတာပဲ ကောင်လေးရ…”

“တကယ်ကြီး ခင်ဗျားလား…” ရန်ကိုင့်တစ်ကိုယ်လုံး ဇောချွေးပြန်သွားခဲ့လေသည်။ တွမ့်ဟုန်ချန်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း ကတုန်ကယင်လေသံဖြင့် ပြန်မေးလိုက်လေ၏။ “ခင်ဗျား စီနီယာတွမ့်ကို ဝင်ပူးထားတာလား…”

“မဟုတ်ဘူး…” ဝူခွမ်းက ခေါင်းခါလိုက်လေသည်။

“ဒါဆိုရင် ခင်ဗျား ဘယ်လိုလုပ်ပြီး သူ့ခန္ဓာကိုယ်ထဲ ရောက်နေရတာလဲ…” ရန်ကိုင်က ပြန်မေးလေ၏။ လက်ရှိ သူနှင့် စကားပြောနေသည့်လူမှာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှန်း ရန်ကိုင် သေချာသိပေသည်။ သို့သော်ငြား တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကိုသာ ဝင်မစီးပါက ဘာကြောင့်များ ဤကဲ့သို့ ဖြစ်နေရသနည်း။ ရန်ကိုင် ပို၍ အံ့အားသင့်သွားရသည့် အချက်မှာ ဝူခွမ်းမှ တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ အပိုင်သိမ်းနိုင်လိုက်သည့် အချက်ပင်။

သူမည်ကဲ့သို့ လုပ်ခဲ့လေသနည်း။ တွမ့်ဟုန်ချန်သည်လည်း မဟာဧကရာဇ်တစ်ဦးပင် မဟုတ်လေလော။ သူ၏ ခွန်အားသည် အစောပိုင်းက တိုက်ပွဲကို ကြည့်ရသလောက် ဝူခွမ်းအောက် နိမ့်ကျခြင်း မရှိချေ။ ထို့အတွက်ကြောင့် ဝူခွမ်းအနေဖြင့် တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကို ဝင်စီးနိုင်စရာ အကြောင်း မရှိ။

ဝူခွမ်း ပြန်မဖြေနိုင်သေးခင်မှာပင် တွမ့်ဟုန်ချန်၏ မျက်နှာ ရုတ်တရက် တွန့်လိမ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့လေသည်။ တစ်ခဏအကြာ၌ သူ၏ ခန္ဓာကိုယ် အခြေအနေ ပြန်လည်တည်ငြိမ်သွားလေသည်။

အစောပိုင်းက ခက်ထန်ကြမ်းကြုတ်သည့် အမူအယာ ပျောက်ကွယ်သွားခဲ့ပြီး အေးချမ်းတည်ငြိမ်သည့် အမူအယာက အစားထိုးဝင်ရောက်လာခဲ့လေ၏။

ရန်ကိုင်က ကြောက်ကြောက်လန့်လန့်ဖြင့် မေးကြည့်လိုက်လေသည်။ “စီနီယာတွမ့်လား…”

သက်ပြင်းချရင်း တွမ့်ဟုန်ချန်က ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ် ငါပဲ…”

“စီနီယာတွမ့်… ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်မှာ လုံးဝကို နားမလည်နိုင်တော့ချေ။

တွမ့်ဟုန်ချန်က သက်ပြင်းချလိုက်လေ၏။ “အဲ့သက်ကြားအိုကြီး မင်း အသိစိတ်ပင်လယ်ထဲကနေ ထွက်ပြေးပြီးတဲ့နောက်ပိုင်း ငါ့ခန္ဓာကိုယ်ကို ဝင်စီးဖို့လုပ်တယ်… ဒါပေမဲ့ ငါကလည်း ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ခွင့်ပေးနိုင်မှာလဲ… ဒီတော့ ငါတို့နှစ်ယောက်စလုံး ထပ်တိုက်ကြရော… ဒါပေမဲ့ ငါတို့နှစ်ယောက်စလုံးက တော်တော်လေးကို အားလည်းကုန် ဒဏ်ရာလည်း ရထားတာဆိုတော့ တစ်ယောက်ကို တစ်ယောက် ဘာမှ သိပ်မလုပ်နိုင်ကြဘူး.. ပုံမှန်အားဖြင့် ဒီတိုင်းပဲ ထားလိုက်မယ်ဆိုရင်တော့ ငါရောသူရော သေသွားရတော့မှာ… ဒါပေမဲ့…”

“ဒါပေမဲ့ ဘာလဲ…”

တွမ့်ဟုန်ချန်သည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လျက် “ဒါပေမဲ့ မင်းက ငါတို့နှစ်ယောက်စလုံးရဲ့ ဒဏ်ရာတွေကို လုံးဝပျောက်ကင်းသွားအောင် လုပ်နိုင်တဲ့ ရတနာတစ်မျိုးကို ငါ့ကို လာကျွေးမယ်လို့ မထင်ထားခဲ့ဘူး… အဲ့အပြင်ကိုမှ အဲ့ခွေးအိုကြီးဝူခွမ်းက ပညာရပ်ကိုတစ်ခုကိုသုံးပြီး သူ့ဝိဉာဉ်နဲ့ ငါ့ဝိဉာဉ်ကို ချိတ်ဆက်ပစ်လိုက်တယ်… အခု ဒီလူအိုကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ငါတို့နှစ်ယောက် အတူတူနေနေတာလို့ ပြောလို့ရတယ်…”

“ဘယ်လို… ဘယ်လို…” ရန်ကိုင်မှာ နဖူးထက်ရှိ ဝေ့သီလာသော ချွေးအေးများကိုသုတ်ရင်း တံတွေးတစ်လုပ်မျိုချလျက် ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

All Chapters