ဗဟိုချက်မြို့တော်ဆီသို့
Vol. 178 Ch. 2659
ဘုရင်မြောက်ရိုးမက ပြောလိုက်သည်။
“ခင်ဗျားက မြောက်ရိုးမကိုလက်လွှတ်ပြီး ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို တတ်နိုင်သမျှမြန်မြန်ရှောင်နေသင့်တယ်လို့ ကျုပ်အကြံပြုချင်တယ်”
သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ်ဖြင့် လေထဲမှာမတ်တတ်ရပ်နေသည်။
ဘုရင်မြောက်ရိုးမသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အလောတကြီး ရှင်းပြလိုက်သည်။
“အရှင်... ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့... ကျုပ်ရဲ့အသက်အရွယ်နဲ့ ကျုပ်ရဲ့လက်ရှိဒဏ်ရာတွေနဲ့ဆို ကျုပ်က ကျုပ်ရဲ့အထွတ်အထိပ်အခြေအနေကို ဘယ်တော့မှပြန်မရောက်နိုင်တော့ဘူး”
“ကျုပ်က ဘုရင်မြောက်ရိုးမဆိုတဲ့နေရာကို လိုချင်တပ်မက်နေလို့ ခင်ဗျားကို မြောက်ဘက်ရိုးမကို စွန့်လွှတ်ဖို့ ဖျောင်းဖျနေတာမဟုတ်ဘူး”
ထန်ခုန်းဟုအမည်ရသော ဘုရင်မြောက်ရိုးမသည် သူ၏ ခြေရင်းရှိ အပျက်အစီးပုံများနှင့် သူ့ကလန်သားများ၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာများကို ကြည့်လိုက်သည်။
သူက ကြိတ်၍သက်ပြင်းချပြီး အသံတစ်ခုကိုပို့လွှတ်လိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အရှင်.. ဒီနေ့ကစပြီး ကျုပ်ရဲ့ထန်မိသားစုက မြောက်ပိုင်းရိုးမမှာ ဆက်ရှိနိုင်မှာမဟုတ်တော့ဘူး”
မြောက်ရိုးမတိုက်ပွဲမှာ အထီးကျန်သိုင်းသခင်က လူတိုင်းကိုသတ်ဖြတ်ခဲ့သည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာကို ထန်ချင်အာက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက သိုင်းတာအိုပင်မခန္ဓာကို အမဲလိုက်မည်ဆိုလျှင် ထန်မိသားစုကပါ သေချာပေါက်ပါဝင်ပတ်သက်လာပေလိမ့်မည်။
ယခုအချိန်မှစ၍ ထန်မိသားစုသည် မြောက်ပိုင်းရိုးမကနေ ထွက်ခွာပြီး နေရာအနှံ့ ထွက်ပြေးပုန်းရှောင်ရပေတော့မည်။
ထန်မိသားစုမှ ကလန်သားသောင်းချီထဲ ဘယ်လောက်များများက နောက်ဆုံးမှာရှင်သန်နိုင်မလဲ သူ မသိပေ။
“အင်မော်တယ်ဘုရင်တစ်ပါးအနေနဲ့ ငရဲကမ္ဘာကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဘယ်လိုပြန်သွားရမလဲ ခင်ဗျားသိလား”
သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို စိတ်ထဲမှာ လုံးဝထည့်မထားပေ။ ထိုအစားသူက တခြားတစ်စုံတစ်ရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေ၏။
“ငရဲကမ္ဘာကနေ ထွက်ခွာဖို့လား... ကျုပ်က...”
ထန်ခုန်းက ထိုမေးခွန်းမှာ မှင်တက်သွားပြီး တွေဝေရှုပ်ထွေးနေ၏။ ခဏကြာစဥ်းစားပြီးနောက် သူက ခေါင်းခါပြလိုက်သည်။
“ကျုပ်မသိဘူး... အဲဒီမှာနည်းလမ်းတစ်ခုခု မရှိလောက်ဘူးထင်တယ်”
“ဟိုးအရင်တုန်းက ငရဲအရှင်ကပဲ ငရဲကမ္ဘာနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအကြားက အဟန့်အတားကို ဖွင့်ထုတ်နိုင်ခဲ့တယ်လို့ဆိုတယ်... ဒါပေမဲ့ အခုတော့ ငရဲအရှင်က သေဆုံးသွားခဲ့တာကြာခဲ့ပြီ... ငရဲကိုးခုကို သီးသန့်ခွဲထုတ်လိုက်ပြီးကတည်းက ငရဲကိုးခုစလုံးကို အုပ်စိုးနိုင်တဲ့ နောက်ထပ်ငရဲအရှင်တစ်ပါးကို အခုချိန်ထိ မရွေးချယ်ဖြစ်ခဲ့ကြဘူး”
ခဏမျှရပ်တန့်ပြီးနောက် ထန်ခုန်းက ဆက်ပြောလိုက်သည်။
“ငရဲအရှင်အသစ်တစ်ပါး မွေးဖွားပေါ်ထွက်လာမယ်ဆိုရင်တောင်မှ အလကားပဲ”
“ငရဲကမ္ဘာရဲ့ ထူးခြားတဲ့အခြေအနေတွေကြောင့် ငရဲအရှင်အသစ်က ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်မှာမဟုတ်တဲ့အတွက် သူက အရင်တုန်းက ငရဲအရှင်ထက် အများကြီးနိမ့်ကျနေဦးမှာပဲ... အဲဒါကြောင့် သူကလည်း ငရဲကမ္ဘာကနေထွက်ခွာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်ကို သွားရောက်နိုင်မှာ မဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်သည်။
“အရင်တုန်းက ငရဲအရှင်ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”
“မဟာဧကရာဇ်”
ထန်ခုန်းက ပြောလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ကောင်းကင်ဘုံဝံပုလွေပြောပုံအရ ခေတ်တစ်ခေတ်မှာ မဟာဧကရာဇ်တစ်ပါးသာလျှင် မွေးဖွားပေါ်ထွက်လာနိုင်သည်။
ကောင်းကင်ဘုံဝံပုလွေသည် ဧကရာဇ်ပိုရွှင်းနောက်သို့ နှစ်ပေါင်းများစွာလိုက်ပါခဲ့ဖူးပြီး ထိုအချက်နှင့် ပတ်သက်၍ မမှားလောက်ပေ။ သို့သော်လည်း ငရဲအရှင်သည် မဟာဧကရာဇ်တစ်ပါးဖြစ်သည်ဆိုလျှင် အနန္တခေတ်မှာ မဟာဧကရာဇ်နှစ်ပါးက အတူယှဥ်တွဲပေါ်ထွက်ခဲ့သည်ဟု အဓိပ္ပါယ်ရသည်မဟုတ်ပါလား။
သို့မဟုတ် မဟာဧကရာဇ်အနန္တက အလယ်အလတ်ကမ္ဘာတစ်ထောင်မှာ အနန္တခေတ်ကိုဖန်တီးနေစဥ် ငရဲအရှင်ကလည်း ငရဲကမ္ဘာမှာ သီးသန့်ခေတ်တစ်ခေတ်ကို ဖန်တီးနေတာလား။ မဟာဧကရာဇ်နှစ်ပါး၏ ပေါ်ထွက်လာမှုက တစ်သီးတစ်ခြားစီ ရပ်တည်နေခဲ့တာလား။
သိုင်းတာအိုပင်မခန္ဓာသည် မဟာဧကရာဇ်နှင့်ပတ်သက်ပြီး ဆက်လက်၍ မေးမြန်းခြင်းမရှိတော့ပေ။
ငရဲကမ္ဘာမှာ ထန်ခုန်းနှင့်အခြားသူများသည် မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားနှင့် လျှို့ဝှက်ချက်များကို မပြောနှင့် သူတို့သည် ဧကရာဇ်နယ်ပယ်နှင့်ပင် ထိတွေ့နိုင်ခြင်းမရှိပေ။
“မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့အပြင် ငရဲကမ္ဘာကနေ ထွက်ခွာဖို့တခြားနည်းလမ်းမရှိတော့ဘူးလား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ထန်ခုန်းပြောပုံအရ သူသည် ငရဲကမ္ဘာမှာ ထာဝရပိတ်မိနေတော့မည် မဟုတ်ပါလား။
တကယ်တမ်းမှာတော့ ထန်ခုန်း၏ စောစောက ပြန်ဖြေစကားသည် သူ့မှာ အဖြေမရှိသောမေးခွန်းအတွက် ပါးပါးနပ်နပ်ပြန်ဖြေလိုက်ခြင်းမျှသာဖြစ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက လက်မလျှော့သေးသည်ကိုတွေ့မြင်သောအခါ သူက နှစ်သိမ့်လိုက်သည်။
“နံပါတ်တစ်ငရဲ ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲမှာတော့ သဲလွန်စတချို့ရှိကောင်းရှိနိုင်တယ်”
သူကအဲဒါကို သာမန်ကာလျှံကာပြောလိုက်ခြင်းမျှသာဖြစ်သည်။
သူသည် ငရဲကမ္ဘာကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မတွေးခဲ့သည့်အတွက် ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲမှာ သဲလွန်စတစ်ခုခုရှိနေမလား သူဘယ်လိုလုပ်သိနိုင်ပါ့မလဲ။
သို့သော်လည်း ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲသည် ငရဲကိုးခုကြားမှာ နံပါတ်တစ်အဖြစ်ရပ်တည်ပြီး တစ်မူထူးခြားသောအဆင့်အတန်းတစ်ခုနှင့်အတူ ငရဲကမ္ဘာ၏ အလယ်ဗဟိုမှာ တည်ရှိလေသည်။
ထို့ကြောင့်ပင် သိုင်းတာအိုပင်မခန္ဓာသည် အခက်အခဲများနှင့် တွေ့ကြုံရသည့်အခါ လက်လျှော့သွားဖို့ကို သူကမျှော်လင့်ထားခြင်းဖြစ်သည်။
မထင်မှတ်ထားစွာပင် သိုင်းတာအိုပင်မခန္ဓာက ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲကို စိတ်ဝင်စားသွားပြီး ချက်ချင်းပင်ပြောလိုက်သည်။
“အဲဒါက ဘယ်နေရာမှာလဲ... ငါ့ကိုခေါ်သွားပေး”
ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာက ထန်ခုန်း၏ ဘေးသို့ ရောက်ရှိလာပြီး လေဟာနယ်ကို သာမန်ကာလျှံကာဆုတ်ဖြဲကာ ထန်ခုန်းနှင့်အတူ ဤနေရာကနေ ထွက်ခွာဖို့ပြင်လိုက်၏။
ငရဲကိုးခု၏ တည်နေရာများကို သိုင်းတာအိုပင်မခန္ဓာက မသိရှိပေ။
သူက မျက်ကန်းတောတိုး တည်နေရာခုန်ကူးနေမည်ဆိုလျှင် သူသည် ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲကိုရောက်ဖို့ ဘယ်လောက်ကြာကြာအချိန်ယူရမလဲမသိနိုင်ပေ။
“အရှင်... အလျင်စလို မလုပ်ပါနဲ့”
သိုင်းတာအိုပင်မခန္ဓာက သူနှင့်အတူ ထွက်ခွာဖို့ပြင်နေသည်ကို ထန်ခုန်းတွေ့ရသောအခါ အလောတကြီး ဖျောင်းဖျလိုက်၏။
“ခင်ဗျားက ညှင်းပန်းနှိပ်စက်ငရဲကို သွားရောက်ချင်တယ်ဆိုရင် ခင်ဗျားက သာမန်ကာလျှံကာ တည်နေရာခုန်ကူးလို့မရဘူး... မဟုတ်ရင် ခင်ဗျားက အသက်အန္တရာယ်ရှိလာလိမ့်မယ်”
“မင်းက ဘာလို့ အဲလိုပြောတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။
ထန်ခုန်းက ရှင်းပြလိုက်သည်။
“ငရဲကမ္ဘာက တစ်ခါတုန်းက အပြင်းအထန်ပျက်စီးထိခိုက်ခဲ့တယ်... လောကကကြေမွသွားပြီး မဟာတာအိုက ပျက်စီးထိခိုက်ထားတယ်... နိယာမတွေက ပြည့်စုံမှုမရှိတော့ဘူး... ငရဲကိုးခုကြားလေဟာနယ်က ကြေမွသွားခဲ့ပြီး မရေမတွက်နိုင်တဲ့အက်ကွဲကြောင်းတွေ ပေါ်ထွက်လာခဲ့ပြီ”
“တည်နေရာခုန်ကူးခြင်းဖြစ်စဥ်မှာ လူတစ်ယောက်က အာကာသအက်ကွဲကြောင်းတွေထဲကို အမှတ်တမဲ့ဝင်ရောက်မိတာနဲ့ သူတို့တွေက ကြောက်စရာကောင်းတဲ့စွမ်းအားနဲ့ အပိုင်းပိုင်းဆုတ်ဖြဲခံရလိမ့်မယ်... ငရဲဘုရင်တွေတောင်မှ သူတို့ရဲ့ကျင့်ကြံမှုနဲ့ အဲဒါကိုခုခံဖို့ မလုံလောက်ဘူး”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။
“ဒါဆို... ငါတို့က ညှင်းပန်းနှိပ်စက်ငရဲကို ဘယ်လိုသွားရမလဲ”
ထန်ခုန်းက တွေဝေတုံ့ဆိုင်းပြီးနောက် ခဏမျှစဥ်းစားတွေးတောကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငရဲကိုးခုကြားမှာ အတော်လေးကောင်းမွန်သေးတဲ့ အာကာသပို့ဆောင်ရေးလမ်းကြောင်းတစ်ခုရှိတယ်”
“ခင်ဗျားက ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲကို သွားရောက်ချင်တယ်ဆိုရင် ခင်ဗျားကဗဟိုချက်မြို့တော်ရဲ့ ပို့ဆောင်ရေးဝင်္ကပါကိုပဲ အသုံးချနိုင်တယ်... ဒါပေမဲ့”
ထန်ခုန်းက တစ်ခုခုကိုပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
သိုင်းတာအိုပင်မခန္ဓာက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောနေပုံမရပေ။ သူကခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဒါဆိုလည်း ဗဟိုချက်မြို့တော်ကိုသွားကြတာပေါ့”
“အရှင်...”
ထန်ခုန်းက ထပ်မံ၍သတိပေးလိုက်ရသည်။
“ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ဗဟိုချက်မြို့တော်မှာ အုပ်စိုးနေတယ်”
ထန်ခုန်း၏ စကားအဓိပ္ပါယ်က သိသာရှင်းလင်းလေသည်။
မြောက်ရိုးမမှာတိုက်ပွဲဖြစ်ပွားသောတိုက်ပွဲသတင်းက ဗဟိုချက်မြို့တော်သို့ ပျံ့နှံ့သွားသောအခါ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက အထီးကျန်သိုင်းသခင်ကို အမျက်ဒေါသဖြင့် သေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ထိုသတင်းမပျံ့နှံ့ခင် ပုန်းရှောင်ရမည့်အစား အထီးကျန်သိုင်းသခင်သည် ဗဟိုချက်မြို့တော်သို့ အမှန်တကယ်သွားရောက်လိုနေသည်။ အဲဒါက သေမင်းတံခါးဝကို ကိုယ်တိုင်သွားရောက်ခြင်းနှင့်တူမနေဘူးလား”
သူတို့သည် ပို့ဆောင်ရေးဝင်္ကပါကို မတွေ့မြင်ရခင်မှာပင် ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
ထန်ခုန်း၏ အတွေးရိုင်းများ ခုန်ပေါက်ပြေးလွှားနေစဥ် သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်သည်။
“အဲဒါဆို ပိုတောင်ကောင်းသေးတယ်... သူက ငါ့ကိုရှာချင်တယ်ဆိုမှတော့... ငါကသူ့ကိုအရင်ရှာဖို့အတွက် ဗဟိုချက်မြို့တော်ကို ဘာလို့မသွားရမှာလဲ”
ထန်ခုန်းက မှင်တက်သွားရသည်။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်း၏ နောက်ဆက်တွဲအမျက်ဒေါသနှင့် လိုက်လံဖမ်းဆီးခံရမှုနှင့်ရင်ဆိုင်ရချိန်မှာ အထီးကျန်သိုင်းသခင်သည် ထွက်ပြေးပုန်းရှောင်ဖို့ စိတ်ကူးမရှိပေ။ ထိုအစားသူက ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို အရင်သွားရောက်ရှာဖွေလိုလေသည်။
မည်သို့ပင်ဆိုစေ ဤလူငယ်က အရမ်းကို စိတ်လိုက်မာန်ပါ ပြုလုပ်လွန်းလေသည်။
ထန်ခုန်းသည် သိုင်းတာအိုပင်မခန္ဓာကို အပြစ်တင်ချင်စိတ်ကို ချုပ်တည်းပြီး ပြောလိုက်လေသည်။
“အရှင်... ဒီနေရာက ကောင်းကင်ဘုံကမ္ဘာမဟုတ်ပါဘူး... ဒါက ငရဲကမ္ဘာရဲ့ဆီးနှင်းစိမ့်စမ်းငရဲပဲ”
“ဆီးနှင်းစိမ့်စမ်းငရဲရဲ့ဗဟိုချက်မြို့တော်က မြောက်ပိုင်းရိုးမထက်အများကြီးပိုပြီးသန်မာပါတယ်... အရှင် ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”
“ကျုပ်အထင်တော့ ကျုပ်တို့က ဒီကိစ္စရဲ့အတိုင်းအရှည်ကိုထပ်ပြီးတော့ စဥ်းစားသင့်သေးတယ်”
“အဲဒါက ဒုက္ခများလွန်းတယ်”
သိုင်းတာအိုပင်မခန္ဓာက စိတ်မရှည်နိုင်စွာဖြင့် လက်ကာပြလိုက်၏။
“ဗဟိုချက်မြို့တော်ကို ငါ့နောက်ကနေလိုက်ခဲ့... ငရဲအရှင်ဆီးနှင်းစိမ့်စမ်းက ပို့ဆောင်ရေးဝင်္ကပါကို လက်လွှဲပေးမယ်ဆိုရင် အကောင်းဆုံးပဲ... မဟုတ်ရင်တော့ ငါသူ့ကို သတ်ပစ်လိုက်မယ်”
ထန်ခုန်းသည် နှစ်တစ်သိန်းကျော်ကြာအောင် မြောက်ပိုင်းရိုးမမှာ အုပ်စိုးလာခဲ့ပြီး မရေမတွက်နိုင်သောမုန်တိုင်းများနှင့် များပြားလှစွာသော သွေးလွှမ်းတိုက်ပွဲများကို မြင်ဖူးကြားဖူးထားခဲ့သည်။
ထိုသို့ဆိုလျှင်တောင် သူသည် သိုင်းတာအိုပင်မခန္ဓာစကားမှာ မှင်တက်သွားရပြီး ခေါင်းနားပန်းကြီးလာခဲ့၏။
သူ့ဘဝတစ်လျှောက်လုံးမှာ တစ်ယောက်ယောက်သည် ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို သတ်ဖြတ်ဖို့ခြိမ်းခြောက်နေသည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာ၏ လေသံအရ သူသည် ပုရွက်ဆိတ်တစ်ကောင်ကိုသတ်ဖြတ်သည့်အလား ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကို သတ်ဖြတ်နိုင်သည့်ပုံပင်။
“အရှင်... ကျုပ်ခဏလောက် အနားယူအားဖြည့်ဖို့ကို ခင်ဗျားမစောင့်ချင်ဘူးလား”
ထန်ခုန်းသည် ထိုဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်တော့ဘူးဆိုတာ သိရှိသွားသည်။
“အခုချိန်မှာကျုပ်က ဒဏ်ရာအပြင်းအထန် ရထားတယ်... ကျုပ်က ဗဟိုချက်မြို့တော်ကိုရောက်မယ်ဆိုရင်တောင် ကျုပ်ရဲ့တိုက်ခိုက်ရည်ခွန်အား များများစားစားကို မထုတ်ဖော်နိုင်တဲ့အတွက် ကျုပ်က အရှင့်ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”
“မင်းဘာမှလုပ်စရာမလိုဘူး”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်သည်။
“လမ်းပြပေးရုံပဲ”
ထန်ခုန်းက သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။
ခဏနေပြီးနောက် သူကအားအင်ချိနဲ့စွာဖြင့် စိတ်ကို ဒုန်းဒုန်းချလိုက်လေသည်။