ကြင်ရာတော်ယု
Vol. 178 Ch. 2662
ရှန်းထူလန်သည် ထန်ချင်အာ၏ မူမမှန်မှုနှင့် သူမ၏ မျက်နှာမှာ ပေါ်ထွက်ခဲ့သည့် ထိတ်လန့်တကြားအမူအရာကို သတိထားမိခဲ့သည်။
အစကတော့ သူသည် သံသယဝင်နေခဲ့သည်။ သို့သော်လည်း ထန်ခုံး၏ ဖြေရှင်းချက်ကို ကြားသွားသောအခါ သူက နားလည်သဘောပေါက်သွားပြီး အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေတော့ပေ။
“လူငယ်တွေကြားမှာ ပဋိပက္ခတချို့က ဖြစ်တတ်ပါတယ်.. အဲဒါကို အလွယ်တကူဖြေရှင်းလို့ရပါတယ်”
“ဒါက…”
ရှန်းထူလန်၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ရောက်ရှိသွားသည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် မြောက်ပိုင်းရိုးမမှာ ငရဲဘုရင်များ၏ ကောင်းကင်လိုဏ်ဂူစွမ်းအားပမာဏများစွာကို ဝါးမြိုပြီးနောက် ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ၏ တူညီသောအရာကို ဆက်လက်၍ မပိုင်ဆိုင်တော့ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အနည်းငယ်ထူးဆန်းသည့်ပုံပေါ်နေသည်။ သူသည် ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး သူ၏ နက်ရှိုင်းသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထားကာ အတော်လေးလျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်နေ၏။
“ဒါက အခုတင် ကျုပ်နဲ့ဆုံတွေ့ခဲ့တဲ့ တာအိုရောင်းရင်းတစ်ယောက်ပဲ”
ထန်ခုံးက မရေမရာပြန်ဖြေပြီးနောက် စကားလမ်းကြောင်းပြောင်းကာ အလ္လာပသလ္လာပပြောဆိုလိုက်၏။
ခဏနေပြီးနောက် ရှန်းထူလန်က ပြောဆိုလိုက်၏။
“ကြင်ရာတော်တင်မြှောက်အခမ်းအနားက သိပ်မကြာခင်စတင်တော့မယ်… ကျုပ်တို့တွေ အတူတူနန်းတော်ထဲကို ဝင်ကြတာပေါ့”
“ညီအစ်ကိုရှန်းထူ… ကျေးဇူးပြုပြီး အရင်သွားနှင့်… ကျုပ်က ဒီမှာတစ်ခြားလုပ်စရာတစ်ခု ရှိသေးတယ်… ခဏလောက်စောင့်ပြီးမှ လိုက်လာခဲ့မယ်”
ထန်ခုံးသည် ပို့ဆောင်ရေးဝင်္ကပါသို့ စိမ့်ဝင်ထိုးဖောက်ရန် ကြင်ရာတော်တင်မြှောက်အခမ်းအနားကို အသုံးချလိုလေသည်။ ထို့ကြောင့် သူသည် ရှန်းထူလန်နှင့်အတူ နန်းတော်ထဲသို့ မဝင်ရောက်နိုင်ပေ။
“ကောင်းပြီလေ… ကြင်ရာတော်တင်မြှောက်အခမ်းအနားမှာ ပြန်တွေ့ကြတာပေါ့”
ထိုသို့ပြောရင်း ရှန်းထူလန်သည် တောင်ပိုင်းတောအုပ်မှ ငရဲဘုရင်ပညာရှင်တစ်အုပ်စုကို ဦးဆောင်ကာ ဆီးနှင်းစိမ့်စမ်းဧကရာဇ်နန်းတော်၏ ပင်မခန်းမရှိရာသို့ လျှောက်လှမ်းသွားလေသည်။
ရှန်းထူလန် ထွက်ခွာသွားပြီးနောက် ထန်ချင်အာက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
စောစောက ရှန်းထူလန်ရှေ့မှာ သူမသည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိလုနီးပါးဖြစ်ခဲ့ပြီး ထိတ်လန့်တကြားဖြစ်နေခဲ့သည်။
ရှန်းထူလန်က လွဲမှားမှုတစ်ခုခုကို သတိထားမိသွားမည်ဆိုလျှင် သူတို့သုံးယောက်သည် ပို့ဆောင်ရေးဝင်္ကပါသို့ အောင်မြင်စွာ ချဉ်းကပ်နိုင်တော့မည် မဟုတ်ပေ။
“အရှင်အထီးကျန်သိုင်းသခင်… ကျုပ်တို့လည်း သွားကြရအောင်”
ထန်ခုံးက အကဲစမ်းမေးမြန်းလိုက်၏။
“ဒီလမ်းပါ”
ထန်ချင်အာက အရပ်တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီလမ်းအတိုင်းသွားမယ်ဆိုရင် ကျွန်မတို့တွေက လမ်းမှာ လူအတော်များများကို ရှောင်လွှဲနိုင်မယ်”
သိုင်းတာအိုပင်မခန္ဓာက အဲဒါကို စိတ်ထဲမှာ ထည့်မမှတ်ထားဘဲ ထန်ခုံးနှင့် သူ့သမီးဘေးကနေ လိုက်ပါလာခဲ့၏။
သိပ်မကြာခင် သူတို့သုံးယောက်သည် ဧကရာဇ်နန်းတော်၏ ပင်မခန်းမအနီးသို့ ရောက်ရှိလာကြသည်။
သူတို့က ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလိုသည်ဆိုလျှင် သူတို့သည် ဧကရာဇ်နန်းတော်၏ ပင်မခန်းမရှေ့မှ ကြီးမားသော ရင်ပြင်တစ်ခုကို ဖြတ်ကျော်ရပေမည်။
ထိုအခိုက်အတန့်မှာ ရင်ပြင်သည် လူများစွာဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် လူအုပ်ကြီးက တိုးကြိတ်နေပြီး စည်ကားသိုက်မြိုက်နေ၏။
ဤတစ်ခေါက် ကြင်ရာတော်တင်မြှောက်အခမ်းအနားပွဲက အရမ်းကို ခမ်းနားလွန်းလေသည်။ ဗဟိုချက်မြို့တော်မှ ပညာရှင်များစွာသာမက အရှေ့ပိုင်းလွင်ပြင်၊ တောင်ပိုင်းတောအုပ်နှင့် အနောက်ပိုင်းရွှံ့ညွှန်တောမှ ပညာရှင်များစွာကလည်း ရောက်ရှိလာကြသည်။
ထန်ခုံးသည် ရင်ပြင်၏ အစပ်မှာ မတ်တတ်ရပ်ပြီး တစ်ချက်ဝေ့ကြည့်ကာ လူအုပ်ကြားထဲတွင် အရှေ့ပိုင်းလွင်ပြင်၊ တောင်ပိုင်းတောအုပ်နှင့် အနောက်ပိုင်းရွှံ့ညွှန်တောမှ ပိုင်နက်အရှင်များကို ထောက်လှမ်းကြည့်နေ၏။
အစောင့်တပ်သားအချို့နှင့် အစေခံမိန်းကလေးများက လွဲလျှင် ပင်မခန်းမထဲမှာ တခြားမည်သူမှရှိမနေပေ။ ငရဲအရှင် ဆီးနှင်းစိမ့်စမ်းနှင့် ငရဲကြင်ရာတော်အသစ်က ယခုအချိန်ထိ ရောက်မလာကြသေးပေ။
ထန်ခုံး၏ အမူအရာက တည်တံ့နေသည်။
မြောက်ပိုင်းရိုးမမှာ သူ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲသည် သူ့ရှေ့မှ ကြင်ရာတော်တင်မြှောက်အခမ်းအနားနှင့်ယှဉ်လျှင် လုံးဝကို အရေးမပါအရာမရောက်တော့ပေ။
သူ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲသို့ မြောက်ပိုင်းရိုးမမှ ငရဲဘုရင်ပညာရှင် ထောင်ဂဏန်းတချို့ကသာ ရောက်ရှိလာကြသည်။
ဤအခိုက်အတန့်မှာ ရင်ပြင်ထဲတွင် ငရဲဘုရင်ပညာရှင်သောင်းချီက စုဝေးရောက်ရှိနေပြီး သူတို့၏ ကြောက်စရာကောင်းသော အော်ရာများက လေထဲမှာ ရောထွေးယှက်ဖြာနေသည်။
ရင်ပြင်ထဲသို့ ခြေချမိသော မည်သည့်ငရဲသက်ရှိမဆို သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားရနိုင်သည်။
မြောက်ပိုင်းရိုးမမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းက ဗဟိုချက်မြို့တော်နှင့် ဧကရာဇ်နန်းတော်သို့ ပျံ့နှံ့လာသည်နှင့် သူတို့၏ လမ်းကြောင်းက ပေါက်ကြားသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့သည် သူတို့ရှေ့မှ လူအုပ်ကြီးထဲ နစ်မြုပ်ကာ အပိုင်းပိုင်းဆုတ်ဖြဲခံရနိုင်သည်။
ထိုစဉ်မှာပင် အဝေးတစ်နေရာ လေထဲကနေ ဧရာမရထားလုံးတစ်စင်းက ဖြည်းဖြည်းချင်းမောင်းနှင်လာသည်။
ရထားလုံးကို မိုးပျံမြွေနဂါးကိုးကောင်က ရှေ့ကနေဆွဲလာပြီး လေထဲမှာ အဆက်မပြတ်တွန်မြည်နေကြသည်။ သူတို့၏ ကျင့်ကြံမှုအော်ရာများက ငရဲဘုရင်များ၏ အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
လူနှစ်ယောက်၊ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ရထားလုံးထဲမှာ ထိုင်နေကြသည်။
အမျိုးသားသည် နှင်းဖြူရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ ခြေရင်းမှာ တုတ်ခိုင်ကြီးမား၍ လေးလံသော ဓားတစ်လက်ကို ထောင်ထားပြီး အေးစက်နေသော အော်ရာတစ်ခု ဖြာထွက်နေ၏။
သူ့မှာ အေးစက်နေသော အမူအရာတစ်ခုရှိပြီး သူ၏ မျက်နှာက ဖြူဖျော့နေ၏။ သူ၏ မျက်လုံးများက ကျောက်မျက်ကဲ့သို့ မိုးပြာရောင်ဖြစ်ပြီး သူ၏ နှာရောင်ပေါ်မှာ ထူးဆန်းသော မှော်စာလုံးတစ်ခုကို ခတ်နှိပ်ထားသည်။ အဲဒါက တမလွန်ဟူသောစာလုံးဖြစ်လေသည်။
ငရဲအရှင် ဆီးနှင်းစိမ့်စမ်းက ဆင်းသက်လာခဲ့ပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင် ဆီးနှင်းစိမ့်စမ်းကို အရင်က မတွေ့မြင်ဖူးသော်လည်း ဤလူကလွဲလျှင် တခြားမည်သူကမှ ဤကဲ့သို့သော စွမ်းအားကြီးမားသည့် အော်ရာတစ်ခုကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ငရဲအရှင် ဆီးနှင်းစိမ့်စမ်း၏ ဘေးမှာရှိသော အမျိုးသမီး၏ မျက်နှာပေါ် ဆင်းသက်ရောက်ရှိသွား၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။
သူထင်တာ မမှားဘူးဆိုလျှင် ဤအမျိုးသမီးသည် ငရဲအရှင် ဆီးနှင်းစိမ့်စမ်း၏ မကြာခင်ဖြစ်လာတော့မည့် ငရဲကြင်ရာတော်ဖြစ်ပေလိမ့်မည်။
ဤငရဲကြင်ရာတော်သည် တကယ်ပင် အလွန်တရာ ချောမောလှပလေသည်။ ဤအမျိုးသမီးကို တွေ့မြင်သော မည်သူမဆို လောက၏ ဖန်တီးမှုလက်ရာမှာ ငေးမောမှင်တက်သွားပေလိမ့်မည်။
ရင်ပြင်ထဲရှိ သက်ရှိများစွာသည် ကျားမမရွေး၊ ကျင့်ကြံမှုနယ်ပယ်မရွေး သူတို့သည် ငရဲကြင်ရာတော်ကို တွေ့မြင်သောအခါ အလိုလိုအသက်အောင့်ပြီး သူတို့၏ အကြည့်များကို မလွှဲနိုင်ကြပေ။
သို့သော်လည်း ထိုကဲ့သို့သောမြင်ကွင်းက သိုင်းတာအိုပင်မခန္ဓာကို ဆွဲဆောင်ဖို့ မလုံလောက်ပေ။
သူအံ့အားသင့်သွားသည်မှာ ဤငရဲကြင်ရာတော်သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကြင်ရာတော်ယုနှင့် ပုံသဏ္ဌာန်နှင့် ရုပ်ရည်သွင်ပြင်အရ ထပ်တူနီးပါးတူညီနေသောကြောင့်ဖြစ်သည်။
တစ်ခုတည်းသော ကွာဟချက်မှာ ငရဲကြင်ရာတော်၏ နဖူးပေါ်တွင် ထူးဆန်းသော တမလွန်မှော်စာလုံးကို ခတ်နှိပ်ထားလေသည်။
အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…
ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲ မေးခွန်းများစွာက တဖျပ်ဖျပ်ပေါ်ထွက်လာ၏။
ဤငရဲကြင်ရာတော်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကြင်ရာတော်ယုက အတူတူပဲလား…
သူတို့က တစ်ယောက်တည်းမဟုတ်ဘူးဆိုလျှင် သူတို့က ဘာလို့ ထပ်တူထပ်မျှတူညီနေတာလဲ…
သူတို့၏ အော်ရာများကပင် တူညီသလောက်နီးပါးဖြစ်သည်။
သို့သော်လည်း သူတို့က တစ်ယောက်တည်းသာဆိုလျှင် သူ့ရှေ့မှမြင်ကွင်းကို ဘယ်လိုရှင်းပြနိုင်မလဲ။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကြင်ရာတော်ယုက ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီး တက်လှမ်းသွားသည်ကို သူကိုယ်တိုင်မြင်တွေ့ခဲ့သည်။ သူမက ငရဲကမ္ဘာသို့ ဘာကြောင့်ရောက်လာရမှာလဲ။
သူမသည် တက်လှမ်းလာပြီးနောက် ငရဲဆီးနှင်းစိမ့်စမ်းမှာ အသွင်ပြောင်းလဲခံရပြီး ရှေးဟောင်းတမလွန်မျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ ဘာတွေနဲ့တွေ့ကြုံခဲ့ရတာလဲ။
သို့မဟုတ် ကမ္ဘာငယ်တစ်ထောင်လောကမှာ သက်ရှိများသည် ငရဲကမ္ဘာသို့ တိုက်ရိုက်တက်လှမ်းနိုင်တာလား။
သို့သော်လည်း အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ငရဲကမ္ဘာကြားမှာပင် ဖျက်ဆီး၍မရနိုင်သော အဟန့်အတားတစ်ခု ရှိနေသည်။ ကမ္ဘာငယ်တစ်ထောင်လောကမှ သက်ရှိများက ငရဲကမ္ဘာသို့ ဘယ်လိုလုပ်တိုက်ရိုက်တက်လှမ်းနိုင်မှာလဲ။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းများက တဖျပ်ဖျပ်ပေါ်ထွက်လာ၏။
ပို၍အရေးကြီးသည်မှာ သူ့ရှေ့မှလူက ထျန်ဟွမ်ကုန်းမြေတိုက်၏ ကြင်ရာတော်ယုဖြစ်မည်ဆိုလျှင်တောင် သူမသည် ငရဲဆီးနှင်းစိမ့်စမ်း၏ အသွင်ပြောင်းလဲမှုကို ခံယူအပြီး၌ သူမ၏ အတိတ်ကာလက မှတ်ဉာဏ်များ ကျန်ရှိနေနိုင်ဦးမှာလား။
ထန်ချင်အာသည် မည်သို့ပင်ဆိုစေ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမသည် အရင်က ငရဲကြင်ရာတော်ကို တွေ့မြင်ထားဖူးခဲ့သည်။ ထို့ကြောင့် သူမသည် အရင်ဆုံးသတိပြန်ကပ်လာခဲ့၏။
သူမက တစ်ချက်လှမ်းကြည့်ပြီး သိုင်းတာအိုပင်မခန္ဓာက ထူးဆန်းသော အကြည့်နှင့်အတူ ငရဲကြင်ရာတော်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။ သူမက နှုတ်ခမ်းကို စေ့ပြီးနောက် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
“ကြည့်ရတာ သူကလည်း အဲဒါကို ခံနိုင်ရည်မရှိဘူးနဲ့တူတယ်”
ထန်ခုံးမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိနေပြီး သူက တစ်စုံတစ်ရာပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
“လောကမှာ ဒီလိုအမျိုးသမီးတစ်ဦး တကယ်ပဲရှိနေတာလား… တကယ်ပဲ…”
သူသည် နှစ်ပေါင်းသိန်းချီလောက် ပြန်ငယ်နိုင်မည်ဆိုလျှင် သူသည် ဤငရဲကြင်ရာတော်အတွက် ငရဲအရှင် ဆီးနှင်းစိမ့်စမ်းနှင့် အသေအကြေတိုက်ခိုက်မိပေလိမ့်မည်။
“ရှင်တို့နှစ်ယောက် ကြည့်မနေနဲ့တော့”
ထန်ချင်အာက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဒါက အကောင်းဆုံးအခွင့်အရေးပဲ… ရင်ပြင်ထဲမှာရှိတဲ့ လူတိုင်းက ငရဲကြင်ရာတော်အပေါ် အာရုံရောက်နေကြတယ်… ကျွန်မတို့တွေက ဒီနေရာကနေ အခုပဲထွက်ခွာကြရမယ်”
ထန်ခုံးက ရင်တစ်ချက်ထိတ်သွားပြီး အိပ်မက်ကနေ နိုးထလာသည့်အလားပင်။
“အဲဒါအမှန်ပဲ… အရှင်အထီးကျန်သခင်… ကျုပ်တို့ ဒီအခွင့်အရေးကို အသုံးချပြီး ဒီနေရာကနေ မြန်မြန်ထွက်ခွာကြရအောင်”
“ကျုပ်တို့က အခုအချိန်မှာ ပို့ဆောင်ရေးဝင်္ကပါဆီကို သွားမယ်ဆိုရင် အောင်မြင်ဖို့အခွင့်အရေးများနေပြီ”
သိုင်းတာအိုပင်မခန္ဓာက မည်သည့်စကားကိုမှ မကြားရသည့်အလား နှုတ်ဆိတ်နေ၏။ သူက ရထားလုံးထဲရှိ ငရဲကြင်ရာတော်ကို ဆက်ကြည့်နေသည်။
ထန်ခုံးနှင့် သူ့သမီးက ကူကယ်ရာမဲ့သော အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲကြင်ရာတော်၏ ချောမောလှပမှုမှာ ခုံမင်စွဲလမ်းသွားပြီဖြစ်ပြီး ရုန်းထွက်မလာနိုင်ဟု သူတို့က တွေးထင်လိုက်ကြ၏။
ထန်ခုံးက ပူပန်ကြောင့်ကြစွာဖြင့် လောဆော်လိုက်၏။
“အရှင်အထီးကျန်သခင်… ခင်ဗျား ထွက်မသွားသေးဘူးလား… ဒါက ရှားရှားပါးပါးအခွင့်အရေးပဲ… ကျုပ်တို့ အဲဒါကို လွဲချော်သွားမယ်ဆိုရင် တခြားဘယ်အရာမဆို ဖြစ်လာနိုင်တယ်”
“ငါမသွားတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်သည်။
ဖျတ်ခနဲဆို သူက လေထဲသို့ရောက်ရှိလာပြီး ရင်ပြင်ရှေ့မှ ရထားလုံးရှိရာသို့ ဦးတည်လိုက်လေသည်။
ဤငရဲကြင်ရာတော်က မည်သူပင်ဖြစ်စေ… သူသည် အဲဒါကို သေသေချာချာသိရအောင် ပြုလုပ်ရပေမည်။