အခန်း (၇၂၁)
Vol. 49 Ch. 721
ထိုစကားသံ ထွက်ပေါ်လာလာချင်းမှာပဲ အပြင်ဘက်ရှိ သက်တန့်ရောင်စဉ် နတ်ဘုရားကျောက်ပြားပေါ်၌ နာမည် နှစ်ခု ပေါ်ပေါက်လာ၏။
[စတုတ္ထနေရာ - ရှီယွင်]
[ပဉ္စမနေရာ - ထျန်းကျီ]
ထိုနှစ်ယောက်၏နာမည် ပေါ်ပေါက်လာသည့် အချိန်မှာတော့ အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်၊ လက်ရှိ တကိုယ်လုံး စုတ်ပြတ်သတ်လျက်ရှိနေသည့် လွင့်မျောမြို့၏ ယခင်အရှင်နှင့် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိနေသည့် သက်ရှိသတ္တဝါ အပေါင်းတို့အားလုံးသည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော် ဤလူနှစ်ယောက်သည် အတိတ်တုန်းက ငရဲလောက၏ အဆင့်မြင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ကောင်းကင်မူလလောကကြီး၏ အစပ်တည်နေရာတွင်တော့ မတ်မတ်ရပ်လျက်ရှိနေသော လူနှစ်ယောက်သည် ရုတ်တရက် အေးခဲသွား၏။ ထိုနှစ်ယောက်သည် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုမှလွဲလျှင် တခြား မဟုတ်ချေ။ ၎င်းတို့သည် နက်နဲမီးတောက်လောကကြီးဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး တော်ဝင်သဲကန္တာရမြို့၏အထက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည့် သက်တန့်ရောင်စဉ် နတ်ဘုရားကျောက်ပြားကြီးကို လှမ်းကာကြည့်ရှုရင်း ၎င်းတို့၏ အမူအရာများသည် အေးခဲလျက် ရှိနေ၏။ မယုံကြည်နိုင်ဖွယ်ရာ အရာတစ်ခုကို မြင်နေရသကဲ့သို့ပင်။
“ဒီနှစ်ယောက်က အစောကြီးတည်းက သေသွားပြီ မဟုတ်ဘူးလား” လျှိုချင်းယုက ပြောဆိုလိုက်၏။ ၎င်းသည် အတော်နောက်ကျမှ မွေးဖွားခဲ့သည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ လျှိုကလန်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် ရှေးမှတ်တမ်းများကို ဖတ်ရှုခဲ့ရ၏။ ငရဲလောကကြီးနှင့် လောကအသီးသီး တိုက်ပွဲအကြောင်းအရာများနှင့် ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် လူများ၏အကြောင်းကို ကောင်းကောင်းသိသည်။
ကြီးမားလွန်းသည့် တိုက်ပွဲကြီးအပြီးတွင် လုဝူတောက်၊ လွင့်မျောမြို့၏ ယခင်အရှင်တို့သည် တကယ့်ကို စွမ်းအားမြင့်မားသည့် ကျင့်ကြံသူများအဖြစ် တောက်ပခဲ့၏။ ရှီယွင်၊ ထျန်းကျီတို့နှင့် ပတ်သက်၍လည်း လျှိုချင်းယုက ကောင်းကောင်းသိရှိ၏။ ဤအင်မော်တယ်ဘုရင် နှစ်ယောက်တို့သည် ယခင်တည်းက ငရဲလောက ထဲသို့ ဝင်ရောက်ခဲ့သည့် အင်မော်တယ်ဘုရင် နှစ်ယောက်တို့ဖြစ်ပြီး ငရဲလောက၏ အရှင်နောက်သို့ တလျှောက်လုံး လိုက်ပါခဲ့သည့် လူများလည်း ဖြစ်၏။
စီနီယာစဉ်အရဆိုလျှင် ငရဲလောကကြီးတွင် လုဝူတောက်ထက်ပင် ပိုမိုကာ သာလွန်သည့်လူများဖြစ်၏။ လူဝူတောက်သည် နောက်ပိုင်းမှ ငရဲလောကထဲသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး အစွမ်းပြနိုင်သောကြောင့် ပိုမိုကာ နာမည်ကြီးလာခြင်းပင်။
အချိန်၏ မြစ်ရေစီးကြောင်းအတိုင်း စီနီယာစဉ်အရ သတ်မှတ်ရမည်ဆိုပါက တစ်ဖက်လူများသည် ကျိန်းသေပေါက် ငရဲလောက အရှင်နှင့် တချိန်လုံး လက်တွဲနေထိုင်ခဲ့ပြီး ငရဲလောကအရှင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ကြသူများ ဖြစ်သည်။ ရှီယွင်နှင့် ထျန်းကျီတို့သည် အင်မော်တယ်ဘုရင်အဆင့်၏ ထိပ်ဆုံးအဆင့်တွင် ရပ်တည်နေနိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။ ထို့အပြင် သာမန်လူများသည် အင်မော်တယ် အင်ပါယာတစ်ယောက်၏ လမ်းညွှန် ပြသချက်ကို ရရှိရန် အခွင့်အရေး မည်သို့မှ မရှိနိုင်ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သေပြီးသားလူတွေကိုလည်း စာရင်းထဲမှာ ထည့်နေတာလား” လျှိုချင်းယု သည် ဇဝေဇဝါ ဖြစ်လို့နေ၏။
“ဟမ့်”
ထျန်းမင်တောင်သခင်သည် အသာရယ်မောကာ ပြောလိုက်သည်။ “အခု ထိပ်ဆုံးငါးယောက် ပေါ်လာခဲ့ပြီ။ အားလုံးက သေပြီးသားလူတွေပဲ မဟုတ်လား။ ပထမအဆင့်မှာရှိတဲ့ ကျိုးချီ၊ ကျုပ်အထင်အရဆိုရင် သူက သေဆုံးသွားခဲ့တာ နှစ်ပေါင်းများစွာတောင် ကြာနေလောက်ပြီ။ မဟုတ်ရင် သူရဲ့နာမည်ကို ဘယ်လိုလုပ် မကြားဘူးဘဲ နေမှာလဲ။ ပြောရမယ်ဆိုရင် လုဝူတောက်ရဲ့ အထက်မှာရှိနေတဲ့လူက ကျိန်းသေပေါက် ကျုပ်တို့ မကြားဖူးတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်”
ရှည်လျားသည့် သမိုင်းမြစ်ရေစီးကြောင်းထဲတွင် ဤလူသည် တည်ရှိတော့သည့်လူမျိုး မဟုတ်နိုင်ချေ။ ထို့ကြောင့်သာလျှင် ကျိုးချီနှင့်ပတ်သက်သည့် သမိုင်းမှတ်တမ်းများ မရှိခြင်း ဖြစ်ပေလိမ့်မည်။
“ရှီယွင်နဲ့ ထျန်းကျီတို့ ရှိနေသေးတယ်ဆိုရင်တောင်မှ ကျုပ်တို့အတွက် သိပ်ပြီးသတိထားဖို့ လိုတဲ့လူမျိုး မဟုတ်ဘူး” ထျန်းမင်တောင်သခင်သည် တင်းမာခက်ထန်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။
သူသည် အစောပိုင်းနှစ်များအတွင်း ငရဲလောက၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် ဤအင်မော်တယ် ဘုရင်နှစ်ယောက်တို့၏ ထက်မြက်မှုကို အသိအမှတ်ပြုပြီးသား ဖြစ်၏။ မှတ်ဉာဏ်များသည် ယခုအချိန်အထိ သူ၏ ခေါင်းထဲတွင် တည်ရှိနေသေးသည်။
လူဝူတောက်မှာတော့ ခြားနားလွန်း၏။ ငရဲလောကသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ၎င်းသည် လွတ်လပ်သည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြုမူနေထိုင်ခဲ့သူဖြစ်၏။ ထျန်းမင်တောင်သခင် အနေနှင့် ထိုသူကို ပြဿနာ မရှာရဲချေ။ လုဝူတောက်ကို ပြဿနာ ရှာမိသည်ဆိုပါက ကျိန်းသေပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။
ရှီယွင်နှင့် ထျန်းကျီတို့မှာတော့ ငရဲလောက၏ သစ္စာရှိ ကျေးကျွန်များပင် ဖြစ်၏။ ထို့ကြောင့် ငရဲလောက၏ အမွေအနှစ်များကို ကိုင်ဆောင်ထားသော သူတစ်ယောက်အား တစ်ဖက်လူများသည် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ သူ့ကို ကူညီကောင်းပင် ကူညီနိုင်၏။
ထိုအကြောင်းအရာများကို စဉ်းစားပြီးသည့်နောက် အင်မော်တယ်ဘုရင် အဆင့်စာရင်း၏ နံပါတ်လေးနှင့် နံပါတ်ငါးတို့သည်သာ သူတို့နှင့် ပူးပေါင်းမည်ဆိုပါက ကျိန်းသေပေါက် သူတို့အတွက် အောင်မြင်မှု ဖြစ်ကြောင်း တွေးတောလိုက်မိသည်။ မည်သူတို့သည် သူတို့အား ပြန်လည်ခုခံတိုက်ခိုက်နိုင်မည်နည်း။
“တာအိုရောင်းရင်း... ခင်ဗျားရဲ့ အားအင်အဆင့်အရဆိုရင် စာရင်းထဲမှာ ပါနိုင်လား” လျှိုချင်းယုက ရုတ်တရက် မေးမြန်းလိုက်၏။
အားကောင်းလှပါသည်ဆိုသော ထျန်းမင်တောင်သခင်သည် ယခင်က သတ္တမဘိုးဘေးကြီးနှင့် လျှိုရွှမ်ချမ်တို့အား အနိုင်ယူ တိုက်ခိုက်ခဲ့သူ ဖြစ်၏။ ထိုသူတို့သည် ငရဲလောက၏ တိုက်ပွဲထဲတွင် ပါဝင်ယှဉ်ပြိုင်ဖူးသည် ဆိုလျှင်တောင်မှ ထျန်းမင်တောင်သခင်၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။ ထို့အပြင် ထျန်းမင်တောင်သခင်သည် အားအင်အဆင့်ကို နည်းနည်းပါးပါး ထုတ်ဖော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အားအကုန်မထုတ်သေးချေ။
ထျန်းမင်တောင်သခင်သည်သာ ထိုစာရင်းထဲတွင် ပါဝင်ခြင်း မရှိပါက စာရင်းထဲတွင် ပါဝင်သည့် လူများသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းသည့် လူများဖြစ်ကြောင်း လျှိုချင်းယု မခန့်မှန်းနိုင်တော့ချေ။ ထိပ်တန်းဆယ်ယောက် စာရင်းသည် ကြောက်စရာကောင်းသည့် လူများသာ ဖြစ်ပေလိမ့်မည်။
“ဒီလိုပဲ မျှော်လင့်မိတယ်” ထျန်းမင်တောင်သခင်သည် မရေရာ မသေချာသလို တုံ့ပြန်လိုက်၏။ လက်ရှိ အသက်ရှင်နေသည့် အင်မော်တယ်ဘုရင်အဆင့်ကို အခြေခံမည်ဆိုပါက သူ ယုံကြည်ချက် ရှိ၏။ သို့ပေမဲ့ လက်ရှ ိပေါ်ပေါက်လာသည့် လူငါးယောက်တို့သည် အသက်ရှင်လျက် ရှိလား၊ မရှိလား ဆိုသည်က မသေချာချေ။ ထို့ကြောင့် ထျန်းမင်တောင်သခင်သည် မသေချာ မရေရာသလို ခံစားနေမိခြင်း သာလျှင်ဖြစ်၏။
သမိုင်းမှတ်တမ်းများထဲတွင် ပါရမီနှင့် ဇွဲသတ္တိကောင်းမွန်လွန်းသည့် သာမန်ထက်ပိုသော ကျင့်ကြံသူ အများအပြား တည်ရှိခဲ့၏။ ထျန်းမင်တောင်သခင်သည် နက်နဲမီးတောက်လောကကြီး တစ်ခုလုံးကို လွှမ်းမိုး ထိန်းချုပ်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ စကြဝဠာ တစ်ခုလုံးထဲတွင်တော့ ၎င်းသည် အားကောင်းလွန်းသည့် လူအဖြစ် သတ်မှတ် မခံရနိင်ချေ။
“ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ မကြာခင် သိရမှာပဲ” လျှိုချင်းယုသည် တည်ငြိမ်အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။
ရုတ်တရက် တခြားသော နာမည်တစ်ခုသည် သက်တန့်ရောင် နတ်ဘုရား ကျောက်ပြားပေါ်၌ ပေါ်ပေါက်လာခဲ့ပြန်၏။ ဤအင်မော်တယ်ဘုရင်သည် အံ့အားသင့်စရာ ကောင်းလောက်စွာဖြင့် သေဆုံးသွားခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ထို့အပြင် ငရဲလောက၏ လူလည်း ဖြစ်လို့နေသည်။
“ခြောက်ယောက်မြောက် - ငရဲလောကရဲ့ နောက်ထပ် အင်မော်တယ်ဘုရင် တစ်ယောက်ပဲ” လျှိုချင်းယုသည် အသာလှည့်ပြီးသည့်နောက် ထျန်းမင်တောင်သခင်ကို လေးနက်သည့် အဓိပ္ပာယ်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။
လက်ရှိအချိန်မှာတော့ ရှေးယခင်တုန်းက ကျော်ကြားခဲ့သည့် ငရဲလောကကြီး၏ ခန့်မှန်း၍ မရနိုင်သော အားအင်အဆင့်ကို သူ နားလည်ခဲ့ပြီ ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်း၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ ထို့ကြောင့် ငရဲလောကကြီးသည် ငြင်းပယ်၍ မရနိုင်လောက်အောင်ပင် အားကောင်း လွန်းသည့် ဂိုဏ်းဂဏတစ်ခု ဖြစ်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသားတို့၏ ကျင့်ကြံခြင်းအဆင့်များသည် ထိပ်တန်းစာရင်းထဲ ပါဝင်သူများ ဖြစ်နေသောကြောင့်ပင်။
ကျိုးချီနှင့် လွင့်မျောမြို့၏ ယခင်အရှင်မှလွဲလျှင် အားလုံးသောသူတို့သည် ငရဲလောကမှလူများ ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ အနည်းငယ်နှင့် နတ်ဘုရားအင်ပါယာတို့သာ အသင်္ချေ များပြားလှသည့် လောကသားများနှင့် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခြင်း မရှိသည်ဆိုပါက ငရဲလောကကြီးသည် လောက အသီးသီးကို လွှမ်းမိုး ထိန်းချုပ်နိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်လေ၏။
[ခုနှစ်ယောက် ......]
[ရှစ်ယောက် .......]
[ကိုးယောက် - လီချန်းဖန်]
[ဆယ်ယောက် ......]
.....
စာရင်းထဲ၌ တစ်ခုပြီးတစ်ခုသော အင်မော်တယ်ဘုရင်များ၏ နာမည်သည် ပေါ်ပေါက်လာခဲ့၏။ ဆယ်ယောက်မြောက်စာရင်း ပေါ်ပေါက်လာပြီးသည့် အားလုံးသော သူတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
“ကြည့်ရတာ အသင်္ချေ များပြားတဲ့ လောကအသီးသီးမှာ အားအကောင်းဆုံးသော အင်မော်တယ်ဘုရင် ဆယ်ယောက် စာရင်းက ထွက်ပေါ်လာခဲ့ပြီ။ ရှေးတုန်းကကော၊ အခုခေတ်ကော အကုန်လုံး ပါဝင်နေကြတာပဲ။ တော်တော်များများက သေဆုံးသွားခဲ့ပြီ” လျှိုချင်းယုက သက်ပြင်းချလိုက်၏။
သူ၏ အမြင်အရဆိုလျှင် ထိုစာရင်းကို သေသေချာချာ သုံးသပ်ခဲ့ပြီးဖြစ်၏။ သမိုင်းမှတ်တမ်းများအရဆိုလျှင် ဤစာရင်း၏ ထိပ်ပိုင်းတွင် ရှိနေသည့် လူများသည် အားကောင်းလွန်’သည့် လူများ ဖြစ်၏။ သို့ပေမဲ့ အားလုံးသော သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်၏။ ထို့ကြောင့် ဤလူများ အားလုံးသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်သည့်လူများ မဟုတ်ကြတော့ချေ။