အခန်း (၇၂၂)
Vol. 49 Ch. 722
“ဟင်း... ဘုရင်ချန်းဖန်.. ကိုးယောက်မြောက် တည်နေရာကို မြင်ရတဲ့အချိန်မှာ ငါတကယ့်ကို အတိတ်က အကြောင်းအရာတွေကို ပြန်ပြီး သတိရမိတာပဲ” လျှိုချင်းယုသည် မည်သို့မှ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။
ဤလူသည် ရှေးတုန်းတည်းက တည်ရှိခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး အင်မော်တယ် အင်ပါယာ ယွမ်ဟောင်နှင့် တစ်ခေတ်တည်း ဟု သတ်မှတ်ရပေမည်။ ဤအတောအတွင်း လီချန်းဖန်သည် ကွာစီအင်မော်တယ် အင်ပါယာ၏ အောက်တွင် နံပါတ်တစ်ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့၏။ ၎င်းသည် ခေတ်ကာလတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီး ရေတွက်၍မရအောင် များပြားသည့် ပါရမီရှင်အားလုံးကိုပင် အသက်ရှူကြပ်စေခဲ့သည်။
အင်မော်တယ် အင်ပါယာ ယွမ်ဟောင်နှင့် လုဝူတောက်တို့ ပေါ်ပေါက်လာသည့် အချိန်မှာတော့ လီချန်းဖန်သည် လုဝူတောက်ကို အချိန်ကာလတစ်ခုအထိ လမ်းညွှန်ပြသခဲ့ဖူး၏။ ဤကဲ့သို့သော အောင်မြင်မှုသည် သမိုင်းမှတ်တမ်း ၏ ဒဏ္ဍာရီလာ အကြောင်းအရာတစ်ခုပင် ဖြစ်ခဲ့၏။
ထို့အပြင် ယခင်ခေတ်၏ ကွာစီအင်မော်တယ် အင်ပါယာအောက် နံပါတ်တစ်နှင့် ယခုခေတ်၏ ကွာစီအင်မော်တယ် အင်ပါယာအောက် နံပါတ်တစ် - ဤနှစ်ယောက်တို့သည် တကယ့်ကို သူငယ်ချင်းမိတ်ဆွေများ ဖြစ်ခဲ့ပြီး ဆရာတပည့် ဖြစ်ခဲ့သည်ဟု ညွှန်းဆိုရပေလိမ့်မည်။
ဤလူနှစ်သည် လောကအသီးသီးကို လှည့်လည်ကာ ခရီးသွားလာခဲ့သည့် မဟာမိတ်အဖွဲ့ သူငယ်ချင်းများပင်။ ထိုအချိန်တုန်းက ၎င်းတို့နှစ်ယောက်ကို မည်သူမှ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။
ကံဆိုးစွာဖြင့် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် ရုတ်တရက် အဆင့်ချိုးဖြတ်ပြီးသည့်နောက် လုဝူတောက်ကို သွေးကြွေး လာရောက်ကာ ဆပ်ခဲ့သည်။
ထို့အပြင် ငယ်ရွယ်စဉ်က အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် လုဝူတောက်မှလွဲလျှင် အားလုံးသောသူတို့ကို ဖိနှိပ်နိုင်ခဲ့၏။ ယခု ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်သည့် အချိန်မှာတော့ ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိချင်ခြင်းမှာ သဘာဝပင်။
ဤအတောအတွင်း လူဝုတောက်သည် ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိခဲ့၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ တိုက်ခိုက်မှုကို အချိန်ကာလ တစ်ခုအထိ ခုခံနိုင်ခဲ့သည်ဆိုလျှင်တောင်မှ အလုံးစုံ ပြန်လည်အနိုင်ယူ တိုက်ခိုက်နိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
စိတ်ဓာတ်တကျဖြင့် လုဝူတောက်သည် ငရဲလောကထဲသို့ သွားရောက်ခိုလှုံခဲ့၏။
လုဝူတောက်နှင့် လောကအသီးသီးတို့ကြား တိုက်ပွဲသည် အင်မော်တယ်လောကကြီးကိုပင် စုတ်ပြတ်သတ်စေ၏။ ထိုကဲ့သို့သော အခြေအနေမျိုး၌ ပထမဦးဆုံး ရင်ဆိုင်တွေ့ရသည့် ပြိုင်ဘက်သည် လီချန်းဖန်ပင် ဖြစ်ခဲ့သည်။
တကယ့်ကို ကြီးမားလွန်းသည့် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး လောကအသီးသီးတို့ပင် ပျက်စီးခဲ့၏။ လုဝူတောက်သည် လီချန်းဖန်၏ ဦးခေါင်းကို ယူကာဖြင့် ပြန်သွားခဲ့၏။ ထိုစဉ်ကတည်းက လီချန်းဖန် အကြောင်းနှင့် ပတ်သက်၍ မည်သည့် ကောလဟလမှ မကြားတော့ချေ။ တော်တော်များများတို့သည် လီချန်းဖန်တစ်ယောက် သေဆုံးသွားခဲ့ပြီဟု တွက်ချက်ခဲ့ကြ၏။ ထို့အပြင် ဦးခေါင်းကို ဖြတ်ကာ ယူဆောင်သွားခံရသောကြောင့် မည်ကဲ့သို့ အသက်ရှင်တော့မည်နည်း။
ဟုတ်ပေ၏။ လီချန်းဖန် လွတ်မြောက်သွားခဲ့သည်ဟု တွက်ချက်ခဲ့ကြသည့် လူများလည်း ရှိ၏။ ထို့အပြင် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေသည့် လူများသည် သတ်ပစ်ရန် ခက်ခဲလွန်းလှပြီး အလုံးစုံ သေဆုံးသွားဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဦးခေါင်းတစ်ခုလုံး ပြတ်သွားသည် ဆိုလျှင်တောင်မှ အဆုံးသတ် မဟုတ်နိုင်ချေ။
အထူးသဖြင့် လုချန်းဖန်၏ ဝိညာဉ်သည် လွတ်မြောက်သွားခဲ့၏။ အချိန်အတိုင်းအတာ တစ်ခုအတွင်း ခန္ဓာကိုယ် တစ်ခုကို ပြန်လည်တည်ဆောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သည့် အကြောင်းအရာ မဟုတ်ချေ။ ခက်ခဲမည် ဆိုလျှင်တောင်မှ တကယ့်ကို စိတ်ရှည်လက်ရှည်ဖြင့် ပြုမူဆောင်ရွက်ပါက ကျိန်းသေပေါက် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်မှာ သေချာ၏။
ငရဲလောကကြီး ဖျက်ဆီးခံရပြီးနောက် တချို့သောသူများသည် ၎င်းသေဆုံးသွားခဲ့သည်ဟု ထင်မှတ်ခဲ့ကြ၏။ တချို့သောသူများမှာတော့ အသက်ရှင်လျက် ရှိနေသေးသည်ဟု တွေးထင်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေကာမူ လီချန်းဖန်သည် ယခုအချိန်အထိ ပေါ်ပေါက်မလာသည်မှာတော့ မငြင်းပယ်နိုင်သည့် အချက်အလက်ပင်။
ငရဲလောက၏ တိုက်ပွဲပြီးသည့်နောက် ဖြေရှင်း၍ မရနိုင်ခဲ့သည့် ဆန်းကြယ်မှုများထဲတွင် ထိုအကြောင်းအရာ တစ်ခုကလည်း ပါဝင်ခဲ့၏။ လီချန်းဖန်နှင့် လုဝူတောက်တို့သည် အတူတူ တည်ရှိမနေနိုင်တော့သည်မှာတော့ အမှန်တရားပင် ဖြစ်လေသည်။
“သွားကြရအောင်.. ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားလည်ဖို့ လိုအပ်လာပြီ” ထျန်းမင်တောင် သခင်သည် သက်တန့်ရောင် နတ်ဘုရားကျောက်ပြားကြီးကို လှမ်းကာ ကြည့်ရှုရင်း ပြောဆိုလိုက်၏။
ချက်ချင်းဆိုသလိုပဲ သူသည် စာရင်းထဲရှိ သေဆုံးသွားခဲ့ပြီဖြစ်သော အင်မော်တယ်ဘုရင် ဆယ်ယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ စာရင်းထဲတွင် သူ့အနေနှင့် ပါဝင်ရန် အခွင့်အရေး မရှိချေ။ သို့ပေမဲ့ သူ့အနေနှင့် ထိုအကြောင်းအရာနှင့် ပတ်သက်၍ စိတ်ခံစားချက်တော့ မရှိပေ။ စာရင်းထဲတွင် ပါဝင်ခြင်း၊ မပါဝင်ခြင်းကို သူက ဘာတစ်ခုမှ ခံစားနေလိမ့်မည် မဟုတ်ချေ။ သူ့အတွက်တော့ သွားချင်သည့် ရည်မှန်းချက်ကို ရောက်ရှိခြင်းက သာလျှင် အရေးအကြီးဆုံး ဖြစ်သည်။
အနာဂတ်တွင် အင်မော်တယ်ဘုရင် အဆင့်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်နေရာကို ပါဝင်ရန်ဆိုသည်မှာ စိန်ခေါ်စရာ ဖြစ်လာပေမည်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်အောက်တွင် နံပါတ်တစ်ဆိုသည့် ဂုဏ်ပုဒ်ကို ရရှိရန်မှာ လွယ်ကူမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လွင့်မျောမြို့၏ ယခင်အရှင်၊ လုဝူတောက်၊ လီချန်းဖန်၊ လျှိုကလန်၏ လျှိုချင်းဟုန်တို့သည် ကွာစီအင်မော်တယ် အင်ပါယာ၏ အောက်တွင် ထိပ်တန်းအဖြစ် ရပ်တည်ခဲ့ကြသည့် လူများ ဖြစ်သောကြောင့်ပင်။
ယခု အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ကြည့်ရှုရမည်ဆိုလျှင် သူတို့သည် ထိပ်ဆုံးစာရင်းထဲတွင် ဝင်နိုင်လောက်ခဲ့ချေ၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာအဆင့်၏ နံပါတ်တစ်နေရာကို မည်သူရောက်ရှိမည် ဆိုသည်ကို မသိရှိနိုင်ပေ။
လုဝူတောက်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုပါက ကျိန်းသေပေါက် သာလွန်သည့် အခြေအနေတစ်ခုကို ထုတ်ဖော်ပြသနိုင်မည် မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် နှင့် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်သောကြောင့်ပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ကျုပ်တို့ စီနီယာနန်းဆောင်သခင်ကို ကောင်းကင်နဲ့မြေပြင် တစ်ခုလုံးမှာ လက်ရှိအားအကောင်းဆုံး ဘယ်သူလဲဆိုတာ မေးကြည့်ရမယ်”
လျှိုချင်းယုက ရယ်မောလိုက်၏။ “အနာဂတ်မှာ ကျုပ်တို့က တကယ့်ကို ခန့်မှန်းလို့ မရနိုင်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာနိုင်တယ်”
ကွာစီအင်မော်တယ် အင်ပါယာအဆင့် ကျင့်ကြံသူများ ပေါ်ပေါက်လာပါက အင်မော်တယ်ဘုရင်စာရင်း၏ ထိပ်ဆုံး လူဆယ်ယောက်သည် ပြောင်းလဲသွားနိုင်သည်။
“တကယ့်ကို ကောင်းတဲ့ အကြံပြုချက်ပဲ”
ထျန်းမင်တောင်သခင်သည် မျက်ခုံးကို ပင့်ပြီးသည့်နောက် စိတ်ပါဝင်စားမှု အပြည့်နှင့် ပြောဆိုလိုက်၏။ “အင်း... ကျုပ်သာ စာရင်းထဲမှာ ပါမယ်ဆိုရင် ဆက်လုပ်ရမယ့် အခြေအနေတွေအတွက် မကောင်းဘူး။ ခုတော့ အဆင်ပြေသေးတယ်”
လျှိုချင်းယု “...”
ထျန်းမင်တောင်သခင်သည် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြောင်း သူ အသိအမှတ်ပြု၏။ သို့ပေမဲ့ စာရင်းထဲတွင် မပါဝင်ခြင်းသည် ရှက်ရွံ့စရာတစ်ခုဟု တစ်ဖက်လူက မထင်ချေ။
“ဘာပဲပြောပြော ပြောဖို့စောပါသေးတယ်” လျှိုချင်းယုက တီးတိုးရေရွတ်လိုက်သည်။
“ဟား ဟား” ထျန်းမင်တောင်သခင်က တီးတိုးရေရွတ်လိုက်၏။ သူသည် စိုးရိမ်ပူပန်သည့်ပုံ မပေါ်ချေ။ သူ၏ အားအင်အဆင့်ကို သူက ကောင်းကောင်းသိ၏။ ငရဲလောကကြီး ကျဆုံးခဲ့ပြီးသည့်နောက် လူပေါင်းများစွာ တို့ကလည်း သေဆုံးခဲ့၏။
အင်မော်တယ်ဘုရင်၏ ဒုတိယတန်းစား ကျင့်ကြံသူတစ်ယောက်အဖြစ် သူ့ကို အားလုံးသောသူတို့က တွက်ချက်ခဲ့ကြ၏။ လျှိုချင်းယုကဲ့သို့ ပါရမီရှင် တစ်ယောက်ပင်လျှင် သူ့အား ကြီးကြီးမားမား သဘော မထားကြောင်း၊ အထင်မကြီးကြောင်း သူ သိရှိပြီး ဖြစ်သည်။
သူသည် လျှိုချင်းယုထက် ပိုမိုများပြားသည့် စိန်ခေါ်မှုများကို ကျော်ဖြတ်ခဲ့သူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာတွင် ပိုမိုကာ အားကောင်းမည်မှာ ယုံမှားသံသယရှိစရာ မလိုပေ။
“သွားကြရအောင်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို” ထျန်းမင်တောင်သခင်က ပြောဆိုလိုက်၏။ ပြီးသည့်နောက် သူသည် ခြေထောက်ကို မြှောက်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရန် ပြင်ဆင် လိုက်၏။
သို့ပေမဲ့ မသွားရသေးခင်မှာဘဲ အသံတစ်ခု ထွက်ပေါ်လာ၏။ သက်တန့်ရောင် နတ်ဘုရားကျောက်ပြားကြီးသည် ပိုမိုကာ တောက်ပလာပြန်၏။ ကြည်လင်ရှင်းလင်းသည့် စာလုံးများသည် ၎င်း၏ မျက်နှာပြင်ထက်တွင် ပေါ်ပေါက်လာခဲ့သည်။
[ဆယ့်တစ် - လောကအထက် နတ်ဆိုးအရှင်]
“ဘာ”
ထိုစာတန်းကို မြင်ရသည့်အချိန်မှာတော့ လျှိုချင်းယုသာမက ထျန်းမင်တောင်သခင်သည်လည်း ဆွံ့အ သွားခဲ့လေ၏။ ခပ်ဝေးဝေးတည်နေရာတွင် ရှိနေသည့် အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်ပင်လျှင် မျက်နှာ တစ်ခုလုံး ဖြူလျော်သွားခဲ့၏။
ဘာတွေဖြစ်နေသနည်း။ အင်မော်တယ်ဘုရင်အဆင့်သည် ဆယ်ယောက်တည်း မဟုတ်ပေဘူးလား။ အဘယ်ကြောင့် ဆယ့်တစ်ယောက်မြောက် စာရင်းက ပေါ်ပေါက်လာရသနည်း။
ပို၍ အရေးကြီးသည်မှာ လောက၏ အထက် နတ်ဆိုးအရှင် ဆိုသည်မှာ မည်သူနည်း။ တစ်ခါမှ မကြားခဲ့ဖူးချေ။ ငရဲလောက၏ တိုက်ပွဲကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သောကြောင့် တခြားသောသူများ မသိရှိခြင်းသာ ဖြစ်ပေလိမ့်မည်။
အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ ထိပ်ဆုံးဆယ်ယောက် စာရင်းသည် သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် လောက၏အထက် နတ်ဆိုးအရှင်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် ဖြစ်လာနိုင်သည့် စာရင်း၌ နံပါတ်တစ် ဖြစ်နေမည် မဟုတ်ပါလား။
“ဘာတွေဖြစ်နေတာလဲ”
လျှိုချင်းယုက မျက်မှောင်ကုတ်လိုက်၏။ ပြီးသည့်နောက် သက်တန့်ရောင် နတ်ဘုရား ကျောက်ပြားကြီးကို လှမ်းကာ ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်၏။ “ဒီတစ်ကြိမ်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်က လူဘယ်လောက်များများ ကို ထုတ်ဖော်မှာလဲ။ နှစ်ဆယ်လား၊ တစ်ရာလား”
“ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဒီတစ်ကြိမ်မှာ ပုံမှန် စည်းမျဉ်းစည်းကမ်းအတိုင်း မလုပ်တော့ပုံပဲ” ထျန်းမင်တောင်သခင်က ပြန်လည် ပြောဆိုလိုက်သည်။
သူပြောပြောပြီးချင်းမှာပဲ သက်တန့်ရောင် နတ်ဘုရားကျောက်ပြားပေါ်တွင် နောက်ထပ် နာမည်တစ်ခု ပေါ်ပေါက်လာခဲ့၏။
[ဆယ့်နှစ် - နန်းကုန်းယွင်]
“သူပဲ”